ဓားသူတော်စင် လုံအာ
Vol. 30 Ch. 413
Translator - Hsue Htet
“ဂိုဏ်း… ဂိုဏ်းချုပ်ဝမ်… ဘာလုပ်မလို့လဲဗျ?”
ယိုဝူမင်သည် ဝမ်ဖုန်းကို ခေါင်းကြောမာမာနှင့် ကြိမ်းမောင်းလိုသည်။ သို့သော်ငြား စကားလုံးများနှုတ်ခမ်းဖျားသို့ ရောက်ရှိလာပြီးနောက်တွင်မူ မထိန်းချုပ်နိုင်စွာ တုန်ယင်အထစ်နေရလေသည်။
မဟာနတ်ဆိုးရွှမ်ရှ၏ အထင်မြင်သေးဟန်သော အကြည့်များမှာ သူ့ကို ဘေးထောင့်ကပ်ကြည့်နေ၏။ ဘယ်လိုများ ကြိမ်းမောင်းဝံ့ပါမည်နည်း။ မလွတ်မြောက်နိုင်မည်ကို ခံစားမိပါသော်ငြား ရုန်းကန်ကြည့်ပါလျှင် ရှင်သန်နိုင်လိမ့်မည်ဟု မျှော်လင့်မိမြဲဖြစ်သည်။
ရွှမ်ယွမ်အင်အားစုသို့ ပြန်ရောက်နိုင်သ၍ အရာအားလုံးမှာ ပြောဆိုဆွေးနွေးရန် လွယ်ကူပါ၏။
“ဟေ့ ခုနကတော့ အရမ်းတွေ တွက်ချက်နေတာမဟုတ်ဘူးလား?”
ဝမ်ဖုန်းမှ ပျက်ရယ်ပြု၏။
ယိုဝူမင်မှ အစတည်းကပင် ရှန်ရှန့်ကျုံဂိုဏ်းအပေါ် ရိုးသားပွင့်လင်းစွာ ဆက်ဆံခဲ့ပါလျှင် နှင်းမုန်တိုင်းပြီးနောက် စာရင်းရှင်းနေမည် မဟုတ်ပေ။ သို့သော် အစတည်းကပင် ယိုဝူမင်သည် ရှန်ရှန့်ကျုံဂိုဏ်းကို အရူးငတုံးသဖွယ် သဘောထားခဲ့သည်ဖြစ်ရာ မိမိကို အပြစ်မတင်သင့်ပေ။
“ဘာ.. ဘာကိုဆိုလိုတာလဲ?”
ယိုဝူမင်သည် တုန်တက်သွားလျက် ခုခံပြောဆို၏။
ဝမ်ဖုန်းသည် ယိုဝူမင်ကို အထင်မြင်သေးစွာ ကြည့်နေ၏။ ယိုဝူမင်နှင့် အရေးမပါသောစကားများပြောဆိုရန် ပျင်းရိစွာ မဟာနတ်ဆိုးရွှမ်ရှအား ထိုသူနှစ်ဦးကို ခေါ်ဆောင်သွားရန် လက်ဝှေ့ယမ်းပြလိုက်သည်။ မဟာနတ်ဆိုးရွှမ်ရှသည် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများနှင့်အတူခေါ်ဆောင်၍ ကမ္ဘာဝန်းထဲသို့ ဝင်ရောက်သွား၏။
ရှန်ရှန့်ကျုံဂိုဏ်း ဂိုဏ်းချုပ်ခန်းမဆောင်အတွင်း၌ ဝမ်ဖုန်းသည် ထိပ်ဆုံးတွင်ထိုင်၍ မဟာနတ်ဆိုးရွှမ်ရှသည် ဝမ်ဖုန်း၏ဘေးတွင် ရပ်နေသည်။ အောက်ဘက်တွင် ကြောက်ရွံ့နေသည့် ယိုဝူမင်တို့ ရပ်နေကြ၏။ အခြားရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများသည်တော့ ယိယွမ်ဘုရားကျောင်း၏ ပိုင်ဆိုင်မှုများကို ကိုင်တွယ်ဖြေရှင်းနေကြသည်။
“ထျန်းတုမြို့အရှင်ဂူသင်္ချိုင်းက ဘယ်မှာလဲ?”
