အကြောင်းအကျိုး ( ၃ )
Vol. 5 Ch. 71
သေရေးရှင်ရေးအန္တရာယ်ခံစားချက်က ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ပို၍ပင် ရူးသွပ်သွားစေသည်။ ထိုသို့ သူ အကျဉ်းအကြပ်ထဲ ရောက်နေစဉ် သိပ်သည်းထူထပ်သော ဓာတ်နှောများ၏ အစွန်အဖျား၌ နံရံတစ်ခုဘေးရှိ မြေပြင်တွင် အက်ကွဲကြောင်းတစ်ကြောင်း ရှိသည်။
ရွှီချင်းသည် ထိုအက်ကွဲကြောင်းထဲတွင် သတိထား၍ ပုန်းအောင်းနေပြီး အက်ကွဲကြောင်းမှတစ်ဆင့် အပြင်ဘက်လောကကြီးကို စိုးရိမ်ကြောင့်ကြစွာ ကြည့်နေသည်။
ယခင်က မြို့ပျက်ကြီးထဲတွင် ပျံသန်းနေသော ငှက်တစ်ကောင်နောက်ကို လိုက်ခဲ့စဉ်အခါက ဘေးကင်းလုံခြုံသော အသိုက်အမြုံနှစ်ခုကို သူ ရှာတွေ့ခဲ့ပြီး တစ်ခုက သူ၏ ကျောက်ဂူလေးဖြစ်ကာ တခြားတစ်ခုက ဤအက်ကွဲကြောင်းလေး ဖြစ်သည်။
မြို့စားစံအိမ်မှ သူ ရရှိခဲ့သည်ဆိုသော ကျင့်ကြံခြင်းပညာရပ်သည်လည်း ဤအက်ကွဲကြောင်းလေးထဲမှ ရရှိခဲ့ခြင်း ဖြစ်ပြီး သူ၏ဗိုက် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီးနောက် သန္ဓေပြောင်းသားရဲများ၏ နောက်ယောင်ခံလိုက်ခြင်းကို ဤနေရာလေးထဲတွင် ပုန်းကာ ရှောင်ရှားခဲ့သေးသည်။
သို့သော်လည်း ဤနေရာလေးက မြို့စားစံအိမ်နှင့် နီးကပ်လွန်းနေသည်ဖြစ်၍ ယာယီအသိုက်အမြုံအဖြစ်သာ ရွှီချင်း သဘောထားခဲ့သည်။
နတ်ဘုရား၏မျက်လုံးများ ပွင့်လာသည့်ကပ်ဘေးထဲ၌ သက်ရှိသတ္တဝါအားလုံး ပျက်စီးကိန်းကြုံခဲ့ရသည်။ ငှက်အများစုသည်သာ အသက်ရှင်သွားခဲ့သည်။
ထိုအချိန်ကတည်းက ငှက်များသည် နေရာတချို့ကို အလိုလို ရှာဖွေနိုင်ဟန်တူသည်။ ထိုနေရာများသည် လုံးဝဥဿုံ ဘေးကင်းလုံခြုံသည်ဟု မဆိုနိုင်ပါသော်ငြား မျက်ကွယ်နေရာများ ဖြစ်နေပြီး သန္ဓေပြောင်းသားရဲများ ကျော်သွားလေ့ရှိသည်။
သို့သော်လည်း ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကိုသာ အာရုံလွှဲပေးနိုင်မည့်အရာ ရှိမနေခဲ့လျှင် အစောပိုင်းက ရွှီချင်း၏အပြုအမူများသည် သူ့သေတွင်းသူ တူးခြင်းသာ ဖြစ်ပေမည်။
ထိုအချိန်၌ ရွှီချင်းသည် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ဂိုဏ်းစောင့်ဘိုးဘိုးနှင့် မြို့စားစံအိမ်ရှိ ကျဉ်းကြီးထဲမှ ရုန်းထွက်လာနေသော ဧရာမလူရိပ်ကြီးကို မြင်သောအခါ အသက်ဝဝရှူသွင်းလိုက်သည်။ သို့သော် သူသည် အံတင်းတင်းကြိတ်၍ ချက်ချင်း ပြေးထွက်သွားကာ နောက်မှလိုက်ခံနေရသော ဂိုဏ်းစောင့်ဘိုးဘိုးဆီကို အနက်ရောင်ဆေးလုံးဆယ်လုံးကျော် တစ်ခါတည်း ပစ်လွှတ်လိုက်သည်။
အနက်ရောင်ဆေးလုံးများသည် မြေပြင်ပေါ် ကျသွားသောအခါ တစ်လုံးပြီးတစ်လုံး ပေါက်ကွဲသွားသည်။ ထိုနေရာတွင် ဓာတ်နှောများ ကြောက်ခမန်းလိလိ သိပ်သည်းထူထပ်လာသည်။
