လောကဖြတ်ကျော်ကူးလူးဆက်သွယ်အစီအရင်။
Vol. 30 Ch. 414
Translator - Hsue Htet
“ဒင်! ရှန်ရှန့်ကျုံဂိုဏ်း၏ အင်အားအကြီးဆုံးဂိုဏ်းသားမှာ ထျန်းယုအထွတ်အထိပ်အဆင့်ဖြစ်သောကြောင့် ဂိုဏ်းအစောင့်အရှောက်သားရဲ၁ အမြီးကိုးချောင်းမြေခွေးသည် ထျန်းယုအထွတ်အထိပ်အဆင့်သို့ အလိုအလျောက်တိုးမြင့်သွားပါပြီ။ အစောင့်အရှောက်သားရဲ၁၏ လုပ်ဆောင်ချက်များကို ကန့်သတ်ထားခြင်းမရှိပါ”
“ဂိုဏ်းအစောင့်အရှောက်သားရဲ၂ တောက်တျဲသည် ဂိုဏ်းအစောင့်အရှောက်သားရဲ၁ အမြီးကိုးချောင်းေမြေခွးထက် အဆင့်၂ဆင့် မြင့်မားသောကြောင့် ကျင့်ကြံမှုမှာ ထျန်းရှင်းအဆင့်သို့ ရောက်ရှိသွားပါပြီ။ အစောင့်အရှောက်သားရဲ၂၏ လုပ်ဆောင်ချက်များကို ကန့်သတ်ထားပါတယ်။ ဂိုဏ်းနယ်မြေအတွင်းမှာပဲ တိုက်ခိုက်နိုင်ပါတယ်”
“မှတ်ချက်: အစောင့်အရှောက်သားရဲတိုင်းတွင် သားရဲတစ်ကောင်ဖြစ်ရန် အလားအလာရှိသည်။ ဆင့်ခေါ်ချိန်မှာ သခင့်ရဲ့အင်အားရဲ့ကန့်သတ်မှုကြောင့် လက်ရှိအဆင့်မှာပဲ ရှိနေတာပါ။ ဒါပေမဲ့ သခင်မှ စနစ်အဆင့်မြှင့်တင်တိုင်းမှာ အစောင့်အရှောက်သားရဲတွေဟာလည်း တစ်ကြိမ်တိုးတက်လာမှာပါ။ တိုးတက်လာတဲ့အဆင့်မှာ ဂိုဏ်းအစောင့်အရှောက်သားရဲ၂ဟာ ဂိုဏ်းအစောင့်အရှောက်သားရဲ၁ထက် အဆင့်၂ဆင့် ပိုမြင့်မားပါလိမ့်မယ်”
“ဂိုဏ်းအစောင့်အရှောက်သားရဲမှ ရောက်ရှိနိုင်တဲ့အမြင့်ဆုံးအဆင့်ထိ သခင်မှ မြှင့်တင်ပြီးလျှင် အစောင့်အရှောက်သားရဲဟာ သူ့ရဲ့အထွတ်အထိပ်အခြေအနေကို ပြန်လည်ရရှိသွား၍ ဤအဆင့်မြှင့်တင်ခြင်းစနစ်သည် အလုပ်,လုပ်တော့မည်မဟုတ်ပါ”
ထပ်မံထွက်ပေါ်လာသော စနစ်၏အသံသည် ဝမ်ဖုန်းကို ပို၍ပို၍စိတ်လှုပ်ရှားစေသည်။ မျက်နှာမှာ သွေးရောင်နီမြန်းလျက် ကောင်းကင်ယံသို့ ဦးတည်ဟစ်အောက်ပစ်လိုက်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။
“စနစ် မေ့လျော့ခံအာကာပြင်အဆင့် ကျပန်းဆင့်ခေါ်ခွင့်နှစ်ခုကို သုံးပြီး ဆင့်ခေါ်မယ်”
ဝမ်ဖုန်းသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်၍ ထပ်ပြောလိုက်သည်။
“ဒင်! ဒုတိယဓားဘုရင်နှင့် တတိယဝက်ဘုရင်တို့ကို ဆင့်ခေါ်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ စွမ်းရည်ဇယားကို စစ်ဆေးပါမလား?”