အောက်ဘက်ရှိယိုဝူမင်တို့ကိုကြည့်၍ ဝမ်ဖုန်းမှ ဝေ့ဝိုက်မနေဘဲ တိုက်ရိုက်ပင်မေးလိုက်သည်။
ထိုအမေးစကားတွင် ယိုဝူမင်နှင့်ရွှမ်ဟန့်တို့သည် တစ်ယောက်တစ်ပြန် ကြည့်လိုက်ကြ၏။ သူတို့သည် ခက်ထန်ဟန်ကို ထိန်းသိမ်းထားကြလိုသော်ငြား မဟာနတ်ဆိုးရွှမ်ရှ၏ စူးရဲစွာသောအကြည့်တို့ကို ခံစားမိနေသည်တွင် မထိန်းချုပ်နိုင်စွာ တုန်ရီလျက် ထုတ်ပြောကြရလေသည်။
နည်းလမ်းမရှိပေ။ မိမိတို့၏ သေးနုပ်သောအသက်လေးမှာ သူတစ်ပါး၏လက်ထဲသို့ ကျရောက်နေခြင်းဖြစ်သည်။ မည်မျှမွန်းကြပ်သည်ဖြစ်စေ သည်းခံရမည်ပင်။
“ထျန်းတုမြို့အရှင်ဂူသင်္ချိုင်းက ထျန်းတုလျှို့ဝှက်နယ်မြေမှာ ရှိပါတယ်”
“ထျန်းတုရော၊ ရွှမ်တုရောက မြို့တစ်မြို့လို့ ထင်မှတ်ရပါတယ်။ ဒါပေမဲ့ အတိအကျပြောရရင် အဲဒါက နတ်မင်းအဆင့်ရှိတဲ့ နတ်လက်နက်တစ်ပါးပါ”
“အဲဒါက မေ့လျော့ခံအာကာပြင်အဆင့်ရဲ့ အဆင့်တွေဖြစ်တဲ့ ထျန်းမိုက်အဆင့်၊… စတာတွေနဲ့ အဆင့်တူညီတဲ့ လက်နက်တစ်ပါးဖြစ်ပါတယ်”
“ပြီးတော့ ထျန်းတုလျှို့ဝှက်နယ်မြေက ရှန်းလန်ဘုံလောကကြီး ပြိုကွဲသွားပြီး အချိန်များစွာကြာမြင့်ပြီးနောက်မှာ ထျန်းတုမြို့ တစ်စတစ်စ တိုးတက်ပြောင်းလဲလာရာကနေ ဖြစ်တည်လာခဲ့တဲ့ လျှို့ဝှက်နယ်မြေပါ”
ယိုဝူမင်၏ စိတ်မပါလက်မပါ ရှင်းပြသံသည် ခန်းမထဲတွင် ပဲ့တင်ထပ်၏။ ဝမ်ဖုန်းမှ ခေါင်းညိတ်၍ ဆက်လက်မေးမြန်းသည်။
“ထျန်းတုလျှို့ဝှက်နယ်မြေကို ဘယ်လိုဝင်နိုင်မလဲ?”
သတင်းအချက်အလက်အလုံးစုံကို ညှစ်မထုတ်ရသေးသ၍ ဝမ်ဖုန်းသည် ယိုဝူမင်တို့ကို အလွယ်တကူ သေခွင့်မပြုနိုင်ပါချေ။
“ရွှမ်တုမြို့ဝင်ပေါက်ကနေ ထျန်းတုကို ဝင်ရောက်နိုင်ပါတယ်။ ဒါပေမဲ့ ဝင်ပေါက်ကို ဖွင့်လှစ်နိုင်ဖို့အတွက်က ရွှမ်တုမြို့အရှင်၆ပါးရဲ့သော့တွေ ရှိထားဖို့လိုတယ်”
စိတ်ဝင်စားစရာပဲ.. ဒီလိုအချိန်မှာတောင် ငါ့ကို အကျပ်ကိုင်ချင်သေးတယ်?
