ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်
Vol. 30 Ch. 410
ဘာသာပြန်- The Fate
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"
လွင့်စင်ထွက်သွားပြီး တောင်နံရံနှင့် ဝင်တိုက်မိသွားသော ယွမ်ဝူတို့နှစ်ယောက်သည် ထိတ်လန့်ခြောက်ခြားသွားပြီး သူတို့၏ မျက်လုံးများက ပြူးကျယ်လာကြကာ ရှီကန်းတန်နှင့် အမှောင်လောကသားရဲတို့ကို မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်သည်။ ရှန်ရှန်ကျုံ့လို ဂိုဏ်းသေးသေးလေးမှာ ဘာလို့ ဒီလောက်အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ ရှိနေသလဲဆိုတာ သူတို့ တွေးမရတော့ပါ။
ရှမ်းရွှမ်ဘုံလောကကြီးတွင် ထျန်းမိန်အဆင့်စွမ်းအားရှင်များတောင် ပေါ်ထွန်းရန် ခက်ခဲသော်လည်း ရှန်ရှန်ကျုံ့ဂိုဏ်းတွင်တော့ ထျန်းကျိအဆင့်စွမ်းအားရှင်များသာမက ထျန်းဒန်အထွတ်အထိပ်စွမ်းအားရှင်များတောင် ရှိနေသည်။
ဘိုးဘေးယွမ်ဝူ၏ ကူညီစောင့်မမှုကြောင့်သာမဟုတ်ပါက သူတို့ ယိယန်ဘုရားကျောင်းတွင် ထျန်းဒန်အဆင့်ကိုအသာထား၊ ထျန်းမိန်အဆင့်စွမ်းအားရှင်တောင် ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါ။ ဘိုးဘေးယွမ်ဝူကြောင့်မဟုတ်ပါက သူတို့နှစ်ယောက်ဟာလည်း ထျန်းဒန်အဆင့်သို့ ရောက်ရှိနိုင်မည်မဟုတ်။
ရွှမ်တုမဟာအင်အားစုကြီးများတွင် ထိုအဆင့်ရှိသော စွမ်းအားရှင်များ ပိုင်ဆိုင်ထားရခြင်းမှာ သူတို့ဟာ ရှန်းလန်ဘုံလောကကြီး မပြိုကွဲခင်ကတည်းက ရှိနေခဲ့ကြသော ရှေးဟောင်းအင်အားစုများ ဖြစ်သောကြောင့်သာ။ ထိုခေတ်တွင် ထျန်းဒန်အဆင့် စွမ်းအားရှင်များဆိုသည်က ဘာကောင်မှ မဟုတ်ပါ။
သို့ပါသော်လည်း ရှန်းလန်ဘုံလောကကြီး ပြိုကွဲသွားပြီးနောက် ရှန်းလန်ဘုံလောကကြီး၏ အမွေအနှစ်များမှာလည်း ယုတ်လျော့လာကာ မေ့လျော့ခံ အာကာပြင်အဆင့် စွမ်းအားရှင်များကို မွေးထုတ်ပေးရန် ခဲယဉ်းလာသည်။ ထိုအချိန်တွင် မေ့လျော့ခံ အာကာပြင်အဆင့်သို့ ရောက်ဖို့ဆိုသည်က ကောင်းကင်ကိုတက်တာထက်တောင် ပို၍ ခက်ခဲနေလေသည်။ ရှန်ရှန်ကျုံ့ဂိုဏ်းမှာတော့ ဒီလိုအဆင့်စွမ်းအားရှင်တွေ အများကြီး ရှိနေသည်လား။
သူတို့ဘယ်လောက်ပင် ထိတ်လန့်ပါစေ၊ ရှန်ရှန်ကျုံ့ဂိုဏ်းတွင် ထျန်းဒန်အဆင့် စွမ်းအားရှင်ရှိနေသည်ဆိုသော အမှန်တရားကိုတော့ မပြောင်းလဲနိုင်ကြပါ။