“စစ်ဆေးမယ်!”
ဝမ်ဖုန်း တုံ့ဆိုင်းတွေဝေခြင်းမရှိ ပြောလိုက်သည်။ ထိုသူနှစ်ဦးသည် ဓားသူတော်စင်လုံအာနှင့် နှိုင်းယှဉ်မရနိုင်သော်ငြား သူတို့နှစ်ဦးသည်လည်း ပထမတန်းစားသိုင်းသမားကြီးများ ဖြစ်ကြပါ၏။ ဤတစ်ကြိမ်ဆင့်ခေါ်ထားသည့် လုံအာ၏လက်ရှိအင်အားမှာ သူ၏အထွတ်အထိပ်မဟုတ်သေးသည်ကို ဝမ်ဖုန်း သိထားပါသည်။
“ဒင် ဒုတိယဓားဘုရင်၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။
အမည်: ဒုတိယဓားဘုရင်
ဂုဏ်ပုဒ်: ဒုတိယဓားဘုရင်
နတ်မင်းသွေးကြော: ဓားလမ်းစဉ်နတ်သွေးကြော
ကျင့်ကြံမှု: ထျန်းတန့်အထွတ်အထိပ်အဆင့်
နတ်စွမ်းအင်နှင့်မှော်စွမ်းအင်: အကျော်ဇေယျတိုက်ခိုက်ရေးဓားစွမ်းအင်
နတ်လက်နက်: ကြမ္မာဖျက်ဆီးဓား!”
“ဒင်! တတိယဝက်ဘုရင်၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။
အမည်: တတိယဝက်ဘုရင်
ဂုဏ်ပုဒ်: တတိယဝက်ဘုရင်
နတ်မင်းသွေးကြော: ဓားလမ်းစဉ်နတ်သွေးကြော
ကျင့်ကြံမှု: ထျန်းတန့်အထွတ်အထိပ်အဆင့်
နတ်စွမ်းအင်နှင့်မှော်စွမ်းအင်: လောကကိုသိမြင်၊ ကောင်းကင်ယံကိုဖောက်ထွင်း၊ သာမန်လူကို ကြည့်မြင်၊ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကိုဖန်တီး၊ မရှိခြင်းဓားစွမ်းအင်။
နတ်လက်နက်: နှလုံးအိမ်ဖန်ဆင်းဓား!”
နှစ်ဦး၏ စွမ်းရည်ဇယားကို ဝမ်ဖုန်း စိတ်ကျေနပ်ပါ၏။ လုံအာမျှ အင်အားမကြီးသော်ငြား ထျန်းတန့်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီးဖြစ်လေသည်။
ထိုနှစ်ဦးကို ဆင့်ခေါ်ပြီးနောက် ဝမ်ဖုန်း ဆက်လက် မဆင့်ခေါ်တော့ပေ။ ရှေးဟောင်းနယ်မြေ၏ အခြေအနေကို မေးမြန်းရန် မဟာနတ်ဆိုးရွှမ်ရှသို့ အသံပို့ဆောင်လိုက်သည်။
“ဂိုဏ်းချုပ်!”
အချိန်ခဏလေးအတွင်း၌ မဟာနတ်ဆိုးရွှမ်ရှ ရောက်လာ၍ ရိုသေစွာဖြင့် ဂါရဝပြုလေသည်။
“ချင်အာတို့ရော မင်းနဲ့အတူ လိုက်မလာဘူးလား?”
