လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားရှင်
Vol. 29 Ch. 406
ယန်လဲ့အမတမြို့တော်၏ ကောင်းကင်ယံအထက်တွင် မြို့သခင် လဲ့ပသည် သွေးများဖြင့် ဖုံးလွှမ်းနေခဲ့ကာ သေလုမျောပါးလူတစ်ယောက်လိုမျိုး အရှက်ရဖွယ်အခြေအနေ၌ ရှိနေခဲ့သည်။ သို့ပါသော်လည်း သူဟာ သူ၏ လက်ရှိအခြေအနေကို ဂရုမစိုက်အားပါ။ သူသည် တုကုချိုးပိုင်ကို မယုံကြည်နိုင်သော အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။
"ဘယ်လို... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
လဲ့ပဟာ သေမင်းနှင့်နီးကပ်သော အခြေအနေမျိုးကို ဘယ်တုန်းကမှ တွေ့ကြုံခဲ့ရဖူးခြင်းမရှိပါ။ သူသည် ယန်လဲ့အမတမြို့တော်၏ မြို့သခင်ဖြစ်ပြီး အလယ်ပိုင်းကုန်းမြေကြီးတစ်ခုလုံး၌ ထိပ်တန်းတည်ရှိကြီးမှုကြီးဖြစ်သည်။ သူ့ကို ဘယ်သူကများ သတ်ဖြတ်နိုင်မှာလဲ?။ သူဘယ်လိုလုပ် သေဆုံးနိုင်မှာလဲ?။
အဆုံးမရှိသော မလိုလားမနှစ်မြို့မှုများသည် သူ၏ နှလုံးအိမ်အတွင်း၌ တွယ်တက်လာခဲ့သည်။ လဲ့ပသည် အရူးအမူးဟစ်ကြွေးချင်သော်လည်း သူဟာ အသံတစ်ခုမှ မပြုလုပ်နိုင်တော့ကြောင်း ရှာတွေ့လိုက်ရသည်။
အဆုံးအစမဲ့ အမှောင်တရားများသည် သူ၏စိတ်ဝိညာဥ်အတွင်းသို့ ဝင်ရောက်သွားသည့်အလား သူ့ကို ရီဝေဝေဖြစ်စေခဲ့သည်။ သူသေလုမျောပါးဖြစ်လာသည်နှင့်တစ်ပြိုင်နက် ယန်လဲ့အမတမြို့တော်၏ ဘိုးဘေးများက သူ့ကို စိတ်ပျက်စွာ စောင့်ကြည့်နေသည့်မြင်ကွင်းကို တွေ့မြင်လိုက်ရပုံပေါ်သည်။ သူ ဘယ်တုန်း ကမှ မတွေးထားခဲ့ဘူး။ လိပ်ပြာမလုံမှု ၊ မလိုလားမှုတွေက သူ့မသေဆုံးခင် နောက်ဆုံးခံစားချက်တွေ ဖြစ်လိမ့်မယ်လို့ပေါ့။
"ချွင်!"
ထက်မြသော ဓါးက အသားလွှာကို ထွင်းဖောက်လိုက်သည့်အသံ ထွက်ပေါ်လာခဲ့သည်။ တုကုချိုးပိုင်သည် ရှည်လျားသော ဓါးရှည်ကို ဆုပ်ကိုင်ထားပြီး ဓါးသွားထက်မှ သွေးများတစ်စက်စက် ကျဆင်းလျက်ရှိသည်။ သူက လေထုအတွင်း ပြိုလဲသွားသော လဲ့ပ၏ ခန္ဓာကိုယ်ကြီးကို အမူအရာမဲ့စွာ စိုက်ကြည့်နေခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး၌ ဖုံးလွှမ်းထားသော အဆုံးအစမဲ့သည့် သတ်ဖြတ်ခြင်းအရှိန်အဝါများကြောင့် ယန်လဲ့အမတမြို့တော်၏ စွမ်းအားရှင်များအားလုံးမှာ တုန်လှုပ်ေခြာက်ခြားသွားကြသည်။
"မြို့သခင်သေဆုံးသွားပြီလား?"
