← Chapters

သန့်စင်ခြင်းအား ပထမဆုံးအကြိမ် စမ်းသပ်ကြည့်ခြင်း

Vol. 42 Ch. 617

သန့်စင်ခြင်းအား ပထမဆုံးအကြိမ် စမ်းသပ်ကြည့်ခြင်း

Vol. 42 Ch. 617

*မီးဖိုချောင်မှာ သန့်စင်ခြင်းလုပ်ငန်းကို လုပ်ဆောင်တာက ဘယ်လို ပြောရမလဲ*

*ထူးဆန်းပြီး ရယ်ချင်စရာကောင်းတယ်လို့ ပြောရမှာပဲ*

အကြောင်းရင်းက ရှင်းပါသည်။ ရဲ့လင်းချန်က မီးကို မထုတ်ဖော်နိုင်၍ ဖြစ်သည်။ သူသည် စူပါလူသားတစ်ဦး မဟုတ်သလို ရုပ်ရှင်များထဲကကဲ့သို့ လက်ဝါးပေါ်၌ မီးတောက်တစ်ခုကို မထုတ်နိုင်ပါ။ ထို့ကြောင့် ရဲ့လင်းချန်သည် ဂတ်စ်မီးအိုးကို သုံးရန် စဉ်းစားမိခြင်း ဖြစ်သည်။

မီးဖိုမှ မီးကို သုံးခြင်းက အနည်းငယ် ထူးဆန်းသော်လည်း ရိုးရှင်း၍ လွယ်ကူပေသည်။ သီအိုရီအရ ယင်းက အလုပ်ဖြစ်သင့်ပေသည်။

တကယ်တမ်း၌ ရဲ့လင်းချန်သည် ဂတ်စ်အိုးကို သုံးသည့်အပြင် ဒယ်အိုးကိုပါ သုံးလိုက်သည်။

“ကလစ်”

ဂတ်စ်အိုးက ဟင်းချက်ချိန်ကကဲ့သို့ မီးတောက်လာသည်။ ထိုအခါ သူက ဂတ်စ်အိုးပေါ်၌ ဒယ်အိုးကို တင်လိုက်သည်။

သူသည် ဒယ်အိုးအား တရှဲရှဲသံများ ထွက်လာသည်အထိ အပူပေးလိုက်သည်။ ထို့နောက် ကျောက်စိမ်း နှစ်တုံးကို ဒယ်အိုးထဲသို့ သူ ထည့်လိုက်သည်။

ကျောက်စိမ်းကို အိုးထဲထည့်လိုက်သော်လည်း ဘာမှ ဖြစ်မလာပေ။ အပူချိန်က ကျောက်စိမ်းအပေါ် သက်ရောက်မှု မရှိသည့်ပုံပင်။

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။ သန့်စင်ခြင်း နည်းလမ်းများအတိုင်း သူ လုပ်ရန် လိုအပ်နေပုံရသည်။

သူ အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအင်က သူ၏ သွေးကြောများထဲသို့ စတင်စီးဆင်းလာပြီး လက်ဝါး၌ စုစည်းလာသည်။ ထို့နောက် သူသည် ဂတ်စ်အိုးနားသို့ လက်ကို ရွှေ့လိုက်သည်။

“စိတ်ဝိညာဉ်စွမ်းအင် ထုတ်လွှင့်ခြင်း”

ရဲ့လင်းချန်၏ ကျင့်ကြံခြင်းအဆင့်အရ သူ၏ ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်သည် အကန့်အသတ် ရှိနေသည်။ သူသည် ၎င်းအား အနည်းငယ်မျှသာ ထုတ်နိုင်ပြီး မီးတောက်ထံ ပို့လွှတ်နိုင်၏။

“ရှဲ”

သူ၏ စိတ်ဝိညာဉ်စွမ်းအင်နှင့် မီးတောက်တို့ ထိတွေ့မိသည့် အခိုက်မှာပင် အပူချိန်က ချက်ချင်း တက်လာ၏။ မီးက အပြင်သို့ ပျံ့လာပြီး မီတာဝက်မျှ မြင့်မားလာကာ အိုးတစ်ခုလုံးကို ဝါးမျိုသွားသည်။