ခေါင်းညိတ်ပြပြီးနောက် ဝမ်ဖုန်း မေးလိုက်သည်။
မဟာနတ်ဆိုးရွှမ်ရှကို တစ်နှစ်ကျော်မျှ မတွေ့ရပြီဖြစ်သောကြောင့် ဝမ်ဖုန်းမှာ သတိတရရှိနေခဲ့သည်ဖြစ်၏။ အချိန်ကြာမြင့်ပြီးနောက်မှ ပြန်လည်ဆုံတွေ့ခြင်းသည် အနည်းငယ် အနေခက်သည်ဟု ခံစားရသော်ငြား မဟာနတ်ဆိုးရွှမ်ရှသည် ရှေးဟောင်းနယ်မြေရှန်ရှန့်ကျုံဂိုဏ်းကို နောင်တကင်းမဲ့စွာ ဂရုစိုက်ပေးထားခဲ့ပြီး မည်သို့ပင်ဖြစ်စေ မိမိကို လိုက်နာခဲ့သည်။ ဝမ်ဖုန်း၏ နှလုံးသားထဲတွင် မဟာနတ်ဆိုးရွှမ်ရှသည် နေရာကြီးမားစွာ ရယူထားပါ၏။
ယဲ့မုချင်အတွက်မူ ဝမ်ဖုန်းမှာ ကျေးဇူးလည်းတင်၍ စိတ်သောကလည်း ဖြစ်မိရသည်။ ထိုအရာများသည် မိမိကိုယ်တိုင် လုပ်ဆောင်သင့်သောအရာများ ဖြစ်သော်ငြား မိမိမှာ မိန်းကလေးတစ်ဦးကို ရှန်ရှန့်ကျုံဂိုဏ်းကို လေ့ကျင့်စီမံပေးရန် တောင်းဆိုခဲ့လေသည်။
ဤမျှအချိန်တိုအတွင်း၌ ရှေးဟောင်းနယ်မြေ၏ ရှန်ရှန့်ကျုံဂိုဏ်းကို ထိုမျှအဆင့်အထိ လေ့ကျင့်စီမံနိုင်ရန်မှာ စနစ်ရှိနေသော ဝမ်ဖုန်းသည်ပင် ချင်အာ၏ လေ့ကျင့်စီမံမှုကို မနှိုင်းယှဉ်နိုင်ပေ။ ချင်အာမှ ကြီးမားသည့်တန်ကြေးတစ်စုံတစ်ရာ ပေးဆပ်ထားရမည်ကို စိုးရိမ်မိပေသည်။
ထို့ကြောင့် ဝမ်ဖုန်းသည် ယဲ့မုချင်နှင့် ရှေးဟောင်းနယ်မြေ ရှန်ရှန့်ကျုံဂိုဏ်း၏ အခြေအနေကို အလွန်သိချင်လှသည်။
“ဂိုဏ်းချုပ်ကတော် သူ.. သူတို့ သွားကြပြီ”
မဟာနတ်ဆိုးရွှမ်ရှ၏ မျက်နှာအမူအရာမှာ အနည်းငယ် တောင့်ခဲသွားလျက် တိုးလျစွာပြောလာ၏။
“ဘာဖြစ်လို့လဲ?”
ဝမ်ဖုန်း မျက်မှောင်ကြုတ်၍ အသံနိမ့်ဖြင့်မေး၏။
“တစ်ယောက်ယောက်က ဂိုဏ်းချုပ်ကတော်ဆီကို သတင်းပို့လာခဲ့ပါတယ်။ ဂိုဏ်းချုပ်ကတော်ရဲ့မိတ်ဆွေက မွန်မြတ်ဘုံလောကမှာ ဝန်းရံတိုက်ခိုက်ခံရပြီး အသတ်ခံရတယ်လို့ပါ။ ဂိုဏ်းချုပ်ကတော်က စိုးရိမ်ပြီး ရှေးဟောင်းနယ်မြေရှန်ရှန့်ကျုံဂိုဏ်းကို မွန်မြတ်ဘုံလောကဆီ ခေါ်ဆောင်သွားပါတယ်။ ဒီနတ်ဆိုးအိုကြီးကိုတော့ ဂိုဏ်းချုပ်ကို ကူညီးပေးဖို့နဲ့ ဂိုဏ်းချုပ် စိတ်မပူရအောင် အကြောင်းကြားေပးဖို့ တောင်းဆိုသွားပါတယ်”
“ဂိုဏ်းချုပ်ကတော်က ဂိုဏ်းချုပ် ကတိပေးထားတဲ့ မင်္ဂလာပွဲကို မွန်မြတ်ဘုံလောကမှာ စောင့်ဆိုင်းနေပါမယ်တဲ့”
မဟာနတ်ဆိုးရွှမ်ရှ၏ စကားအဆုံးတွင် ဝမ်ဖုန်း၏မျက်နှာမှာ အံ့ဩမှုနှင့် ရှုပ်ထွေးဟန်တို့ ထင်ဟပ်လာခဲ့သည်။
ဘယ်လိုတောင် တုံးအလိုက်တဲ့ မိန်းကလေးလဲလေ..