ဝမ်ဖုန်းသည် ယိုဝူမင်ကို စိတ်ဝင်တစားဖြင့် ကြည့်ရှုနေလျက် မျက်နှာထက်တွင်မူ လှောင်ရယ်ဟန်တို့ ထင်ရှားနေ၏။
ငါက သော့လိုတာကြောင့်မလို့ သူတို့ကို အသက်ချမ်းသာပေးထားမယ်လို့ တွေးနေတယ်ပေါ့လေ?
ဟာသပဲကွာ.. ငါဝမ်ဖုန်းသာ အလိုရှိရင် အဲဒီ့မြို့အရှင်၆ယောက် ပူးပေါင်းလိုက်ရင်တောင် ငါ့ကိုမတားနိုင်ဘူးကွ!
“ရွှမ်တုမြို့က ဘယ်မှာလဲ?”
“အလယ်ပိုင်းတိုက်မကြီးရဲ့အသူတစ်ရာပင်လယ်နက်ထက်က ရွှမ်တုမြို့ကိုဝင်ရောက်နိုင်တဲ့ ဝင်ပေါက်ပါပဲ”
ဝမ်ဖုန်း ခေါင်းညိတ်လိုက်သည်။ အသူတစ်ရာပင်လယ်နက်အကြောင်းကို ဝမ်ဖုန်း သိပါသည်။ ၎င်းသည် အလယ်ပိုင်းတိုက်မကြီး၏ အလယ်ဗဟိုတွင် တည်ရှိခြင်းဖြစ်ပြီး ယင်ဖုန်းနတ်ဘုရားမြို့တော်နှင့် ယန်လဲ့အင်မော်တယ်မြို့တော်၏ အလယ်မှတ်၌ တည်ရှိလေသည်။
ပင်လယ်ပြင်ထက် ရေကန်တစ်ကန်နှင့် ပို၍ဆင်တူ၏။ သို့သော် ၎င်းအသူတစ်ရာပင်လယ်နက်သည် ကြောက်မက်ဖွယ်မိုးကြိုးစွမ်းအင်များ ပါဝင်တည်ရှိသည်ဟု ပြောစမှတ်တွင်၏။ ၎င်းနေရာတွင် နတ်မင်းအဆင့်အောက်ရှိ ကျင့်ကြံသူများမှာ ကျိန်းသေပေါက် အသက်ဆုံးရှုံးရမည်ဖြစ်ပြီး နတ်မင်းအဆင့်အထက် ကျင့်ကြံသူများသည်တော့ ဂရုတစိုက် ရှိရပေမည်။
မေးခွန်းကုန်ဆုံးပြီဖြစ်ရာ ထိုနှစ်ဦးကို ပို့ဆောင်ပေးရန် အချိန်ကျရောက်လေပြီ။
ဝမ်ဖုန်း၏ မျက်လုံးအချက်ပြခြင်းကို သတိပြုမိသည့် မဟာနတ်ဆိုးရွှမ်ရှသည် မျက်နှာအမူအရာပြောင်းလဲသွား၍ ယိုဝူမင်တို့သို့ ဖြေးညှင်းစွာ လျှောက်သွား၏။
“ဂိုဏ်းချုပ်ဝမ် ခင်ဗျား ကျုပ်တို့ကို သတ်လို့မရဘူးနော်။ ကျုပ်တို့ကို သတ်လိုက်ရင် ခင်ဗျားတို့ ရွှမ်ယွမ်အင်အားစုနဲ့ ရန်သူဖြစ်သွားမှာ။ ထျန်းတုမြို့တော်ကို ဝင်နိုင်မှာ မဟုတ်တော့ဘူး!”
