← Chapters

ရှင်သန်ကျန်ရစ်ခြင်းနိယာမ

Vol. 30 Ch. 412

ရှင်သန်ကျန်ရစ်ခြင်းနိယာမ

Vol. 30 Ch. 412

Translator - Hsue Htet

စနစ်၏ကာကွယ်မှုဖြင့်ပင် ဝမ်ဖုန်းမှာ ထိုထက်ရှသည့်ဓားစွမ်းအင်အောက်၌ တစ်ကိုယ်လုံးတုန်ရီနေရသည်။ ထိုမျှသော ထက်ရှသည့်အရှိန်အဝါသည် သာမန်လူများ ခံနိုင်ရည်ရှိသည့်အရာ မဟုတ်ပါချေ။

အဝေးရှိလျန်ဝူမင်မှာ ကြောက်ရွံ့ထိတ်လန့်မှုကြောင့် မှုန်မှိုင်းနေလျက် အလွန်စိတ်ရှုပ်ထွေးနေပေသည်။ ဦးစွာ ရှန်ရှန့်ကျုံဂိုဏ်းသည် သူစိတ်ကူးမထားခဲ့ဖူးသော အင်အားမျိုးဖြင့် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ယိယွမ်ဘုရားကျောင်းမှ ဤသို့သော ကြောက်မက်ဖွယ်ဝှက်ဖဲကြီး ထွက်ပေါ်လာပြန်သည်။ ရှန်းရွှမ်ဒေသတွင် ဤသို့သောဖြစ်ရပ်များ ဖြစ်ပေါ်နိုင်ရန် စိတ်ကူးထဲပင် မတွေးဆခဲ့ဖူးပါချေ။

ကနဦး၌ ယိယွမ်ဘုရားကျောင်းဖြစ်စေ၊ ရှန်ရှန့်ကျုံဂိုဏ်းဖြစ်စေ လျန်ဝူမင်၏မျက်လုံးထဲ၌ အရေးမပါခဲ့ပါချေ။ ရှန်းရွှမ်ဒေသ ပျက်စီးယိုယွင်းမှုမတိုင်မီ ဆင်းသက်လာခဲ့သော အင်အားစုကြီး၏ ဆက်ခံသူတစ်ဦးအနေဖြင့် မိမိ၌ ဤသို့မောက်မာထောင်လွှားနိုင်သည့် အရည်အချင်းရှိ၏။

သို့သော် ထိုထက်ရှသည့်အရှိန်အဝါသည် လျန်ဝူမင်၏ လောကအပေါ်ကြည့်မြင်သည့် အမြင်တို့ကို လုံးဝပြောင်းလဲသွားခဲ့လေသည်။ သူ၏စိတ်နှလုံး၌ မောက်မာထောင်လွှားမှုများ မရှိတော့ပေ။

ယိယွမ်ဘုရားကျောင်းကျင့်ကြံသူများသည်တော့ ဝမ်းမြောက်နေကြ၏။ မိမိတို့မှာ သေဆုံးရတော့မည်ဟု တွေးထင်နေရင်းမှ ဤသို့သောဝှက်ဖဲမျိုး ရှိနေခဲ့သည်။ ဤဝှက်ဖဲကို ရှန်ရှန့်ကျုံဂိုဏ်းမှ ခုခံဟန့်တားနိုင်စွမ်းရှိမည်ဟု သူတို့မယုံကြည်ပါ။

ယိယွမ်ဘုရားကျောင်းကျင့်ကြံသူများသည် ရှန်ရှန့်ကျုံဂိုဏ်းသားများ၏ ရုပ်အလောင်းများကို အစိတ်အပိုင်းထောင်ချီ လှ‌ီးဖြတ်ခုတ်ပိုင်းပစ်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။ ယိယွမ်ဘုရားကျောင်း စတင်တည်ထောင်ခဲ့ချိန်မှစတင်၍ အလုံးစုံပျက်သုဥ်းလုနီးသော တိုက်ခိုက်မှုကို တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးပေ။ ယိယွမ်ဘုရားကျောင်းမှ ဤတစ်ကြိမ်ကပ်ဘေးကို ကျော်ဖြတ်ပြီးလျှင်သော်မှ ယဇ်ပလ္လင်ထက် ကျဆင်းရခြင်းကိုမူ ရှောင်လွှဲနိုင်တော့မည်မဟုတ်ပေ။

ဘုန်း!