မျက်တောင်တစ်ချက်ခတ်အတွင်း ရွှီချင်းအပေါ် အာရုံရောက်နေခဲ့ကြသည့် စူးရှသောမျက်လုံးများအားလုံး ဓာတ်နှောများ သိပ်သည်းစွာထူထပ်နေသည့်နေရာကို အကြည့်လွှဲသွားကြသည်။ သန္ဓေပြောင်းသားရဲများဖြစ်စေ၊ မကောင်းဆိုးဝါးများဖြစ်စေ ထိုနေရာကို တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြသည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ပါးစပ်မှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာစဉ် ရွှီချင်းသည် နောက်လှည့်မကြည့်ဘဲ တွားသွားပြီးနောက် သုတ်ခြေတင်ကာ ပြေးထွက်သွားသည်။ ဓာတ်နှောများ သိပ်သည်းထူနေသည့်နေရာသို့ သန္ဓေပြောင်းသားရဲများနှင့် မကောင်းဆိုးဝါးများ ကြည့်နေကြသည်ကို အခွင့်အရေးယူကာ သူ လွတ်မြောက်အောင် ပြေးသွားချင်နေသည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ပြေးသွားချင်ပါသော်လည်း ထိုအတောင်ပံလူရိပ်များက သူ့ကို ဟန့်တားထားသည်။ သူ နောက်ဆုတ်သည့်တိုင်အောင် အရှိန်နှေးသွားမည်သာ ဖြစ်သည်။
ထိုအချိန်၌ ရွှီချင်းသည် တစ်လမ်းဝင်တစ်လမ်းထွက်ကာ မြန်သည်ထက်မြန်ဆန်စွာ ခရီးဆက်နေသည်။ မြို့စားစံအိမ်နှင့် အဝေးကို သူ ရောက်သွားပြီးနောက် မြို့ရိုးဆီကို တန်းတန်းမတ်မတ် သွားရန်ပြင်လိုက်စဉ် အေးစက်စက်အငွေ့အသက်တစ်ခုက သူ့ကို လွှမ်းခြုံသွားသည်။
သူ၏ရှေ့၌ ငိုညည်းသံ ပဲ့တင်ထပ်နေသည်။ ဝတ်ရုံဖြူဝတ်ဆင်ထားသော မျက်နှာမဲ့အမျိုးသမီးက အဝေးမှနေ၍ လျှောက်လာ၏။
ပထမတစ်ကြိမ်အကြည့်တွင် ထိုအမျိုးသမီးသည် အဝေးမှာသာ ရှိနေသေးပါသော်လည်း နောက်တစ်ကြိမ်အကြည့်တွင် ရွှီချင်း၏ရှေ့၌ ပေါ်လာတော့သည်။
၎င်းက မြန်ဆန်လွန်းလှသည်ဖြစ်၍ ရွှီချင်း မရှောင်တိမ်းနိုင်တော့ချေ။ ထိုအခါ သူ၏အသက်ရှူသံများ မြန်ဆန်လာပြီး သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ၏ခန္ဓာကိုယ်ကို ချက်ချင်းပင် ရေခဲများ ဖုံးလွှမ်းသွားပြီး သူ၏စိတ်အခြေအနေသည်လည်း အေးခဲသွားသည့်ပမာ ဟာလာဟင်းလင်းဖြစ်သွားသည်။
မျက်နှာမဲ့အမျိုးသမီး လျှောက်လာနေစဉ် သူမ၏ခန္ဓာကိုယ်ပေါ်တွင် မျက်နှာများ သိပ်သည်းထူထပ်စွာ အစီအရီ ပေါ်လာသည်။ ထိုမျက်နှာများအားလုံး ငိုကြွေးနေကြပြီး ရွှီချင်း၏စိတ်ထဲ ဝင်ရောက်ကာ တီးတိုးညည်းသံများအသွင် ပြောင်းလဲသွားသည်။ ယင်းသည် ရွှီချင်း၏မျက်နှာအမူအရာအပေါ်တွင်လည်း သက်ရောက်သွားပြီး ထိန်းချုပ်၍မရလောက်အောင် သူ မျက်နှာပျက်လာသည်။ ထိုမျက်နှာများကဲ့သို့ သူ ငိုညည်းတော့မည့်အသွင် ဖြစ်လာသည်။
