ဒဏ္ဍာရီလာ ရှန်ရှန့်ကျုံဂိုဏ်း
Vol. 30 Ch. 407
ဘာသာပြန်- The Fate
ထိုကဲ့သို့မြင်ကွင်းက လဲ့မင်ကို ပျော်ရွှင်သွားစေခဲ့သည်။ ထိတ်လန့်ဖွယ်တည်ရှိမှုကြီးများက သူ၏ယန်လဲ့အမတမြို့တော်ကို တိုက်ခိုက်တော့မည်ဟု ထင်ခဲ့သည်။ သူတို့က သူ့ကို ကူညီပေးလိမ့်မည်ဟု ထင်မထားခဲ့ပါ။သူ့ရဲ့ယန်လဲ့အမတမြို့တော်ပျက်စီးစရာ မလိုတော့ဘူး။ ဒီထိတ်လန့်ဖွယ်တည်ရှိမှုကြီးတွေကို မှီခိုပြီး နောက်ထပ်အဆင့်တစ်ခုကိုတောင် တက်လှမ်းနိုင်လောက်တယ်!
ဒါကိုတွေးမိလိုက်တော့ လဲ့မင်သည် မျက်နှာများဖြူဖျော့နေကြသော တုကူချိုးပိုင်နှင့် အခြားသူများကို ပျော်ရွှင်စွာ လှမ်းကြည့်လိုက်သည်။သူ၏အမူအယာက မောက်မာနေခဲ့သည်။ထိုလူများက သူ၏ ယန်လဲ့အမတမြို့တော်ကို ကြီးကြီးမားမားဆုံးရှုံးစေခဲ့သည်။သူတို့ရဲ့ဘဝကို ေသတာထက် ပိုဆိုးစေရမယ်!
"အရှင်၊ကျွန်တော်မေးပါရစေ။ အရှင်တို့က..."
လဲ့မင်သည် တုကူချိုးပိုင်နှင့် အခြားသူများကိုသတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို တစ်ခဏတာ ခေါက်သိမ်းထားလိုက်သည်။ သူက အံကိုတင်းတင်းကြိတ်လိုက်ပြီး မေးမြန်းလိုက်၏။အဆိုပါ ထိတ်လန့်ဖွယ်တည်ရှိမှုကြီးများ၏ အဆင့်အတန်းကို သူမသိရသေးပါ။
အဝေးတစ်နေရာရှိ တုကူချိုးပိုင်တို့ကလည်း လူအိုကြီးကို လှမ်းမော့ကြည့်ရှုလိုက်သည်။ သူတို့၏ မျက်ဝန်းများကတော့ အေးစက်နေကြပြီး ခန္တာကိုယ်တစ်ခုလုံးမှ သတ်ဖြတ်ရိပ်အရှိန်အဝါများ ထုတ်လွတ်နေခဲ့သည်။
အဲ့ဒီလူက အရမ်းအစွမ်းထက်နေရင်တောင်၊ သူတို့ သေဆုံးရရင်တောင်၊ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ဂုဏ်သိက္ခာကို မကျဆင်းစေရဘူး။
"လီယွင်၊ ယွမ်ဟွားကောင်းကင်ဘုံရဲ့ အင်အားစုကြီးတစ်ခုဖြစ်တဲ့ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းကပဲ။ ကျုပ်တို့ရဲ့နတ်ဘုရားမက သူမရဲ့အဖေလဲ့ပကို ကိုယ်တိုင်ကိုယ်ကျ ပြုစုစောင့်ရှောက်ဖို့ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းဆီ လာရောက်ခေါ်ဆောင်ခိုင်းလိုက်တာ"