ဖြေးဖြေးချင်း လျှောက်လာနေသည့် မဟာနတ်ဆိုးရွှမ်ရှကို မြင်သောအခါ ယိုဝူမင်သည် တုန်လှုပ်စွာဖြင့် ဒေါသတကြီးပြော၏။ သူ၏မျက်လုံးများ၌ ရှင်သန်လိုစိတ်များ အရှိန်ပြင်းပြင်း တောက်လောင်နေပေသည်။
ဝမ်ဖုန်းသည် တစ်ချက်လှောင်ရယ်လိုက်ပြီးနောက် လက်ဝှေ့ယမ်း၍ ယိုဝူမင်တို့အား ဆွဲခေါ်သွားရန် မဟာနတ်ဆိုးရွှမ်ရှကို အချက်ပြလိုက်သည်။
မဟာနတ်ဆိုးရွှမ်ရှသည်လည်း လှောင်ရယ်လျက် သူ၏လက်ကြီးများဖြင့် ယိုဝူမင်တို့နှစ်ဦးကို ကြက်နှစ်ကောင်ကို ဆွဲယူသွားသည့်အလား ရှန်ရှန့်ကျုံဂိုဏ်းချုပ်ခန်းမဆောင်ထဲမှ ဆွဲယူခေါ်ထုတ်သွားလေသည်။
အချိန်ခဏကြာပြီးနောက်တွင် ဝမ်ဖုန်း၏စိတ်တွင်း၌ စနစ်၏အချက်ပေးသံ ပေါ်ထွက်လာပြီး ဂိုဏ်းအမှတ်၁၀၀ဘီလီယံကို ရရှိလိုက်သည်။
ဝမ်ဖုန်းသည် မေးစေ့ကို ခပ်ဖွဖွပွတ်သပ်၍ တွေးတောနေ၏။ ကျင့်ကြံမှုတွင် ကွာခြားမှုအနည်းငယ်သည်ပင် ဂိုဏ်းအမှတ်ရရှိမှုပမာဏ ကွဲပြားသည်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
ဥပမာ. လွန်ခဲ့သည့် ရှေးဟောင်းနယ်မြေ ရှန်ရှန့်ကျုံဂိုဏ်း၏တိုက်ပွဲ၌ ဆင့်ခေါ်လိုက်သည့် စွန်းဝူခုန်းသည် မွန်မြတ်ဘုံလောက မဟုတ်ပါဘဲ ထိုက်ရွှမ်ဆန်းကြယ်ဘုံ(နတ်မင်းအဆင့်) ဖြစ်ခဲ့ပါလျှင် ရရှိသည့်ဂိုဏ်းအမှတ်သည် ၁၀၀ဘီလီယံကျော်ခန့် ဖြစ်ပေလိမ့်မည်။
ယွမ်ဟွားကောင်းကင်နယ်မြေ၏ ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းကို မဆိုထားနှင့် ယိယွမ်ဘုရားကျောင်းကို ဖျက်ဆီး၍ ရှန်းရွှမ်ဒေသကို သိမ်းပိုက်နိုင်ခြင်းဖြင့်ပင် ဂိုဏ်းအမှတ်၈၀၀ဘီလီယံရရှိခဲ့သည်။ သို့သော် ကံဆိုးစွာဖြင့် မိမိမှာ ခေါင်းပူလွန်းသောကြောင့် ဆင့်ခေါ်ထားသည့် မွန်မြတ်ဘုံလောကရှိ စွန်းဝူခုန်းကို ခဏတာဖြင့် ဆုံးရှုံးခဲ့ရသည်။ ဤသည်မှာ တစ်ဖန်ပြန်လည်တွေးတောကြည့်လိုက်သည်တွင် မနည်းလှသော ဆုံးရှုံးမှုဖြစ်လေသည်။
ယခု ဝမ်ဖုန်းတွေးတောနေသည်များကို ထျန်းလင်ဂိုဏ်းချုပ်နှင့် အခြားသူများမှ သိရှိခဲ့ပါလျှင် အုတ်ဂူများမှ ခုန်ထွက်လာ၍ ဝမ်ဖုန်းကို နှစ်ချက်မျှ ပါးရိုက်သွားလောက်ပေသည်။
မဟုတ်သေးပါဘူး။ သူတို့မှာ အုတ်ဂူလေးတောင် မရှိဘဲဟာ.. ထွက်လာဖို့ လမ်းတောင်ရှာတွေ့မှာ မဟုတ်လောက်ဘူးရယ်။