"ငါတို့ရဲ့ ယန်လဲ့အမတမြို့တော်ကြီးတော့ သွားပြီ!"
"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? မြို့သခင်က ဘယ်လိုလုပ် သေဆုံးနိုင်မှာလဲ?"
တုန်လှုပ်နေသောအသံများ နားစည်အတွင်း ပဲ့တင်ထပ်သွားခြင်းနှင့်အတူ လုချင်း၏ မျက်နှာထက်၌ စိတ်ရှုပ်ထွေးနေသော အမူအရာတစ်ခုဖြစ်ပေါ်လာခဲ့သည်။ ယန်လဲ့အမတမြို့တော်ကို နှစ်ပေါင်းများစွာတိုက်ခိုက်ပြီးမှ ချေမှုန်းလိုက်နိုင်တာကြောင့် သူမက ပျော်ရွှင်သွားလိမ့်မည်ဟု တွေးထင်ခဲ့သည်။ ရလာဒ်အနေဖြင့် လဲ့ပအမှန်တစ်ကယ် သေဆုံးသွားသည့်အခါ သူမ၏ နှလုံးအိမ်အတွင်း၌ ရှုပ်ထွေးသော ခံစားချက်များသာ ကျန်ရစ်ခဲ့သည်။
အဆိုပါ ရှုပ်ထွေးမှုသည် သနားကြင်နာခြင်းမဟုတ်ပါ။ ရီဝေဝေ ခံစားမှုတစ်ခုသာ ဖြစ်လေသည်။
အတိတ်တွင် ယန်လဲ့အမတမြို့တော် ဖျက်ဆီးခံရကြောင်း တစ်စုံတစ်ယောက်က ပြောလာပါက လုချင်းဟာ ဘယ်တော့မှ ယုံကြည်မှာမဟုတ်ပါ။ ယင်းက အလယ်ပိုင်းကုန်းမြေကြီးတွင် မရေမတွက်နိုင်လောက်အောင်ရပ်တည်ခဲ့သော အသန်မာဆုံးအင်အားစုကြီးပင် မဟုတ်ပါလော။ သူမတို့ ယင်ဖုန်းအမတမြို့တော်က စွမ်းအားကုန်တိုက်ခိုက်ရင်တောင်မှ ယန်လဲ့အမတမြို့တော်ကို ဖျက်ဆီးပစ်ဖို့ဆိုသည်က လုံးဝမဖြစ်နိုင် ။သို့ပေသော်ငြားလည်း အခုချိန်မှတော့ သူမသည် လဲ့ပ၏သေဆုံးမှုကို ကိုယ်ပိုင်မျက်လုံးများဖြင့် တွေ့မြင်လိုက်ရသည်။
ယန်လဲ့အမတမြို့တော်၏ အန္တိမနတ်မင်းစွမ်းအားရှင် ၁၄ ယောက်အနက် ခုနှစ်ယောက်ဟာလည်း သူမ၏ မျက်လုံးရှေ့မှာပဲ သတ်ဖြတ်ခံလိုက်ရသည်။ သူမတို့ ယင်ဖုန်းအမတမြို့တော်ဟာ မှန်ကန်သောရွေးချယ်မှုကို မပြုလုပ်မိပါက သို့တည်းမဟုတ် သူမက လောင်းကြေးစားကြေးသာ အရဲစွန့်ပြီး မထပ်ခဲ့ပါက သူမတို့ ယင်ဖုန်းအမတမြို့တော်ဟာလည်း ယန်လဲ့အမတမြို့တော်လို ကျရှုံးသွားမှာကို စိုးရွံ့မိသည်။
ကံကောင်းထောက်မစွာဖြင့် သူမ၏ ယင်ဖုန်းအမတမြို့တော်သည် မှန်ကန်သော အလောင်းအစားကို ပြုမိလိုက်ချေပြီ။
သူမဟာ သမီးကလေးကို ဆုံးရှုံးသွားသော်လည်း သူမ၏ သမီးကလေးက အချိန်တန်လာလျှင် လက်ထပ်ရမှာဖြစ်သည်။ သူမချစ်သော လူတစ်ယောက်နှင့် လက်ထပ်ရခြင်း ၊ ဒါ့အပြင် ထိုသူ့တွင်လည်း အင်အားကြီးသော နောက်ခံရှိနေခြင်းက ယင်ဖုန်းအမတမြို့တော်အတွက် အကောင်းဆုံးရလာဒ် ဖြစ်နေပေပြီ။
ထျန်းယင်ချင်း အမတအစီအရင်တော်ကြီးကို အသုံးပြုနေသော ယင်ဖုန်းအမတမြို့တော်၏ အခြားသော မဟာအကြီးအကဲများမှာလည်း ထပ်တူထပ်မျှ ထိတ်လန့်သွားကြသည်။ တုကုချိုးပိုင်တို့အုပ်စု၏ ခွန်အားက သူတို့ကို တုန်လှုပ်စေခဲ့သည်။
