← Chapters

မြေအောက်ဘုံ‌လောကနှင့် ရွှမ်တု အင်အား‌ပူးပေါင်း

Vol. 30 Ch. 415

မြေအောက်ဘုံ‌လောကနှင့် ရွှမ်တု အင်အား‌ပူးပေါင်း

Vol. 30 Ch. 415

Translator - Hsue Htet

“ဟူးး! ဟူးး!”

အလယ်ပိုင်းတိုက်မကြီး၏ ကျင့်ကြံသူများစွာတို့ကို ကြောက်ရွံ့စေခဲ့သော အသူတစ်ရာပင်လယ်နက်သည် လေဟာပြင်သို့ ထွက်ပေါ်လာခဲ့၏။ အသူတစ်ချောက်နက်၏ အထက်လေဟာပြင် ဆယ်မိုင်ခန့်သောအကွာအဝေး၌ ပုံရိပ်အမြောက်အများ ရောက်ရှိနေ၏။

ထိုပုံရိပ်များမှာ ဝမ်ဖုန်းဦးဆောင်လာသည့် ရှန်ရှန့်ကျုံဂိုဏ်းသားများ ဖြစ်သည်။ ဝမ်ဖုန်းနှင့်အတူ မဟာနတ်ဆိုးရွှမ်ရှ၊ လီပိုင်၊ လုံအာ၊ ဒုတိယဓားဘုရင်၊ တတိယဝက်ဘုရင်နှင့် အမြီးကိုးချောင်းမြေခွေးတို့ ပါရှိကြ၏။

အမျိုးသမီးတစ်ဦးအဖြစ် အသွင်ပြောင်းလဲထားသော အမြီးကိုးချောင်းမြေခွေးသည် အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ ညှို့ယူဆွဲဆောင်နိုင်စွမ်းသော ပင်ကိုဟန်လေးမှာ လူကိုစွဲလမ်းစေသည်။ သူမ၏လှုပ်ရှားမှု တစ်ချက်စီတိုင်းမှာ နှစ်လိုဖွယ်ဖြစ်၏။

ဝမ်ဖုန်းသည် မျက်လုံးများ မှေးကျဉ်းလျက် ရှေ့ရှိ အသူတစ်ရာပင်လယ်နက်ကို ‌ကြည့်ရှုနေ၏။ သာမန်လူများ၏အမြင်၌ အသူတစ်ရာပင်လယ်နက်သည် အလွန်ငြိမ်သက်နေနိုင်သည်။ သို့သော် ဝမ်ဖုန်း၏မျက်လုံး၌မူ ထိုငြိမ်သက်ဟန်သော အသူတစ်ရာပင်လယ်နက်မှာ မိုးကြိုးစွမ်းအင်များ တဝုန်းဝုန်းသက်ရောက်နေပေသည်။

ငြိမ်သက်နေသည့် ပင်လယ်မျက်နှာပြင်အောက်၌ အပြာရောင်တောက်ပသော မိုးကြိုးအလင်းတန်းများ အဆက်မပြတ် ‌လှည့်ပတ်နေလေရာ အသူတစ်ရာပင်လယ်နက်ကြီးတစ်ခုလုံးမှာ တောက်ပစွာသော အပြာဖျော့ရောင်အလင်းများ လွှမ်းခြုံနေလျက် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်နေတော့သည်။

“သွားစို့!”

ဝမ်ဖုန်းမှ လက်ဝှေ့ယမ်းလိုက်၍ လီပိုင်နှင့်အခြားသူများကို အသူတစ်ရာပင်လယ်နက်အတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ဘုန်း!

ဝမ်ဖုန်းတို့၏ ဝင်ရောက်ခြင်းသည် အသူတစ်ရာပင်လယ်နက်၏ ငြိမ်သက်မှုကို ရုတ်ချည်းပျက်စီးသွားစေခဲ့ပြီး နားကွဲလုမတတ်သော မိုးကြိုးပေါက်ကွဲသံများ မြည်ဟီးလာခဲ့သည်။ ပင်လယ်နက်ကြီးမှာ အသက်ဝင်လာသည့်အလား ကသုတ်ကရက်နိုင်လွန်းစွာ လှိုင်းထန်လာခဲ့ကာ လှိုင်းလုံးကြီးများမှာ ကျုံးတစ်ခုကဲ့သို့ အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည်။