ဘုန်း
ယွမ်ဝူတို့နှစ်ယောက်က ကြောင်အ ထိတ်လန့်နေကြသော်လည်း ရှီကန်းတန်နှင့် အမှောင်လောက တောက်တျဲ သားရဲတို့က ရပ်ကြည့်မနေခဲ့ကြပါ။ သူတို့က ပြင်းထန်သော စွမ်းအားအဟုန်များကို ထုတ်လွှတ်လိုက်ပြီး ယွမ်ဝူတို့နှစ်ယောက်ထံ ပြေးဝင်သွားခဲ့ကြသည်။ ရှီကန်းတန်က သူ့လက်ထဲရှိ ကျောက်တုံးဓားကြီးကို လေထုထဲ၌ ဝေ့ယမ်း ခုတ်ပိုင်းလိုက်သည်။ ဓားစွမ်းအင်သည် အလင်းတန်းကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြီး ခမ်းနားသောစွမ်းအားများဖြင့် ယွမ်ဝူထံသို့ ခုတ်ပိုင်း ပြေးဝင်သွားခဲ့ကြသည်။
ထက်မြသော ဓားအစွန်းက ကြောင်အနေသော ယွမ်ဝူကို ပြန်လည်၍ သတိဝင်လာစေခဲ့သည်။ သူက နှလုံးသားအတွင်းမှ ထိတ်လန့်မှုများကို ဖိအားပေး ချုပ်ထိန်းလိုက်ကာ ထျန်းဒန်အထွတ်အထိပ် အရှိန်အဝါများကို ဖောက်ခွဲထုတ်ဖော်လိုက်သည်။ သူက လေထုအတွင်း ဖမ်းဆုပ်လိုက်သည့်အခါ ရှည်လျားသော ဓားရှည်တစ်လက်သည် သူ၏လက်ထဲ၌ ဖြစ်ပေါ်လာခဲ့ခြင်းနှင့်အတူ အဆုံးအစမဲ့သော ဓားစွမ်းအင်များ ပျံနှံ့ ထွက်ပေါ်လာခဲ့သည်။
ယွမ်ဝူ၏ ရှေ့မှောက်တွင် အဆုံးအစမဲ့သော ဓားစွမ်းအင်များသည် ဓားဒိုင်းကာကြီးတစ်ခုအဖြစ် စုစည်းသွားပြီး ရှီကန်းတန်၏ ထိတ်လန့်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။
တစ်ချိန်တည်းမှာ ယွမ်ဝူ၏ ခန္တာကိုယ်က ဝေဝါးပျောက်ကွယ်သွားခဲ့ပြီး တန်ပြန်တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်သည်။ သူ့လက်ထဲရှိ ဓားရှည်မှာ မြွေတစ်ကောင်လိုမျိုး တွန့်လိမ်သွားခဲ့ပြီး ရှီကန်းတန်ထံသို့ ထူးဆန်းသောအနေအထားဖြင့် ပြေးဝင်သွားခဲ့သည်။ ထက်မြသော ဓားစွမ်းအင်များက လေထုကို ထွင်းဖောက်သွားခဲ့ပြီး ရှီကန်းတန်၏ရှေ့၌ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ယင်းတိုက်ကွက်နှင့် ရင်ဆိုင်လိုက်ရသည့်အခါ ရှီကန်းတန်က လှောင်ရယ်လိုက်ပြီး သူ့လက်ထဲရှိ ကျောက်တုံးဓားကြီးဖြင့် ဓားချီများကို ပိတ်ဆို့ကာကွယ်လိုက်သည်။ သူ၏ခန္တာကိုယ်တစ်ခုလုံးမှာ ကောင်းကင်ယံသို့ မြှောက်တက်သွားခဲ့သည်။ သူက ယွမ်ဝူကို အထင်အမြင်သေးစွာ ငုံ့မိုး ကြည့်ရှုနေခဲ့၏။ သူ့ခန္တာကိုယ်အတွင်းရှိ စွမ်းအားများမှာ အရိုင်းဆန်စွာ လှည့်ပတ်လာခဲ့သည်။ ရှီကန်တန်ဟာ ရှည်လျားသော သက်တံကြီးတစ်စင်းလိုမျိုး ဓားသိုင်းကွက်ကို ခုတ်ပိုင်း ထုတ်ဖော်ခဲ့သည်။