ဓားအဆောင်ထံမှ စွမ်းအင်အဟုန်သည် ပို၍ပြင်းထန်လာ၏။ တည်ငြိမ်စွာထောင်မတ်နေခဲ့သော ဓားရှည်မှာ ရုတ်တရက် လှုပ်ရှားလာခဲ့သည်။ အလွန်တရာသော ထက်ရှမှုသည် ဝန်းကျင်တစ်ခွင်ရှိ လေဟာပြင်တို့ကို အက်ကွဲသွားစေ၍ ကမ္ဘာလောကကြီး ပျက်စီးပြိုကျတော့မည့်အလားပင်။

အနည်းငယ်မျှသော လှုပ်ရှားမှုဖြင့်ပင် ပြင်းထန်လှစွာသော ဓားချီစွမ်းအင်များ ထုတ်လွှတ်နိုင်၏။ ရှီကန်းတန့်မှာ ၎င်းဓားချီများ၏ ဓားရာချန်ရစ်ခြင်းကို ပထဦးစွာ ခံယူလိုက်ရလေသည်။

ထျန်းကျုံအဆင့်ဓားအဆောင်သည် အလွန်ကြောက်မက်ဖွယ်ကောင်း၏။ လျှံထွက်လာသည့် ဓားစွမ်းအင်သည်ပင် သာမန်လူများ ခံနိုင်ရည်ရှိသည့်အရာ မဟုတ်ပါချေ။

အချိန်ခဏအတွင်း၌ပင် ဓားအဆောင်သည် အချိန်ကာလစီးကြောင်းကို ထိုးဖောက်ဖြတ်‌သန်းသွားသည့်အလား ရှီကန်းတန့်တို့၏ရှေ့သို့ ရုတ်ချည်းရောက်ရှိလာခဲ့၏။ ကြောက်ခမန်းလိလိသော အရှိန်အဝါ၏ဖိအားကြောင့် ရှီကန်းတန့်မှာ မထိန်းချုပ်နိုင်စွာ တုန်ရီနေတော့သည်။

ထိုမြင်ကွင်းကြောင့် ယိယွိမ်ဘုရားကျောင်းကျင့်ကြံသူများသည် စိတ်လှုပ်ရှားတက်ကြွလာကြသည်။ ရှန်ရှန့်ကျုံဂိုဏ်းသားများကို သတ်ဖြတ်ခြင်းသည်သာ အကောင်းဆုံးလုပ်ဆောင်ချက်ဖြစ်၏။ ယိယွိမ်ဘုရားကျောင်းကို ထိပါးခြင်း၏အကျိုးဆက်ကို လောကကြီးအား မြင်တွေ့့စေရပေမည်။

ဟမ်!

ထိုသို့ သေရေးရှင်ရေးအခိုက်အတန့်တွင် ရှီကန်းတန့်တို့၏ရှေ့သို့ ကြီးထွားသန်မာသောပုံရိပ်ကြီးတစ်ခု ရုတ်တရက် ရောက်ရှိပေါ်ထွက်လာ၏။ ထိုပုံရိပ်မှာ မဟာနတ်‌ဆိုးရွှမ်ရှဖြစ်သည်။

မဟာနတ်ဆိုးရွှမ်ရှသည် သူ၏ရှေ့ရှိ ဓားအဆောင်ကိုကြည့်၍ နှုတ်ခမ်းထောင့်စွန်းများ ထင်ထင်ရှားရှားကွေးညွတ်သွားလျက်ဖြင့် အထင်မြင်သေးဟန်သောအပြုံးကို လှစ်ဟပြသထား၏။ မဟာနတ်ဆိုးရွှမ်ရှမှ လက်တစ်ချောင်းဆန့်ထုတ်၍ ဓားအဆောင်ကို ထိလိုက်သည်။

ဘုန်း!