အလွန်ကြီးမားခက်ထန်သော လှိုင်းတံပိုးအောက်တွင် ရေနဂါးတစ်ကောင်ကဲ့သို့သော မိုးကြိုးသွားသည် ဝမ်ဖုန်းတို့ထံသို့ ဦးတည်လာပြန်သည်။ ထိုမိုးကြိုးတစ်ချက်ဖြင့်ပင် ဝမ်ဖုန်းတို့အားလုံးအား ပျက်စီးခြင်းအတိပြီးစေရန်သော အရှိန်အဝါကို ထုတ်လွှတ်နေ၏။

ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးကို ဖျက်စီးနိုင်စွမ်းသော မိုးကြိုးလှိုင်းတံပိုးများဖြင့် ရင်ဆိုင်နေရသော်ငြား ဝမ်ဖုန်းနှင့် မဟာနတ်ဆိုးရွှမ်ရှတို့မှာ တည်ငြိမ်အေးဆဲနေမြဲပင်။ ၎င်းမိုးကြိုးလှိုင်းတံပိုးများကို စိုးစဉ်းသော်မျှ မျက်လုံးထဲ မထည့်ကြချေ။

ဧရာမမိုးကြိုးလှိုင်းကြီးတစ်ခုမှ ဝမ်ဖုန်းတို့ကို ထိစပ်လုနီးတွင် မဟာနတ်ဆိုးရွှမ်ရှသည် ရှေ့သို့တက်လှမ်း၍ လက်ကိုဆန့်ထုတ်ဝှေ့ယမ်းလိုက်သည်။ ရုတ်ချည်းပင် ကြောက်မက်ဖွယ်စွမ်းအင်များ ဖြာထွက်လာခဲ့ပြီး နောက်ဘက်တွင် ထကြွနေသော မိုးကြိုးလှိုင်းတံပိုးများကိုမှာ နောက်ဆုတ်သွားစေခဲ့သည်။

“ဒါက မိုးကြိုးစွမ်းအင်ကျင့်စဉ် ကျင့်ကြံသူတွေအတွက် ရတနာတစ်ပါးပဲ”

မဟာနတ်ဆိုးရွှမ်ရှသည် အသူတစ်ရာပင်လယ်နက်ကို ကြည့်၍ ခပ်ဖျော့ဖျော့ရယ်မော၏။

ဝမ်ဖုန်းသည်တော့ ၎င်းမိုးကြိုးလှိုင်းများကို အစမှအဆုံးထိ လျစ်လျူရှုထားခဲ့သည်။ သို့သော် ရွှမ်တုဝင်ပေါက်ကို ရှာဖွေရန်အတွက် အသူတစ်ရာပင်လယ်နက်၏ အထက်ကောင်းကင်ကို စဉ်ဆက်မပြတ် ‌စူးစမ်းလေ့လာနေခဲ့သည်။

“ရပြီ!”

ရုတ်တရက်ပင် ဝမ်ဖုန်း၏မျက်လုံးများ‌ တောက်ပသွားလျက် ပုံရိပ်မှာ အလင်းတစ်စနှင့်အတူ အသူတစ်ရာပင်လယ်နက်၏ အလယ်ဗဟိုသို့ ရုတ်ချည်းရောက်ရှိသွားလေသည်။ လက်ချောင်းဖြင့်ညွှန်လိုက်သည်တွင် သူ၏လက်ချောင်းထိပ်မှ ခမ်းနားထည်ဝါသောစွမ်းအင်များသည် လေဟာပြင်တစ်ခွင်လုံးသို့ ပျံ့နှံ့‌ေနခဲ့သည်။

ဟမ်!