ဘာလို့ အမြဲတမ်း တစ်ယောက်တည်း ရင်ဆိုင်နေရတာလဲ?
ဝမ်ဖုန်းမှာ အတော်လေး စိတ်မသက်မသာ ခံစားနေရသည်။ ပထမဆုံးအကြိမ်အဖြစ် သူအမြဲဂုဏ်ယူဝံ့ကြွားခဲ့ရသော သူ၏အင်အားမှာ အလွန်အားနည်းလွန်းသည်ဟု ခံစားလိုက်ရလေသည်။
တကယ်တမ်းတွင် ဝမ်ဖုန်း ဤကမ္ဘာသို့ ရောက်ရှိချိန်မှစတင်၍ တစ်နှစ်ကျော်ကာလအတွင်းတွင် ရှန်ရှန့်ကျုံဂိုဏ်းကို ဤအဆင့်ထိတိုင် ရောက်ရှိစေခဲ့သည်မှာ အံ့ချီးဖွယ်ပင်ဖြစ်ပါ၏။ ထိုအကြောင်းရာသာ သတင်းပျံ့နှံ့သွားခဲ့ပါလျှင် ယွမ်ဟွားကောင်းကင်နယ်မြေကြီးအပြင် မွန်မြတ်ဘုံလောကထိတိုင် အံ့ဩတုန်လှုပ်သွားလောက်ပေသည်။
သို့သော်… ကောင်းကင်ဘုံကိုဆန့်ကျင်သော တိုးတက်မှုအရှိန်နှုန်းသည် ချင်အာ ကြုံတွေ့နေရသည့် အပြောင်းအလဲများကို လိုက်မီနိုင်ရန်အတွက် မလုံလောက်ချေ။
မဟာနတ်ဆိုးရွှမ်ရှသည် စိတ်ညှိမှိုင်းနေသော ဝမ်ဖုန်းကို ကြည့်နေ၏။ ပါးစပ်ဟ၍ တစ်ခုခုပြောလိုသော်ငြား စကားလုံးများ နှုတ်ခမ်းဖျားသို့ ရောက်ရှိလာပြီးနောက်တွင် ဘာမျှမပြောနိုင်ခဲ့ပေ။ သို့ဖြင့် ဆိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်တော့သည်။
ဂိုဏ်းချုပ်နှင့် ဂိုဏ်းချုပ်ကတော်တို့မှာ ကောင်းကင်ဘုံမှအပ်နှင်းသော စုံတွဲဖြစ်သည်ကို ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံး သိကြပါ၏။ တစ်ဦးနှင့်တစ်ဦး ဝေးကွာနေကြလျှင်သော်မှ နှလုံးသားများမှာ ဆက်နွယ်နေဆဲဖြစ်သည်။
မဟာနတ်ဆိုးရွှမ်ရှသည် ဝမ်ဖုန်းအား မည်သို့နှစ်သိမ့်ရမည် မသိချေ။ မိမိမှာ ဧကရီမေသုရှားကိုပင် မရယူနိုင်လေရာ ဂိုဏ်းချုပ်ကို နှစ်သိမ့်ပေးရန် အဘယ်သို့များ အရည်အချင်းပြည့်မီပါမည်နည်း။
“အမိန့်ထုတ်ပြန်လိုက်.. ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲအားလုံး ခြံဝင်းထဲမှာ စုဝေးကြပါလို့။ ပြီးတော့ ယင်ဖုန်းနတ်ဘုရားမြို့အရှင်ကိုလည်း လာခဲ့ဖို့ပြောလိုက်ပါ”
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်တွင် ဝမ်ဖုန်းမှ ခေါင်းမတ်လာ၍ မျက်လုံးတို့မှာ အလင်းတောက်ပစွာဖြင့် အသံနက်ဖြင့်အော်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ!”