သာမန်အန္တိမနတ်မင်းအထွတ်အထိပ်အဆင့် စွမ်းအားရှင်များဆိုပါက ထျန်ယင်ချင်းအမတ အစီအရင်တော်ကြီး၏ ပံပိုးမှုဖြင့် ဆိုရင်တောင် အခုလောက်ထိ မသန်မာနိုင်ပါ။ သူတို့က အဆင့်တူစွမ်းအားရှင် တစ်ယောက်နှစ်ယောက်ကိုသာ ရင်ဆိုင်နိုင်မှာဖြစ်သည်။
ဒါပေမယ့် တုကူချိုးပိုင်တိာ့အပေါ်မှာတော့ ထျန်းယင်ချင်းအမတအစီအရင်တော်ကြီးက ဒီလောက်ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်ရည်ခွန်အားကို မြှင့်တင်ပေးခဲ့တယ်တဲ့လား?။
"သတ်!"
ယန်လဲ့အမတမြို့တော် ဘိုးဘေး ၃ ယောက်၏ မျက်လုံးများမှာ ပေါက်ကွဲလုမတက် ပြူးကျယ်လာခဲ့ပြီး စွေးစွေးနီလာခဲ့သည်။ သိပ်သည်းသော သတ်ဖြတ်ခြင်းအရှိန်အဝါများသည် သူတို့၏ ခန္ဓာကိုယ်ထက်၌ ရစ်သိုင်းလျက်ရှိသည်။ ကမ္ဘာလောကကြီး၏ အပူချိန်မှာ ရုတ်တရက် ကျဆင်းသွားပုံပေါ်ပြီး ရေခဲသလင်းကျောက်များလည်း စဥ်ဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ အချိန်နှင့် အာကာပြင်ဟာ ၎င်းသတ်ဖြတ်ခြင်း အရှိန်အဝါကြီးများ၏ လွှမ်းမိုးမှုကို ခံလိုက်ရသည့်အလားပင်။
လဲ့ပနှင့် မဟာအကြီးအကဲများစွာသေဆုံးရခြင်းကို စောင့်ကြည့်လိုက်ရတာကြောင့် အဆုံးစွန်သော ဒေါသတရားသည် သူတို့၏ ကြောက်လန့်မှုများကိုတောင် ဖုံးလွှမ်းသွားခဲ့သည်။ သူတို့ခန္ဓာကိုယ်မှ ထုတ်ဖော်နေသော စွမ်းအားများမှာ သူတို့ အထွတ်အထိပ်ကာလတွင် ရှိစဥ်ကထက် ပိုမို၍ ကြောက်လန့်ဖွယ်ကောင်းနေခဲ့သည်။ သူတို့က နတ်ဆိုးများအဖြစ် ပြောင်းလဲသွားသည့်အလား လုချင်းနှင့် အခြားသူများကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဘိုးဘေးသုံးယောက်က တုကုချိုးပိုင်ထံသို့ ပြေးဝင်သွားခဲ့သည်။ သူတို့လက်အတွင်းရှိ ထက်မြသော ဓါးစွန်းများကို ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။ ပြင်းထန်လွန်းသော ဓါးချီများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ပြင်းထန်သော ပေါက်ကွဲမှုအရှိန်အဝါများကို ဖြစ်ပေါ်စေခဲ့သည်။
ဘိုးဘေးသုံးယောက်၏ အစွမ်းကုန်တိုက်ကွက်များနှင့် ရင်ဆိုင်လိုက်ရသော်လည်း တုကုချိုးပိုင်ကတော့ တည်ငြိမ်နေသေးဆဲသာ။ သူ့လက်ထဲရှိ ဓါးရှည်များမှာတစ်လက်ပြီးတစ်လက် စတင်ကခုန်လိုက်သည်။ သူ့ထံမှ ထွက်ပေါ်လာသော ဓါးချီသည် ဘိုးဘေးသုံးယောက် ထုတ်လွှတ်လိုက်သော ဓါးကွက်များကို ထူးဆန်းသော အနေအထားဖြင့် ခုခံတားဆီးလိုက်သည်။