ဝမ်ဖုန်း၏ ခမ်းနားထည်ဝါသောစွမ်းအင်များ ပျံ့နှံ့ထုတ်လွှတ်‌ခြင်းနှင့်အတူ လေဟာပြင်မှာလည်း အဆက်မပြတ်တုန်ခါနေ၏။ လေဟာပြင်၏ တုန်ခါသည့်ကြိမ်နှုန်းမှာ တိကျသည့်ပုံသေနှုန်းထားရှိနေခြင်းမှာ ထူးခြားချက်ဖြစ်သည်။

အချိန်ခဏမျှကြာမြင့်ပြီးနောက်၌ လေဟာပြင်သည် ပြန်လည်ငြိမ်သက်သွားခဲ့ပြီး ဝမ်ဖုန်း၏ရှေ့တွင် ရှေးဟောင်းဝင်ပေါက်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်းဝင်ပေါက်မှာ ကမ္ဘာလောကတစ်ခုလုံးကို ကူးလူးစေနိုင်သည့်အလား အလွန်တရာ အနှိုင်းမဲ့ကြီးမားလှပေသည်။ ၎င်းဝင်ပေါက်ကို သိပ်သည်းထူးကဲသည့် အက္ခရာပုံသဏ္ဍာန်များဖြင့် ထွင်းထုပုံဖော်ထား၏။

တစ်ချက်ကြည့်ရုံဖြင့်ပင် ၎င်းအက္ခရာစာတန်းများမှာ အကာအကွယ်အစီအရင်ဖြစ်ကြောင်းကို ဝမ်ဖုန်း သိလိုက်၏။

ဝမ်ဖုန်းမှ ညွှန်ကြားခြင်မရှိသော်ငြား မသာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများသည် ဝင်ပေါက်ထွက်ပေါ်ပြီးသည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်း၏နောက်သို့ ရောက်ရှိလာကြ၏။ ဝမ်ဖုန်း၏ဦးဆောင်မှုဖြင့် ဝင်ပေါက်ထဲသို့ ဝင်‌ေရာက်သွားကြသည်။

…..

ရွှမ်တုမြို့၏ ထျန်းတုလျှို့ဝှက်နယ်မြေထဲတွင် ရှေးဟောင်းရွှမ်တုလူမျိုးများ နေထိုင်ကြ၏။ ရွှမ်တုမြို့ကြီးမှာ အချိန်ကာလ၏ ခြေရာလက်ရာများစွာ စွဲထင်ရစ်နေသော ရှေးဟောင်းမြို့ကြီးဖြစ်သည်။ ရှန်းရွှမ်ဒေသအထက်ရှိ မြို့ကြီးများဟူသည် ဤရှေးဟောင်းမြို့နှင့် နှိုင်းယှဉ်လိုက်သောအခါတွင်မူ သာမန်မျှသာ ဖြစ်သွားတော့သည်။

မြို့ကြီး၏ရှေ့ဘက် မြေပြန့်လွင်ပြင်၌ အရောင်ကွဲပြားစွာ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူ‌၆ဦးမှ ဦးဆောင်သည့် ပုံရိပ်များစွာ ရပ်နေကြသည်။

ထိုလူ၆ဦးမှာ ရွှမ်တုမြို့အရှင်၆ပါးဖြစ်သည်။ သူတို့၏နောက်တွင် ရှိနေကြသည်မှာ ရွှမ်တုမြို့အင်အားစုကြီး၆စု၏ စွမ်းအားမြင့်ကျင့်ကြံသူများ ဖြစ်ကြသည်။

ရှန်း‌ရွှမ်ဒေသကို မှောက်ခုံလုပ်ပစ်နိုင်စွမ်းသော ရွှမ်တုမြို့အရှင်၆ပါးမှာ အတူတကွ စုဝေးနေကြမည်ဟု မည်သူမျှ တွေးထင်မထားလောက်ပေ။ ရွှမ်တုမြို့အရှင်၆ပါး၏ ပူးပေါင်းအင်အားသည် ယွမ်ဟွားကောင်းကင်နယ်မြေကိုသော်မှ အတော်အတန်ကြီးသော သက်ရောက်မှုကြီး ဖြစ်စေနိုင်သည်။

ရွှမ်တုမြို့အရှင်၆ပါး၏ ဆန့်ကျင်ဘက်အရပ်၌ မြေအောက်ဘုံလောက၏ ပင်မအင်အားစုကြီးဖြစ်သည့် စစ်သူကြီးယိုတောက်၏ အမိန့်တော်ခံ မြေအောက်ဘုံလောက ကျင့်ကြံသူများဖြစ်၏။ အန္တိအနတ်မင်းအဆင့်ကျင့်ကြံသူတစ်ထောင်၊ ထျန်းမိုက်အဆင့်ကျင့်ကြံသူရာချီနှင့် ထျန်းကျိအဆင့်ကျင့်ကြံသူ၂၀နီးပါးသည် နောက်ဘက်တွင် သီးခြားရပ်တည်နေကြ၏။

“ဒီစစ်သူကြီး ရောက်လာရတဲ့အကြောင်းရင်းက ထျန်းတုမြို့အရှင်ဂုသင်္ချိုင်းအတွက်ပဲမို့ ခင်ဗျားတို့နဲ့ ပဋိပက္ခမဖြစ်ချင်ဘူး!”

