ရှီကန်းတန် ထွက်လာခြင်း
Vol. 30 Ch. 409
ဘာသာပြန်- The Fate
အမည်မဲ့ဓါးသမား၏ ပြောင်မြောက်သော လုပ်ဆောင်မှုက ယိယွမ်ဘုရားကျောင်း၏ ဘိုးဘေးများကို တုန်လှုပ်သွားစေခဲ့သည်။ သူတို့၏ မျက်နှာများက မသာမယာဖြစ်လာကြသည်။
သူတို့ ယိယွမ်ဘုရားကျောင်းရဲ့ ဘိုးဘေးတစ်ယောက်က အန္တိမနတ်မင်းအထွတ်အထိပ်အဆင့် စွမ်းအားရှင်တစ်ယောက်ကြောင့် ဒဏ်ရာရသွားတာလား? ဒါက သူတို့ ယိယွမ်ဘုရားကျောင်းအတွက် အရှက်ရစရာကြီးပဲ။
ယိယွမ်ဘုရားကျောင်း၏ စွမ်းအားရှင်များကို ပိုမို၍ မသက်မသာ ခံစားလာစေခဲ့ရသည်က သူတို့၏ ဘိုးဘေးများသည် လီပိုင်တို့နှစ်ယောက်ကို သုံးယောက်နှစ်ယောက် ယှဥ်ချနေသော်လည်း အရေးမသာ ဖြစ်နေကြခြင်းပင်။
သို့ပါသော်လည်း တောင်ထိပ်ပေါ်တွင် လက်နှစ်ဖက်ကိုနောက်ပစ်လျက် မတ်တက်ရပ်နေသော ဝမ်ဖုန်းသည် မည်သည့်ပျော်ရွှင်မှုကိုမှ မခံစားရပါ။ ထိုအစား သူ၏မျက်နှာဟာ လေးနက်တည်ကြည်လာခဲ့ပြီး မျက်ခုံးများက တွန့်ခေါက်သွားခဲ့သည်။ အမည်မဲ့ဓါးသမားက အကန့်အသတ်၌ ရှိနေပြီဖြစ်ကြောင်း သူသိရှိလိုက်ရသည်။
သူ၏ ပြောင်မြောက်သော စွမ်းဆောင်မှုက ယိယွမ်ဘုရားကျောင်း၏ စွမ်းအားရှင်များကို ကျိန်းသေပေါက် ထိတ်လန့်စေခဲ့ပါသည်။ ဒါ့အတွက်ကြောင့်ပဲ သူတို့က ပိုမို၍ အရူးအမူး တိုက်ခိုက်လာလိမ့်မည်။
အမည်မဲ့ဓါးသမားသာမက ရှန်ရှန့်ကျုံဂိုဏ်း၏ အခြားအကြီးအကဲများကလည်း အနည်းနှင့်အများဆိုသလို ဒဏ်ရာရနေကြသည်။ သူတို့၏ ကိုယ်တွင်းတွင် စွမ်းအားအများကြီး မကျန်ရစ်တော့ပါ။ ဒီအတိုင်းဆက်သွားနေပါက ယိယွမ်ဘုရားကျောင်းကို မဖျက်ဆီးနိုင်ရုံသာမက တပ်ပြန်ဆုတ်ရမှာကိုတောင် စိုးရိမ်မိသည်။
ဒီတိုက်ပွဲက ယိယွမ်ဘုရားကျောင်းကို ဖျက်ဆီးဖို့တစ်ခုတည်းဆိုပါက ဝမ်ဖုန်းအပေါ် အကျိုးသက်ရောက်မှုရှိမှာမဟုတ်ပါ။ ဝမ်ဖုန်းက ယိယွမ်ဘုရားကျောင်းကို ဖျက်ဆီးရုံသာမက ရွှမ်ယွမ်မျိုးနွယ်စုမှ စွမ်အားရှင်များကိုလည်း တစ်ပါတည်း ချေမှုန်းပစ်ချင်နေသည်။
ဝမ်ဖုန်းက တစ်ခဏကြာအောင် တွေးတောလိုက်၏။ သူက ရှီကန်းတန်ကို လှုပ်ရှားခိုင်းရကောင်းမလားဆိုတာ စဥ်းစားနေခြင်းပင်။ ရှီကန်းတန်၏ စွမ်းအားဖြင့်ဆိုပါက ယိယွမ်ဘုရားကျောင်း၏ ဘိုးဘေးများကို လျှို့ဝှက်စွာ တိုက်ခိုက်နိုင်သည်။ သို့ပါသော်လည်း ယိယွမ်ဘုရားကျောင်း၏ အစွမ်းထက်သော တည်ရှိမှုကြီးများမှာ အမှောင်ထုအတွင်း ဖုံးကွယ်နေကြသေးသည်။ ဒါက ဝမ်ဖုန်းကို စိုးရိမ်ပူပန်စေ၏။