ကြီးမားသော သက်တံရောင်ဓားအလင်းတန်းကြီးသည် မိုးကောင်းကင်မှ သက်ဆင်းလာခဲ့ကာ ယွမ်ဝူ့ကို ပြင်းထန်စွာ ဖိနှိပ်ထားခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသော ဓားစွမ်းအင်များသည် ယွမ်ဝူ၏ ပတ်လည်၌ရှိသော လေထုကို ပိတ်ဆို့ထားပြီး သူ့ကို ပြေးမရ ဖြစ်စေခဲ့သည်။
ယွမ်ဝူ၏ အမူအယာမှာ ပျက်ယွင်းသွားပြီး အံကိုတင်းတင်းကြိတ်လိုက်ကာ လက်ထဲရှိ ဓားရှည်ကို ပင့်မြှောက်လျက် အလျင်အမြန် ခုခံ တားဆီးလိုက်သည်။ သူ့ကိုယ်တွင်းရှိ စွမ်းအင်များမှာ ဓားရှည်ထံသို့ အရူးအမူး ပြေးဝင်သွားခဲ့သည်။
ဆုတ်ခွာလို့ မရတော့ဘူးဆိုမှတော့ အပြင်းအထန် တိုက်ခိုက်ရုံပေါ့။
သူကလည်း ထျန်းဒန်အထွတ်အထိပ် စွမ်းအားရှင်ပဲလေ။ သူ ရှီကန်းတန်ကို မတားဆီးနိုင်ဘူးဆိုတာ မယုံဘူး။
သူက ထျန်းဒန်အဆင့်ကို ရောက်ရှိတာမကြာေသးသော်လည်း သူ့ကို ဘိုးဘေးယွမ်ဝူက ကူညီပေးခဲ့ခြင်းဖြစ်၏။ ဘိုးဘေးယွမ်ဝူက ခန့်မှန်း၍မရနိုင်သော တည်ရှိမှုကြီး ဖြစ်လေသည်။ သူ၏ ကျင့်ကြံမှုကို အတင်းအကြပ် တိုးမြင့်ပေးခဲ့သော်လည်း ဘေးထွက်ဆိုးကျိုးများ မရှိခဲ့ပါ။ သူ၏ အခြေခံအုတ်မြစ်က ခိုင်မာပြီး သူကိုယ်တိုင် ကျင့်ကြံခဲ့လျှင်တောင်မှ ယွမ်ဝူက ရှီကန်းတန်ကို ရင်ဆိုင်တိုက်ခိုက်ရဲခြင်း ရှိမှာ မဟုတ်ချေ။
တစ်ခြားတစ်ဖက်တွင်လည်း အမှောင်လောက တောက်တျဲသားရဲက ယွမ်မန်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ တိုက်ကွက်တစ်ကွက် ဖလှယ်လိုက်ခြင်းနှင့်အတူ ယွမ်မန်၏ မျက်နှာထက်၌ မယုံကြည်နိုင်မှုများ ရှိလာခဲ့သည်။ သူက မှော်ဝင်လက်နှက်ကို စွဲကိုင်ပြီး အမှောင်လောက တောက်တျဲသားရဲကို တိုက်ခိုက်တာေတာင် ခံစစ်စည်းကို မချိုးဖြတ်နိုင်ဘူးလား။
မှော်ဝင်သားရဲတစ်ကောင်အနေဖြင့် အမှောင်လောက တောက်တျဲသားရဲ၏ ခန္တာကိုယ်မှာ ကြီးမားပြီး ခံစစ်ခွန်အား အင်မတန်မှ ကောင်းမွန်လှသည်။
ဤသည်မှာ သားရဲများ၏ ထိတ်လန့်ခြောက်ခြားဖွယ် အချက်ဖြစ်၏။
ဘုန်း