အစောင့်အရှောက်လီယွင်သည် လဲ့မင်ကို ထူးမခြားနားစွာစိုက်ကြည့်ကာ ပြောဆိုလိုက်သည်။သူ၏အသံက ကမ္ဘာလောကကြီးအတွင်း ပဲ့တင်ထပ်သွားကာ ယန်လဲ့အမတမြို့တော် စွမ်းအားရှင်များ၏ မျက်ဝန်းသူငယ်အိမ်များမှာ တုန်လှုပ်သွားခဲ့ကြသည်။သူတို့က တစ်စုံတစ်ခုကိုတွေးမိသွားကာ စိတ်လှုပ်ရှားလာကြသည်။
"အရှင်...အရှင်ဆိုလိုတာက လဲ့ပရဲ့သမီး လဲ့ယွင်လား"
တစ်ကိုယ်လုံးတုန်လှုပ်နေသော လဲ့မင်သည် နှလုံးသားအတွင်းမှ ထိတ်လန့်မှုများကို ဖိနှိပ်လိုက်ပြီး သတိကြီးကြီးထား၍ မေးမြန်းလိုက်သည်။ လဲ့ပ၏သမီးလဲ့ယွင်သည် အလယ်ပိုင်းကုန်းမြေကြီးတွင် လုရန်နှင့် နှစ်ယောက်တွဲ၍ အလှနတ်သမီးဘွဲ့ကို ခံယူနိုင်ခဲ့သည်။
သို့ပါသော်လည်း လဲ့ယွင်သည် ရှေးဟောင်းနေရာတစ်ခုကို သွားရောက်စူးစမ်းရင်း ပျောက်ဆုံးသွားခဲ့သည်။လဲ့ပက သူမကို ရာစုနှစ်ပေါင်းများစွာရှာဖွေခဲ့သော်လည်း သတင်းအစအနကြားရခြင်းမရှိပါ။လဲ့ယွင်နှင့်အတူ လိုက်ပါသွားခဲ့သော မိန်းမငယ်လေးများ၏ အလောင်းများကိုသာ တွေ့မြင်ခဲ့ကြရသည်။ယန်လဲ့အမတမြို့တော်အတွင်းရှိ လူများအားလုံးသည် လဲ့ယွင်တစ်ယောက် သေဆုံးသွားပြီဟု တွေးထင်ခဲ့ကြသည်။
လဲ့ပကတော့ မျှော်လင့်ချက်အလင်းတန်းလေးကို ဆုပ်ကိုင်ထားခဲ့ဆဲသာ။ထို့အတွက်ကြောင့် သူက ယန်လဲ့အမတမြို့တော်အတွက်မြို့သခင်ငယ်လေးများ ရွေးချယ်ထားခဲ့သော်လည်း ဘယ်သူ့ကိုမှ အစစ်အမှန်မြို့သခင်ငယ် အဖြစ် ရာထူးမပေးခဲ့ပါ။
နှစ်ပေါင်းများစွာကြာ ပျောက်ကွယ်သွားခဲ့သော လဲ့ယွင်သည် ယခုအချိန်မှာတော့ ပြန်ပေါ်လာလိမ့်မည်ဟု ဘယ်သူက ထင်ထားအံ့နည်း။ ဒါ့အပြင် သူမက ယွမ်ဟွားကောင်းကင်ဘုံ အင်အားစုကြီးတစ်စု၏ နတ်ဘုရားမလည်း ဖြစ်လာေသးသည်။သူမက ယန်လဲ့အမတမြို့တော်ကိုကယ်တင်ပေးနိုင်လောက်၏။
ဒီသတင်းကို လီယွင်ကိုယ်တိုင် ပြောဆိုလိုက်ခြင်းမဟုတ်ပါက လဲ့မင်နှင့် ယန််လဲ့အမတမြို့တော်၏ စွမ်းအားရှင်များမှာ ယုံကြည်နိုင်မှာ မဟုတ်ကြပါ။ ဒါကအရမ်းကို အိမ်မက်ဆန်လွန်းတယ်လေ။
ဘုရားမတာပဲ!.ငါတို့ကို ဘုရားမတာ....