ယိုတောက်မှ မျက်နှာချင်းဆိုင်အရပ်ရှိ ရွှမ်တုမြို့အရှင်၆ပါးကို ကြည့်နေ၏။ သူ၏မျက်လုံးများမှာ အထင်မြင်သေးခြင်းများ နက်ရှိုင်းစွာတွယ်ငြိနေလျက် တည်ကြည်လေးနက်စွာပြောသည်။

“‌ေဟး! ထျန်းတုမြို့အရှင်ဂူသင်္ချိုင်းက ကျုပ်တို့ရွှမ်တုမြို့နဲ့ သက်ဆိုင်တာလေ။ မင်းတို့ မြေအောက်ဘုံလောကနဲ့ ဘာများသက်ဆိုင်လို့တုန်း?!”

ရွှမ်ယွမ်အရှင်မှ အေးစက်စွာလှောင်ရယ်လျက် မျက်နှာအမူအရာမှာ မှုန်မှိုင်းနေပေသည်။

“ဘာလဲ? ခင်ဗျားတို့ မြို့အရှင်၆ပါးက ဒီစစ်သူကြီးနဲ့ တိုက်ခိုက်ဖို့စီစဉ်နေတာလား? ဒီစစ်သူကြီးကတော့ ကြောက်ရွံ့မနေပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ သေချာစဉ်းစားသင့်တယ်။ တိုက်ပွဲစတင်လိုက်ပြီဆိုတာနဲ့ အဆုံးသတ်ဖို့ဆိုတာ မလွယ်တော့ဘူးနော်။ ရှန်ရှန့်ကျုံဂိုဏ်းက တိုက်ခိုက်ဖို့ဆိုတာလည်း ပိုလွယ်ကူသွားလိမ့်မယ်။ နောင်တမရမှာ သေချာရဲ့လား?!”

ယိုတောက်၏ထိုစကားကြောင့် ရွှမ်တုမြိုအရှင်၆ပါး၏ မျက်နှာအမူအရာတို့မှာ ကြည့်ရဆိုးသွားရလေသည်။ ယိုတောက်၏မျက်နှာသည်လည်း မှုန်မှိုင်းနေပါ၏။ စစ်သူကြီးတစ်ဦးဖြစ်သည့် မိမိမှာ ရွှမ်တုမြို့အရှင်၆ပါးကို ခြောက်လှန့်ရန်အတွက် မိမိ၏ရန်သူကို အသုံးပြုခဲ့ရသည်တဲ့လေ?

ရွှမ်တုမြို့အရှင်၆ပါးသည် ထျန်းတုလျှို့ဝှက်နယ်မြေထဲတွင် တစ်နှစ်ပတ်လုံး ရှိနေခဲ့သော်ငြား ရှန်းရွှမ်ဒေသအတွက်ကိုလည်း စိုးရိမ်ပူပန်မှုရှိကြသည်ဖြစ်ရာ ယိယွမ်ဘုရားကျောင်းကို ဖျက်ဆီးခဲ့သည့် ရှန်ရှန့်ကျုံဂိုဏ်းကို အဘယ်သို့များ မသိဘဲ ရှိပါအံ့နည်း။

ယိယွမ်ဘုရားကျောင်း၏ နောက်ဆုံးဝှက်ဖဲသည် အလွန်တရာ ကြောက်မက်ဖွယ်ဖြစ်ကြောင်းကို သိရှိခဲ့ရသော်ငြား ရှန်ရှန့်ကျုံဂိုဏ်း၏ ဖျက်ဆီးခြင်းကို ခံခဲ့ရလေသည်။ သို့ဖြစ်၍ ရွှမ်တုမြို့အရှင်၆ပါးသည်လည်း အင်အားပူးပေါင်း၍ ရှန်ရှန့်ကျုံဂိုဏ်းနှင့် မြေအောက်ဘုံလောကကို ခုခံတိုက်ခိုက်ရန်အတွက် တွေဝေတုံ့ဆိုင်းမနေပါချေ။