*မြတ်စွာဘုရား ကြောက်ဖို့ကောင်းလိုက်တာ*

ရဲ့လင်းချန်သည် စိတ်ဝိညာဉ်စွမ်းအင် စီးဆင်မှုကို ချက်ချင်း ထိန်းချုပ်လိုက်သည်။

ဤသည်မှာ သူ၏ သန့်စင်ခြင်းကို ပထမဆုံးအကြိမ် စမ်းသပ်ခြင်း ဖြစ်သည်။ မီးတောက်အပေါ် စိတ်ဝိညာဉ် စွမ်းအင်၏ သက်ရောက်မှုက ထိုမျှ မြင့်မားလိမ့်မည်ဟု သူ ထင်မထားမိချေ။ ယင်းက ကြောက်လန့်ဖွယ် ကောင်းလှပေသည်။

*ငါ့မှာသာ စိတ်ဝိညာဉ်စွမ်းအင် ပိုပြီးတော့ ရှိနေရင် မီးတောက်က ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းသွားမှာလဲ*

တစ်ချိန်တည်းမှာပင် သူသည် မီးတောက်တစ်ခုတည်း အားပြင်းလာသည် မဟုတ်ဘဲ အပူချိန်ကပါ သာမန် မီးတောက်၏ အပူချိန်ထက် ကျော်လွန်နေသည်ကို သူ ခံစားမိလာသည်။ အပူချိန် မြင့်တက်လာသကဲ့သို့ မီးဖိုချောင်တစ်ခုလုံး အနီရောင်သန်းလာ၏။ ရဲ့လင်းချန်တောင်မှ မခံနိုင်သလို ဖြစ်လာလေသည်။

“ရှဲရှဲ”

ဂတ်စ်အိုးနားမှ ရေများပင် လျင်မြန်စွာ အငွေ့ပျံ့ကုန်သည်။

*မြတ်စွာဘုရား၊ ရူးချင်စရာပါလား*

*ငါ့ကျင့်ကြံချင်းသာ တိုးတက်လာခဲ့ရင် ဒါက သမာဓိ အစစ်အမှန် မီးလျှံအဖြစ် ပြောင်းသွားမလား*

ရဲ့လင်းချန်သည် တစ်ကိုယ်တည်း ပြောဆိုရင်းနှင့် အခြေအနေကို သတိထားနေသည်။ သူ၏ မီးဖိုချောင်၌ သန့်စင်ခြင်းကို ကြိုးစားမည့် ဆုံးဖြတ်ချက်ကိုပင် နောင်တရလာ၏။

ယခုအခါမှ နောင်တရလည်း မထူးတော့ချေ။

နဖူးပေါ်မှ ချွေးများကို သုတ်ပြီး မှတ်ဉာဏ်ထဲ၌ ရှိနေသည့် သန့်စင်ခြင်း နည်းလမ်းများအတိုင်း သူ လိုက်လုပ်လေသည်။ သူသည် စိတ်ကို တည်ငြိမ်အောင် ထား၍ အချိန်ကို အတတ်နိုင်ဆုံး တိုတောင်းအောင် စီမံနေသည်။

အစောပိုင်းက သူ စိတ်ဝိညာဉ်စွမ်းအင် အများအပြား သုံးခဲ့မိသော်လည်း လက်ရှိတွင် သူ၏ စိတ်ဝိညာဉ် စွမ်းအင်က ထုတ်လွှတ်နှုန်း နည်းနေသည်။ သူ ဖြည်းဖြည်းချင်း အရှိန်ကို မြင့်နေမိသည်။

နောက်ထပ် မှတ်ထားရမည့်အချက်မှာ သူ၏ စိတ်အခြေအနေကို ထိန်းညှိခြင်း ဖြစ်သည်။ သူသည် မီးတောက်နှင့် ကျောက်စိမ်းတို့၏ ပြောင်းလဲမှုကို ဆက်တိုက် သတိထားကြည့်နေရပေမည်။

ရဲ့လင်းချန်သည် မျက်လုံးကို မှိတ်လိုက်ပြီး စိတ်စွမ်းအင်ကို အရှေ့မှ ဂတ်စ်အိုးသို့ လွှမ်းခြုံစေလိုက်သည်။ ယင်းထံမှ ထူးဆန်းသော ခံစားချက်တစ်ခု ထွက်လာသည်ကို သူ ခံစားမိလာသည်။

