← Chapters

စိတ်အားထက်သန်နေကြတယ်ပေါ့လေ?

Vol. 30 Ch. 416

စိတ်အားထက်သန်နေကြတယ်ပေါ့လေ?

Vol. 30 Ch. 416

Translator - Hsue Htet

ဘုန်း!

ကြောက်ခမန်းလိလိသော စွမ်းအင်လှိုင်းလုံးကြီးများ ရွှမ်တုလျှို့ဝှက်နယ်မြေကြီးကို ဖုံးလွှမ်းသွားသည်။ မြင့်သွန်းသော ရှေးဟောင်းဝင်ပေါက်သည် ကြမ်းကြုတ်ခက်ထန်သော စွမ်းအင်လှိုင်းများကြောင့် မတည်မငြိမ်ဖြင့် အပြင်းအထန် တုန်ခါနေသည်။

ဟမ်!

ထိုအခိုက်အတန့်တွင် ရှေးဟောင်းဝင်ပေါက်ထဲမှ ပုံရိပ်တစ်ခု ထွက်လာ၏။ ထိုလူ၏ခြေတစ်လှမ်းတွင် လောကတစ်ခုလုံးမှာ ဆိတ်ငြိမ်သွားလေသည်။ ထျန်းကျိအထွတ်အထိပ်ကျင့်ကြံသူကို တုန်လှုပ်စေနိုင်သော စွမ်းအင်ကြောင့် အားလုံးမှာ တောင့်ခဲသွားကြ၏။ ခြုံငုံလိုက်ပါလျှင် စွမ်းအင်စီးဆင်းမှုများအထိပါ လှုပ်ရှားမှုကင်းမဲ့သွားသည်ဟု ဆိုနိုင်ပေသည်။

“အလစ်တိုက်မယ်ဆိုလည်း ဒီထက်ပို အင်အားကြီးမှ ပိုကောင်းမှာပေါ့။ ဒီလိုအားနည်းလွန်းတဲ့ တိုက်ခိုက်မှုလေးနဲ့ မင်းအဖေငါက ကလိထိုးသလောက်တောင် မယားဘူးဟ!”

ထိုပုံရိပ်ထံမှ စကားသံ ခပ်ဖျော့ဖျော့ထွက်ပေါ်လာ၍ တိတ်ဆိတ်နေသည့် လောကတစ်ခွင်၌ ပဲ့တင်ထပ်သွား၏။ ထိုစကားလုံးများမှ အထင်မြင်သေးဟန်များမှာ ရွှမ်တုမြို့ကျင့်ကြံသူများနှင့် မြေအောက်ဘုံလောက ကျင့်ကြံသူများကို ပါးစပ်အပြည့်သော သွေးတစ်ပွက်အန်ထွက်သွားစေရန် လုံလောက်ပေသည်။

ရွှမ်တုမြို့အရှင်၆ပါး ဦးဆောင်တဲ့ ပေါင်းစည်းအင်အားနဲ့ မြေအောက်ဘုံလောက ပင်မအင်အားစုကြီးရဲ့ စွမ်းအင်တစ်ပြုံတစ်ခေါင်းကြီးကို ဒီလူက အားနည်းတယ်လို့ ပြောလိုက်တာလား?

“ဘယ်လိုဖြစ်နိုင်မှာလဲ?”

ရွှမ်တုမြို့အရှင်၆ပါးနှင့် နောက်လိုက်ကျင့်ကြံသူများဖြစ်စေ၊ မြေအောက်ဘုံလောက ကျင့်ကြံသူများဖြစ်စေ အားလုံးမှာ မျက်လုံးအပြူးသားဖြင့် အံ့အားသင့်စွာ အော်ဟစ်မိကြလေသည်။ မျက်နှာအမူအရာတို့မှာ မယုံကြည်နိုင်ခြင်းများ ပြည့်နှက်လျက်ဖြင့်။

ကျင့်ကြံသူများစွာတို့မှာ အရိုးထိသော အေးစိမ့်မှုကြီးတစ်ခုကို ခံစားလိုက်ရသည်။ ဘယ်လိုတည်ရှိမှုကြီးက သူတို့အားလုံး ပူးပေါင်းထားတဲ့စွမ်းအင်ကို ဒီလောက် အလွယ်တကူ ခုခံဟန့်တားနိုင်တာဖြစ်မလဲ?