ပုံစံကြည့်ရသည်မှာ ကျောက်တောင်ကြီးကို ကြက်ဥနှင့်ပစ်ပေါက်သည်ကဲ့သို့ မြင်ရသော်ငြား ‌ကြောက်မက်ဖွယ်သောအဟုန်ကြီးဖြင့် ကမ္ဘယတုန်ဟီးသွားခဲ့သည်။ ဓားအဆောင်နှင့် မဟာနတ်‌ဆိုးရွှမ်ရှ၏လက်ချောင်းတို့သည် အပြင်းအထန် ထိပ်တိုက်ရင်ဆိုင်နေကြ၏။ ထိခတ်ရာတိုက်ပွဲအလယ်ဗဟိုမှ စွမ်းအင်လှိုင်းဂယက်များ စက်ဝန်းသဏ္ဍာန်ပျံ့နှံ့ရိုက်ခတ်လာပေသည်။

ယိယွမ်ဘုရားကျောင်းတည်ရှိရာနေရာသည် အကြီးအကျယ်ဖျက်စီးနိုင်စွမ်းသော ရိုက်ချက်ကို ခံစားလိုက်ရသည့်အလားပင်။ မြေကြီးမှာ ဆယ့်နှစ်ပေခန့်မျှ မြင့်တက်သွားရသည်။ တောအုပ်ကြီးတစ်ခုလုံးမှာ ဘေးဒဏ်သင့်ပြီးနောက် စိစိညက်ညက်ကြေသွားရလေသည်။

ယိယွမ်ဘုရားကျောင်းကျင့်ကြံသူများသည်လည်း ဘေးဒဏ်သင့်၍ သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားရသည်။ ထျန်းမိုက်အထွတ်အထိပ်အဆင့်ရှိ အချို့သောစွမ်းအားမြင့်ကျင့်ကြံသူများမှအပ အခြားသူများအားလုံးမှာ အသက်ပျောက်သွားခဲ့တော့သည်။

ထျန်းကျိအထွတ်အထိပ်အဆင့်ရှိ ရွှမ်ဟန့်သည်ပင် ဒဏ်ရာအပြင်းအထန်ရသွားခဲ့ပြီး မျက်နှာမှာ အတော်လေး‌ဖြူဖျော့သွားရကာ မဟာနတ်ဆိုးရွှမ်ရှအား နတ်ဘုရားတစ်ပါးအဘား ကြည့်ရှုနေလေသည်။

အားလုံးကို ‌ကြောက်ရွံ့တုန်လှုပ်စေခဲ့သည့် ဓားအဆောင်ကို လက်တစ်ချောင်းဖြင့် ဟန့်တားခဲ့သည်။ ဒီလျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်ကြီးက ဘယ်လောက်တောင် အင်အားကြီးမားတာလဲ?!

မဟာနတ်ဆိုးရွှမ်ရှ၏စွမ်းရည်ကို သိရှိပြီးဖြစ်သော ဝမ်ဖုန်းသည်ပင် အချိန်ခဏမျှ အံ့ဩမင်သက်သွားရသည်။ ယဲ့မုချင်ကို ပို၍ပင် စိတ်ဝင်စားသိရှိလိုလာခဲ့၏။ ဇနီးသည်လေး၏စွမ်းဆောင်ရည်သည် အမှန်တကယ် အံ့ဩထိတ်လန့်ဖွယ်ကောင်းလွန်းလှပေသည်။

ခပ်တုံးတုံး မဟာနတ်ဆိုးရွှမ်ရှကို ဒီအဆင့်ထိ လေ့ကျင့်ပေးနိုင်ဖို့ဆိုတာက စနစ်ရှိသည့် ဝမ်ဖုန်းသည်ပင် ယဲ့မုချင်၏စွမ်းဆောင်ရည်ကို တစ်နည်းတစ်ဖုံ လေးစားအားကျသွားရသည်အထိ။

ကံကောင်းထောက်မစွာဖြင့် ဇနီးသည်လေးမှာ မိမိဘက်တော်သားဖြစ်နေ၍ တော်သေးသည်။ ရန်သူဖြစ်ခဲ့ပါလျှင် မိမိမှာ သေချာပေါက် အအိပ်ပျက်၊အစားပျက် ဖြစ်နေရလောက်၏။

“ခွဲဖြာစေ!”