“စနစ်! ဂိုဏ်းအဆင့်နဲ့ စနစ်အဆင့်ကို မြှင့်တင်မယ်”
ဝမ်ဖုန်း၏မျက်လုံးများမှာ မျှော်လင့်စောင့်စားမှုနှင့်အတူ တောက်ပနေ၏။
“ဒင်! ဂိုဏ်းအဆင့်မြှင့်တင်ရန်အတွက် ဂိုဏ်းအမှတ်၁၀ဘီလီယံကို အလိုအလျောက် အသုံးပြုလိုက်ပါပြီ။ စနစ်အဆင့်မြှင့်တင်ရန်အတွက် ဂိုဏ်းအမှတ်၁၀ဘီလီယံကို အလိုအလျောက် အသုံးပြုလိုက်ပါပြီ”
“ဒင်! သခင့်ကို ဂုဏ်ပြုပါတယ်။ ဂိုဏ်းအဆင့် ၁၁နှင့် စနစ်အဆင့် ၁၁သို့ မြှင့်တင်ပြီးပါပြီ”
“အဆင့်မြှင့်တင်သွားတဲ့ လုပ်ဆောင်ချက်တွေအကြောင်း ပြောပြပါဦး”
ဝမ်ဖုန်းမှ မစောင့်ဆိုင်းနိုင်စွာ မေးမြန်း၏။
“ဒင်! စနစ်အဆင့် ၁၁သို့ မြှင့်တင်ပြီးပါပြီ။ မေ့လျော့ခံအာကာပြင်အဆင့်ကျပန်းဆင့်ခေါ်ခွင့်ကို ဖွင့်လှစ်လိုက်ပါပြီ။ အန္တိမနတ်မင်းကျပန်းဆင့်ခေါ်ခွင့် ၁၀ခုဖြင့် မေ့လျော့ခံအာကာပြင်အဆင့်ကျပန်းဆင့်ခေါ်ခွင့်တစ်ခုကို လဲလှယ်နိုင်ပါတယ်”
“မေ့လျော့ခံအာကာပြင်အဆင့် ကျပန်းဆင့်ခေါ်ခွင့်ဖြင့် အနိမ့်ဆုံး ထျန်းမိုက်အဆင့်မှ အမြင့်ဆုံး ထျန်းယုအဆင့် ကျင့်ကြံသူများကို ဆင့်ခေါ်နိုင်ပါတယ်။ မေ့လျော့ခံအာကာပြင်အဆင့် ကျပန်းဆင့်ခေါ်ခွင့်၅ခုကို ပေါင်းစည်းပြီး ထျန်းယုအထွတ်အထိပ်အဆင့်ကျင့်ကြံသူကို တိုက်ရိုက်ဆင့်ခေါ်နိုင်ပါတယ်”
“ဒင်! ဂိုဏ်းအဆင့်၁၁သို့ မြှင့်တင်ပြီးပါပြီ။ ခန့်အပ်နိုင်သည့် တပည့်အရေအတွက်နှင့် အကြီးအကဲအရေအတွက်မှာ ၁၀ဆမြင့်တက်သွားပါပြီ။ ဆုလာဘ်အနေဖြင့် အဆင့်မြင့်ဂိုဏ်းအဆောက်အဦး နတ်ခန္ဓာရေကန်ကို ရရှိပါမယ်”
“နတ်ခန္ဓာရေကန်: နတ်ခန္ဓာရေကန်ထဲတွင် စဉ်ဆက်မပြတ် စိမ်ပေးခြင်းဖြင့် ကျင့်ကြံသူ၏ရုပ်ခန္ဓာသန်စွမ်းကြံ့ခိုင်မှုကို နတ်ခန္ဓာ(မသေမျိုးရုပ်ခန္ဓာ)အဆင့်အထိ ရောက်ရှိစေနိုင်ပါတယ်”
“ပထမဆုံးအကြိမ်အဖြစ် နတ်ခန္ဓာရေကန်ကို ရရှိခြင်းတွင် နတ်ခန္ဓာရေကန်၏ ရုပ်ခန္ဓာသန့်စင်မွန်းမံရည်ကို အလိုအလျောက် ထည့်သွင်းပေးပါမယ်။ ရုပ်ခန္ဓာသန့်စင်မွန်းမံရည်ကို အသုံးပြုပြီးသွားရင် သခင့်အနေနဲ့ ကျင့်ကြံမှုအခြေခံရင်းမြစ်တွေ ထည့်သွင်းပေးဖို့လိုအပ်ပါတယ်။ အဲဒီ့အခါကျရင် နတ်ခန္ဓာရေကန်က ထည့်သွင်းပေးတဲ့ ကျင့်ကြံမှုအခြေခံတွေကို အလိုအလျောက်စုပ်ယူပြီး ရုပ်ခန္ဓာသန့်စင်မွန်းမံရည်ကို ပြောင်းလဲဖြည့်ဆည်းပေးပါလိမ့်မယ်။ ရုပ်ခန္ဓာသန့်စင်မွန်းမံရည်ဟာ ဂိုဏ်းတပည့်၁၀ယောက်ကို နတ်ခန္ဒာ(မသေမျိုးရုပ်ခန္ဓာ)ဖြစ်သည်အထိ စိမ်ရန် လုံလောက်ပါတယ်”