သူ၏ ကိုယ်ပိုင်ဝှက်ဖဲ အကြောင်းတွေးတောလိုက်ပြီးနောက် ဝမ်ဖုန်းက သက်ပြင်းဖွဖွချလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ ရှီကန်းတန်ကို လှုပ်ရှားခိုင်းလိုက်တော့မယ်။ ဒီလိုမှမဟုတ်ရင် အမည်မဲ့ဓါးသမားတို့တွေ အပြင်း အထန်ဒဏ်ရာရသွားနိုင်တယ်။
"ထွက်လာခဲ့ပါ"
ဝမ်ဖုန်းက မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး တိုးဖွစွာ ရေရွတ်လိုက်သည်။
ဝမ်ဖုန်း၏ ဘေးတွင်ရှိနေသော ယိုဝူမင်၏ နှလုံးသားက ရုတ်တရက် တုန်လှုပ်သွားပြီး သံသယဝင်လာခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်းမှာ ဖုံးကွယ်နေတဲ့ စွမ်းအားရှင်တွေ ရှိနေသေးတာလား?။
ဝမ်ဖုန်း၏ စကားဆုံးသွားသည့်အခါ မမြင်နိုင်သော စွမ်းအားလှိုင်းတစ်ခုသည် ယွမ်အောင်းတို့၏ အနောက် ဘက်၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ယွမ်အောင်းတို့က အစွမ်းထက်သော ပုဂ္ဂိုလ်များဖြစ်ကြသော်လည်း ထိုမမြင်နိုင်သော စွမ်းအားလှိုင်းကို သတိမပြုမိလိုက်ကြပါ။
ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါများ ပြည့်နှက်နေသည့် ဓါးတစ်လက်သည် လေထုကိုထိုးခွင်း၍ ထွက်ပေါ်လာခဲ့သည်။ ယွမ်အောင်း၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် အဆိုပါဓါးရှည်က သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်ပစ်လိုက်၏။
တစ်ချိန်တည်းမှာပဲ ပဉ္စမမြောက်ဘိုးဘေး ယွမ်လင်း၏ အနောက်တွင်လည်း ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါများရှိနေသည့် တူကြီးတစ်လက်ထွက်လာခဲ့သည်။ ထိုတူကြီးက ယွမ်လင်း၏ ကျောပြင်ကို ပြင်းထန်စွာ ထုရိုက်ပစ်လိုက်သည်။ ကြောက်လန့်ဖွယ်ကောင်းသော ပြင်းအားကြောင့် ယွမ်လင်းက လွင့်စင်ထွက်သွားပြီး သူ၏ ပါးစပ်မှ သွေးများအန်ထွက်လာရသည်။
ဆဋ္ဌမမြောက် ဘိုးဘေး ယွမ်ကျိကတော့ သနားစရာအကောင်းဆုံးပင်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရုတ်တရက် ထွက်ပေါ်လာသော အလင်းတန်း၏ နှစ်ပိုင်းဖြတ်ခြင်းကို ခံလိုက်ရသည်။ ယင်းအလင်းတန်းတွင် ပါဝင်သော ထိတ်လန့်ဖွယ်စွမ်းအားက ယွမ်ကျိကိုယ်တွင်းရှိ ရှင်သန်ရေးစွမ်းအင်များကို အပြီးတိုင်ဖျက်ဆီးပစ်လိုက်သည်။
ဂုဏ်သရေကြီးမြတ်သည့် ထျန်းကျိအထွတ်အထိပ်အဆင့် စွမ်းအားရှင်ဖြစ်သော ယိယွမ်ဘုရားကျောင်း၏ ဆဋ္ဌမမြောက်ဘိုးဘေးသည် ရန်သူကို တွေ့မြင်လိုက်ရခြင်းမရှိဘဲ ချက်ချင်းသေဆုံးသွားခဲ့ရသည်။