အဲဒီ့လိုတည်ရှိမှုကြီး တကယ်ရှိနေတယ်ဆိုရင် ကျုပ်တို့ကရော တိုက်ခိုက်နိုင်ပါ့မလား?

ရွှမ်တုမြို့အရှင်၆ပါးနှင့် မြေအောက်ဘုံလောက ကျင့်ကြံသူများ ထိတ်လန့်သွားကြ၏။ မိမိတို့မှာ ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားကို အထင်မြင်သေး တွက်ချက်မိခဲ့ပြီး မိမိတို့ကိုယ်ကို အထင်ကြီးခဲ့မိလေပြီ။

မဟာနတ်ဆိုးရွှမ်ရှသည် တိတ်ဆိတ်နေသည့်လူအုပ်စုကြီးအား ထပ်မံမတိုက်ခိုက်ဘဲ အထင်မြင်သေးစွာဖြင့် ကြည့်နေ၏။ မဟာနတ်ဆိုးရွှမ်ရှသည် ရှေးဟောင်းဝင်ပေါက်၏ဘေးဘက်သို့ ရိုကျိုးစွာ ဘေးကပ်သွား၏။ မဟာနတ်ဆိုးရွှမ်ရှ၏ ထိုလေးစားရိုကျိုး‌ဟန်သည် နေရာရှိကျင့်ကြံသူအားလုံး၏ စိတ်နှလုံးကို မုန်တိုင်းထန်သွားစေခဲ့သည်။

ဒီလိုတည်ရှိမှုကြီးက အရမ်း တလေးတစားပြုမူနေရလောက်အောင် အဲဒီ့လူက ဘယ်လိုတောင် အင်အားကြီးမားတာများလဲ?

လူသူအပေါင်း၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်‌များအောက်၌ ဝမ်ဖုန်းသည် လီပိုင်နှင့်အခြားသူများကို ဦးဆောင်၍ ရှေးဟောင်းဝင်ပေါက်ထဲမှ ထွက်လာခဲ့သည်။ ထွက်လာပြီးသည်နှင့်တစ်ပြိုင်နက် လေဟာပြင်တွင် ရပ်တန့်နေသည့် တိုက်ခိုက်မှုစွမ်းအင်တစ်ပြုံတစ်ခေါင်းကြီးကို မြင်တွေ့လိုက်ရလေသည်။

တော်လိုက်တဲ့ နတ်ဆိုးရွှမ်ရှ! ရှန်ရှန့်ကျုံဂိုဏ်းက မင်းကို အရမ်းသဘောကျရပါတယ်! ဒီတိုက်ပွဲက မင်းအတွက် အရမ်းများ မကြီး‌ဘူးဆိုရတော့မလား?

“ထျန်းတုမြို့အရှင်ဂူသင်္ချိုင်းကို ငါဂိုဏ်းချုပ် အလိုရှိတယ်!”

ဝမ်ဖုန်းသည် နှေးကွေးလေးကန်နေသော လူအုပ်ကိုကြည့်၍ ခပ်သာသာပြောလိုက်၏။ ဝမ်ဖုန်း၏အသံမှာ အလွန်နူးညံ့ညင်သာသော်ငြား လောကတစ်ခွင်၌ ရှင်းလင်းပြတ်သားစွာ ပဲ့တင်ထပ်သွားခဲ့သည်။ ရွှမ်တုမြို့ကျင့်ကြံသူများနှင့် မြေအောက်ဘုံလောက ကျင့်ကြံသူများမှာ မျက်နှာအမူအရာများ မည်းမှောင်သွားရလေသည်။

သူတို့သည် မဟာနတ်ဆိုးရွှမ်ရှ၏ အင်အားကြောင့် အမှန်တကယ် ထိတ်လန့်သွားခဲ့ကြပါ၏။ သို့သော် ဝမ်ဖုန်းမှ စကားတစ်ခွန်းတည်းဖြင့် သူတို့အား ထျန်းတုမြို့အရှင်ဂူသင်္ချိုင်းကို ထုတ်ပေးစေလိုခြင်းမှာ အဘယ်သို့များ ဖြစ်နိုင်ပါမည်နည်း။