လီယွင်၏ အတည်ပြုခေါင်းငြိမ့်လိုက်မှုနှင့်အတူလဲ့မင်သည် အရမ်းစိတ်လှုပ်ရှားသွားကာ ထခုန်လုမတတ် ပျော်ရွှင်သွားခဲ့သည်။ သူက နှလုံးသားအတွင်းမှ ထပ်ခါထပ်ခါ တီးတိုးရေရွတ်နေခဲ့သည်။ ထိုကဲ့သို့အဆင့်အတန်းဖြင့်ဆိုပါကသူ၏ယန်လဲ့အမတမြို့တော်သည် အရှေ့မှောက်တွင်ရှိနေသော ရန်သူများကို ဖျက်စီးနိုင်ရုံသာမက ကောင်းကင်သို့ ခြေတစ်လှမ်းဖြင့်ခုန်တက်နိုင်လိမ့်မည်။ ရွှမ်တုမဟာအင်အားစုခြောက်စုကိုတောင် ခြေထောက်အောက်၌ နင်းခြေထားနိုင်တော့မည်။
သို့ပေသော်ငြားလည်း လဲ့ပ၏သေဆုံးမှုကို တွေးမိလိုက်သည့်အခါ လဲ့မင်တစ်ယောက် ထိတ်ထိတ်ပြာပြာဖြစ်သွားရသည်။ သူက လဲ့ယွင်နှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော်လည်း လဲ့ပနှင့် လဲ့ယွင်တို့နှစ်ယောက်တွင် နက်ရှိုင်းသောသားအဖခံစားချက်များရှိနေကြောင်း သိထားသည်။
လဲ့ပသေဆုံးတဲ့ သတင်းကို ကြားလိုက်ရရင် လဲ့ယွင်က ယန််လဲ့အမတမြို့တော်ကိုအပြစ်ပုံချလောက်လား။
"အစောင့်အရှောက်အရှင်ခင်ဗျာ လဲ့ပနဲ့သခင်မလေးလဲ့ယွင်တို့မှာ အရမ်းကောင်းမွန်တဲ့ဆက်ဆံရေး ရှိပါတယ်။ အခု လဲ့ပသေဆုံးသွားပြီဆိုတော့ သခင်မလေးလဲ့ယွင် ဒေါသ ထွက်သွားပြီး.....ကျုပ်စိုးရိမ်မိတာက...."
လဲ့မင်က လီယွင်ကို သေသေချာချာစိုက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။
ယခင်အတိုင်းသာဆိုပါက သူဟာ လဲ့ယွင်ကို ဂရုစိုက်စရာမလိုပါ။ သို့ပါသော်လည်း လက်ရှိတွင် လဲ့ယွင်၏ အဆင့်အတန်းက မိုးကောင်းကင်လောက်အထိတိုင် မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။သူက လဲ့ယွင်၏ ဘိုးဘေးဖြစ်သော်လည်း သူမအရှေ့တွင်လေးစားမှုပြသရမည်။
"မင်းမှာ ဘယ်လိုအကြံဉာဏ်ရှိလဲ။"
လီယွင်က မျက်မှောင်ကြုံ့လိုက်ပြီး လဲ့မင်ကိုလှည့်ကြည့်ကာ မေးမြန်းလိုက်သည်။
ယခင်က သူသည် လဲ့ယွင်၏ အမျက်ဒေါသကို စိုးရွံ့နေခဲ့ရသည်။
ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းတွင် နတ်ဘုရားမသည် လူပုဂ္ဂိုလ်တစ်ယောက်၏အောက်တွင်သာရှိပြီး လူပေါင်းသောင်းကျော်၏ အထက်ကတည်ရှိမှုဖြစ်သည်။ သူမက နောက်တက်မည့်ခေါင်းဆောင်လောင်းဖြစ်၏။ထိုကဲ့သို့သောတည်ရှိမှုကြီး၏ အမျက်ဒေါသမှာ သူ့လိုအစောင့်အရှောက်အကြီးအကဲတစ်ယောက် သည်းခံနိုင်မည့်အရာ မဟုတ်ပါ။