မဟာနတ်ဆိုးရွှမ်ရှသည် အေးခဲနေသည့် မျက်လုံးအစုံဖြင့် ဟိန်းဟောက်သံနက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ၎င်းအသံနှင့်အတူ ထျန်းကျုံအဆင့်စွမ်းအင်များသည် ကြမ်းတမ်းခက်ထန်စွာ စတင်စီးဆင်းလာကြပြီး လက်ချောင်းမှ ရုတ်ချည်း အလင်းတောက်ပလာခဲ့ကာ ဓားအဆောင်ကို ထိခတ်၏။

ဘုန်း!

နားကွဲလုမတတ်သော ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွား၍ လူသူအပေါင်း၏ တုန်လှုပ်နေကြသော အကြည့်များအောက်၌ပင် ဓား‌အဆောင်သည် ကြယ်မှုန်ကြယ်စလေးများအဖြစ် ကြွေလွင့်သွားလေပြီး လေဟာနယ်ထဲ၌ ပျောက်ကွယ်သွားလေသည်။

ပျောက်ကွယ်လုနီးသော ဓားအဆောင်ထံမှ ပြင်းထန်စွာသော မလိုလားသည့်ရုန်းကန်မှုတို့ကို နေရာရှိလူအားလုံး ခံစားမိခဲ့ကြပါ၏။

၁၅မိနစ်ခန့်ကြာမြင့်ပြီးနောက်၌ ကျိုးပျက်သွားရသည့် ဓားအဆောင်၏ လှိုင်းထန်နေသောစွမ်းအင်များသည်လည်း ငြိမ်သက်သွားခဲ့လေသည်။ မဟာနတ်ဆိုးရွှမ်ရှသည်လည်း လက်ချောင်းကိုရုတ်သိမ်း၍ ပြန်လှည့်လာ၏။

လူသူအပေါင်းတို့မှာ ကြောက်ရွံ့မှု၊ အံ့အားသင့်မှုတို့ဖြင့် မဟာနတ်ဆိုးရွှမ်ရှထံမှ အကြည့်မလွှဲတမ်း ရှိနေကြ၏။ လောကတစ်ခုလုံးမှာ တိတ်ဆိတ်နေပေသည်။ သူတို့ကို ဖိနှိပ်လွှမ်းခြုံထားသည့် ကြောက်မက်ဖွယ်စွမ်းအင်ကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်ငြား မည်သူမျှ မလှုပ်ရှားရဲသေးပေ။ အသက်ကို မဝံ့မရဲရှုရှိုက်ကြရင်းဖြင့် မဟာနတ်ဆိုးရွှမ်ရှမှ မိမိထံသို့ အာရုံရောက်လာမည်ကို စိုးထိတ်နေကြပေသည်။

အားလုံး၏အနေအထားတို့ကို မြင်တွေ့လိုက်ရသော မဟာနတ်ဆိုးရွှမ်ရှမှာ အတော်လေး အံ့အားသင့်သွား၏။ ရှေးဟောင်းနယ်မြေ၏ ရှန်ရှန့်ကျုံဂိုဏ်းတွင် မိမိမှာ မှေးမှိန်လွန်း၍ ကိုယ်ပျောက်နတ်ဆိုးအိုကြီး ဖြစ်လုနီးနီးပင်။ မိမိမှာ အင်အားကြီးမားဟန်ဆောင်နိုင်သည့် အခွင့်အရေးရရှိလျှင်ပင် တိုက်ပွဲအတွင်း၌ အခြားသူများကို အနိုင်မတိုက်နိုင်သောကြောင့် ဟန်ဆောင်ခြင်းအမှုမှာ ကျရှုံးခဲ့ရသေး၏။

လက်ရှိအခြေအနေမှာ ပံမှန်ဖြစ်သင့်ပေသည်။

ဒီမဟာနတ်ဆိုးအိုကြီးရွှမ်ရှက ဘာကြောင့်များ ကြိုးကြိုးစားစား ကျင့်ကြံတာဖြစ်လိမ့်မလဲ? ဟန်ဆောင်ပန်ဆောင်လုပ်ရင်းနဲ့ ဧကရီမေသုရှားရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ဖို့ပဲမဟုတ်လားလေ?