ယင်းထိတ်လန့်ဖွယ်မြင်ကွင်းကြီးက ရှိနေကြသော လူတိုင်း၏ နှလုံးအိမ်များကို တုန်လှုပ်သွားစေခဲ့သည်။ အချိန်တစ်ခုအထိတိုင်အောင် တိုက်ပွဲမြေပြင်ကြီးတစ်ခုလုံးသည် ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ လူတိုင်း၏ ခန္ဓာကိုယ်များမှာ တုန်လှုပ်သွားကြရ၏။
အထူးသဖြင့် ယိယွမ်ဘုရားကျောင်းမှ စွမ်းအားရှင်များဖြစ်ကြသည်။ သူတို့၏ မျက်လုံးများ၌ အကြောက်တရားများ ကြည့်နှက်နေကြပြီး မျက်နှာအမူအရာများက မယုံကြည်နိုင်ဖြစ်နေကြသည်။ ဘိုးဘေးသုံးယောက်စလုံးက တစ်ချိန်တည်းမှာ ပြင်းပြင်းထန်ထန် ထိခိုက်ခံစားခဲ့ရသည်။ သူတို့အတွက်တော့ ယင်းဖြစ်ရပ်ကြီးက မိုးကောင်းကင်ကြီး ပြိုကျခြင်းဖြစ်၏!
သူတို့၏ ဘိုးဘေးများသည် နတ်မင်းနယ်ပယ်ကို ဖြတ်ကျော်ပြီး မေ့လျော့ခံအာကာပြင်အဆင့်သို့ ရောက်ရှိနေသော ထိတ်လန့်ဖွယ်တည်ရှိမှုကြီးများ ဖြစ်သည်။ ဤသည်က ရှန်းရွှမ်ဘုံလောကကြီးတစ်ခုလုံးတွင် ပြိုင်ဘက်ကင်းသော တည်ရှိမှုကြီးဖြစ်ပါ၏။
သို့ပေသိ ထိုကဲ့သို့ ပြိုင်ဘက်ကင်းသောတည်ရှိမှုကြီးများဟာ တစ်ချိန်တည်းမှာပဲ အပြင်းအထန် ထိခိုက်ခံစားခဲ့ကြရရုံသာမက တစ်ယောက်ကတောင် သေဆုံးသွားခဲ့ရသည်။ ဤတိုက်ခိုက်မှုကို ပြုလုပ်လိုက်တဲ့ပုဂ္ဂိုလ်က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မလဲ?။
ဒါက သူတို့ယိယွမ်ဘုရားကျောင်း ရင်ဆိုင်နေရတဲ့ တည်ရှိမှုကြီးလား?။
ရွှမ်ဟန်း ၊ ယိုဝူမင်နှင့် အခြားသူများကတောင် ဤအချိန်၌ တုန်လှုပ်ခြောက်ခြားသွားကြသည်။ အထူးသဖြင့် ဘိုးဘေးသုံးယောက်နှင့် အနီးကပ်တွင်တည်ရှိနေသော ရွှမ်ဟန်းဖြစ်သည်။ သူက လေထုအတွင်းပုန်းကွယ်နေရာမှ ထွက်ပေါ်လာသော တည်ရှိမှုကြီး၏ စွမ်းအားကို အနီးကပ် ခံစားလိုက်ရသည်။ အဆိုပါ စွမ်းအားက သူ့ကို ချိန်ရွယ်နေခြင်းမဟုတ်သော်လည်း သူ၏နှလုံးအိမ်ကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။
သူကိုယ်တိုင်ကတောင် အစောက တိုက်ကွက်များနှင့် တွေ့ကြုံလိုက်ရပါက ယိယွမ်ဘုရားကျောင်း၏ ဘိုးဘေးသုံးယောက်လို ထူးမခြားနား ခံစားလိုက်ရမှာဖြစ်၏။
လူအများ၏ အကြည့်များအောက်တွင် လေဟာပြင်အတွင်းမှ ယောင်ဝါးဝါး ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုသူက အနက်ရောင်နှင့် အနီရောင်ရောစပ်ထားသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ၏ ဦးခေါင်းထက်၌ ကျောက်စိမ်းသရဖူကို ဆောင်းထားခဲ့သည်။ သူ၏ အမူအရာမှာ တည်ငြိမ်နေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက လွှမ်းမိုးချုပ်ကိုင်လွန်းလှသည်။