၎င်းမှာ ယွမ်ဟွားကောင်းကင်နယ်မြေကို စိန်ခေါ်ဝံ့ခဲ့သော ရှန်းလန်ဘုံလောက၏ ပထမဆုံးပုဂ္ဂိုလ်ကြီးမှ ချွင်းချန်ရစ်ခဲ့သော ဂူသင်္ချိုင်းဖြစ်သည်။ ထူဂူသင်္ချိုင်းအတွင်းရှိ ရတနာများမှာ မည်သည့်အင်အားစုကိုမဆို တစ်ဟုန်ထိုးခုန်လွှားတိုးတက်စေနိုင်စွမ်းပြီး

ယွမ်ဟွားကောင်းကင်နယ်မြေနှင့်ပင် အင်အားညီမျှသည့်တည်ရှိမှုကြီး ဖြစ်စေနိုင်သည်။

ဤသို့သော ကောင်းကင်ဘုံနှင့်ဖက်ပြိုင်စွမ်းသည့် အခွင့်အရေးကို အဘယ်သို့များ လက်လွှတ်ပေးနိုင်ပါမည်နည်း။

“လူကြီးမင်းဗျ အဲဒါကတော့ မလွန်လွန်းဘူးလားဗျာ? ထျန်းတုမြို့အရှင်ဂူသင်္ချိုင်းက ကျုပ်တို့ရွှမ်တုမှာ ရှိတာပါ။ ကျုပ်တို့ရွှမ်တုမြို့အရှင်၆ပါးမှာပဲ ထျန်းတုကိုဝင်ရောက်နိုင်တဲ့ သော့တွေရှိပါတယ်။ လူကြီးမင်းက အဲဒါကို စကားလေးတစ်ခွန်းတည်းနဲ့ ယူသွားချင်တာကတော့ အရမ်းတွေ စိတ်ကူးယဉ်နေတာ မဟုတ်ဘူးလားဗျာ?”

ရွှမ်ယွမ်အရှင်မှာ မည်းမှောင်နေသော မျက်နှာအမူအရာဖြင့် မျက်လုံးအစုံမှာ ဝမ်ဖုန်းထံမှ အကြည့်မလွှဲဘဲ အေးစက်စွာပြော၏။

အခြားကျင့်ကြံသူများသည်လည်း ဝမ်ဖုန်းကို မကျေမချမ်းဖြင့် ကြည့်နေကြသည်။ သူတို့သည် မဟာနတ်ဆိုးရွှမ်ရှ၏ မှန်းဆမရနိုင်သောစွမ်းအင်ကို ကြောက်ရွံ့သောကြောင့် မဟုတ်ပါလျှင် ဝမ်ဖုန်း၏ထိုစကားဖြင့်ပင် ဝမ်ဖုန်းကို ရှစ်စိတ်ပိုင်းပြီးလောက်လေပြီ။ အကောင်းကြိုက်လွန်းလျှင် ဘေးအန္တရာယ်ကိုသာ ဆောင်ကြဉ်းနိုင်မည်ဖြစ်ကြောင်းကို ဝမ်ဖုန်းအား ပြသပေးလိုလှသည်။

ရွှမ်ယွမ်အရှင်၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက် မဟာနတ်ဆိုးရွှမ်ရှသည် ရွှမ်ယွမ်အရှင်၏ရှေ့သို့ ရုတ်ချည်းရောက်ရှိလာ၏။ ထို့နောက် ရွှမ်ယွမ်အရှင်၏ မျက်လုံးအိမ်ထဲ၌ အလင်းတောက်ပသော လက်သီးသဏ္ဍာန်သည် ပို၍ပို၍ကြီးမားလာနေသည်။

ဘုန်း!