အို ရှန်ရှန့်ကျုံဂိုဏ်း အပြင်စည်းအကြီးအကဲချုပ်ဆိုတဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့လေးပေမယ့် အတော်လေး အဆင့်မြင့်လွန်းသွားပြီထင်ပါရဲ့ကွာ။

ခဏအကြာတွင်မူ မဟာနတ်ဆိုးရွှမ်ရှမှာ ဝမ်ဖုန်း၏မှုန်မှိုင်းနေသောမျက်နှာထားကြောင့် နှလုံးအိမ်မှာ နင့်ခနဲပြုတ်ကျသွားရသည်။ မဟာနတ်ဆိုးရွှမ်ရှသည် လေဟာပြင်ကို ခြေလှမ်းကျဲကြီးများဖြင့် ဖြတ်သန်း၍ မျက်တောင်တစ်ခတ်မျှအချိန်အတွင်း ဝမ်ဖုန်းရှေ့သို့‌ ရောက်လာခဲ့၏။

အားလုံး၏ ကြောက်ရွံ့တုန်လှုပ်နေသော အကြည့်များအောက်တွင် မဟာနတ်ဆိုးရွှမ်ရှသည် ဒူးထောက်ချလျက် ရိုသေလေးစားစွာဖြင့် စကားဆိုလိုက်သည်။

“ဂိုဏ်းအပြင်စည်းအကြီးအကဲချုပ် မဟာနတ်ဆိုးရွှမ်ရှ ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်!”

သခင်ရှေ့မှာ အထက်စီးဆန်ဆန် ဟန်ဆောင်တာကလည်း အရမ်းကြာလွန်းလို့မဖြစ်ပေဘူး။ ဂိုဏ်းချုပ်နဲ့ငါက တကယ်တမ်း အရမ်းဝေးကွာနေခဲ့ပြီဆိုပေမယ့်လည်း ငါနတ်ဆိုးအိုကြီးကို ထိန်းချုပ်ပိုင်ခွင့်အပြည့်အဝရှိသေးကြောင်း သခင်ကို သေချာလေးပြသပေးရမယ်!

သခင်၏ရှေ့မှောက်၌ အဖြစ်အပျက်အချို့ ဖြစ်ပွားခဲ့ပြီးပါလျှင်၊ ထိုဖြစ်ရပ်မှာ ပျော်ရွှင်ဝမ်းမြောက်ဖွယ်ဖြစ်ပါလျှင် သခင်ဖြစ်သူမှ ပျော်ရွှင်ဝမ်းမြောက်ရန်လည်း ချန်ထားပေးရပေမည်။ ထိုမှသာ မိမိအတွက်လည်း ရေရှည်ကောင်းမွန်နိုင်မည်ဖြစ်ပြီး ရှန်ရှန့်ကျုံဂိုဏ်းအတွက်လည်း ‌ကောင်းမွန်လိမ့်မည်မဟုတ်ပါလော။ ဂိုဏ်းချုပ်သည်သာလျှင် အာဏာချုပ်တည်သူဖြစ်ကြောင်း ထင်ရှားနေရပေမည်။

ဤသည်မှာ ရှင်သန်ကျန်ရစ်ခြင်းနိယာမ ဖြစ်၏!

“အချိန်ကိုက်ရောက်လာတာပဲ”

ဝမ်ဖုန်းသည် စိတ်ကျေနပ်စွာပြုံးလိုက်ပြီး မဟာနတ်ဆိုးရွှမ်ရှ၏ပခုံးကို ခပ်သာသာပုတ်ပေး၍ နူးညံ့စွာရေရွတ်၏။

“ဟ!”