ဤသို့သော အခြေအနေထဲတွင် အချင်းချင်းတိုက်ခိုက်နေခြင်းသည် အရူးလုပ်ရပ်သာ ဖြစ်ပေလိမ့်မည်။ မြို့အရှင်‌၆ပါးသည် တသီးတခြားဖြစ်နေချိန်၌လည်း အင်အားသည် သာလွန်ထူးကဲ၏။ သို့သော် အင်အားစုတစ်ခုတည်း၏ အင်အားဖြင့် ရှန်ရှန့်ကျုံဂိုဏ်းနှင့် မြေအောက်ဘုံလောကကို ခုခံတိုက်ခိုက်နိုင်မည် မဟုတ်ပေ။ အင်အားပူးပေါင်းမှသာ တိုက်ခိုက်နိုင်ပေမည်။

“ဒါမှမဟုတ်လည်း ကျုပ်တို့ အင်အားပူးပေါင်းပြီး ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်ဆီးပြီးမှ ထျန်းတုမြို့အရှင်ဂူသင်္ချိုင်းကိစ္စကို သပ်သပ်စဉ်းစားကြရင်ရော?!”

ရွှမ်ကျိအရှင်မှ ဦးမော့ဖြောင့်မတ်လျက် သူ၏မျက်လုံးအစုံမှာ ယိုတောက်ထံမှ အကြည့်မခွာချေ။

မြေအောက်ဘုံလောကသည် အင်အားကြီးမားသော်ငြား ရွှမ်တုမြို့အရှင်၆ပါးမှ အင်အားပူးပေါင်းလိုက်ပြီးနောက်တွင်မူ မြေအောက်ဘုံလောကမှာ ‌ခြိမ်းခြောက်မှု မဟုတ်တော့ပေ။ သို့သော် လျှို့ဝှက်ဆန်းကြယ်၍ နက်နဲလှစွာသော ရှန်ရှန့်ကျုံဂိုဏ်းကိုမူ မြို့အရှင်‌၆ပါးမှာ စိုးရိမ်ထိတ်လန့်နေဆဲ ဖြစ်သည်။

ထိုအချိန်က ဓားအဆောင်၏ ကြောက်မက်ဖွယ်စွမ်းအင်ကို ထျန်းတုလျှို့ဝှက်နယ်မြေတွင်ရှိနေသော မိမိတို့ပင်လျှင် ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။ မိမိတို့၏ အင်အားအကြီးမားဆုံးသော ဘိုးဘေးများပင်လျှင် ထိုစွမ်းအင်သက်ရောက်ခါစ အချိန်ခဏတွင် ခုခံနိုင်စွမ်းမရှိခဲ့သည်ကို အသိအမှတ်ပြုခဲ့ရ၏။

ထိုအဖြစ်အပျက်ကြောင့် အချိန်ကြာမြင့်စွာ လျှို့ဝှက်တိုက်ခိုက်နေခဲ့ကြသော ရွှမ်တုမြို့အရှင်၆ပါးသည် ရှန်ရှန့်ကျုံဂိုဏ်းကို တိုက်ခိုက်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် အင်အားပူးပေါင်းခဲ့ကြလေသည်။ ထိုပူးပေါင်းမှုသည် ရှန်ရှန့်ကျုံဂိုဏ်း၏ သူတို့အပေါ်သက်ရောက်စေခဲ့သည့် ဖိအားပမာဏကိုလည်း ပြသနေပေသည်။

ထိုသို့ ပူးပေါင်းထားသည့်အထိတိုင် ရွှမ်ကျိအရှင်မှာ မြေအောက်ဘုံလောကကို အနိုင်ယူပြီး ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်ဆီးရန်အစီအစဉ်ကို စိုးရိမ်ပူပန်နေမြဲဖြစ်သည်။ မှန်းဆမရနိုင်သော ရှန်ရှန့်ကျုံဂိုဏ်းနှင့် နှိုင်းယှဉ်ပါလျှင် မြေအောက်ဘုံလောကသည် သူတို့ကို ပို၍စိတ်သက်သာရာရစေ၏။