မဟာနတ်ဆိုးရွှမ်ရှသည် ရွှမ်ယွမ်အရှင်သို့ ညှာတာမှုအလျဉ်းမရှိစွာ လက်သီးထိုးချက်တစ်ခု ပစ်လွှတ်လိုက်၏။ ရွှမ်ယင်အရှင်သည် ကနဦး၌ နီမြန်းလာခဲ့ပြီး ထို့နောက်တွင် လူတစ်ကိုယ်လုံးမှာ သွေးမှုန်သွေးစများအဖြစ် ပေါက်ကွဲသွားတော့သည်။

ရွှမ်ယွမ်အရှင်၏နံဘေးတွင် ရပ်နေကြသော ရွှမ်ယွမ်အင်အားစု ကျင့်ကြံသူများမှာ သွေးများဖြင့် ပေကျံဖုံးလွှမ်းသွား၏။ ထိုကျင့်ကြံသူများမှာ ရုတ်ချည်းတောင့်ခဲသွားရကာ ‌ဦးနှောက်မှာ ဗလာကျင်းသွားလေသည်။ အသက်ပင် မရှူဝံ့တော့ပေ။ မိမိတို့၏ခန္ဓာမှာ မိမိတို့အပိုင် မဟုတ်တော့ဟု ခံစားလိုက်ရပြီး ကြောက်စိတ်များ အဆုံးမဲ့ ဝင်ရောက်လာခဲ့တော့သည်။

“ကျေးဇူးမသိတတ်တဲ့ တိရစ္ဆာန်ကောင်တွေ!”

မဟာနတ်ဆိုးရွှမ်ရှသည် လက်သီးထိုးဟန် ကိုယ်အနေအထားကို မရုတ်သိမ်းသေးဘဲနှင့် နေရာရှိလူများကိုကြည့်၍ အထင်မြင်သေးစွာပြော၏။

ထိုစကားသံသည် လူအားလုံးကို ကြောင်အနေသည့်အခြေအနေမှ လှုပ်နှိုးပေးလိုက်၏။ အားလုံးသည် မဟာနတ်ဆိုးရွှမ်ရှကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေကြလေသည်။

ထျန်းကျိအထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်က ဒီလိုပဲ ဖောက်ခွဲခံလိုက်ရတာလား?

ယိုတောက်နှင့် အခြားမြို့အရှင်၅ဦးကဲ့သို့‌ေသာ စွမ်းအားမြင့်ကျင့်ကြံသူများပင်လျှင် ထိုအခိုက်အတန့်၌ တုန်ရီနေကြလေသည်။ ခြေဖဝါအောက်ခြေမှ နှလုံးအိမ်၊ဦးနှောက်ဖျားအထိတိုင် အေးစက်မှုတစ်မျိုးက စိမ့်ဝင်ပျံ့နှံ့နေခဲ့သည်။

လောကတစ်ခုလုံးမှာ သုသာန်တစပြင်အလား တိတ်ဆိတ်နေ၏။

ယိုတောက်သည် မြေအောက်ဘုံလောက ကျင့်ကြံသူများကို အနည်းငယ် နောက်ဆုတ်စေလိုက်သည်။ သူ၏ခန္ဓာကိုယ်တွင်းစွမ်းအင်ကို အပြင်းထန်ဆုံးအဟုန်ဖြင့် စီး‌ဆင်းစေပြီးနောက် မိမိ၏တည်ရှိမှုခံစားချက်ကို အနည်းပါးဆုံးဖြစ်နိုင်ရန် လျှော့ချလိုက်သည်။ မြေအောက်ဘုံလောကနှင့် ရှန်ရှန့်ကျုံဂိုဏ်းမှာ ရန်ငြှိုးရှိထား၏။

မဟာနတ်ဆိုးရွှမ်ရှမှ မိမိကို ထိုးလာခဲ့ပါလျှင် အခြားသူများသည်လည်း ပျက်သုဉ်းရပေလိမ့်မည်။

ထိုအခြေအနေတွင် ယိုတောက်မှာ ထျန်းတုမြို့အရှင်ဂူသင်္ချိုင်းအကြောင်းကို နည်းနည်းလေးမှ အတွေးမရှိတော့ပါချေ။ သူ၏စစ်တပ်ကို မြေအောက်ဘုံလောကသို့ လုံလုံခြုံခြုံဖြင့် ပြန်လည်ဆုတ်ခွာနိုင်ရန်သာ မျှော်လင့်မိပေသည်။

“နာခံပါ! ထျန်းတုမြို့အရှင်ဂူသင်္ချိုင်းကို ဝင်ရောက်ဖို့ သော့ကို လက်လွှဲပေးလိုက်ပါ!”