ဝမ်ဖုန်းမှ စိတ်ကျေနပ်ဟန်ဖြင့် မဟာနတ်ဆိုးရွှမ်ရှကို ထူမတ်ပေးသောအခါ နေရာရှိလူအားလုံးမှာ ကြောင်အသွားကြလေသည်။ ပါးစပ်ဖျားတို့မှာ အေးစက်စက်လေငွေ့တို့ ထွက်အံလာရကာ မျက်လုံးအစုံတို့မှာလည်း ကျွတ်ထွက်လုမတတ်ဖြင့်။

အဲဒီ့လောက် ကြောက်ဖို့ကောင်းတဲ့ပုဂ္ဂိုလ်ကြီးက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အပြင်စည်းအကြီးအကဲချုပ်လေးပဲတဲ့လား? သူတို့ရဲ့ အပြင်စည်းဆိုတာ‌ကရော ငါတို့နားလည်ထားတာထက် အထူးတလည်အဓိပ္ပာယ်များ ရှိနေသေးတာလားနော်?

ထိုအခိုက်အတန့်၌ အသက်ရှင်ကျန်ရစ်သူများမှာ စိတ်နှလုံးတွင်းမှ မုန်တိုင်းတစ်လုံးငြိမ်သက်သွားရုံသာ ရှိသေးသည်။ သို့သော် ယိယွမ်ဘုရားကျောင်းကျင့်ကြံသူများမှာ စိတ်ပျက်အားငယ်စွာဖြင့် ယိုဝူမင်တို့သည်လည်း ကြောက်ရွံ့တုန်လှုပ်နေကြပေသည်။

အထူးသဖြင့် ယိုဝူမင်ဖြစ်သည်။ သူ၏ယခင်အချိန်များက ရှန်ရှန့်ကျုံဂိုဏ်းအပေါ် သဘောထားများကို တစ်စတစ်စ ပြန်လည်တွေးတောမိရင်းဖြင့် ကြက်သီးမွေးညင်းများ တဖြန်းဖြန်းထလာရ၏။

ကြည့်ရသည်မှာ မိမိသည် မိမိကိုယ်တိုင်နှင့် ရွှမ်ယွမ်အင်အားစုကို ချောက်ကမ်းပါးနက်အဖျားသို့ တစ်လှမ်းချင်း တွန်းပို့နေမိခဲ့လေပြီ။

ရွှမ်ယွမ်အင်အားစု၏သခင်‌လေးအနေဖြင့် မိမိမှာ တုံးအအလူတစ်ယောက် မဟုတ်ပေ။ အဘယ်သို့များ ရှန်ရှန့်ကျုံဂိုဏ်းသို့သော အင်အားကြီးမားသည့် အင်အားစုကြီးသည် သူ၏တွက်ချက်မှုအကွက်တွင်းသို့ ကျရောက်ပါအံ့နည်း။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ရှန်ရှန့်ကျုံဂိုဏ်းကိုယ်၌ကပင် ထောင်ချောက်အတွင်းသို့ ဝင်လာချင်ခဲ့ပြီးနောက် ပို၍ကြီးမားသည့် အစီအစဉ်ကို ရေးဆွဲခဲ့ခြင်းသာ ဖြစ်နိုင်ပေသည်။

ထိုအတွေးဖြင့် ယိုဝူမင်၏ စိုးရိမ်ပူပန်မှုမှာ ပို၍အားကောင်းလာခဲ့တော့သည်။

“ဟေး ဟေး!”

မဟာနတ်‌ဆိုးရွှမ်ရှသည် ရိုးသားစွာသောအပြုံးဖြင့် မည်သည့်စကားမျှမဆိုဘဲ ဝမ်ဖုန်း၏ဘေးတွင် တိတ်ဆိတ်ငြိမ်သက်စွာရပ်နေ၏။ ဤသည်မှာ သိသာမြင်သာသည့် ဆက်ဆံမှုပုံစံဖြစ်၏။ မိမိမှာ တစ်ဦးတည်းရပ်တည်နိုင်ဟန် ဝံ့ကြွားပြုမူနေပါလျှင် ဝမ်ဖုန်း၏ မိမိအပေါ်အမြင်တို့မှာလည်း အခြားပုံစံတစ်မျိုး ပြောင်းလဲသွားသွားချေမည်ဖြစ်၏။

“ဒင်! ယိယွမ်ဘုရားကျောင်းကို ဖျက်ဆီးနိုင်ခဲ့ပြီး ယိယွမ်ဘုရားကျောင်း၏ ကံကောင်းမှုချီများကို ရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်၅၀၀ဘီလီယံနှင့် အန္တိမနတ်မင်းအဆင့်ကျပန်းဆင့်ခေါ်ခွင့်၅၀ကို ရရှိပါတယ်!”