"ဒီလူတွေကို ဖမ်းဆီးပြီး သခင်မလေးလဲ့ယွင်ကိုဆက်သလိုက်ရင် ဘယ်လိုလဲ။ သခင်မလေးကို ကိုယ်တိုင်ကိုယ်ကျ လက်စားချေခိုင်းလိုက်ပေါ့။"
လဲ့မင်က တုကူချိုးပိုင်တို့ အုပ်စုဘက်ကို လှမ်းကြည့်လိုက်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
ဖြစ်နိုင်ပါက သူသည် တုကူချိုးပိုင်တို့ကို ကိုယ်တိုင်ကိုယ်ကျ အပိုင်းပေါင်းထောင်ချီ ဖြတ်တောက်လိုက်ချင်သည်။ သို့ပါသော်လည်း တုကူချိုးပိုင်တို့မရှိပါက ဘယ်သူကများ လဲ့ယွင်ရဲ့ အမျက်ဒေါသကို ခေါင်းခံပေးပါ့မလဲ။
လဲ့မင်၏စကားကို ကြားလိုက်ရသည့်အခါ လီယွင်၏မျက်ဝန်းများက လင်းလက်သွားခဲ့သည်။ သူက ဘေးဘက်ရှိ ကျူဖုန်းနှင့် ဟွမ်ရွှယ်တို့ကိုလှမ်းကြည့်ပြီး မေးမြန်းလိုက်သည်။
"မင်းတို့နှစ်ယောက်ကော ဘယ်လို ထင်လဲ။"
"ဒါအကြံကောင်းပဲ။"
ကျူဖုန်းနှင့် ဟွမ်ရွှယ်တို့က တစ်ညီတစ်ညွတ်တည်း ခေါင်းငြိမ့်လိုက်ပြီး ပြောဆိုလိုက်သည်။
လဲ့ယွင်၏ နောက်လိုက်များဖြစ်သည့်အလျောက် သူတိုက လဲ့ယွင်၏ အမျက်ဒေါသအကြောင်း သိရှိထားကြသည်။သူမက အရမ်းလှပသော်လည်း အမျက်ဒေါသထွက်လာပါက အင်မတန်မှ ကြောက်မက်ဖွယ်ကောင်းလေသည်။
ဒီလူတစ်စုကိုသာ ဖမ်းခေါ်သွားပြီး လဲ့ယွင်၏လက်ထဲ အပ်လိုက်ပါက သူမ၏ အမျက်ဒေါသကို လျော့ချနိုင်ကောင်းသည်။
ကျူဖုန်းနှင့်ဟွမ်ရွှယ်တို့သည် တုကူချိုးပိုင်တို့ကို ဘယ်တုန်းကမှ မတွေ့မမြင်ဖူးပါ။ တုကူချိုးပိုင်တို့က လဲ့ပကို သတ်ဖြတ်လိုက်ကြောင်း ကြားသိပြီးနောက် သူတို့က တုကူချိုးပိုင်တို့ကို သေလူများကဲ့သို့ သတ်မှတ်ထားခဲ့သည်။ ဒါပေမယ့်မင်းတို့မသေခင်မှာ နတ်ဘုရားမလဲ့ယွင်ရဲ့အမျက်ဒေါသကို ခံစားလိုက်ကြဦး!
ကျူဖုန်းနှင့်ဟွမ်ရွှယ်တို့၏ အတည်မှုပြုကို ကြားလိုက်ရသည့်အခါ လီယွင်က သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး တုကူချိုးပိုင်နှင့် အခြားသူများကို လဲ့ယွင်ထံ ဖမ်းဆီးခေါ်ဆောင်သွားဖို့ ပြုလုပ်လိုက်သည်။
"မင်းလုပ်ရဲသလား!"