မဟာနတ်ဆိုးရွှမ်ရှသည် လက်သီးကိုပြန်ရုတ်သိမ်းလိုက်ပြီး နေရာရှိလူများကိုကြည့်၍ ကျယ်လောင်စွာပြော၏။

ပျင်းဖို့ကောင်းလိုက်တာ! ပျင်းဖို့ကောင်းလိုက်တာ!

ဂိုဏ်းချုပ်ရှေ့မှာ ဟိတ်ဟန်ထုတ်ဖို့ကြောင့်သာမဟုတ်ရင် ဒီအားနည်းလွန်းတဲ့ကြက်ပေါက်တွေကို သတ်ရတာ မတူမတန်လွန်း‌လို့ စိတ်ပျက်တယ် ထအော်မိမှာပဲ!

မဟာနတ်‌ဆိုးရွှမ်ရှ၏စကားတွင် အားလုံးမှာ တိတ်ဆိတ်နေကြ၏။ မိမိတို့မှာ လူအင်အားများသော်ငြား ထိုအင်အားဖြင့် မဟာနတ်ဆိုးရွှမ်ရှကို သတ်ဖြတ်ရန် မလုံလောက်မည်ကို စိုးရိမ်နေရ၏။ ဆက်လက်တောင့်ခံနေပါလျှင် ဒုက္ခခံစားရသူမှာ မိမိတို့သာ ဖြစ်လိမ့်မည်။

မြို့အရှင်၅ဦးသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ရွှမ်ကျိအရှင်မှ အံတင်းတင်းကြိတ်၍ ပြောလာခဲ့သည်။

“သော့ကို လွှဲပြောင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့လည်း ထျန်းတုမြို့အရှင်ဂူသင်္ချိုင်းထဲကို အတူတူ လိုက်ဝင်ပါမယ်”

အဆုံးသတ်‌တွင်တော့ သူတို့သည် ထျန်းတုမြို့အရှင်ဂူသင်္ချိုင်းကို လက်မလျှော့နိုင်ပါချေ။ သူတို့သည်လည်း ကံကောင်းထောက်မစွာဖြင့် ထျန်းတုမြို့အရှင်ဂူသင်္ချိုင်းမှ ရတနာများကို ရရှိနိုင်ခဲ့ပါလျှင် ဝမ်ဖုန်းတို့ကို ကြောက်ရွံ့နေစရာ မလိုတော့မည့်အပြင် သူတို့၏အရှက်ရမှုကိုပါ ဆေးကြောနိုင်မည်ဖြစ်သည်။

ထျန်းတုမြို့အရှင်ဂူသင်္ချိုင်းသည် အခြေအနေကို ပြောင်းလဲနိုင်မည့် တစ်ခုတည်းသောအခွင့်အရေး ဖြစ်သည်။ မဟာနတ်ဆိုးရွှမ်ရှ၏ အမျက်ဒေါသဘေးကို ရင်ဆိုင်ရမည်ဖြစ်သော်ငြား ကြိုးစားကြည့်ရပေမည်။

တစ်ဖက်ရှိ ယိုတောက်သည်လည်း ထိုစကားကြောင့် မျက်လုံးအရောင်လက်သွားပြန်သည်။ ထျန်းတုမြို့အရှင်ဂူသင်္ချိုင်းသို့ ဝင်ရောက်နိုင်မည်ဆိုပါက နောက်ပြန်မဆုတ်လိုတော့ပါချေ။

“အရူးကောင်ပဲ!”

“ဂိုဏ်းချုပ်ရဲ့စကားကို သဘောတူလက်ခံလို့ပဲရမယ်။ ညှိနှိုင်းလို့မရဘူး နားလည်လား?”

မဟာနတ်ဆိုးရွှမ်ရှသည် အလင်းတစ်စဖြင့် ရွှမ်ကျိအရှင်ရှေ့သို့ ရုတ်ချည်းရောက်ရှိလာ၏။ ရွှမ်ကျိအရှင်၏လည်တိုင်ကို လက်တစ်ဖက်တည်းဖြင့် ဆွဲကိုင်၍ လူတစ်ကိုယ်လုံးကို ပင့်မြှောက်ထားလျက် လှောင်ရယ်လေသည်။

“မင်း…!”