ရွှမ်ကျိအရှင်၏စကားအဆုံး၌ ကျန်မြို့အရှင်၅ဦးသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ စိတ်ထဲမှ တွေးတောနေကြသော်ငြား စကားမဆိုကြပေ။ မြေအောက်ဘုံလောကနှင့် ပူးပေါင်းလိုက်ပါလျှင် ရှန်ရှန့်ကျုံဂိုဏ်းကို တိုက်ခိုက်ရန်အတွက် ယုံကြည်မှုရှိလာပေ‌လိမ့်မည်။

ပို၍အရေးကြီးသည့်အချက်မှာ ဤသို့သေရေးရှင်ရေးအခြေအနေကြီးဖြစ်ပျက်၍ ထျန်းတုမြို့အရှင်ဂူသင်္ချိုင်းသို့ သူတို့ဝင်ရောက်သွားချိန်တွင် ရှန်ရှန့်ကျုံဂိုဏ်းမှ ရုတ်တရက် ပေါ်ထွက်လာပါလျှင်..

အဲဒါက တကယ်ပဲ မင်္ဂလာအခင်းအကျင်းနဲ့ကို ပွဲပြင်ဆင်ပေးလိုက်တာပဲ မဟုတ်လား?

ယိုတောက်သည် ရွှမ်ကျိအရှင်ကို မယုံကြည်နိုင်စွာ ကြည့်နေ၏။ ထို့နောက် စိတ်ပါဝင်စားဟန်အပြုံးဖြင့် စဉ်းစားတွေးတောနေလေသည်။

ရှန်ရှန့်ကျုံဂိုဏ်းမှ ယိယွမ်ဘုရားကျောင်း၏ ဓားအဆောင်ကို ဖျက်ဆီးခဲ့သည့်အကြောင်းကို သိရှိရပြီးနောက်တွင် ယိုတောက်၏ ရှန်ရှန့်ကျုံဂိုဏ်းအပေါ် ကြောက်ရွံ့စိတ်မှာ အတော်လေး ကြီးထွားလာခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်းကို မြေအောက်ဘုံလောက၏ အင်အားကြီးမား‌ေသာ ရန်သူတော်ကြီးအဖြစ် သတ်မှတ်လုနီးထိ ဖြစ်၏။

ကနဦး၌ ယိုတောက်သည် ရှန်ရှန့်ကျုံဂိုဏ်းကို မျက်လုံးထဲပင် မထည့်ခဲ့ပါ။ ထျန်းတုမြို့အရှင်၏ရတနာကို ရယူပြီးနောက်တွင် မြေအောက်ဘုံလောကကို ထိပါးရဲသည့် ရှန့်ရှန့်ကျုံဂိုဏ်းကို ဖျက်ဆီးပစ်မည်ဟု တွေးထားခဲ့ခြင်းဖြစ်သည်။

သို့သော် မမျှော်လင့်စွာဖြင့် သူအရေးမထားသည့် ရှန်ရှန့်ကျုံဂိုဏ်းမှာ အမှန်စင်စစ်သော နဂါးတစ်ကောင်ဖြစ်နေခဲ့ပြီး အလွန်တရာ အင်အားကြီးမားလှသည်မှာ ယိုတောက်ကိုယ်တိုင်ပင် ကြောက်စိတ်ဝင်မိရသည်အထိ။

“ကောင်းပြီ။ အရင်ဆုံး ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်ဆီးဖို့ အင်အားပူးပေါင်းလိုက်ကြတာပေါ့!”

“ဒီစစ်သူကြီးက ခင်‌ဗျားတို့ကို ဉာဏ်မများဖို့ အကြံပေးချင်တယ်။ မဟုတ်လို့ကတော့ ဒီစစ်သူကြီးက ခင်ဗျားတို့ကို အရိုးကြေကြေအရေခမ်းခမ်း လိုက်ဖျက်ဆီးပစ်မှာ!”