သို့ပါသော်လည်း ထိုအချိန်တွင် ကျယ်လောင်သော အသံတစ်သံက ကမ္ဘာလောကအတွင်း၌ ထွက်ပေါ်လာခဲ့သည်။လီယွင်၏ လှုပ်ရှားမှုမှာ ရပ်တန့်သွားခဲ့ပြီး သူ၏မျက်နှာက မဲမှောင်လာကာ အသံလာရာဘက်သို့လှမ်းကြည့်လိုက်သည်။
တကယ့်ကို စိတ်ဝင်စားစရာပဲ။ဘယ်လိုရှင်သန်နေထိုင်ရမလဲမသိတဲ့ ပုရွတ်ဆိတ်လေးတွေက သူ့ကို တားဆီးရဲတယ်လား။
သူက ယွမ်ဟွားကောင်းကင်ဘုံ၏ စွမ်းအားရှင်ဖြစ်ပြီး နိမ့်ကျသော ရှန်းရွှမ်ဘုံလောကကို သက်ဆင်းလာခဲ့သည်။ နတ်ဘုရားမရဲ့အဖေကို သတ်ဖြတ်တဲ့သူတွေကို ဖမ်းဆီးရာမှာ ဘယ်သူကများ သူ့ကို တားဆီးရဲတာလဲ။
လီယွင်သည် လေထုတစ်နေရာကို မြဲမြံစွာစိုက်ကြည့်လိုက်သည်။ ဘယ်သူကများ ကျားသစ်အသည်းနှင့် ဝက်ဝံနှလုံးသားကို စားထားသလဲဆိုတာ သူတွေ့မြင်ချင်မိ၏။
လီယွင်၏ ဘေးတွင်ရှိနေသော ကျူဖုန်းနှင့် ဟွမ်ရွှယ်တို့ကလည်း ရွတ်နှောက်နှောက်အပြုံးများဖြင့် အသံလာရာဘက်သို့ လှမ်းကြည့်လိုက်သည်။
လူအများ၏ စောင့်ကြည့်နေသော မျက်ဝန်းများအောက်တွင် အနီရောင်တောက်တောက်ဝတ်ရုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် လေထုအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ထိုလူထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လီယွင်တို့သုံးယောက်၏ စိတ်အာရုံများကို ဆွဲဆောင်သွားခဲ့သည်။
သူတို့သည် ထျန်းယုအဆင့်၌ ရှိနေခဲ့ကြသော်လည်း ရောက်လာသော ပုဂ္ဂိုလ်ထံမှ သန်မာသော ဖိအားတစ်ခုကို ခံစားနေကြရသည်။လီယွင်တို့သုံးယောက်သည် တစ်ပြိုင်နက်တည်း မျက်မှောင်ကြုံ့မိလိုက်ကြသည်။ သူတို့က ရောက်လာသည့်သူကို မြဲမြံစွာ စူးစိုက်ကြည့်လိုက်ကြပြီး ထိုသူ၏ ကျင့်ကြံမှုကို ဖော်ထုတ်ချင်ခဲ့သော်လည်း သူတို့ အဘယ်မျှလောက်ကြိုးစားပါစေ အချည်းနှီးဖြစ်ခဲ့ရသည်။
"မင်းကဘယ်သူလဲ။ ငါတို့ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းရဲ့ ကိစ္စကိုဝင်ရောက်စွက်ဖက်ရဲတယ်လား။"
လီယွင်က သူ၏အဆင့်အတန်းကို ဖော်ပြလိုက်ပြီး ခြိမ်းခြောက်လိုက်သည်။ အဆင့်တူဖြစ်နေရင်တောင် ဘယ်သူကမှ ယွမ်ဟွားကောင်းကင်ဘုံ၏ အင်အားစုကြီးကို ရန်စရဲမည်မထင်ပါ။