မဟာနတ်ဆိုးရွှမ်ရှသည်လည်း ဝမ်းမြောက်စွာဖြင့် ကျယ်လောင်စွာတုံ့ပြန်လေသည်။ ဂိုဏ်းချုပ်သည် ဆိတ်ဆိတ်နေမည့်သူမဟုတ်ကြောင်းကို သူသိနေပါ၏။ မဟာနတ်ဆိုးရွှမ်ရှ မိမိ၏ဂိုဏ်းချုပ်မှာ အရာအားလုံးကို ရေပြင်ညီအတိုင်း တွန်းတိုက်ဖိနှိပ်နိုင်စွမ်းသော ပြိုင်ဘက်ကင်း စိုးမိုးခြယ်လှယ်နိုင်စွမ်းမျိုး ရှိသင့်ပေသည်။
“စနစ် ထီလက်မှတ်အတွက် ဂိုဏ်းအမှတ်၃၀၀သုံးပြီး ရတဲ့ကျင့်ကြံမှုအခြေခံတွေကို ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲတွေကို မျှဝေပေးလိုက်ပါ”
မဟာနတ်ဆိုးရွှမ်ရှ ထွက်ခွာသွားပြီးနောက်တွင် ဝမ်ဖုန်း၏မျက်လုံးများ အရောင်လက်သွား၍ စိတ်ထဲမှ ပြောလိုက်သည်။
မွန်မြတ်ဘုံလောက!
ပြိုင်ဘက်ကင်းဂုဏ်ရှိန်ဟန်ပန်နဲ့ အဲဒီ့မွန်မြတ်ဘုံလောကကို ငါရောက်ရှိပြီး ချင်အာကို လက်ကမ်းကူညီနိုင်ဖို့ဆိုတာ အချိန်ဘယ်လောက်မှ မကြာနိုင်တော့ပါဘူး!
“ဒင်! ဓားသူတော်စင်လုံအာ၏ ကျင့်ကြံမှုအခြေခံတို့ကို ရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”
“ဒင်! ….!”
“ဒင်! ရရှိတဲ့ ကျင့်ကြံမှုအခြေခံတွေကို ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများကို မျှဝေပေးပြီးပါပြီ”
“ထျန်းယုအထွတ်အထိပ်အဆင့်သို့ ရောက်ရှိခြင်းအတွက် သခင့်ကို ဂုဏ်ပြုပါတယ်။ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ ထျန်းတန့်အဆင့်ကိုရောက်ရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”
စနစ်၏အချက်ပေးသံနှင့် ဝမ်ဖုန်း၏ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ်စွမ်းအင်များ ပြည့်နှက်စီးဆင်းလာခဲ့၍ ခန်းမကြီးမှာ အဆက်မပြတ် တုန်ခါလာတော့သည်။ ကျင့်ကြံမှုအရှိန်အဝါမှာ တစ်ဟုန်ထိုးတိုးမြင့်သွားလေရာ ရှန်းရွှမ်ဒေသကြီးတစ်ခုလုံးကိုပါ တုန်ခါသွားစေလေသည်။
တစ်ပြိုင်နက်တည်းပင် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများသည်လည်း ကျင့်ကြံမှုမြင့်တက်ခြင်းကို ခံစားလိုက်ရ၏။ သို့သော် စနစ်၏အကာအကွယ်ကြောင့် ဤမျှအချိန်တိုလေးအတွင်းတွင် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ၌ ကမ္ဘာတုန်ဟီးစေမည့် အပြောင်းအလဲများ ဖြစ်ပွားခဲ့ခြင်းကို မည်သူမျှ မသိလိုက်ပါချေ။
၁၅မိနစ်ခန့်ကြာပြီးနောက်၌ ဝမ်ဖုန်း မျက်လုံးဖွင့်လိုက်၏။ ကြောက်မက်ဖွယ် အရှိန်အဝါများ ပျောက်ကွယ်သွားပြီးနောက် ဝမ်ဖုန်းမှ ဆက်လက်ရေရွတ်သည်။
“စနစ် ဖျက်ဆီးခြင်း၆ပါးဓား၂၃ဖြာကို ငါဂိုဏ်းချုပ်ကို ကောင်းချီးပါ”
ဝမ်ဖုန်း၏အသံဆုံးသည်နှင့် ဝမ်ဖုန်း၏စိတ်ထဲတွင် အားကောင်းစွာသောမှတ်ဉာဏ်များ ပေါ်ထွက်လာခဲ့သည်။ ဝမ်ဖုန်း၏စိတ်ထဲတွင် မူလအစတည်းမှ တည်ရှိနေခဲ့သည်ကဲ့သို့ ဝမ်ဖုန်းအား ဖျက်ဆီးခြင်း၆ပါးဓား၂၃ဖြာကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်စေသည်။
ဝမ်ဖုန်းမှ ထိုမှတ်ဉာဏ်ကို အပြည့်အဝလက်ခံပြီးနောက်တွင် သူ၏ခန္ဓာကိုယ်တွင်း အရှိန်အဝါသည်လည်း ပို၍ပြင်းထန်လာခဲ့ပြီး လူတစ်ကိုယ်လုံးမှာ ဓားအိမ်ဖြင့် ဖုံးကွယ်ထားသည့် နတ်ဓားတစ်လက်ကဲ့သို့ ဖြစ်နေတော့သည်။
…..