သူ ထွက်ပေါ်လာသည်နှင့်အမျှ လူတိုင်းက အကြည့်မလွှဲနိုင်ကြတော့ပါ။ ကမ္ဘာလောကကြီးတစ်ခုလုံးက ထိုပုဂ္ဂိုလ်၏ အရှေ့တွင် သေးနုပ်သွားရပုံပေါ်၏။
ရှီကန်းတန်က တိုက်ပွဲမြေပြင်အတွင်းရှိ လူတိုင်းကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ သူ၏ မျက်ဝန်းဖြတ်သန်းသွားသည့်အခါတိုင်း ဘယ်သူကမှ စေ့စေ့ စိုက်မကြည့်ရဲကြပါ။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး အသာအယာ ဝှေ့ယမ်းလိုက်သည့်အခါ မြင့်မြတ်သော လက်နက်ကြီးနှစ်ခုသည် သူ့ထံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူဟာ ကျောက်တုံးတူကြီးကို သိမ်းဆည််းလိုက်ပြီး လက်ထဲတွင် ကျောက်တုံးဖြင့် ပြုလုပ်ထားသော မြင့်မြတ်သည့်ဓါးရှည်ကိုသာ ကိုင်ဆောင်ထားလိုက်သည်။ အလွန်အမင်းမြင့်မြတ်သော ကိုယ်နေဟန်ထားဖြင့် သူဟာ ကမ္ဘာလောကကြီးကို ငုံ့မိုးကြည့်ရှုခဲ့၏။
"ထျန်းဒန်စွမ်းအားရှင်!"
ရွှမ်ဟန်း၏ မျက်စိများမှာ ပြူးကျယ်သွားပြီး သူ၏နှလုံးသားဟာ လှိုင်းထန်နေ၏။ ရှန်ရှန့်ကျုံဂိုဏ်းတွင် ထိုအဆင့်ရှိသော စွမ်းအားရှင်မျိုး ပုန်းကွယ်နေလိမ့်မည်ဟု သူထင်မထားခဲ့ချေ။
ရွှမ်တု မဟာအင်အားစု ၆ စု၏ ဖုံးကွယ်နေသော ဘိုးဘေးများမှာလည်း ထိုကဲ့သို့ တည်ရှိမှုများပင်ဖြစ်ကြသည်။ ရှန်ရှန့်ကျုံဂိုဏ်းမှာ ဒီလိုတည်ရှိမှုကြီး ရှိနေတာလား?။ တစ်ယောက်တည်းဆိုရင်တောင် သူတို့ ရွှမ်ယွမ်မျိုးနွယ်စု မကိုင်တွယ်နိုင်တော့မှာကို စိုးရိမ်မိတယ်။
ဤအချိန်တွင် ရွှမ်ဟန်းသည် နှလုံးသားအတွင်း၌ လိပ်ခဲတည်းလည်း ခံစားလိုက်ရသည်။ အချို့သော အကြောင်းအရင်းများကြောင့် သခင်လေး၏ အစီအစဥ်များ ပျက်စီးတော့မည်ဟု သူခံစားနေရသည်။
ရွှမ်ဟန်းသာ ဤသို့ခံစားလိုက်ရရုံသာမက ယိုဝူမင်ကလည်း ဒီအတိုင်းပင်ခံစားခဲ့ရသည်။ သူ၏မျက်နှာမှာ ပြိုတော့မည့်မိုးကဲ့သို့ မည်းမှောင်နေခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်းတွင် ထိုမျှအဆင့်ရှိသော စွမ်းအားရှင်ဖုံးကွယ်နေကြောင်း သိထားပါက ရှန်ရှန့်ကျုံဂိုဏ်းကို ဘယ်လိုမဟုတ်မဟက် ကြံစည်ရဲပါ့မလဲ။
ထျန်းဒန်အဆင့် စွမ်းအားရှင်ဖြင့်ဆိုပါက ရှန်ရှန့်ကျုံဂိုဏ်းက သူဖျက်ဆီးချင်တိုင်း ဖျက်ဆီးလို့ရသည့် အရာမဟုတ်တော့ပါ။ ယိုဝူမင်က နောင်တအကြီးအကျယ်ရနေမိသည်။
သို့ပါသော်လည်း ဤမျှအတိုင်းအတာထိ ရောက်ရှိလာပြီးဖြစ်ရာ သူ ရှောင်တိမ်းသွားလို့မရတော့ပါ။ သူက အရဲစွန့်ပြီး ယိယွမ်ဘုရားကျောင်းကို ယှဥ်ပြိုင်ရာ၌ ရှန်ရှန့်ကျုံဂိုဏ်းကို အသုံးချရန်သာ ဆက်လက်လုပ်ဆောင်ရတော့မည်။
"သေစမ်း!"