ယွမ်မန်တစ်ယောက် ထိတ်လန့်ခြောက်ခြားနေစဉ်တွင် အမှောင်လောက တောက်တျဲသားရဲ၏ သွေးနီရောင် မျက်ဝန်းကြီးများအတွင်း၌ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ ပြည့်နက်လာခဲ့သည်။ သူက လက်သည်းရှည်ကြီးများရှိနေသော လက်သီးနှစ်ဖက်ဖြင့် ပြင်းထန်စွာ ဝေ့ယမ်း တိုက်ခိုက်လိုက်သည်။ လျို့ဝှက်ဆန်းကြယ်သော အမှောင်စွမ်းအားများ ကိန်းဝပ်နေသည့် အနက်ရောင် လက်သီးလုံးကြီးနှစ်လုံးသည် ယွမ်မန့်ထံသို့ တရပ်စပ် ပြေးဝင်သွားခဲ့သည်။
ထိုလက်သီးလုံးကြီးများက အမှောင်စွမ်းအားများကို သိုဝှက် သိမ်းဆည်းထားပုံပေါ်ကာ အကြည့်တစ်ချက် ကြည့်လိုက်ရုံမျှဖြင့် လူအများကို တုန်ယင်သွားစေခဲ့သည်။ လက်သီးလုံးကြီးများနှင့် ထိပ်တိုက်ရင်ဆိုင်နေရသော ယွမ်မန်ဆိုပါက ပြောဖွယ်မရှိတော့လေပြီ။
ထိုလက်သီးချက်ကြီးများ ထွက်ပေါ်လာစဉ်ကတည်းက ယွမ်မန်၏ နှလုံးအိမ်မှာ အရိုင်းဆန်စွာ တုန်လှုပ်သွားခဲ့ရသည်။ သူ၏ စိတ်အတွင်း၌ ခြောက်ခြားမှုများ ပြည့်နှက်လာခဲ့သည်။
ယင်းမှာ အမှောင်စွမ်းအားများ၏ တိုက်ကွက် ဖြစ်ချေ၏။ လောကတရားသူကြီး၏ လက်သီးချက် ဖြစ်လေသည်!
လက်သီးတစ်ချက် ထွက်ပေါ်လာခြင်းနှင့်အတူ မိုးကောင်းကင်နှင့် ကမ္ဘာမြေဟာ တရားစီရင် ဆုံးဖြတ်ခံရလိမ့်မည်!
"ရှန်းယွမ်ဓား"
ယွမ်မန်၏ မျက်လုံးများမှာ သွေးနီရောင် ဖြစ်လာခဲ့သည်။ သူက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး အော်ဟစ် မြည်တမ်းလိုက်သည်။ သူ့ကိုယ်တွင်းရှိ စွမ်းအားများမှာ အရိုင်းဆန်စွာ ပေါက်ကွဲထွက်လာခဲ့သည်။ ထိုစွမ်းအားများကြောင့် စောင့်ကြည့်နေသော စွမ်းအားရှင်များသည် အလျင်အမြန် နောက်ဆုတ်လိုက်ကြရကာ တိုက်ပွဲမြေပြင်ကို ထိတ်လန့်နေသော အမူအယာများဖြင့် လှမ်းမျော်ကြည့်ရှုလိုက်သည်။
ဘုန်း
နားကွဲလုမတတ် ပေါက်ကွဲသံကြီးနှစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားလှိုင်းများသည် အရပ်လေးမျက်နှာသို့ ပျံ့နှံသွားခဲ့သည်။
ထိုတိုက်ပွဲနှစ်ခုမှ လွင့်စဉ်ထွက်ပေါ်လာသော အားလှိုင်းများက ယိယွမ်ဘုရားကျောင်းတည်ရှိရာ လျို့ဝှက်ကမ္ဘာလေးကို တစ်ဖြည်းဖြည်းချင်း ပြိုကျလာစေခဲ့သည်။ အချိန်မှီ မရှောင်ရှားလိုက်နိုင်သော ယိယွမ်ဘုရားကျောင်း၏ စွမ်းအားရှင်များမှာ တိုက်ပွဲလှိုင်းလုံးများ၏လက်မှောက်တွင် သေကြေပျက်စီးသွားကြရသည်။