ရှန်ရှန့်ကျုံဂိုဏ်းခြံဝင်းထဲ၌ ဂိုဏ်းအကြီးအကဲများသည် လူတန်းနှစ်တန်းစီလျက် တိတ်ဆိတ်စွာ ရပ်နေကြသည်။ တစ်ဖက်တွင်ရှိနေသည်မှာ ယင်ဖုန်းနတ်ဘုရားမြို့သခင်လုချင်း ဦးဆောင်သော အလယ်ပိုင်းတိုက်မကြီး၏ အင်အားစုများ၊ ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စုခါင်းဆောင်၊ စစ်ရှန်းဘုန်းတော်ကြီးများ၊… ဖြစ်ကြသည်။
ထိုလူများမှာ ခြေတစ်ချက်အဆောင့်ဖြင့် အလယ်ပိုင်းတိုက်မကြီးတစ်ခုလုံးကို တုန်လှုပ်စေနိုင်သူများ ဖြစ်ကြ၏။ လက်ရှိလေထုအခြေအနေမှာ အသက်ရဲရဲပင် မရှူဝံ့လောက်အောင် တင်းကျပ်နေလျက် ထိုသူများမှ စောဒကတက်ခြင်းအလျဉ်းမရှိဘဲ နေရောင်ခြည်အောက်တွင် တိတ်ဆိတ်စွာရပ်နေကြခြင်းမှာ အလွန်အံ့ဩဖွယ်ကောင်းလှသည်။
ယခုတွင် အလယ်ပိုင်းတိုက်မကြီးတစ်ခုလုံး၌ ဘယ်သူကများ ရှန်ရှန့်ကျုံဂိုဏ်းကို မသိဘဲ ရှိပါအံ့နည်း။ ယိယွမ်ဘုရားကျောင်း ကျင့်ကြံသူများကို သတ်ဖြတ်ဖျက်ဆီး၍ ထာဝစဉ်အင်အားကြီးမားခဲ့သည့် ထိပ်တန်းအင်အားစုများဖြစ်သော ရှန်းရွှမ်ဒေသတစ်ခုလုံး၏ အရှင်သခင်များကို လက်အောက်သွတ်သွင်းနိုင်ခြင်းမှာ ရှန်ရှန့်ကျုံဂိုဏ်း၏ စွမ်းဆောင်ရည်များဖြစ်ေလသည်။
ဤတစ်ကြိမ်တွင် ဝမ်ဖုန်းသည် ယခင်အချိန်များကဲ့သို့ အင်အားစုကြီးများကို ရှန်ရှန့်ကျုံဂိုဏ်းလက်အောက်သို့ အလုံးစုံ မသွတ်သွင်းခဲ့ပါ။ သူတို့၏ဂိုဏ်းများကို အသီးသီး ဆက်လက်ထိန်းသိမ်းခွင့်ပြုခဲ့သည်။
“မြို့အရှင်လု.. ဂိုဏ်းချုပ်ဝမ် ကျုပ်တို့ကို ဒီတစ်ကြိမ်ဆင့်ခေါ်တာ ဘာဖြစ်လို့လဲသိလားဗျ?”