တရစပ်ထွက်ပေါ်လာသော စနစ်၏အချက်ပေးသံတွင် ဝမ်ဖုန်းမှာ အားရေကျနပ်နေတော့သည်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ စိတ်လှုပ်ရှားမှုကြောင့် လှုပ်ရွနေ၏။
ဒီတစ်ကြိမ်အဆင့်မြှင့်တာမှာ ဒီလောက်ကောင်းမွန်တဲ့ဟာကြီး ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူးကွာ!
အနိမ့်ဆုံးနတ်ခန္ဓာ(မသေမျိုးရုပ်ခန္ဓာ)သည်ပင်လျှင် အဆင့်မြင့်ရုပ်ခန္ဓာများထက် သာလွန်သော အထူးရုပ်ခန္ဓာဖြစ်သည်။ စနစ်ဈေးတန်းထဲ၌ အနိမ့်ဆုံးနတ်ခန္ဓာသည် ဂိုဏ်းအမှတ်၁၀ဘီလီယံ တန်ကြေးရှိသည်။ ဤနတ်ခန္ဓာရေကန်ရှိနေပါက ဂိုဏ်းတပည့်များ၏ရုပ်ခန္ဓာအတွက် ဂိုဏ်းအမှတ်များကို အကုန်အကျခံရန် မလိုအပ်တော့ပေ။
ဤနတ်ခန္ဓာရေကန်မှာ စနစ်မှ လတ်တလော ဆုလာဘ်အဖြစ်ပေးခဲ့သည့် ဂိုဏ်းအဆောက်အဦးများထဲတွင် အဆင့်အမြင့်ဆုံးဖြစ်၏။
ဤနတ်ခန္ဓာရေကန်အကြောင်းမှာ အပြင်လောကသို့ ပျံ့နှံ့သွားပါလျှင် ယွမ်ဟွားကောင်းကင်နယ်မြေမှ ကျင့်ကြံသူများအပြင် မွန်မြတ်ဘုံလောကသည်ပင် ရူးသွပ်သွားလောက်၏။ မွန်မြတ်ဘုံလောက၌မူ မွန်မြတ်သန့်စင်ခြင်းကောင်းချီးလက်စွဲတော်သည်လည်း များစွာသော အင်အားစုကြီးတို့၏ ဂုဏ်ဆောင်ဖြစ်ပေသည်။
နတ်ခန္ဓာရေကန်ကို ကျင့်ကြံမှုအခြေခံများဖြင့် ဖြည့်ဆည်းပေးရန် လိုအပ်သည်မှာ နှမြောတသဖွယ်ဖြစ်သည်။ သို့မဟုတ်ပါက ရှန်ရှန့်ကျုံဂိုဏ်းသားအားလုံးမှာ နတ်ခန္ဓာများ ပိုင်ဆိုင်သွားကြ၍ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းပေလိမ့်မည်။
ဝမ်ဖုန်း၏မျက်လုံးတို့မှာ တစ်စုံတစ်ရာကို စဉ်းစားမိလိုက်သည့်အလား တောက်ပသွားလျက် စိတ်ထဲမှ မေးမြန်း၏။
“စနစ် ကုညီအစ်ကိုလိုမျိုး အင်အားအကြီးဆုံးရုပ်ခန္ဓာပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတွေက ဒီနတ်ခန္ဓာရေကန်ထဲ ဝင်စိမ်ရင်ရော တိုးတက်လာနိုင်လား?”
“မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ရုပ်ခန္ဓာကို ပိတ်ပင်ကာဆီးထားတဲ့အရာတွေကို ဖယ်ရှားပေးပြီး နိုးထစေနိုင်ပါတယ်။ မိမိရဲ့ရုပ်ခန္ဓာကို အပြည့်အဝ ထိန်းချုပ်နိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်”
ဝမ်ဖုန်း ခေါင်းညိတ်လိုက်သည်။ ဤမျှသည်လည်း အတော်လေး အသုံးဝင်ပါ၏။ ကုကန်းချိုးနှင့်အခြားသူများ၏ ရုပ်ခန္ဓာတို့ကို နိုးထစေနိုင်ပြီး အပြည့်အဝ ထိန်းချုပ်ေစနိုင်ခြင်းသည်ပင် အလွန်တရာ ကောင်းမွန်နေပြီဖြစ်သည်။
ထိုအရူးညီအစ်ကိုနှစ်ဦး၏ ရုပ်ခန္ဓာများမှာ ယခုထိတိုင် အပြည့်အဝ မနိုးထသေးပေ။ အပြည့်အဝနိုးထပြီးသည်နှင့် ကျင့်ကြံမှု အရှိန်နှုန်းသာမက တိုက်ခိုက်ချေမှုန်းစွမ်းရည်သည်လည်း များစွာတိုးတက်နိုင်ပေသည်။
“နတ်နတ်ခန္ဓာရေကန်ကို နေရာချထားပေးပါ!”
စနစ်ထံမှ အချက်ပေးသံ ထပ်မံထွက်ပေါ်လာ၏။ ဝမ်ဖုန်းသည်လည်း တွန့်ဆုတ်မနေပါချေ။ ရှန်ရှန့်ကျုံဂိုဏ်း၏ အတွင်းကျသောတစ်နေရာတွင် နတ်ခန္ဓာရေကန်ကို နေရာချထားလိုက်သည်။ အချိန်တစ်ခုအထိ ထိုနတ်ခန္ဓာရေကန်ကို ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါ။ ဆုလာဘ်တစ်ခုအဖြစ် ဂိုဏ်းတပည့်များကို ဆွဲဆောင်ရန် စီစဉ်ထား၏။
“စနစ် အန္တိမနတ်မင်းအဆင့် ကျပန်းဆင့်ခေါ်ခွင့်၈၀ကို ပေါင်းစည်းလိုက်ပါ”
ဝမ်ဖုန်း၏မျက်လုံးများ တောက်ပနေ၏။ စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးကို ဆင့်ခေါ်ရန် အချိန်ကျရောက်လေပြီ။
“ဒင်! မေ့လျော့ခံအာကာပြင်အဆင့် ကျပန်းဆင့်ခေါ်ခွင့်၈ခု ရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”
“မေ့လျော့ခံအာကာပြင်အဆင့် ကျပန်းဆင့်ခေါ်ခွင့်၅ခုကိုပေါင်းပြီး ဆင့်ခေါ်မယ်!”
ဝမ်ဖုန်းမှ တွေဝေခြင်းမရှိ ပြော၏။
“ဒင်! ဓားသူတော်စင် လုံအာကို ဆင့်ခေါ်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ စွမ်းရည်ဇယားကို စစ်ဆေးပါမလား?”