တစ်ချိန်တည်းမှာပဲ စုန့်ချယ်နှင့် ချီမိန်ချွေရွှယ်တို့သည် တုကုချိုးပိုင်ကို တိုက်ခိုက်လိုက်သော ဘိုးဘေးသုံးယောက်ကို ရင်ဆိုင်ရန်ပြေးဝင်လာခဲ့သည်။ သူတို့တစ်ယောက်ချင်းစီတိုင်းက ယန်လဲ့အမတမြို့တော်၏ ဘိုးဘေးတစ်ယောက်ချင်းစီတိုင်းနှင့် ရင်ဆိုင်လိုက်ကြသည်။
ထျန်းယင်ချင်းအမတအစီအရင်တော်ကြီး၏ ကောင်းချီးအောက်တွင် တုကုချိုးပိုင်တို့အုပ်စုသည် စစ်ပွဲနတ်ဘုရား၏ စွမ်းရည်များကို ပိုင်ဆ်ိုင်ထားသည့်အလား ဖြစ်နေခဲ့သည်။ ယန်လဲ့အမတမြို့တော် ဘိုးဘေးများ အဘယ်မျှလောက်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ထုတ်လွှတ်ပါစေ ၊သူတို့ဟာ တုကုချိုးပိုင်နှင့်အခြားသူများ၏ အလွယ်တကူ ဖိနှိပ်ခြင်းကို ခံလာရသည်။
အစမှအဆုံးထိ အောင်မြင်ခြင်းသည် ရှန်ရှန့်ကျုံဂိုဏ်းနှင့် ယင်ဖုန်းအမတမြို့တော်ဘက်သို့ ယိမ်းယိုင်ေနခဲ့သည်။ ဒီအတိုင်းသာ ဆက်သွားပါက ယန်လဲ့အမတမြို့တော်ကြီးလည်း လုံးဝဖျက်ဆီးခံလိုက်ရလိမ့်ပေမည်။
ဘုန်း!
သို့ပါသော်လည်း ဤအချိန်တွင် ထိတ်လန့်ဖွယ် ကောင်း သော စွမ်းအားကြီးတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ ကမ္ဘာလောကကြီးတစ်ခုလုံး ဖိနှိပ်ခံလိုက်ရသည်။ ပြင်းထန်သော ဖိအားကြီးက တိုက်ခိုက်နေကြသော တုကုချိုးပိုင်နှင့်အခြားသူများကို ခဲတောင့်သွားစေခဲ့သည်။ သူတို့က ကောင်းကင်ယံအထက်သို့ မော်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများအတွင်း၌ တည်ကြည်လေးနက်မှုများ ရှိနေကြပြီး အကြောက်တရား၏ အရိပ်အယောင်ကိုတောင် စိုးစဥ်းမျှ တွေ့မြင်နိုင်သည်။
၎င်းထိတ်လန့်ဖွယ်ကောင်းသော ဖိအားကြီးသည် တုကုချိုးပိုင်နှင့်အခြားသူများကို တိုက်ရိုက်ဖိနှိပ်လိုက်ရုံသာမက ထျန်းယင်ချင်းအမတအစီအရင်တော်ကြီးကိုလည်း တိုက်ရိုက်ဖြိုခွင်းလိုက်သည်။ တန်ပြန်အားကြောင့် လုချင်းတို့အုပ်စုမှာ ဖြူဖျော့သွားကြပြီး ပါးစပ်အပြည့် သွေးတစ်လုတ်အန်ထုတ်လိုက်ကြသည်။ သူတို့၏ အမူအရာများမှာ ပျက်ယွင်းသွားခဲ့သည်။
သို့ပေသော်ငြားလည်း သူတို့ဟာ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအနာတရများကို မစိုးရိမ်နိုင်သေးပါ။ သူတို့အားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြသည်။ ရောက်ရှိလာသော ထိတ်လန့်ဖွယ်အရှိန်အဝါကြီးက လုချင်းနှင့် အခြားသူများ၏ ခန္ဓာကိုယ်များကို ထိန်းချုပ်မရ တုန်ရင်လာစေခဲ့သည်။
"ဖစ်!"