ရွှမ်ကျိအရှင်သည် မဟာနတ်ဆိုးရွှမ်ရှ၏လက်ကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ရုန်းကန်ရင်းဖြင့် မျက်နှာမှာ နီရဲနေတော့သည်။ လူတစ်ကိုယ်လုံးမှာ တွန့်လိမ်ရုန်းကန်နေသော်ငြား မဟာနတ်ဆိုးရွှမ်ရှသည် လည်တိုင်ကို တင်းတင်းဖိညှစ်ထားသောကြောင့် အင်အားကုန်သုံးခဲ့သော်ငြား မလွတ်မြောက်နိုင်ခဲ့ပေ။

ထိုမြင်ကွင်းကြောင့် ရွှမ်တုမြို့ကျင့်ကြံသူတပည့်များမှာ ထိတ်လန့်မှုနှင့်အတူ ဒေါသဖြစ်လာကြ၏။

ဒီရှန်ရှန့်ကျုံဂိုဏ်းက ယုတ်မာလိုက်တာများ ထျန်းတုမြို့အရှင်ဂူသင်္ချိုင်းကိုတောင် တစ်ဦးတည်း လက်ဝါးကြီးအုပ်ချင်သေးတယ်?

“တိုက်ခိုက်ကြ!”

“လူများမှဖြစ်မယ်။ တစ်ယောက်တည်းဆို နိုင်မှာမဟုတ်ဘူး။ အတူတိုက်ကြမယ်!”

“လူကိုယုတ်မာတာ အရမ်းလွန်သွားပြီ.. ကျုပ်တို့ရွှမ်တုက ဘာလို့ ဒီလိုစော်ကားမှုမျိုးကို သည်းခံနေရမှာလဲ?!”

ရွှမ်တုကျင့်ကြံသူများမှ တစ်ယောက်ပြီးတစ်ယောက် ဒေါသဖြင့်ကြိမ်းဝါးသံများ ထွက်ပေါ်လာ၏။

ကျုပ်တို့ရွှမ်တုက ဘာလို့ အဲဒီ့လူတွေရဲ့ ဖိနှိပ်ခံရမှာလဲ?

သူတို့သည် မဟာနတ်ဆိုးရွှမ်ရှ၏ အင်အားကို ကြောက်ရွံ့‌ကြသော်ငြား အမျက်ဒေါသသည် ထိုကြောက်ရွံ့မှုကို ဖုံးလွှမ်းသွားခဲ့လေသည်။

ထျန်းတုမြို့အရှင်ဂူသင်္ချိုင်းသို့ အတူဝင်ရောက်ရန် သဘောတူညီခဲ့ပါလျှင် ထိုမျှနှင့် ငြိမ်သက်ခဲ့မည်ဖြစ်၏။ မျှော်လင့်ချက်အနည်းငယ်လည်း ရှိနေလိမ့်ဦးမည်။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်းသည် တစ်ဦးတည်း လက်ဝါးကြီးအုပ်လိုသည်ဖြစ်ရာ သူတို့မှာ အဘယ်သို့များ သဘောတူညီနိုင်ပါမည်နည်း။

မိမိတို့မှာ ဤနယ်မြေထဲတွင် အချိန်ကြာမြင့်စွာ နစ်မြှုပ်နေထိုင်ခဲ့ကြပြီး ရွှမ်တုမှ ထွက်မသွားခဲ့ဖူးပေ။ မိမိတို့၏ ကျင့်ကြံမှုကိုသာ အာရုံစိုက်ထားခဲ့ကြ၏။

ဒါပေမဲ့ ဒီလူတွေက ဘာလုပ်ကြတာလဲ? ထျန်းတုမြို့အရှင်ဂူသင်္ချိုင်းရဲ့ ရတနာတွေကို ဒီနေ့မှာ စောင့်ရှောက်ဖို့ မဖြစ်နိုင်တော့တာနဲ့ပဲ ရုတ်တရက် ရောက်လာတဲ့ ရှန်ရှန့်ကျုံဂိုဏ်းက ကျုပ်တို့ရဲ့အစီအစဉ်တွေကို ဖျက်ဆီးပြီး ကျုပ်တို့ရဲ့ နှစ်ပေါင်းမြောက်များစွာ အားစိုက်ထုတ်မှုတွေကို လက်ဝါးကြီးအုပ်သွားမယ်တဲ့လား?