ရောက်လာသော ပုံရိပ်၏ မျက်နှာကို တွေ့ မြင်လိုက်ရသောအခါ ချီမိန်ချွှေရွယ်နှင့် အခြားသူများ၏ မျက်နှာ၌ အပျော်များဖြင့် ပြည့်နှက်သွားခဲ့သည်။ အမြဲတမ်း အေးစက်မောက်မာနေသော ချီမင်ချွှေရွယ်ကတောင် ခပ်ဖွဖွ ပြုံးလိုက်မိသည်။ နှစ်ပေါင်းများစွာကြာ မတွေ့ခဲ့ရသော မိတ်ဆွေဟောင်းကြီးနှင့် ပြန်တွေ့လိုက်ရသည့်အလား သူက ထိုလူ့ကို စူးစိုက်ကြည့်နေခဲ့သည်။
ထိုသူမှာ ရှန်ရှန့်ကျုံ အပြင်စည်းဂိုဏ်း၏ အထွေထွေအကြီးအကဲ မဟာနတ်ဆိုး ရွှမ်ရှဖြစ်တော့သည်။
"မင်းတို့ကို မတွေ့ရတာ တစ်နှစ်ပဲ ရှိသေး တယ်။အခုလို အရှက်ရစရာအခြေအနေနဲ့ ကြုံနေရလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး။"
မဟာနတ်ဆိုးရွှမ်ရှက ချီမိန်ချွှေရွယ်တို့ကို လှမ်းကြည့်လိုက်ပြီး သက်ပြင်းချကာ ပြောဆိုလိုက်သည်။
မဟာနတ်ဆိုးရွှမ်ရှ၏ မောက်မာသောအသွင်အပြင်က လီယွင်တို့သုံးယောက်၏ မျက်နှာများကို မဲမှောင်သွားစေခဲ့သည်။ မဟာနတ်ဆိုးရွှမ်ရှမှ သန်မာသော ဖိအားတစ်ရပ်ကို ခံစားနေရလို့မဟုတ်လျှင် သူတို့က စတင်တိုက်ခိုက်ပြီးဖြစ်သည်။ လျစ်လျူရှုခံထားရရင်ဘယ်သူမဆို ဒေါသထွက်မိမှာပဲလေ။
"ဒါပေမယ့်လည်း မစိုးရိမ်ပါနဲ့။ ရှန်ရှန့်ကျုံအပြင်စည်းဂိုဏ်းရဲ့ ကောင်းကင်ထောက်တိုင်ကြီးဖြစ်တဲ့ ဒီနတ်ဆိုးအိုကြီးက ကျိန်ဆိုတယ်။ တစ်ယောက်ယောက်ကသာ မင်းတို့ကို ထိခိုက်အောင် လုပ်ရဲရင် နတ်ဆိုးအိုကြီးက အကြိမ်ပေါင်းထောင်ချီ ပေးဆပ်ရအောင် လက်စားချေပေးမယ်။"
မဟာနတ်ဆိုးရွမ်ရှသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်နေရင်း အေးစက်စွာ ပြောဆိုလိုက်သည်။ သူ၏ စကားလုံးများအတွင်း၌ အဆုံးအစမဲ့ သတ်ဖြတ်ခြင်းအရှိန်အဝါများ ကိန်းဝပ်နေခဲ့ကာ ကမ္ဘာလောကတစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။
ဒီလူအိုကြီးကတော့ မတွေ့ရတာကြာပေမယ့်လည်း စွမ်းအားကြီးချင်ယောင်ဆောင်တဲ့ အကျင့်ကို ပြင်မရသေးဘူးပဲ။
"ငါ့ကိုပြောစမ်း။ မင်းတို့ ဘယ်လိုပုံစံနဲ့ သေချင်လဲ။"
မဟာနတ်ဆိုးရွှမ်ရှက လီယွင်တို့ သုံးယောက်အား ထူးမခြားနားစွာ လှမ်းကြည့်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။
ထိုအချိန်တွင် မဟာနတ်ဆိုးရွှမ်ရှ၏ နှလုံးသားအတွင်း၌ မီးတောင်ကြီး ပေါက်ကွဲသကဲ့သို့ ဒေါသထွက်နေခဲ့သည်။သူက ရှန်ရှန့်ကျုံဂိုဏ်းကို အိမ်အဖြစ် ယူဆခဲ့သည်။ ချီမိန်ချွှေရွယ်တို့မှာ သူ၏ မိသားစုများဖြစ်သည်။
အခုတော့ တစ်စုံတစ်ယောက်က သူ့မိသားစုကို ဖမ်းခေါ်သွားချင်တာလား။