“ဒင်! ရှန်းရွှမ်ဒေသတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်၃၀၀ဘီလီယံနှင့် အန္တိမနတ်မင်းအဆင့်ကျပန်းင့်ခေါ်ခွင့်၃၀ကို ရရှိပါတယ်!”

“ဒင်! စနစ်အဆင့်နှင့် ဂိုဏ်းအဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို အသက်သွင်းလိုက်ခြင်းအတွက် ဂုဏ်ပြုပါတယ်”

ဝမ်ဖုန်း၏စိတ်တွင်း၌ စနစ်၏အချက်ပေးသံများ အဆက်မပြတ်ထွက်ပေါ်နေ၏။

ယိယွမ်ဘုရားကျောင်းမှ ကျင့်ကြံသူအချို့ ကျန်ရစ်နေသေးသော်ငြား စနစ်မှ ဖျက်ဆီးပြီးဖြစ်သည်ဟု သတ်မှတ်လိုက်လေသည်။ ယိယွမ်ဘုရားကျောင်းကို ဖျက်ဆီးနိုင်ခြင်း၏ဆုလာဘ်သည် ရှန်းရွှမ်ဒေသတစ်ခုလုံးကို သိမ်းပိုက်နိုင်ခြင်း၏ ဆုလာဘ်ထက်ပင် ပိုမိုများပြား၏။

အလွန်တရာ အင်အားကြီးမားသည်ဖြစ်ရာ ဆုလာဘ်သည်လည်း အလိုအလျောက် များပြားသွားသည်ပင်။

ဝမ်ဖုန်း စိတ်နှလုံးမှ ဝမ်းမြောက်ပျော်ရွှင်မှုကို ချုပ်ထိန်း၍ ခပ်လှမ်းလှမ်းရှိ ကြောက်လန့်ချောက်ချားနေကြသော ယိုဝူမင်တို့ကို ကြည့်လိုက်သည်။

ဝမ်ဖုန်း၏အပြုံးမျက်နှာသည် ယိုဝူမင်တို့ကို တုန်လှုပ်စေ၏။ ယိုဝူမင်သည်လည်း စိတ်နှလုံးတွင်းမှ စိုးထိတ်မှုကို ဖိနှိပ်၍ ခပ်ထေ့ထေ့ပြုံးလိုက်သည်။

“ကျုပ်ဖြင့် ရှန်ရှန့်ကျုံဂိုဏ်းက ဒီလောက်ထိ အင်အားကြီးမားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူးဗျာ။ တကယ့်ကို ကျေနပ်အားရဖွယ်ပါပဲ!”

“အခု ယိယွမ်ဘုရားကျောင်းလည်း ပျက်စီးသွားပြီဆိုတော့ ကျုပ်တို့ ဂိုဏ်းချုပ်ဝမ်ကို မနှောင့်ယှက်တော့ပါဘူး!”

ထိုသို့ စကားဆိုရင်းဖြင့် ယိုဝူမင်သည် ရွှမ်ဟန့်ဘက်သို့ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သေး၏။ ထို့နောက် နေရာမှထွက်ခွာရန် နောက်ပြန်လှည့်တော့သည်။

‌”နေပါဦး! ဒီဂိုဏ်းချုပ်က သွားခွင့်ပြုသေးလို့လား?”