အချိန်ခဏကြာ စဉ်းစားနေခဲ့ပြီးနောက် ယိုတောက်မှ ရွှမ်တုမြို့အရှင်၆ပါးကို တည့်တည့်မတ်မတ် စူးစိုက်ကြည့်လျက် အသံနက်ဖြင့်အော်ပြော၏။

ယိုတောက်သည် ပူးပေါင်းရမည့် ရွှမ်တုမြို့အရှင်၆ပါးကို မကြောက်ရွံ့ပါ။ ရှန်ရှန့်ကျုံဂိုဏ်းကိုသာ ကြောက်ရွံ့မိပါ၏။

ရှန်ရှန့်ကျုံဂိုဏ်းသည် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်၍ အင်အားကြီးမား၏။ မြေအောက်ဘုံလောက၏ အင်အားတစ်ခုတည်းဖြင့် ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်ဆီးနိုင်မည်ဟု အာမ,မခံရဲသည်အထိပင်။

ယိုတောက် ဤတစ်ကြိမ် ခေါ်ဆောင်လာခဲ့သည့် အင်အားသည် ရွှမ်တုမြို့အရှင်၆ပါး၏ ပူးပေါင်းအင်အားနှ့င် ညီမျှသည်။ ရွှမ်တုမြို့အရှင်၆ပါးမှ ဉာဏ်များဝံ့မည်ဟု သူမယုံကြည်ပါချေ။

“မစိုးရိမ်ပါနဲ့။ ကျုပ်တို့က မင်းရဲ့မြေအောက်ဘုံလောကထက် ရှန်ရှန့်ကျုံဂိုဏ်းကို ပိုပြီး ဖျက်ဆီးချင်ပါတယ်!”

“ဂုဏ်သရေကြီးမြတ်တဲ့ ရွှမ်တုမြို့အရှင်၆ပါးက ဘယ်နေရာကမှန်းမသိ ရုတ်တရက်ထွက်ပေါ်လာတဲ့ ဂိုဏ်းငယ်လေးတစ်ခုရဲ့ ဖိနှိပ်တာကို ခံရတယ်လို့! ကျုပ်ရွှမ်ယွမ်အရှင်ရဲ့ ဆက်ခံသူက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အသတ်ခံလိုက်ရတယ်။ ဒီလိုရန်ငြှိုးမျိုးက ကျိန်းသေပေါက် ပြန်ပေးဆပ်ရမှာပဲ! မဟုတ်ဘူး.. သူတို့က ဘယ်လိုများ ကျုပ်တို့ရွှမ်ယွမ်အင်အားစုရဲ့ အသက်တွေနဲ့ ထိုက်တန်မှာတဲ့လဲ!”

ရွှမ်ယွမ်အရှင်သည် ယိုတောက်ကိုကြည့်လျက် အံကိုတင်းတင်းကြိတ်၍ပြော၏။

ရှန်းလန်ဘုံလောကကြီးမှ ကျန်ရစ်ခဲ့‌သည့် ရှေးဟောင်းအင်အားစုကြီးများအနေဖြင့် ရွှမ်တုမြို့အရှင်၆ပါးသည် ကောင်းကင်ကြီးတမျှ ဂုဏ်ယူဝံ့ကြွားကြသည်။ ရှန်းရွှမ်ဒေသ၏ ကျင့်ကြံသူများကိုမူ နှလုံးသည်းခြေမှတိုင် အထင်မြင်သေးကြသည်။ သူတို့ကို အာရုံထားစေနိုင်သည့် ရှန်းရွှမ်ဒေသ၏ တစ်ခုတည်းသော အင်အားစုမှာ ယိယွမ်ဘုရားကျောင်းဖြစ်သည်။

သို့သော် ယခု၌ ရှန်ရှန့်ကျုံဂိုဏ်းဟူသည် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ရွှမ်ယွမ်၏ဆက်ခံသူကို သတ်ဖြတ်ခဲ့သည်။ ၎င်းမှာ ရွှမ်ယွမ်အင်အားစုအတွက် အရှက်ရမှုကြီး ဖြစ်ပါ၏။ ရွှမ်ယွမ်အင်အားစုမှာ အဘယ်သို့များ ထိုရန်ငြှိုးကို သည်းခံနိုင်ပါမည်နည်း။