“အတူတိုက်ကြ!”

မြို့အရှင်လေးဦးသည် အကြည့်ချင်းဖလှယ်ကြပြီးနောက် အံတင်းတင်းကြိတ်၍ ဟိန်း‌ေဟာက်ဟစ်ကြွေးကြလေသည်။ ရှန်ရှန့်ကျုံဂိုဏ်းမှ ထျန်းတုမြို့အရှင်ဂူသင်္ချိုင်း၏ ရတနာများကို လက်ဝါးကြီးအုပ်သွားရန် ခွင့်မပြုနိုင်ပါချေ။

ရှန်ရှန့်ကျုံဂိုဏ်း၏ မူလအင်အားသည်ပင် အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။ ထျန်းတုမြို့အရှင်ဂူသင်္ချိုင်း၏ ရတနာများကိုပါ ရရှိသွားခဲ့ပါလျှင် သူတို့၏တစ်ဘဝလုံးကို ရှန်ရှန့်ကျုံဂိုဏ်းအား အနည်းငယ်များပင် ခုခံနိုင်စွမ်းမရှိဘဲနှင့် ဖိနှိပ်ခံရခြင်းဖြင့် ကုန်ဆုံးသွားရပေလိမ့်မည်။

ရွှမ်ကွေ့အရှင်၏ ဟစ်ကြွေးသံသည် ရွှမ်တုမြို့ကျင့်ကြံသူများကိုသာမက မြေအောက်ဘုံလောက ကျင့်ကြံသူများကိုပါ ရည်ရွယ်ခြင်းဖြစ်၏။ ရွှမ်တု၏အင်အားတစ်ခုတည်းဖြင့် ရှန်ရှန့်ကျုံဂိုဏ်းကို မတိုက်ခိုက်နိုင်သည်ကို သူသိပါသည်။ ရှန်ရှန့်ကျုံဂိုဏ်းကို ခုခံတိုက်ခိုက်ရန် လူအင်အားများစွာ လိုအပ်၏။

“သတ်!”

ယိုတောက်သည် အံကိုတင်းတင်းကြိတ်ထား၏။ သို့သော် အဆုံးတွင်တော့ ထျန်းတုမြို့အရှင်ဂူသင်္ချိုင်း၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ခဲ့ပါချေ။ လက်ကိုဝှေ့ယမ်း၍ ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်။ ဤသည်မှာ ရှန်ရှန့်ကျုံဂိုဏ်းကို ဖယ်ရှားနိုင်မည့် အခွင့်အရေးဖြစ်သည်။ တစ်ခုတည်းသော အခွင့်အရေးဖြစ်၏။

ရွှမ်တုကျင့်ကြံသူများ၏ အမျက်ဒေါသကို အခွင်းကောင်းယူ၍ မြေအောက်ဘုံလောက ကျင့်ကြံသူများ၏ စွမ်းအင်များနှင့် ပူးပေါင်းလိုက်ပါလျှင် ရှန်ရှန့်ကျုံဂိုဏ်းကို ဖိနှိပ်နိုင်ကောင်းသည်။ ရှန်ရှန့်ကျုံဂိုဏ်းကို မဖျက်ဆီးနိုင်ခဲ့လျှင်သော်မှ ရှန်ရှန့်ကျုံဂိုဏ်းမှ မိမိတို့အား တန်းတူညီအဖြစ် ကြည့်မြင်စေနိုင်၏။

“စိတ်အားထက်သန်နေကြတယ်ပေါ့လေ?”

မဟာနတ်ဆိုးရွှမ်ရှသည် သက်ပြင်းဖွဖွချလျက် လက်ဖဝါးကိုလှည့်ကာ ရွှမ်ကျိအရှင်၏ဦးခေါင်းကို လိမ်ချိုးဖြုတ်ယူပစ်လိုက်သည်။ ရွှမ်ကျိအရှင်မှာ အသက်သေဆုံးသွားခဲ့လေပြီ။ မဟာနတ်ဆိုးရွှမ်ရှသည် ရွှမ်ကျိအရှင်၏ဦးခေါင်းကို လက်တွင်ကိုင်လျက် အမျက်ကြီးစွာ ဦးတည်လာနေကြသည့် ကျင့်ကြံသူများကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများမှာ လူသေတစ်အုပ်ကိုကြည့်နေသည့်အလား အထင်မြင်သေးဟန်တို့ ပြည့်နှက်နေ၏။

ဘုန်း!