ဒီမြင်ကွင်းက ယိယွမ်ဘုရားကျောင်း၏ ဂိုဏ်းချုပ် ယွမ်ကုန်းနှင့် ယိယွမ်ဘုရားကျောင်းမှ စွမ်းအားရှင်များကို ထိတ်လန့်သွားစေခဲ့သည်။ သူတို့၏ မျက်ဝန်းများက မယုံကြည်နိုင်စွာ ပြူးကျယ်လာခဲ့ကြသည်။ ယိယွမ်ဘုရားကျောင်း စတင် တည်ထောင်ပြီးချိန်မှစ၍ ယခုလိုမျိုး ကြီးကြီးမားမား မဆုံးရှုံးဖူးခဲ့....
တိုက်ပွဲမှ လွင့်စဉ်ထွက်လာသော စွမ်းအားများက အလွန်အမင်းသန်မာပြီး သူတို့ကို ကြောက်လန့်စေခဲ့၍သာ မဟုတ်ပါက သူတို့ဟာ တိုက်ပွဲမြေပြင်အတွင်းသို့ အရူးအမူးပြေးဝင်သွားပြီး ရှန်ရှန်ကျုံ့ဂိုဏ်း၏ စွမ်းအားရှင်များကို ရူးရူးနှမ်းနှမ်း သတ်ဖြတ်မိလောက်သည်။
ဤအချိန်တွင် ဝမ်ဖုန်း၏ ဘေးနား၌ မူလက မတ်တပ်ရပ်နေခဲ့သော ယိုဝူမင်သည် အဝေးတစ်နေရာသို့ တိတ်တဆိတ် ရှောင်ဖယ်သွားခဲ့သည်။ သူက ကမ္ဘာလောကကြီးကို ဖျက်စီးလုမတတ် ဖြစ်နေခဲ့သော တိုက်ပွဲမြေပြင်ကို အကြောက်တရားဖြင့် လှမ်းေမျှာ်ကြည့်ရှု့နေခဲ့သည်။ရှန်ရှန်ကျုံ့ဂိုဏ်း၏ ထိတ်လန့်ဖွယ်ကောင်းပုံက သူ၏ နှလုံးသားကို တုန်လှုပ်စေခဲ့ပါပြီ။
ဝမ်ဖုန်း စိတ်လက်မကြည်မသာဖြစ်နေမှာကို စိုးရိမ်၍ သူရှောင်ဖယ်ခဲ့ခြင်းဖြစ်လေသည်။ ရှန်ရှန်ကျုံ့ဂိုဏ်း၏ အဆိုပါခွန်အားဖြင့်ဆိုပါက ဝမ်ဖုန်းက သူ့ကို သတ်လိုက်ရင်တောင် ရွှမ်ယွမ်မဟာအင်အားစုက သူ့အတွက် လက်စားချေပေးမှာမဟုတ်ပါ။
ရွှမ်ယွမ်အင်အားစုလိုမျိုး ရှေးဟောင်းအင်အားစုကြီးများတွင် ပါရမီရှင်များ မရှားပါးပါ။ခွန်အားကသာ လုံလောက်အောင် သန်မာသ၍ ရွှမ်ယွမ်မျိုးနွယ်စုကို ဉီးညွတ်အရှုံးပေးလာအောင် ပြုလုပ်နိုင်လေသည်။ ရှန်ရှန်ကျုံ့ဂိုဏ်တွင်တော့ ထိုကဲ့သို့ စွမ်းဆောင်ရည်မျိုး ရှိပါ၏။
ဘုန်း ဘုန်း
ပေါက်ကွဲသံကြီးများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ လူအများ၏ အကြည့်အောက်တွင် ယွမ်မန်နှင့် ယွမ်ဝူတို့နှစ်ယောက်သည် လေးညို့မှ ပစ်တင်လိုက်သော မြားများကဲ့သို့ လွင့်စင်ထွက်သွားကာ မြေပြင်နှင့် ထိတိုက်မိသွားသည်။ ကမ္ဘာလောကကြီးတစ်ခုလုံး၌ ဖုန်မှုန့်များ တသောင်းသောင်း ထသွားခဲ့သည်။ သူတို့နှစ်ယောက်ကို ဗဟိုပြု၍ မြေပြင်၌ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။
ဖစ်...