တုကုချိုးပိုင်၏ မျက်ဝန်းများမှာ နက်ရှိုင်းတောက်ပလာခဲ့သည်။ သူ့ကိုယ်တွင်းရှိ စွမ်းအားများမှာ အရိုင်းဆန်စွာ လှည့်ပတ်လာသည်။ သူက ဧရာမဖိအားကြီး၏ လက်အောက်မှ ချိုးဖြတ်လွတ်မြောက်ချင်သည်။ သို့သော်လည်း သူပို၍ ကြိုးစားလေလေ ဖိအားကြီးက ပိုမို၍ ဖိနှိပ်လေလေဖြစ်သည်။ ၎င်းက တုကုချိုးပိုင်ထက် အဆမတန်သာလွန်နေခဲ့ပြီး တွန်းလှန်ရန် မဖြစ်နိုင်ခဲ့ပါ။ ဤထိတ်လန့်ဖွယ်ကောင်းသော ဖိအားကြီး၏ အောက်တွင် သူ၏မျက်နှာမှာ ရုတ်ချည်းဖြူဖျော့လာရပြီး ကြက်သွေးရောင် သွေးများသည် နှုတ်ဖျားမှ ပွင့်ဟထွက်ပေါ်လာရသည်။
တုကုချိုးပိုင်၏ အခြေအနေကို တွေ့မြင်လိုက်ရသည့်အခါ မနီးမဝေးရှိ စုန့်ချယ်က ဆက်လက်၍ ရုန်းကန်လှုပ်ရှားခြင်းမပြုရန် ခေါင်းခါပြီး အချက်ပြလိုက်သည်။
မေ့လျော့ခံ အာကာပြင်အဆင့် တည်ရှိမှုကြီးမှလွဲပြီး အန္တိမနတ်မင်းအထွတ်အထိပ်အဆင့် စွမ်းအားရှင်များဟာ ဒီလိုမျိုး မစွမ်းဆောင်နိုင်ကြပါ။ ဂိုဏ်းချုပ်သည် အလွန်အမင်းသန်မာသော တိုက်ပွဲဝင်စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး သူတို့ကို အနိုင်ယူနိုင်စွမ်းရှိပါသည်။ သို့ပါသော်လည်း ဂိုဏ်းချုပ်ကတောင် သူတို့ကို အရှိန်အဝါတစ်ခုတည်းဖြင့် ဖိနှိပ်မထားနိုင်ပါ။
တုကုချိုးပိုင်က ရုန်းကန်ရန် ကြိုးစားခဲ့သေးသော်လည်း ယန်လဲ့အမတမြို့တော်၏ စွမ်းအားရှင်များကတော့ ခုခံခြင်းကို စွန့်လွှတ်လိုက်ကာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။ အဘယ်သို့သော တည်ရှိမှုကြီးက ဤမျှလောက် ထိတ်လန့်ဖွယ်ကောင်းသော အစွမ်းကို ထုတ်ဖော်ရသလဲဆိုတာကို သူတို့အားလုံး သိလိုကြသည်။
လူအများ၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် လေထုအတွင်းမှ လူသုံးယောက် ထွက်ပေါ်လာခဲ့သည်။ ဦးဆောင်လာသူမှာ အဖြူရောင်ပြောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူအိုကြီးတစ်ယောက်ဖြစ်သည်။ အဆိုပါ ထိတ်လန့်ဖွယ်ဖိအားသည် သူ့ထံမှ ထွက်ပေါ်လာခြင်းဖြစ်၏။
အခြားသော လူနှစ်ယောက်ကတော့ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ဖြစ်ကြသည်။