သူ၏ စိတ်ဝိညာဉ် ခန္ဓာကိုယ်က အလယ်အလတ်အဆင့်သို့ တိုးမြင့်သွားပြီး အာရုံခံနိုင်စွမ်းက တိုးလာ၍ ကံကောင်းသွားသည်။ သူ့အတွက် စိတ်စွမ်းအင်ကို အသုံးပြုခြင်းက မခက်ခဲချေ။

“ဝှီး”

မီးတောက်များက တောက်လောင်လျက် ရှိသည်။ ပြောင်းလဲခြင်း မရှိသည့် ကျောက်စိမ်းများက နောက်ဆုံးတွင် ပြောင်းလဲသည့် လက္ခဏာအချို့ ပြသလာသည်။ ၎င်းသည် မီးတောက်အောက်၌ ရေခဲသဖွယ် အရည်ပျော်လာပြီး ထူးဆန်းသော အရည်တစ်မျိုးက အထဲမှ စီးကျလာလေသည်။

*သေရော၊ ဒီအိုးက မြင့်တဲ့အပူချိန်ကို မခံနိုင်ဘူးဟ*

ရဲ့လင်းချန် ရင်တုန်သွားပြီး မျက်ခုံးလှုပ်လာသည်။

*သောက်ကျိုးနည်း၊ ငါ့အတွက်တော့ ခက်ပြီပဲ၊ ငါ မတွေးခဲ့မိတာ၊ ငါ ပိုကောင်းတဲ့အိုးကို ဝယ်ထားရမှာ*

လက်ရှိ၌ သူသည် သည်အတိုင်းသာ နေနေရပြီး အိုးက ဖြည်းဖြည်းချင်း အရည်ပျော်ပါစေဟုသာ ဆုတောင်း နေမိသည်။

သူ သည်လောက်နှင့် မရပ်လိုက်ချေ။ ကျောက်စိမ်းက ပို၍ မြန်မြန်ဆန်ဆန် အရည်ပျော်လာသည်။ နောက်ဆုံး၌ ကျောက်စိမ်း နှစ်တုံးလုံး အရည်ပျော်ကျကာ ပေါင်းစပ်သွားလေသည်။

“ရှဲရှဲ”

အရည်များမှ တရှဲရှဲအသံများ ထွက်ပေါ်လာပြီး မြင့်မားသော အပူချိန်နှင့်အတူ ၎င်းထဲမှ မသန့်စင်ခြင်းများ ပျောက်ကွယ် သွားလေသည်။ အရည်၏ ထုထည်က လျင်မြန်စွာ ကျဆင်းလာသည်။

*ပြီးတော့မယ်*

ရဲ့လင်းချန် သက်ပြင်းချကာ အရည်အား လုံးဝန်းသော ကျောက်စိမ်း ဆွဲသီးအဖြစ် စတင် ပိုင်းခြားလိုက်သည်။

ထူးခြားသော အခြေအနေများ၌ သူသည် သင်္ကေတများ မထွင်းဘဲ မနေနိုင်ချေ။ သူသည် ကျောက်စိမ်း ဆွဲသီးများပေါ်၌ စိတ်ဝိညာဉ် စုစည်းခြင်း အစီအရင်ကို ထွင်းထုလိုက်သည်။ သို့မှသာ ဝတ်ဆင်သူ အနီးအနားမှ စိတ်ဝိညာဉ် စွမ်းအင်များက တစ်နေရာတည်း၌ စုစည်းကာ ဝတ်ဆင်သူ၏ ခန္ဓာကိုယ်အား အစဉ်မပြတ် တိုးတက် လာစေမည် ဖြစ်သည်။

အားလုံး ပြုလုပ်ပြီးနောက် ရဲ့လင်းချန်သည် သူ၏ စိတ်ဝိညာဉ် ထုတ်လွှင့်ခြင်းကို ရပ်တန့်၍ မီးပိတ်လိုက်သည်။

ထို့နောက် သူသည် လက်ကို လှုပ်ယမ်းလိုက်သည်။ အနီးအနားရှိ ပုံးထဲမှ ရေများက ဆင့်ခေါ်ခံလိုက်ရသကဲ့သို့ လေထဲသို့ မြောက်တက်လာပြီး အိုးထဲသို့ ထိုးဆင်းသွားသည်။

“ဗွမ်း”

ဟန်ထုတ်ခြင်း၏ ရလဒ်အနေဖြင့် ပုံးထဲမှ ရေများ မီးဖိုချောင်တစ်ခုလုံးသို့ ဖိတ်စဉ်သွားလေသည်။