"မြင့်မြတ်တဲ့ ရှန်ရှန့်ကျုံဂိုဏ်းလား"
လီယွင်တို့သုံးယောက်၏ မျက်ဝန်းများ ပြူးကျယ်သွားခဲ့သည်။ သူတို့က မဟာနတ်ဆိုးရွှမ်ရှကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့ပြီး ခန္တာကိုယ်များ ခဲတောင့်သွားကြသည်။ သူတို့၏နှလုံးအိမ်အတွင်း၌ အကြောက်တရားများ ဖြစ်တည်လာခဲ့သည်။
ဒဏ္ဍာရီလာရှန်ရှန့်ကျုံဂိုဏ်ကို ဒီနေရာမှာ တွေ့မြင်ရလိမ့်မယ်ဟု သူတို့ တွေးထင်မထားခဲ့ကြပါ။အဆိုပါ ရှန်ရှန့်ကျုံဂိုဏ်းမှာ ယွမ်ဟွားကောင်းကင်ဘုံ၏ ထိပ်တန်းအင်အားစုခြောက်စုမှ ဆရာသခင်များကို သတ်ဖြတ်ခဲ့သည်။
ထျန်းလင်းဂိုဏ်းနှင့် အခြားအင်အားစုများက အလောင်းဆင့်ခေါ်ခြင်း သွေးမျိုးဆက်အကြွင်းအကျန်များကို လာရောက်သတ်ဖြတ်သည့် သတင်းအား ပိတ်ဆို့ထားခဲ့ကြသည်။ သို့ပါသော်လည်း စေလွှတ်လိုက်သော ပုဂ္ဂိုလ်များ သေဆုံးသွားပြီးနောက် အဆိုပါသတင်းကို ဆက်လက်ဖုံးကွယ်မထားနိုင်ခဲ့ပေ။ ၎င်းသတင်းက ယွမ်ဟွားကောင်းကင်ဘုံကြီးတစ်ခုလုံးကို ပွတ်ပွတ်ဆူသွားစေခဲ့သည်။
ယွမ်ဟွားကောင်းကင်ဘုံရှိ အင်အားစုတိုင်းလိုလိုသည် ထိပ်တန်းအင်အားစုခြောက်စုမှ စွမ်းအားရှင်များကို သတ်ဖြတ်ပစ်ရဲသော ရှန်ရှန်ကျုံဂိုဏ်းအား စိတ်ဝင်စားနေကြသည်။
သူတို့ ရှန်းရွှမ်ဘုံလောကကို မလာခင်က ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းချုပ်က သတိပေးခဲ့သည်။ သူတို့သာ ရှန်ရှန့်ကျုံဂိုဏ်းက လူများကို ရင်ဆိုင်တွေ့ရလျှင် ရန်စခြင်းမပြုဘဲ လေးလေးစားစား ဆက်ဆံရမည်ဟုပေါ့။
ရှန်ရှန့်ကျုံဂိုဏ်းက ယွမ်ဟွားကောင်းကင်ဘုံအတွင်း၌ မတည်ရှိသော်လည်း ယွမ်ဟွားကောင်းကင်ဘုံကြီးတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သည့် တစ်ခုတည်းသော အင်အားစုဖြစ်လေသည်။
ဤအချိန်တွင် ထိပ်တန်းအင်အားစုခြောက်စုက ခွန်အားများကို စုစည်းပြီး ရှန်ရှန့်ကျုံဂိုဏ်းနှင့် အသေအကြေ တိုက်ပွဲဆင်နွဲရန် ပြင်ဆင်နေခဲ့သည်။ ထို့အတွက်ကြောင့် ယွမ်ဟွားကောင်းကင်ဘုံတစ်ခုလုံးက ရှန်ရှန့်ကျုံဂိုဏ်းကို ပိုမို၍ အရေးစိုက်လာခဲ့ကြသည်။
အောက်ဘုံတွင်ရှိသော ရှန်ရှန့်ကျုံဂိုဏ်းက အင်အားစုကြီး ခြောက်စု ပူးပေါင်းထားသောခွန်အားကို ရင်ဆိုင်နိုင်လိမ့်မည်ဟု ဘယ်သူကမှ တွေးထင်မထားသော်လည်း သူတို့ဟာ လျှို့ဝှက်ဆန်းကျယ်သော ရှန်ရှန့်ကျုံဂိုဏ်းကို ရန်မစလိုကြပါ။
htet