အမျိုးသမီးသည် အနက်ရောင်သားရေ ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူမ၏ ကောက်ကြောင်းအလှကို ဖော်ပြနေခဲ့သည်။ သူမ၏ မျက်နှာအသွင်အပြင်မှာ အင်မတန်မှ လှပပြီး အသားအရည်ကလည်း ကျောက်စိမ်းလိုဝင်းလက်နေသည်။ သူမက တိုက်ရိုက်မကြည့်ရဲလောက်အောင် အင်မတန်လှပပါသည်။ လက်ရှိ ရှိနေသောလူများထဲတွင် လုချင်းတစ်ယောက်တည်းကသာ သူမကို အလှတရားအရာ၌ ယှဥ်ပြိုင်နိုင်သည်။
တစ်ဖက်ရှိ အမျိုးသားကတော့ ချောမောခန့်ညားခြင်းမရှိဘဲ သာမန်ရုပ်သွင်သာဖြစ်သည်။ သို့ပါသော်လည်း သူ၏ မျက်ဝန်းများမှာ အင်မတန်မှ နက်ရှိုင်းလှပြီး အကြည့်တစ်ချက်ဖြင့်ပင် လူအများ၏ စိတ်ဝိညာဥ်များကို တုန်ရင်သွားစေနိုင်သည်။
လူတိုင်းက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သော်လည်း လူအိုကြီးတို့ သုံးယောင်မှာ ထူးမခြားသော အမူအရာများရှိနေကြဆဲသာ ၊ သူတို့၏ မျက်ဝန်းများက အောက်ဘက်ရှိ လူတစ်သိုက်ကို ပုရွက်ဆိတ်များ ကြည့်နေသကဲ့သို့ စူးစိုင်ကြည့်နေခဲ့သည်။
အမျိုးသားကသာ ချောမောလှပသော လုချင်းကို တွေ့မြင်လိုက်ရသည့်အခါ ခပ်ဖွဖွပြုံးပြလိုက်သည်။
"လဲ့ပ ဘယ်မလဲ?"
လူအိုကြီး၏ နှုတ်ဖျားမှ အိုမင်းရင့်ရော်နေသော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာလောကကြီးအတွင်း၌ ပဲ့တင်ထပ်သွားခဲ့သည်။ ယန်လဲ့အမတမြို့တော်၏ စွမ်းအားရှင်များမှာ တစ်ကိုယ်လုံးတဆတ်ဆတ် တုန်ခါသွားကြပြီး သူတို့၏ မျက်ဝန်းများ၌ အကြောက်တရားများ ပြည့်နှက်လာခဲ့သည်။ သူတိုရဲ့ ယန်လဲ့အမတမြို့တော်ကြီးက ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင်နေရပါလား။
မြတ်စွာဘုရား! သူတို့ ယန်လဲ့အမတမြို့တော် ဘယ်လိုအကုသိုလ်မျိုးကို ပြုလုပ်ခဲ့လို့ပါလိမ့်။ ရုတ်တရက်ကြီး အစွမ်းထက်တဲ့ရန်သူတွေ ဘယ်ကထွက်လာတာလဲ?။
ဤအချိန်တွင် ယန်လဲ့အမတမြို့တော်၏ တပည့်များအားလုံးမှာ စိတ်ပျက်အားလျော့သွားကြသည်။ တုကုချိုးပိုင်နှင့်အခြားသူများက သူတို့၏ ယန်လဲ့အမတမြို့တော်ကို ဖြိုခွဲရန်ရောက်လာခဲ့ကြသည်။ အခုလည်း ဘယ်ကမှန်းမသိတဲ့ ပုဂ္ဂိုလ်ကြီးတွေ ရောက်လာပြန်ပြီ?