သိလိုစိတ်ကို မထိန်းချုပ်နိုင်စွာဖြင့် ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စုခေါင်းဆောင်မှ ယင်ဖုန်းနတ်ဘုရားမြို့အရှင်လုချင်းကို တီးတိုးမေးမြန်း၏။ လုချင်းမှ အစပိုင်းတွင် ပြောဆိုမပေးခဲ့ပါလျှင် သူ၏ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စုမှာ ရှန်ရှန့်ကျုံဂိုဏ်း၏ ဖျက်သိမ်းခံလိုက်ရမည်ကို သူသိပါ၏။ ယခုတွင် ရှန်ရှန့်ကျုံဂိုဏ်းမှ အနှောင့်အယှက်အဟန့်အတားတို့ကို ဂရုမထားတော့သော်ငြား ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စုမှာ ကြောက်ရွံ့တုန်လှုပ်နေဆဲဖြစ်လေရာ သူတို့၏သစ္စာတရားကို ပြသလိုစိတ်များ ပြင်းပြနေပေသည်။
လုချင်းသည် ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စုခေါင်းဆောင်ကို ခေါင်းခါယမ်းပြ၍ စကားမဆိုချေ။ ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စုခေါင်းဆောင် ကြံရွယ်နေသည့်အတွေးကို လုချင်း သိပါ၏။ သို့သော် ဝမ်ဖုန်း ဆင့်ခေါ်လိုက်သည်မှာ တကယ်ပင် ရုတ်တရက်ဖြစ်၍ သူလည်း အကြောင်းရင်းကို မသိနေပါချေ။
ဟမ်!
ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စုခေါင်းဆောင်မှ တစ်စုံတစ်ရာပြောတော့မည်တွင် ခြံဝင်း၏စင်မြင့်ထက်တွင် ပုံရိပ်အချို့ ပေါ်ထွက်လာခဲ့သည်။ ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စုခေါင်းဆောင်မှာ အလျင်အမြန် ခေါင်းငုံ့သွားပြီး ထပ်မံ မမေးမြန်းဝံ့တော့ပေ။
စင်မြင့်ထက်တွင် ထွက်ပေါ်လာသူများမှာ ဝမ်ဖုန်းနှင့် လုံအာ၊ ဒုတိယဓားဘုရင်နှင့် တတိယဝက်ဘုရင်တို့ ဖြစ်သည်။
“နောက်ရက်အနည်းငယ်အတွင်းမှာ ငါဂိုဏ်းချုပ် ရှန်ရှန့်ကျုံဂိုဏ်းကို ဦးဆောင်ပြီး ယွမ်ဟွားကောင်းကင်နယ်မြေဆီ ထွက်ခွာမယ်။ အနာဂတ်မှာ ရှန်းရွှမ်ဒေသကို ယင်ဖုန်းနတ်ဘုရားမြို့တော်က ဦးစီးလိမ့်မယ်!”
“ငါဂိုဏ်းချုပ် လောကဖြတ်ကျော် ကူးလူးဆက်သွယ်အစီအရင်ကို စီစဉ်ထားပြီးပြီ။ ဆယ်နှစ်တစ်ကြိမ် ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းတပည့်ရွေးချယ်မှုနည်းစနစ်အတိုင်း ဂိုဏ်းသားစုဆောင်းရေးညီလာခံကို ကျင်းပမယ်။ ရာထူးတိုးခံရသူတွေ၊ ရွေးချယ်ခံရသူတွေကို လောကဖြတ်ကျော်ကူးလူးဆက်သွယ်အစီအရင်ကနေ ရှန်ရှန့်ကျုံဂိုဏ်းကို ပို့ဆောင်ပြီး ရှန်ရှန့်ကျုံဂိုဏ်းသားတစ်ဦး ဖြစ်လာစေနိုင်မယ်”
“အဲဒီ့အတွက် ယင်ဖုန်းနတ်ဘုရားမြို့တော်က တာဝန်ယူရမယ်!”