အရေးမထားဟန်သောအသံသည် ယိုဝူမင်တို့ကို တုန်လှုပ်ချောက်ချားစေ၏။ ချက်ချင်းပင် ထွက်ပြေးသွားလိုက်ချင်သော်ငြား မဖြစ်နိုင်ပြန်ပေ။

“ဘာအကြောင်းကိစ္စများ ရှိသေးလို့ပါလဲ‌ဗျ ဂိုဏ်းချုပ်ဝမ်? ကျုပ်တို့ရွှမ်ယွမ်က ဒီတစ်ကြိမ်မှာ အများကြီးအကူအညီ မဖြစ်လိုက်ရပါဘူး။ အဲ့တော့ ယိယွမ်ဘုရားကျောင်းရဲ့ ပိုင်ဆိုင်မှုတွေကို ဂိုဏ်းချုပ်ဝမ်တို့ကိုပဲ ပေးအပ်ခဲ့ပါမယ်လေ”

ယိုဝူမင်သည် ကြည့်ရဆိုးလှသည့်အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်၍ သတိကြီးစွာပြောလေသည်။

ဘာလဲ? မင်းတို့က တွဲဖက်မအုပ်ချုပ်ခင်မှာ ယိယွမ်ဘုရားကျောင်းရဲ့ပိုင်ဆိုင်မှုတွေကို ခွဲဝေယူချင်သေးလို့လား?

ငါ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းသာ အင်အားရှိမနေရင် မင်းရဲ့အကွက်တွေမှာ အရိုးရောအသားပါမကျန် ဝါးမျိုခံလိုက်ရပြီးလောက်ပြီ‌ကွ!

ဝမ်ဖုန်းသည် လှောင်ရယ်ဟန်ဖြင့် ယိုဝူမင်တို့ကို အသေးစိတ်အကဲခတ်ကြည့်နေ၏။ အကြည့်တို့မှာ သေလူများကို ကြည့်နေသည့်အလား စိတ်ခံစားချက်စိုးစဉ်းမျှ ရှိမနေချေ။

ဝမ်ဖုန်း၏ လှောင်ပြုံးရိပ်‌ကို မြင်သောအခါ မဟာနတ်ဆိုးရွှမ်ရှ ချက်ချင်းနားလည်လိုက်၏။ ခန္ဓာကိုယ်လှုပ်ရှားမှုတစ်ချက်ဖြင့် ယိုဝူမင်တို့ရှေ့သို့ ရုတ်ချည်းရောက်ရှိသွား၍ လက်ဖဝါးရိုက်ချက်များ ဆက်တိုက်ပစ်လွှတ်လေသည်။

ဘုန်း! ဘုန်း!

ပေါက်ကွဲသံကြီးများ အကြိမ်ရေများစွာ ထွက်ပေါ်လာလျက် ယိယွမ်ဘုရားကျောင်းမှ ကျင့်ကြံသူအကြွင်းအကျန်များနှင့် ယိုဝူမင် ခေါ်လာခဲ့သည့် ထျန်းမိုက်အဆင့်ကျင့်ကြံသူ၅ဦးမှာ တစ်ယောက်ပြီးတစ်ယောက် သွေးမှုန်သွေးစများအဖြစ် ပေါက်ကွဲသွားကြလေသည်။

ယိုဝူမင်နှင့်ရွှမ်ဟန့်၏ကိုယ်ပေါ်သို့ သွေးစများ လွင့်စင်ပေကျံကုန်၏။ နှစ်ဦးသားမှာ မထိန်းချုပ်နိုင်စွာ တုန်ယင်နေကြလျက် မဟာနတ်ဆိုးရွှမ်ရှကို သေးထွက်ကျမတတ် ကြောက်ရွံ့နေကြလေသည်။

ခင်ဗျားတို့က တစ်ယောက်ယောက်နဲ့ သဘောထားမတိုက်ဆိုင်ရင် တစ်ခါတည်းသတ်ပစ်တာပဲလား? ဖြေရှင်းချက်လေးတောင် ပေးခွင့်မပြုဘဲနဲ့လေ?!

နှစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဖြစ်သည့် ယိုဝူမင်နှင့် ရွှမ်ဟန့်တို့မှာ မွန်းကြပ်‌ကြောက်ရွံ့နေကြ၏။ ရှန်ရှန့်ကျုံဂိုဏ်း၏ ထိုအပြုအမူသဘောထား‌ကြောင့် မိမိတို့မှာ အေးစက်သည့်သက်မဲ့ခန္ဓာများ ဖြစ်သွားရမည်ကို ကြောက်ရွံ့နေကြသည်။

All Chapters