ယန်လဲ့အမတမြို့တော်၏ မဟာအကြီးအကဲများနှင့် ဘိုးဘေးများကတောင် စိတ်ပျက်အားလျော့သွားကြသည်။ ဘုရားရှင်က သူတို့ရဲ့ ယန်လဲ့အမတမြို့တော်ကို ဆက်လက်မတည်ရှိစေချင်တော့ဘူးလား?။
"အမ်"
ပုရွက်ဆိတ်လေးတစ်သိုက်က သူ့ရဲ့စကားတွေကို ပြန်မဖြေဘူးလား?
လူအိုကြီးက မျက်မှောင်ကြုတ်လိုက်ပြီး ခပ်ဖွဖွ ရေရွတ်လိုက်သည်။ သူ့ထံမှ ထုတ်လွတ်နေသော အရှိန်အဟုန်များမှာ ပိုမို၍ ပြင်းထန်လာခဲ့သည်။တုကုချိုးပိုင်နှင့်အခြားသူများအပေါ် ဖိနှိပ်ထားသော စွမ်းအားကြီးသည် ပိုမို၍ ဆတိုးပြင်းထန်လာခဲ့သည်။
"ဖစ်!"
ရုတ်တရက် တိုးမြှင့်လာသော အရှိန်အဟုန်ကြောင့် တုကုချိုးပိုင်နှင့်အခြားသူများဟာ ပါးစပ်အပြည့်သွေးတစ်လုတ်အန်ထုတ်ခဲ့ရသည်။ ယန်လဲ့အမတမြို့တော် စွမ်းအားရှင်များ၏ မျက်နှာ၌လည်း အကြောက်တရားများ ပြည့်နှက်နေခဲ့သည်။ ၎င်းထိတ်လန့်ဖွယ်ကောင်းသော ဖိအားကြီးက သူတို့ကို သေမင်းနှင့် နီးကပ်နေသည့်အလား ခံစားလိုက်ရစေသည်။
ပြောလိုက်တော့မယ်......
"လဲ့ပက ကျုပ်တို့ ယန်လဲ့အမတမြို့တော်ရဲ့ မြို့သခင်ပါ။ သူအခုလေးတင် အသတ်ခံလိုက်ရပါပြီ"
ဘိုးဘေးလဲ့မင်က အံကိုတင်းတင်းကြိတ်လိုက်ပြီး လေးနက်စွာ ပြန်ဖြေလိုက်သည်။ သေရင်လည်း သေတယ်ပဲပေါ့ ။ ဒီလောက်ထိတ်လိန့်ဖွယ်ကောင်းတဲ့ တည်ရှိမှုကြီးတွေ ထွက်ပေါ်မလာခဲ့ရင်တောင် တုကုချိုးပိုင်တို့လက်အောက်တွင် သူတို့ ယန်လဲ့အမတမြို့တော်ကြီးက ဆက်လက်ရပ်တည်နိုင်မှာ မဟုတ်တော့ပါ။
ဘိုးဘေးလဲ့မင်၏ စကားဆုံးသွားသည့်အခါ သူ့အပေါ်ကျရောက်နေသော အရှိန်အဝါများမှာ ပိုမို၍ ပြင်းထန်လာခဲ့သည်။ သူက မဝံ့မရဲ ခေါင်းမော့ကြည့်လိုက်သည့်အခါ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားရှင်ကြီးသုံးယောက်၏ မျက်နှာက မဲမှောင်လာကြောင်းတွေ့မြင်လိုက်ရသည်။ ဘိုးဘေးလဲ့မင်သည် ထိတ်လန့်ခြောက်ခြားသွားပြီး ခေါင်းကိုပြန်လည်၍ ငုံ့လိုက်ရသည်။
"မင်းကဘယ်သူလဲ?"
အေးစက်သောအသံထွက်ပေါ်လာခဲ့သည်။ ၎င်းအသံအတွင်းတွင် အဆုံးအစမဲ့သော အမျက်ဒေါသများ ကိန်းဝပ်နေသည့်အလား ဘိုးဘေးလဲ့မင်၏ နှလုံးအိမ်တစ်ခုလုံးကို တုန်ရင်သွားစေခဲ့သည်။
"ကျွန်တော်က ယန်လဲ့အမတမြို့တော်ရဲ့ ဘိုးဘေးလဲ့မင်ပါ"
"ဒါဆို လဲ့ပက မင်းရဲ့ ဂျူနီယာလေးပေါ့?"