ကြက်သွေးရောင် သွေးစက်များသည် ယွမ်ဝူ၏ နှုတ်ခမ်းထောင့်မှ စီးဆင်းထွက်ပေါ်လာခဲ့သည်။ သူ၏မျက်နှာအမူအယာက အင်မတန်မှ ဖြူဖျော့သွားခဲ့ကာ ကောင်းကင်ပေါ်တွင် မတ်တပ်ရပ်နေသော ရှီကန်းတန်နှင့် အမှောင်လောက တောက်တျဲသားရဲတို့ကို ခြောက်ခြားစွာ လှမ်းကြည့်လိုက်သည်။
ရှီကန်းတန်နှင့် အမှောင်လောက တောက်တျဲသားရဲတို့၏ ခွန်အားက ယွမ်ဝူတို့နှစ်ယောက်စလုံးကို ထိတ်လန့်စေခဲ့သည်။ သူတို့တွေ အားလုံးက ထျန်းဒန်အဆင့်မှာ ရှိနေတာလေ။ ရှီကန်းတန်တို့ရဲ့ခွန်အားက ဘာလို့ သူတို့ထက် အများကြီး သာလွန်နေရတာလဲ။
ယိယွမ်ဘုရားကျောင်း၏ ထျန်းဒန်အထွတ်အထိပ် စွမ်းအားရှင် ဘိုးဘေးကြီးများမှာ ရှီကန်းတန်နှင့် အမှောင်လောက တောက်တျဲသားရဲတို့ကို မတားဆီးနိုင်ခဲ့ကြပါ။
....
ဤမြင်ကွင်းကို အဝေးတစ်နေရာရှိ စောင့်ကြည့်နေသော စွမ်းအားရှင်များအားလုံး တွေ့မြင်လိုက်ရသည်။ သူတို့အားလုံးက သက်ပြင်းရှိုက်လိုက်ကြကာ ရှီကန်းတန်နှင့် အမှောင်လောက တောက်တျဲသားရဲတို့ကို နတ်ဘုရားများအား ကြည့်ရှုသကဲ့သို့ လှမ်းကြည့်မိလိုက်ကြသည်။
ယိယွမ်ဘုရားကျောင်း၏ စွမ်းအားရှင်များဆိုပါက ခန္တာကိုယ်တစ်ခုလုံး တစ်ဆတ်ဆတ် တုန်လှုပ်နေကြလေပြီ။ သူတို့၏ ဘိုးဘေးကြီးနှစ်ယောက်မှာ ရှန်ရှန်ကျုံ့ဂိုဏ်း၏ ပြိုင်ဘက်များ မဟုတ်ခဲ့ပါ။ သူတို့ ယွိယန်ဘုရားကျောင်းအတွက် မျော်လင့်ချက်ကော ရှိသေးရဲ့လား?