ယိုတောက်သည် ခေါင်းညိတ်ခဲ့သော်ငြား သူ၏နက်ရှိုင်းသော မျက်လုံးအစုံ၌ အထင်မြင်သေးမှုများ ရှိနေပေသည်။ ယိုတောက်မှာ ရှန်းလန်ဘုံလောကတစ်ခုလုံးကို မြေအောက်ဘုံလောက၏ ရင်းမြစ်အဖြစ်သို့ အစိတ်စိတ်အမွှာမွှာ ကြေကွဲသွားစေရန် တိုက်ခိုက်နိုင်စွမ်း အမြဲရှိခဲ့သည်။ ဤမြို့အရှင်၆ပါးသည် အကြွင်းအကျန်အင်အားစုလေးမျှသာ ဖြစ်၏။ မိမိမှာ အဘယ်ကြောင့်များ အရေးစိုက်နေရပါမည်နည်း။

ဤရှန်းလန်ဒေသသည်လည်း မြေအောက်ဘုံလောက၏ သိမ်းပိုက်ခြင်းခံရရန် ကံကြမ္မာစီမံထားပြီးဖြစ်သည်။

ဟမ်!

ထိုအခိုက်အတန့်၌ ထျန်းတုလျှို့ဝှက်နယ်မြေတစ်ခုလုံးမှာ အဆက်မပြတ် တုန်ခါလာခဲ့သည်။ ထူးခြားသည့်အရှိန်အဝါတစ်ခုသည် ထျန်းတုလျှို့ဝှက်နယ်မြေသို့ ထိုးဖောက်စိမ့်ဝင်လာနေ၏။ ထို့နောက် မြေပြန့်လွင်ပြင်၏ အထက်ကောင်းကင်တွင် ရှေးဟောင်းဝင်ပေါက်ကြီး ထွက်ပေါ်လာခဲ့သည်။

“လာနေပြီ!”

“ကျုပ်တိုက်ခိုက်ဖို့စောင့်နေမယ်!”

“ကျင့်ဝတ်သိက္ခာတွေကို ဂရုစိုက်မနေနဲ့။ အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းကို ဒီတိုင်း အလစ်တိုက်ပစ်ကြ!”

ဝင်ပေါက်ထွက်ပေါ်လာသည်တွင် ရွှမ်တုမြို့အရှင်၆ပါးသည် တစ်ပြိုင်နက်တည်း အော်ဟစ်ကြလျက် သူတို့၏ခန္ဓာကိုယ်မှ ပြင်းထန်ကြမ်းကြုတ်သည့် စွမ်းအင်လှိုင်းများကို ကမ္ဘာလောကတစ်ခွင်လုံးသို့ လွှမ်းခြုံစေမည့်အလား ဖြာထွက်စေကြသည်။

ထိုမြင်ကွင်းတွင် ယိုတောက်နှင့် မြေအောက်ဘုံလောက ကျင့်ကြံသူများသည်လည်း တွေဝေတုံ့ဆိုင်း မနေကြပေ။ တစ်ဦးပြီးတစ်ဦး စွမ်းအင်များ ထုတ်လွှတ်ကြ၏။ ကြောက်မက်ဖွယ်သော နတ်ဆိုးစွမ်းအင်များ အရပ်လေးမျက်နှာသို့ ပျံ့နှံ့လွှမ်းခြုံသွားသည်မှာ အလွန်အင်အားကြီးမားလှသည်။

ထျန်းတုလျှို့ဝှက်နယ်မြေကြီးမှာ တစ်ခြမ်းမှာ ကြောက်မက်ဖွယ်နတ်ဆိုးနယ်မြေနှင့် တစ်ခြမ်းမှာ ရွှမ်တုမြို့အရှင်၏ ကမ္ဘာပြိုကွဲစေလောက်သော လျှို့ဝှက်နယ်မြေကြီးအဖြစ် ထက်ဝက်ပိုင်းခံလိုက်ရသည်ကဲ့သို့ ဖြစ်နေတော့သည်။

အင်အားကြီးမားလှစွာသော အစီအရင်စွမ်းအင်များ တစ်ပြိုင်နက်တည်း ဖြာထွက်ထုတ်လွှတ်နေကြလျက် ကမ္ဘာလောကတစ်ခုလုံးမှာ ၎င်းစွမ်းအင်များဖြင့် ဖုံးလွှမ်းခံလိုက်ရကာ ရှေးဟောင်းဝင်ပေါက်သို့ မုန်တိုင်းထန်သည့်စွမ်းအင်ပင်လယ်ကြီးအလား ဦးတည်လိမ့်တက်သွားကြသည်။

All Chapters