ဝမ်ဖုန်း၏မျက်နှာအမူအရာ ပြောင်းလဲသွား၏။
ထိုပုဂ္ဂိုလ်၏ သိုင်းပညာသည် ထူးကဲသာလွန်၍ ပြိုင်ဘက်ကင်းဟု ဆိုနိုင်ပေသည်။ ထိုပုဂ္ဂိုလ်သည် ဓားသိုင်းပညာရှင်သုံးဦးကို စုဝေး၍ အင်အားအကြီးဆုံးသော ဓား၂၃လက်ကို သိမြင်နားလည်ကာ သူ၏ဓားသိုင်းပညာသည် ယခင်ဓားသိုင်းပညာရှင်များထက် သာလွန်ကောင်းမွန်၍ အပြီးပြည့်စုံဆုံးသောအဆင့်သို့ ရောက်ရှိထားခဲ့သူဖြစ်သည်။
“စစ်ဆေးမယ်!”
ဝမ်ဖုန်း မျှော်လင့်ကြီးစွာဖြင့် ပြော၏။
“ဒင်! ဓားသူတော်စင်လုံအာ၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။
အမည်: လုံအာ
ဂုဏ်ပုဒ်: ဓားမျှော်စင်၏ဓားသူတော်စင်
နတ်မင်းသွေးကြော: ဓားသိုင်းနတ်သွေးကြော
ကျင့်ကြံမှု: ထျန်းယုအထွတ်အထိပ်အဆင့်
နတ်စွမ်းအင်နှင့် မှော်စွမ်းအင်များ: နတ်စွမ်းအင်ဓားသိုင်း၊ ကောင်းကင်နှင့်ကမ္ဘာမြေ ဖျက်ဆီးဓား၂၃ဖြာ၊ ကောင်းကင်နှင့်ကမ္ဘာမြေ ခံစားသိမြင်ဓား၂၃ဖြာ၊ ဖျက်ဆီးခြင်း၆ပါးဓား၂၃ဖြာ။
နတ်လက်နက်: နှစ်ဖက်အသွားဓား၊ နတ်ဓား”
“မှတ်ချက်: လုံအာမှ ဓား၂၃ဖြာအစီအရင်ကို အသုံးပြုလျှင် နယ်နိမိတ်ကိုဖြတ်ကျော်၍ ရန်သူကိုသတ်ဖြတ်နိုင်ပြီး ထျန်းကျုံအဆင့်နှင့်ညီမျှသော စွမ်းအင်ရှိသည်။”
သူ၏ရှေ့ရှိ စွမ်းရည်ဇယားကိုကြည့်၍ ဝမ်ဖုန်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ လုံအာကို ရရှိပြီးနောက်တွင် ရှန်ရှန့်ကျုံဂိုဏ်း၏ အင်အားသည်လည်း အဆင့်မြင့်တက်သွားလေမည်။ ထျန်းယုအထွတ်အထိပ်အဆင့်ကျင့်ကြံသူ ရရှိခြင်းသာမက အစောင့်အရှောက်များသည်လည်း တိုးတက်မှုရှိမည်ဖြစ်သည်။
“အင်အားအကြီးဆုံးသော ရှန်ရှန့်ကျုံဂိုဏ်းသား လုံအာသည် ထျန်းယုအထွတ်အထိပ်အဆင့်ဖြစ်သည်။ ထို့ကြောင့် အစောင့်အရှောက်၁ လီပိုင်သည် ထျန်းရှင်းအထွတ်အထိပ်အဆင့်သို့ တိုးမြင့်သွားပြီး အစောင့်အရှောက်၂ ရှီကန်းတန့်သည် ထျန်းဝူအဆင့်သို့ တိုးမြင့်သွားပါပြီ”
ဝမ်ဖုန်း၏အတွေးတို့ကို ပြန်လည်တုံ့ပြန်ပေးသည့်အလား စနစ်၏အသံ ထွက်ပေါ်လာခဲ့သည်။
ထိုအချက်ပေးသံတွင် ဝမ်ဖုန်းမှာ ပို၍စိတ်ပျော်ရွှင်လာတော့သည်။ ဤအစောင့်အရှောက်နှစ်ဦး၏ တည်ရှိမှုဖြင့် ထျန်းတုမြို့အရှင်ဂူသင်္ချိုင်းကို ရရှိပြီးသည်နှ့င် ရှန်ရှန့်ကျုံဂိုဏ်းကို ယွမ်ဟွားကောင်းကင်နယ်မြေသို့ ဦးဆောင်သွားနိုင်မည်ဖြစ်သည်။