ရဲ့လင်းချန်သည် ထိုအကြောင်းအရာများကို ဂရုမစိုက်ချေ။ သူသည် ကျောက်စိမ်းဆွဲသီး လေးခုနား၌ ရေစီးဆင်းရန် ထိန်းချုပ်နေသည်။ အိုးထဲမှ အပူချိန်က မြင့်မားဆဲ ဖြစ်ကာ ရေများ လျင်မြန်စွာ အငွေ့ပျံသွား၍ ရေနွေးငွေ့များစွာကို မြင်နေရသည်။

*နောက်ဆုံးတော့ ပြီးသွားပြီပဲ*

ရဲ့လင်းချန် သက်ပြင်းချလိုက်ပြီးနောက် အိုးထဲမှ ဆွဲသီးလေးခုကို စိတ်ကျေနပ်သော အပြုံးနှင့် ကြည့်နေသည်။ သို့သော် ရှုပ်ပွနေသော မီးဖိုချောင်ကို မြင်သောအခါ သူ၏ အမူအရာက တောင့်တင်းသွားသည်။

အိုးအောက်ခြေက အဝိုင်းမှ လေးထောင့်ပုံစံသို့ ပြောင်းလဲသွားခဲ့သည်။ ဂတ်စ်မီးဖိုတောင်မှ အနည်းငယ် အရည်ပျော်နေပြီး ဗီရိုမှာ ဆိုးရွားစွာ လောင်ကျွမ်းနေခဲ့လေသည်။ ရဲ့လင်းချန်၏ ဆက်တိုက် ထိန်းချုပ်မှုသာ မရှိပါက မီးဖိုချောင်တစ်ခုလုံး မီးလောင်နေလောက်သည်။

*အဟမ်း အဟမ်း၊ အဖြစ်အပျက်မှာ အတားအဆီး နည်းနည်းပါးပါး ရှိခဲ့ပင်မယ့် ရလဒ်ကတော့ ကောင်းသေး သားပဲ*

သူ့မိဘများ အိမ်၌ ရှိမနေ၍ တော်ပါသေးသည်။ သို့မဟုတ်ပါက ဤအရာအားလုံးအတွက် သူ ရှင်းပြချက် ပေးရန် ဖိအားပေးလာလောက်သည်။

ရဲ့လင်းချန်သည် ကျောက်စိမ်းဆွဲသီး လေးခုကို ထုတ်ယူ၍ အနီးကပ် ကြည့်လိုက်သည်။ သူ့လက်ပေါ်သို့ တင်လိုက်ချိန်၌ ၎င်းတို့က ချောမွေ့ပြီး နွေးထွေးကာ အလွယ်တကူ ပုံသွင်း၍ ရနိုင်သည်ဟု ခံစားမိသည်။ ၎င်းတို့သည် ထိတွေ့ရ ကောင်းမွန်ပြီး သက်တောင့်သက်သာ ရှိသည်ဟု ခံစားရသည်။ ဤဆွဲသီးများသည် ထိပ်တန်း အရည်အသွေးရှိ ကျောက်စိမ်းဖြူကဲ့သို့ တန်ဖိုးရှိမှာ အသေအချာပင်။

ကျောက်စိမ်း ဆွဲသီး လေးခုလုံးသည် တူညီသည့် လုံးဝန်းသော ပုံသဏ္ဌာန်ရှိပြီး အလယ်၌ သေးငယ်သော အပေါက်တစ်ခု ပါရှိသည်။ မျက်နှာပြင်က ချောမွေ့၍ တောက်ပသည်။ သို့သော် မိုက်ခရိုစကုတ်အောက်၌ ထားကြည့်ပါက ကျောက်စိမ်း၏ ထောင့်ပတ်ပတ်လည်၌ ထူးခြားသော အသေးစား ပုံစံများအား တူညီစွာ ထွင်းထားသည်ကို တွေ့နိုင်ပေသည်။

*သန့်စင်ခြင်းက တကယ်ကို ပင်ပန်းတာပဲ*

ရဲ့လင်းချန်၏ နဖူးတွင် ချွေးများ စို့နေပြီး အဝတ်အစားများက ချွေးများဖြင့် ရွှဲနစ်နေသည်။ သူ၏ စိတ်က ဗလာဖြစ်နေပြီး အနည်းငယ် ခေါင်းကိုက်ခြင်းနှင့်အတူ အချိန်မရွေး သတိလစ်တော့မလို ခံစားနေရသည်။