တောင်ထိပ်ပေါ်တွင်ရှိနေသော ယွမ်ဝူနှင့် ယွမ်မန်တို့သည် ယွမ်လင်းတို့သုံးယောက် အကြီးအကျယ်ဒဏ်ရာရသွားသည်ကို တွေ့မြင်လိုက်ကြရသည်။
"အစ်ကိုကြီး... အစ်ကိုကြီး အဲ့ဒီလူနဲ့သွားရောက်တိုက်ခိုက်လိုက်ပါ ၊ ဒီညီငယ်ေလးကတော့ ဟော.... ဟိုးက ကောင်စုတ်ကလေးကို သွားသတ်လိုက်မယ်"
"ယွမ်ကျိရဲ့ သေဆုံးမှုအတွက် ကျွန်တော်တို့ပြန်ပြီး လက်စားချေရမယ် ၊ အဲ့ဒီကလေးကို ယွမ်ကျိနဲ့အတူ မြေမြှုပ်ပေးလိုက်မယ်"
ယွမ်မန်က ဒေါသတကြီးဟိန်းဟောက်ရေရွတ်လိုက်သည်။ သူ၏မျက်ဝန်းများက ဝမ်ဖုန်းကို စူးစိုက့်ကြည့်နေခဲ့ပြီး အလွန်အမင်းနီရဲနေခဲ့၏။
ယွမ်ဝူက ခေါင်းညိတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တောင်ထိပ်ပေါ်မှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ယွမ်မန်၏ပုံရိပ်ကလည်း ပျောက်ကွယ်သွားလေသည်။
ဘုန်း!
လူတိုင်းက ရှီကန်းတန်၏ ထိတ်လန့်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြောင့် ကြောင်အနေကြစဥ်တွင် ရှီကန်းတန်၏ အနောက်ဘက်၌ ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ယင်းပုံရိပ်ထံမှ ခမ်းနားကြီးကျယ်သော စွမ်းအားများ ပျံလွင့်လျက်ရှိသည်။ လူတိုင်း၏ တုန်လှုပ်နေသော အကြည့်များအောက်တွင် ထိုပုံရိပ်က လက်သီးတစ်ချက်ပစ်လွှတ်လိုက်သည်။ ၎င်းလက်သီးကြီးက တောက်ပနေသော နေမင်းကြီးလိုမျိုး ရှီကန်းတန်ဆီ ပြေးဝင်သွားခဲ့သည်။
လျှပ်တစ်ပြတ် တိုက်ခိုက်မှုနှင့်ကြုံတွေ့လိုက်ရသည့်အခါ ရှီကန်းတန်က လှောင်ရယ်လိုက်သည်။ သူကလည်း အနောက်ကိုလှည့်၍ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။
ဧရာမလက်သီးကြီးနှစ်လုံးသည် ပြင်းထန်စွာ.ထိတွေ့မိလိုက်ကြသည်။ နားကွဲလုမတက် ကျယ်လောင်သော ပေါက်ကွဲသံကြီး မြည်ဟည်း ထွက်ပေါ်လာခဲ့သည်။ စက်ဝိုင်းပုံသဏ္ဍာန်ပြင်းထန်သော စွမ်းအားလှိုင်းများသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့ပြီး လေဟာပြင်ဟာ အက်ကွဲလာခဲ့ရသည်။ လီပိုင်နှင့် အခြားသူများသည် အလျင်အမြန်နောက်ဆုတ်လိုက်ကြရ၏။
တစ်ချိန်တည်းမှာပဲ အခြားသော ပုံရိပ်တစ်ခုသည် ဝမ်ဖုန်း၏ အနောက်ဘက်၌ ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်မှ ပျံ့လွင့်နေသော စွမ်းအားများက ပတ်ဝန်းကျင်ရှိ စွမ်းအားရှင်ကြီးများကို ထိတ်လန့်တုန်လှုပ်စေခဲ့ပြန်သည်။ ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲများ၏ တုန်လှုပ်နေသော အကြည့်များအောက်တွင် ယင်းပုံရိပ်က လက်သီးတစ်ချက် ပစ်လွှတ်လိုက်ပြီး ဝမ်ဖုန်းကို သတ်ဖြတ်ရန် ပြင်ဆင်လိုက်သည်။
"မလုပ်နဲ့!"
ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ၏ မျက်ဝန်းများမှ နီရဲသွားခဲ့ပြီး ဟစ်ကြွေးပြောဆိုလိုက်သည်။ သူတို့အားလုံးက ဝမ်ဖုန်းထံသို့ ကသိုက်ကရိုက် ပြေးလာကြသည်။ သို့ပါသော်လည်း သူတို့၏ အပြေးနှုန်းက ယွမ်မန်၏ တိုက်ခိုက်မှုလောက် မြန်ဆန်နိုင်ပါမည်လော။
ဤကဲ့သို့ သေရေးရှင်ရေးကာလတွင် ဝမ်ဖုန်း၏ အနောက်ဘက်မှာ အနက်ရောင်ပုံရိပ်ကြီးတစ်ခု တိတ်ဆိတ်စွာ ဖြစ်တည်လာခဲ့သည်။ ၎င်းပုံရိပ်ကြီးဟာ အနက်ရောင်မြူခိုးထုကြီးအတွင်း၌ ပုန်းအောင်းနေခဲ့ပြီး သွေးနီရောင်မျက်ဝန်းများကိုသာ လှစ်ဟပြထားခဲ့သည်။ သွေးနီရောင် မျက်ဝန်းကြီးများကို တွေ့မြင်လိုက်ရသည့်အခါ ယွမ်မန်၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး နှလုံးသားက တလှပ်လှပ်တုန်ရင်သွားခဲ့၏။
ယင်းမျက်လုံးကြီးများက သူ့ကို အကြောက်တရားများ ပေးစွမ်းနေသည်။ သူက ပြိုင်ဘက်ကင်း သားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရသည့်အတိုင်းပင်။ ဘိုးဘေးယွမ်ဝူ၏ ထျန်းဒန်အဆင့်သို့ တိုးမြှင့်ပေးမှုကြောင့် သူဟာ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းနေသည်ဟု ထင်ခဲ့သည်။ သို့ပါသော်လည်း ရှန်ရှန့်ကျုံဂိုဏ်း၏ အရှေ့မှောက်တွင် သူ၏ယုံကြည်ချက်များမှာ တစ်စတစ်စ ယိုယွင်းလာခဲ့ရ၏။
"ဘုန်း!"
ယွမ်မန်၏ တုန်လှုပ်နေသော အကြည့်အောက်တွင် ပိန်းပိတ်အောင်နက်မှောင်သော အနက်ရောင်အကြေးခွံများ ဖုံးအုပ်ထားသည့် လက်ကြီးတစ်ဖက်သည် မြူခိုးထုကြီးအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ထိုလက်ကြီးက လက်သီးဆုပ်လိုက်ပြီး ရုတ်တရက် လေဟာပြင်ကို ထိုးခွင်းလိုက်သည်။ အနက်ရောင်လက်သီးလုံးကြီးဟာ ယွမ်မန်၏ လက်သီးချက်နှင့် ထိတွေ့မိသွားကြသည်။
ဘုန်း!