ရှမ်းရွှမ်ဘုံလောကကို နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ဖိနှိပ်ထားခဲ့တဲ့ သူတို့ရဲ့ ယွိယန်ဘုရားကျောင်းက ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ လက်ထဲမှာ ပျက်စီးရတော့မှာလား။
မဖြစ်နိုင်ဘူး!ဒါလုံးဝမဖြစ်နိုင်ဘူး! ယိယွမ်ဘုရားကျောင်း၏ ဂိုဏ်းချုပ် ယွမ်ကုန်းသည် မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။ သူ၏ အမူအယာမှာ ရှုပ်ထွေးနေပြီး ရူးနှမ်းသွားပုံပေါ်သည်။ ဘိုးဘေးယွမ်ဝူနှင့်ယွမ်မန်တို့သည် သူတို့ ယိယွမ်ဘုရားကျောင်း၏ နောက်ဆုံးသော ဝှက်ဖဲများဖြစ်ကြသည်။ အခုေတာ့ သူတို့ ယွိယန်ဘုရားကျောင်းအတွက် မျော်လင့်ချက် ရှိသေးရဲ့လားဆိုတာ ယွမ်ကုန်းတောင် သေချာမသိတော့ပါ။
ပထမတစ်ကြိမ် လွင့်စင်ထွက်သွားခြင်းက လျှပ်တစ်ပြတ် တိုက်ခိုက်ခဲ့၍ဆိုပါက ထပ်ခါထပ်ခါ လွင့်စင်ထွက်သွားခြင်းကတော့ ခွန်အားမလုံလောက်ခြင်းကြောင့်သာ ဖြစ်လေသည်။ ဤအချိန်တွင် ယိယွမ်ဘုရားကျောင်း၏ ဘိုးဘေးနှစ်ယောက်မှာ ရှန်ရှန်ကျုံ့ဂိုဏ်း စွမ်းအားများ၏ ပြိုင်ဖက်မဟုတ်နိုင်ကြောင်း မျက်လုံးပါသည့်သူတိုင်း သိမြင်နိုင်ကြသည်။
ယိုဝူမင်ကလည်း တစ်ကိုယ်လုံးတုန်လှုပ်နေကာ ကြောက်လန့်တုန်လှုပ်ခြောက်ခြားနေခဲ့သည်။ သူက နှလုံးသားအတွင်းရှိ ထူးဆန်းသောအတွေးများကို ဖိအားပေးထိန်းချုပ်လိုက်သည်။ ဤတိုက်ပွဲပြီးပါက သူဟာ ရှန်ရှန်ကျုံ့ဂိုဏ်းကို လေးလေးစားစားဆက်ဆံပြီး ယခင်က မှားခဲ့သောအမှားများကို ပြန်လည်ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။
ယိယွမ်ဘုရားကျောင်း၏ စွမ်းအားရှင်များနှင့် ယိုဝူမင်တို့အုပ်စုက တုန်လှုပ်ခြောက်ခြားနေကြသော်လည်း ရှန်ရှန်ကျုံ့ဂိုဏ်း၏ စွမ်းအားရှင်များမှာ စိတ်လှုပ်ရှားနေခဲ့ကြသည်။ ကုကန်းချိုးတို့လို လက်ရွေးစင်တပည့်များကတော့ စိတ်အလှုပ်ရှားဆုံးဖြစ်ပါ၏။ သူတို့က ရှီကန်းတန်နှင့် အမှောင်လောကသားရဲတို့ကို လေးစားအားကျနေသော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေခဲ့သည်။
ကုချိုးနှင့် ကုကန်းချိုးတို့ဟာ တောက်ပနေသော မျက်ဝန်းများဖြင့် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်မိသည်။ ထိုတည်ရှိမှုကြီးနှစ်ခုကိုသာ ဆွဲဆောင်နိုင်ပါက သူတို့ လုယက်ရာ၌ ပိုမို အဆင်ပြေနေလိမ့်မည်။