ဤသည်မှာ လူတစ်ယောက်၏ စိတ်ခွန်အား ကုန်ခမ်းသည်ကို ပြသနေသည့် လက္ခဏာ ဖြစ်သည်။ ထို့အပြင် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကလည်း မရှိလုနီးပါးပင်။

သို့သော်ငြားလည်း အကျိုးမရှိသည်တော့ မဟုတ်ချေ။ အနည်းဆုံး သူသည် သူ၏ စိတ်စွမ်းအင်နှင့် စိတ်ဝိညာဉ် စွမ်းအင်ကို ပိုထိန်းချုပ်နိုင်စွမ်း ရှိလာခဲ့သည်။ သူသည် သန့်စင်ခြင်းစွမ်းရည်၌လည်း ပို၍ ကျွမ်းကျင်လာပေသည်။

သူသည် နူးညံ့စွာ ပြုံး၍ ကျောက်စိမ်းဆွဲသီးလေးခုကို သိမ်းလိုက်သည်။ ထို့နောက် သူသည် အိုး၊ ဂတ်စ်မီးဖို၊ ဗီရိုနှင့် မီးဖိုချောင်အတွင်းမှ အခြားသော အရာများအားလုံးကို အစားထိုးရန် အနီးအနားမှ စူပါမားကတ်နှင့် ပရိဘောဂ အရောင်းဆိုင်သို့ အပြေးသွားလေသည်။

သူသည် အကောင်းဆုံးအရာများကိုသာ ဝယ်ယူခဲ့သဖြင့် အလွန် အထင်ကြီးခြင်း ခံလိုက်ရသည်။ သူသည် လုံးဝ ဈေးဆစ်ခြင်းလည်း မရှိသဖြင့် ဆိုင်ရှင်အား အလွန် ဝမ်းသာသွားစေခဲ့သည်။

ထို့နောက်တွင်မှ ရဲ့လင်းချန်သည် အားလပ်ချိန်အချို့ ရသွားခဲ့ပြီး ချက်ချင်း အိပ်ရာပေါ်၌ အိပ်မောကျ သွားလေသည်။

ဤသည်မှာ ယခုကာလအတွင်း သူ ပထမဆုံးအကြိမ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခြင်း ဖြစ်ကာ ညနေ ခြောက်နာရီမှသာ ပြန်နိုးလာသည်။

ညနေခင်း၌ ရှုကျန်းနှင့် ရဲ့ကျင်းတို့သည် အိမ်ပြန်ရောက်လာပြီး အသစ်စက်စက် မီးဖိုချောင်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။ ထင်ထားသကဲ့သို့ပင် သူတို့က ရဲ့လင်းချန်အား သူ၏ အလကားသက်သက် သုံးစွဲမှုအတွက် ဆူပူကြသည်။ သူတို့ ခန့်မှန်းချက်အရဆိုလျင် မီးဖိုချောင်ထဲမှ ပစ္စည်းများသည် အနည်းဆုံး နောက်ထပ် သုံးနှစ်မျှ သုံး၍ ရပေသေးသည်။

သို့သော် သူတို့သည် ရဲ့လင်းချန် ထုတ်ပြသော ကျောက်စိမ်းဆွဲသီး လေးခုကို မြင်သောအခါ စစ်မှန်စွာ ပြုံးလာကြသည်။

သူတို့၏ သားသည် သေချာပေါက်ကို သားသမီး တာဝန်ကျေသော ကလေးတစ်ယောက်ပင်။ သူသည် သူ၏ မိဘများအတွက် စဉ်းစားခဲ့ရုံသာမက သူ၏ အဘိုးအဘွားများကိုလည်း ထည့်စဉ်းစားခဲ့သည်။

ထို့အပြင် ကျောက်စိမ်းဆွဲသီးများက ရိုးရှင်းသော်လည်း တော်ဝင်ဆန်သော ဒီဇိုင်းရှိကာ ကျော့မော့၍ ကျက်သရေ ရှိသည်။ တစ်ချက် ကြည့်လိုက်ရုံနှင့် ထူးခြားသော ခံစားချက်ကို ပေးစွမ်းပြီး မြင်မြင်ခြင်း သဘောကျမိအောင် လုပ်ဆောင်နိုင်ပေသည်။

All Chapters