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှစ်ခုသည် တစ်ချိန်တည်း၌ ထွက်ပေါ်လာခဲ့သည်။ ယွမ်မန်နှင့် ယွမ်ဝူတို့၏ ခန္ဓာကိုယ်များသည် တစ်ပြိုင်နက်တည်းဆိုသလို လွင့်စင်ထွက်သွားကြပြီး အဝေးတစ်နေရာရှိ တောင်နံရံနှင့် ထိခတ်မိသွားကြသည်။ တောင်ကြီးတစ်ခုလုံးမှာ ပြိုကျလာခဲ့ပြီး ဖုန်မှုန့်များ တစ်သောင်းသောင်း ထသွားခဲ့၏။
ထိုမြင်ကွင်းကလူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်များက နေရာမှာတင် ရုပ်ထုကြီးများလိုမျိုး ခဲတောင့်သွားကြ၏။
ရှန်ရှန့်ကျုံဂိုဏ်းရဲ့ စွမ်းအားရှင်တွေက သန်မာလှချည်လား...
ဝမ်ဖုန်း၏ ဘေးတွင်ရှိနေသော ယိုဝူမင်၏ ခန္ဓာကိုယ်မှာ အကြောက်တရားဖြင့် တုန်လှုပ်လာခဲ့သည်။ သူက ခေါင်းကို ငုံ့ချလိုက်ပြီး ဝမ်ဖုန်းအနောက်ဘက်ရှိ ပုံရိပ်ကြီးကို စေ့စေ့စိုက်မကြည့်ရဲခဲ့ပါ။ ထျန်းဒန်အထွတ်အထိပ် စွမ်းအားရှင်တစ်ယောက်က ရှန်ရှန့်ကျုံဂိုဏ်း၏ အကန့်အသတ်ဖြစ်နေပြီးသားဟု သူထင်ခဲ့သည်။ သို့ပါသော်လည်း ရှန်ရှန့်ကျုံဂိုဏ်းတွင် နောက်ထပ်ထျန်းဒန်အထွတ်အထိပ်စွမ်းအားရှင်တစ်ယောက် ရှိနေခဲ့သေးသည်။
ရှန်ရှန့်ကျုံဂိုဏ်းက ဘယ်လိုအင်အားစုမျိုးလဲ?...
ထျန်းဒန်အဆင့် စွမ်းအားရှင်တွေက မျောက်တွေလိုမျိုး တစ်ယောက်ပြီးတစ်ယောက် ပေါ်လာခဲ့တာလား?
အဲ့ဒါက ထျန်းဒန်အထွတ်အထိပ် အဆင့်ကြီးလေ။
ဤအချိန်တွင် ကမ္ဘာလောကကြီးတစ်ခုလုံးက သုသာန်တစ်စပြင်အလား တိတ်ဆိတ်သွားခဲ့သည်။ လူတိုင်းက ရှီကန်းတန်နှင့် ဝမ်ဖုန်း၏ အနောက်ဘက်တွင် ထွက်ပေါ်လာသော အမှောင်လောကတောက်ကျဲသားရဲကို အကြောက်တရားများဖြင့် လှမ်းကြည့်နေခဲ့ကြသည်။
ဝမ်ဖုန်းကတော့ ဤအချိန်တွင် စိတ်သက်သာရာရသွားခဲ့သည်။ ကံကောင်းစွာဖြင့် သူက ကြိုတင်ပြင်ဆင်ထားမိခဲ့၏။ ယိယွမ်ဘုရားကျောင်းတည်ရှိသည့် လျှို့ဝှက်ကမ္ဘာလေးအတွင်းသို့ ဝင်ရောက်လာပြီးနောက် သူက တောအုပ်အတွင်း၌ ကမ္ဘာဘောလုံးလေးကို တိတ်တဆိတ် နေရာချထားခဲ့သည်။ ထို့အတွက်ကြောင့် အမှောင်လောကအတွင်းရှိ တောက်တျဲသားရဲမှာ ကိုယ်တိုင် ကိုယ်ကျလှုပ်ရှားလာနိုင်ခဲ့သည်။
ဒီလိုမှမဟုတ်လျှင် ယိယွမ်ဘုရားကျောင်းမှ ထျန်းဒန်အထွတ်အထိပ် စွမ်းအားရှင်၏ တိုက်ခိုက်မှုအောက်တွင် သူ မသေရင်တောင် ဒဏ်ရာအပြင်းအထန်ရသွားလိမ့်မည်။