ထိုအချိန်၌ မျက်နှာမဲ့အမျိုးသမီး၏မျက်နှာများထဲမှ အစိတ်အပိုင်းတစ်ခုက ငိုနေရာမှ ရပ်တန့်သွားသည်။ ၎င်းတို့သည် ရွှီချင်းကို အသက်မဲ့စွာ ကြည့်လိုက်က ပြီး ၎င်းတို့၏မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။ ၎င်းတို့က တဖြည်းဖြည်း ပြုံးလာကြပြီး တစ်ခုခု ပြောနေသည့်အလား ၎င်းတို့၏ ပါးစပ်များ လှုပ်ခါလာပါသော်လည်း အသံတစ်သံမှ ထွက်မလာချေ။
မကြာခင် အငိုရပ်သွားသော မျက်နှာများ တစတစ များပြားလာသည်။ နောက်ဆုံး၌ ဝတ်ရုံဖြူ မျက်နှာမဲ့အမျိုးသမီး၏ မျက်နှာတစ်ဝက်နီးပါး ငိုနေရာမှ ရပ်သွားပြီး ရွှီချင်းကို ကြည့်၍ ပြုံးနေကြကာ ၎င်းတို့အမူအရာများသည်လည်း နွေးထွေးကြင်နာလာကြသည်။
၎င်းတို့၏ပါးစပ်များသည် တလှုပ်လှုပ်ဖြစ်နေကြပြီး တစ်ယောက်မှ မကြားနိုင်သည့် စကားတစ်ခွန်းကို နွေးထွေးစွာ ပြောနေကြသည်။
၎င်းတို့က ပြုံး၍ စကားဆိုနေစဉ် ရွှီချင်းသည် လုံးလုံးလျားလျား အံ့သြမှင်တက်နေပြီး ဧရာမမျက်နှာမဲ့ အမျိုးသမီးပေါ်ရှိ မျက်နှာများကို အဓိပ္ပာယ်မဲ့စွာ စူးစိုက်ကြည့်နေသည်။
သူ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခင်မှာပင် ဝတ်ရုံဖြူမျက်နှာမဲ့အမျိုးသမီးသည် သူ့ကို ဖြတ်ကျော်၍ အဝေးကို ထွက်သွားသည်။ သူမ ထွက်သွားပြီးနောက် ငိုညည်းသံများ တဖန် ပဲ့တင်ထပ်လာပြန်သည်။
ထိုအချိန်တွင် တောင့်တင်းနေသော ရွှီချင်း၏ခန္ဓာကိုယ်သည်လည်း မူလအတိုင်း ပြန်ဖြစ်သွားသည်။ သူ၏အသက်ရှူသံများ မြန်ဆန်နေပြီး ဆတ်ခနဲ ခေါင်းလှည့်ကြည့်လိုက်သည်။ တရွေ့ရွေ့ ဝေးကွာသွားသော မျက်နှာမဲ့အမျိုးသမီးကို သူ ငေးကြည့်နေ၏။ ထိုအမျိုးသမီး၏ ဖြူဆွတ်နေသော ပုံပန်းသွင်ပြင်သည် ညအမှောင်ထုထဲတွင် မီးတောက်များ တဟုန်းဟုန်း တောက်လောင်နေသော ဘောလုံးကြီးတစ်လုံးအလားပင်။
အစောပိုင်းက ပြုံးနေခဲ့သော ထိုမျက်နှာများကို ရွှီချင်း ရင်းရင်းနှီးနှီး သိနေသည်။
ထိုလူများကို ရွှီချင်း သိခဲ့ဖူးသည့်ပမာပင်။
အထူးသဖြင့် ထိုမျက်နှာများထဲမှ တစ်ယောက်ပင်။ ထိုလူသည် သူ မီးသြင်္ဂိုဟ် ပေးခဲ့သော ဆေးဆိုင်ပိုင်ရှင် အဘိုးအိုဖြစ်သည်။
ရွှီချင်းသည် ငြိမ်သက်နေပြီး ထွက်ခွာသွားသော လူရိပ်ကို ကြည့်ကာ တစ်ခုခုကို နားလည်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူသည် ခေါင်းငုံ့၍ လေးလေးနက်နက် အရိုအသေပေးကာ တီးတိုး ပြောဆိုလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ”
မကြာသေးခင်က ထိုပြုံးနေသော မျက်နှာများ ပြောခဲ့သည့်စကားမှာလည်း ထိုစကားသာ ဖြစ်ပေသည်။
“ ကျေးဇူးတင်ပါတယ် ”