"ဟုတ်ပါတယ် အရှင်"
ထိုသို့ပြောလိုက်ပြီးနောက် လဲ့မင်၏ ခန္ဓာကိုယ်မှာ သက်တောင့်သက်သာဖြစ်သွားခဲ့သည်။ ကြီးလေးသော ဖိအားကြီးသည် သူ့အပေါ်၌ ရုတ်ချည်းပျောက်ကွယ်သွားခဲ့သည်။ သူဟာ အထက်ကို မော်ကြည့်ရဲခြင်းမရှိဘဲ အလျင်အမြန်ဂါရဝပြုလိုက်သည်။
"ကျေးဇူးတင်ပါတယ် အရှင်"
"မလိုပါဘူး ဘယ်သူက လဲ့ပကို သတ်လိုက်တာလဲ?"
နူးညံ့သောအသံက ဘိုးဘေးလဲ့မင်ကို သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။ သူက စိတ်ကိုတည်ငြိမ်အောင် ပြုလုပ်လိုက်ပြီး တုကုချိုးပိုင်တို့အုပ်စုဘက်ကို နီရဲနေသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး၌ ထိတ်လန့်ဖွယ်ကောင်းသော သတ်ဖြတ်ရေးအရှိန်အဝါများ ပြည့်နှက်လာခဲ့ပြီး အော်ဟစ်ပြောဆိုလိုက်သည်။
"သူတို့ သတ်လိုက်တာ!"
"သူတို့က လဲ့ပကို သတ်လိုက်ရုံတင်မကဘူး ကျုပ်တို့ရဲ့ ယန်လဲ့အမတမြို့တော်ကိုလည်း ဖျက်ဆီးခဲ့တယ်"
တုကုချိုးပိုင်နှင့် အခြားသူများ၏ နှလုံးအိမ်များမှာ ဤအချိန်၌ လေးလံသွားကြသည်။ လူအိုကြီးက လဲ့မင်ကို ညင်ညင်သာသာ ပြောဆိုဆက်ဆံခဲ့တာကို သူတို့တွေ့မြင်လိုက်ရသည်။ သူတို့အားလုံး ဒုက္ခရောက်လေပြီ။ မေ့လျော့ခံအာကာပြင်အဆင့် ဆရာသခင်များက လဲ့ပနှင့် တစ်စုံတစ်ခု ဆက်နွယ်နေမှာကို စိုးရိမ်မိသည်။
ဘုန်း!
လဲ့မင်၏စကားဆုံးသွားပြီးနောက် လူအိုကြီး၏ မျက်နှာကပျက်ယွင်းသွားခဲ့သည်။ သူက လက်တစ်ဖက်ကို အသာအယာ ဆန့်ထုတ်လိုက်သည့်အခါ ယန်လဲ့အမတမြို့တော်ကို မုန်တိုင်းထန်စေခဲ့သော တုကုချိုးပိုင်နှင့် အခြားသူများသည် နီစွေးသော သွေးများ အန်ထုတ်လိုက်ရပြီး လေဟာပြင်၌ အထက်အောက် ပြောင်းပြန်လန်သွားခဲ့သည်။
( စာဖတ်ပရိသတ်တစ်ယောက်ရဲ့ review လက်ခံရပါတယ်ဗျ။ရှင်းပြတဲ့စာပိုဒ်တွေက မူရင်းမှာကိုက များနေတာပါ။တချို့ မလိုအပ်ဘဲ ပိုနေတာလေးတွေကို ခုကစ သတိထားပြီး ချုံရေးပေးပါ့မယ်။နေရာတိုင်း ချုံ့ရင်လည်း မူရင်းရသ ပျက်သွားမှာ စိုးရိမ်ရတယ်။ဒါကြောင့် ချုံ့လို့ရသရွေ့ တိုတိုကျစ်ကျစ် ရေးပေးပါ့မယ်။ ကျေးဇူးပါ )