မဟာနတ်ဆိုးရွှမ်ရှသည် ရွှမ်ကျိအရှင်၏ဦးခေါင်းကို ပစ်ထုတ်လိုက်၏။ ထို့နောက် လက်ကို အကြိမ်ကြိမ်ဝှေ့ယမ်းရာ ‌အနက်ရောင်မှော်စွမ်းအင်များ သူ၏လက်ဖျား၌ ထွက်ပေါ်လာ၍ တစ်ကိုယ်လုံးကို လွှမ်းခြုံနေသည်မှာ လောကသို့ဆင်းသက်လာသည့် နတ်ဆိုးမိစ္ဆာကြီးအလား ထင်မှတ်ရသည်။

ကြောက်မက်ဖွယ်မှော်စွမ်းအင်သည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားပြီး တစ်ဟုန်ထိုးပြေးဝင်လာသည့် ကျင့်ကြံသူများကို ဖုံးလွှမ်းသွား၏။ မှော်စွမ်းအင်များသည် ‌ပေရာချီမြင့်သွန်းသည့် တောင်တန်းကြီးကဲ့သို့ သေစေလောက်သောပြင်းအားဖြင့် ဖိနှိပ်၏။ ‌ပြင်းထန်‌လှသည့်ဖိအားအောက်တွင် သွေးမြူခိုးများအဖြစ် ပေါက်ကွဲသွားလေသည်။

“ရားးး!”

မဟာနတ်ဆိုးရွှမ်ရှမှ လက်ဖဝါးရိုက်ချက်နှစ်ခုကို တွန်းထုတ်လိုက်သောအခါ မှော်စွမ်းအင်များသည် ဧရာမနဂါးနှစ်ကောင်အဖြစ်သို့ စုဝေးဖြစ်တည်သွား၏။ နဂါးများ၏ ကြီးမား‌စူးရဲသော မျက်လုံးကြီးများသည် ဖိနှိပ်ခံထားရသော ရွှမ်တုမြို့ကျင့်ကြံသူများကို အထက်မှ စီးမိုးကြည့်ရှုနေသည်။ ကြောက်မက်ဖွယ်နဂါးအရှိန်အဝါသည် ရွှမ်တုမြို့ကျင့်ကြံသူများကို အဆက်မပြတ် တုန်ယင်စေကာ လူတို့မှာ တုန်လှုပ်ခြောက်ချားကြကုန်သည်။

မှော်စွမ်းအင်နဂါးကြီးသည် နားကွဲလုမတတ်သော ဟိန်းဟောက်သံကို ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးကို ဖျက်ဆီးနိုင်စွမ်းသော စွမ်းအင်ဖြင့် ဟိန်းဟောက်၏။ ရွှမ်တုမြို့ကျင့်ကြံသူများမှာ အနားသို့ မကပ်နိုင်မီ၌ပင် ကြောက်မက်ဖွယ်နတ်ဆိုးမှော်စွမ်းအင်၏ ရိုက်ခတ်မှုဖြင့် လွင့်ထွက်သွားရလေသည်။

ရွှမ်ကွေ့အရှင်နှင့် အခြားသော ထျန်းကျိအဆင့်ကျင့်ကြံသူများသည်လည်း တစ်ဦးပြီးတစ်ဦး တိုက်ခိုက်ကြ၏။ ခုခံရေးအကာအကွယ်စွမ်းအင်ကို အတူတကွ ဖန်တီးကြခြင်းဖြင့် နဂါးနှစ်ကောင်၏စွမ်းအင်ကို ခုခံနေကြသည်။ နယ်မြေ၏ရှေးဟောင်းသားရဲများသည်လည်း စွမ်းအင်များ အားကုန်ဖြာထွက်ထုတ်လွှတ်လျက် ရွှမ်ကွေ့အရှင်နှင့်တကွ အခြားမြို့အရှင်များနှင့် ဆက်နွယ်လိုက်ကြပြီး အကာအကွယ်အစီအရင်ကြီးကို ဖန်ဆင်းလိုက်ကြသည်။

All Chapters