ဝမ်ဖုန်းသည် လက်နှစ်ဖက်ကိုနောက်ပစ်၍ စင်မြင့်ထက်တွင် ရပ်နေ၏။ အောက်ဘက်ရှိ လူများစွာတို့ကို အပေါ်မှစီးမိုးကြည့်လျက် ကျယ်လောင်စွာပြောသည်။
ထိုလောကဖြတ်ကျော်ကူးလူးဆက်သွယ်အစီအရင်ကို ဝမ်ဖုန်း စနစ်ဈေးတန်းမှ ဂိုဏ်းအမှတ်၁၀၀ဘီလီယံဖြင့် လဲလှယ်ယူလိုက်ခြင်းဖြစ်သည်။ မည်သည့်အကွာအဝေးကိုမဆို လျစ်လျူရှု၍ ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိရာ ကမ္ဘာဝန်းထဲသို့ ၎င်းလောကကျော်ဖြတ်ကူးလူဆက်သွယ်အစီအရင်ကို အသုံးပြု၍ ကူးလူးဆက်သွယ်နိုင်ပေသည်။
သေချာပေါက်ပင် ကူးလူးဆက်သွယ်မှုတစ်ကြိမ်တိုင်းမှာ စွမ်းအင်အဖြစ် ကောင်းကင်ဘုံနှင့်ကမ္ဘာမြေ၏ ရတနာအမြောက်အများကို အသုံးပြုရန် လိုအပ်၏။
ဤလောကကျော်ဖြတ်ကူးလူဆက်သွယ်အစီအရင်ဖြင့် မိမိမှာ ယွမ်ဟွားကောင်းကင်နယ်မြေ သို့တည်းမဟုတ် ပို၍အဆင့်မြင့်သော မွန်မြတ်ဘုံလောကသို့ သွားရောက်ခဲ့လျှင်ပင် ရှန်ရှန့်ကျုံဂိုဏ်းမှာ ပေါင်းစည်းရန်အတွက် လတ်ဆတ်တည်ငြိမ်သောသွေးစီးကြောင်းေလး ရှိနေမြဲဖြစ်ပေလိမ့်မည်။
“ဟုတ်ကဲ့ပါ!”
ဝမ်ဖုန်း၏စကားကြောင့် လုချင်းဦးဆောင်သော အင်အားစုများ၏အရှင်သခင်များမှာ အံ့ဩထိတ်လန့်သွားကြပြီးနောက် အလျက်အမြန် တုံ့ပြန်လာခဲ့သည်။ မိမိတို့၏ ကမ္ဘာလောကငယ်လေးသည် နဂါးစင်စစ်ဖြစ်သော ရှန်ရှန့်ကျုံဂိုဏ်းကို အချိန်ကြာမြင့်စွာ ဆွဲမထားနိုင်မည်ကို သူတို့သိပါ၏။ သို့သော် ထိုမျှမြန်ဆန်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။
“ကောင်းကောင်းကျင့်ကြံကြ.. ငါဂိုဏ်းချုပ်ရဲ့ မျှော်လင့်ချက်တွေကို မပျက်စီးစေနဲ့!”
ဝမ်ဖုန်းမှ လုချင်းကိုကြည့်၍ အားပေးလိုက်သည်။ ဝမ်ဖုန်းသည် ယင်ဖုန်းနတ်ဘုရားမြို့တော်ကို အကောင်းမြင်စိတ်နှင့် ယုံကြည်မှုရှိ၏။ ယင်ဖုန်းနတ်ဘုရားမြို့၏ အမတ အစီအရင်တော်ကြီးသည် အလွန်ကောင်းမွန်သော အထောက်အပံ့ဖြစ်သည်။
တုကူချိုးပိုင်ထံမှ ယန်လဲ့အင်မော်တယ်မြို့တော်၏ တိုက်ပွဲအကြောင်းကို ကြားသိပြီးနောက်တွင် ဝမ်ဖုန်းသည် ယင်ဖုန်းနတ်ဘုရားမြို့တော်မှ အမတ အစီအရင်တော်ကြီးကို ထိန်းချုပ်ရန် တိုက်ရိုက်တောင်းဆိုခဲ့သည်။ သခင်မလုရန်အား လေ့ကျင့်သင်ကြားမှုတွင် အာရုံစိုက်စေခြင်းဖြင့် ရှန်ရှန့်ကျုံဂိုဏ်း၏ အားထားရသောအထောက်အပံ့ ဖြစ်လေမည်။
“ဟုတ်ကဲ့ပါ!”
လုချင်းမှ ရှေ့သို့ခြေတစ်လှမ်းထွက်လာခဲ့ပြီး ရိုသေကျိုးနွံစွာပြော၏။