သူတို့တွင် ဇနီးမယားများ ရှိနေပြီးကြလေပြီ။ သူတို့က လုယက်ခြင်းကို အချိန်အတော်ကြာအောင် မပြုလုပ်ခဲ့ကြရပါ။ ထိုထိတ်လန့်ဖွယ်ကောင်းသော တည်ရှိမှုကြီးနှစ်ခုကိုသာ သူတို့ဘက်ကိုပါအောင် ဆွဲဆောင်နိုင်ပါက သူတို့ ကမ္ဘာမြေအဆုံးအထိ သွားရောက်လုယက်နိုင်ကြလိမ့်မည်။
သူတို့၏ မျက်လုံးများက လက်နှစ်ဖက်ကိုနောက်ပစ်လျက်ရှိနေသော ဝမ်ဖုန်းကို စိုက်ကြည့်မိလိုက်သည့်အခါမှာတော့ သူတို့ ခန္တာကိုယ်များက ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ကြသည်။ သူတို့က စိတ်အာရုံအတွင်းရှိ မဟုတ်မဟတ်အတွေးများကို အလျင်အမြန်ပယ်ရှားလိုက်သည်။ ဂိုဏ်းချုပ်ကလွဲလျှင် ရှန်ရှန်ကျုံဂိုဏ်းရှိ ဘယ်သူကမှ ထိုတည်ရှိမှုများကို လှုပ်ရှားလာအောင် ပြုလုပ်နိုင်မှာ မဟုတ်ပါ။
သူတို့သာ မဟုတ်မဟက်ကြံစည်ရဲပါက မနက်ဖြန်ထွက်လာမယ့် နေလုံးကို အတွေ့မြင်နိုင်တော့မှာ စိုးရိမ်မိ၏!
ကုချိုးတို့ ညီအစ်ကိုနှစ်ယောက်ဟာ အနာဂါတ်အတွက် အစီအစဉ်များကို တိတ်တဆိတ်ကြံစည်နေပြီး တိုက်ပွဲမြေပြင်ကို တစ်ဖန် ပြန်လည် လှမ်းကြည့်လိုက်ကြသည်။
ရှေ့တန်းမြေပြင်တွင်တော့ ရှီကန်းတန်နှင့် တောက်တျဲသားရဲတို့သည် ယွမ်ဝူတို့နှစ်ယောက်ကို လုံးဝ ဖိနှိပ်ထားခဲ့သည်။ တိုက်ခိုက်မှုတိုင်းတွင် ယွမ်ဝူတို့နှစ်ယောက်သည် အကြိမ်ကြိမ် အခါခါလွင့်စင်ထွက်သွားကြပြီး သူတို့နှစ်ယောက်က တစ်ဖြည်းဖြည်းချင်း ထိခိုက်ဒဏ်ရာရလာကြသည်။ သူတို့၏ မျက်နှာများက အင်မတန်မှ ဖြူဖျော့နေကြသည်။
သူတို့ သာမန်ဒဏ်ရာရရုံဆိုပါက သူတို့၏ ကျင့်ကြံမှုဖြင့် မပြောပလောက်ပါ။ သို့ပါသော်လည်း ရှီကန်းတန်တိုက်ခိုက်လိုက်သည့် အကြိမ်တိုင်းတွင် သူတို့၏ ခန္တာကိုယ်ပေါ်၌ ထိတ်လန့်ဖွယ်ကောင်းသော အမှောင်စွမ်းအင်များကို ချန်ရစ်ထားခဲ့သည်။ သူတို့ကိုယ်တွင်းရှိ အမှောင်စွမ်းအင်များမှာ လက်ရှိတွင် ထိတ်လန့်ဖွယ်ကောင်းသော အခြေအနေများထိ စုစည်းသိပ်သည်းလာခဲ့ပြီဖြစ်သည်။
အမှောင်စွမ်းအင်များ၏ တိုက်စားမှုကြောင့် သူတို့ဟာ စွမ်းအားအပြည့် ထုတ်သုံးနိုင်ခြင်း မရှိကြတော့ပါ။ သူတို့က အကြိမ်တိုင်းဖိနှိပ်ခံနေရပြီး အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိနေကြသည်။