← Chapters

ထျန်းတုမြို့

Vol. 30 Ch. 417

ထျန်းတုမြို့

Vol. 30 Ch. 417

Translator - Hsue Htet

တစ်ဖက်တွင်လည်း တတိယဝက်ဘုရင်သည် မဟာနတ်ဆိုးရွှမ်ရှသို့ ဦးတည်လာနေသော မြေအောက်ဘုံလောက ကျင့်ကြံသူများ၏ရှေ့သို့ ရောက်ရှိလာ၏။ သူ၏လက်ထဲမှ ဓားရှည်ကိုကိုင်မြှောက်လျက် ကြောက်မက်ဖွယ်စွမ်းအင်များသည် ဓားရှည်အတွင်းသို့ စီးဆင်းနေသည်။ တောက်ပသော ဓားရောင်ခြည်နှင့် ထက်ရှသော ဓားသွားတို့သည် ‌မြေအောက်ဘုံလောက ကျင့်ကြံသူများကို တုန်ရီစေသည်။

“မင်းတို့‌ေရှ့က လောကကြီးကို သေချာကြည့်စမ်းပါ!”

တတိယဝက်ဘုရင်သည် ‌‌ငရဲဘုံမှ ထွက်ပေါ်လာသည်ကဲ့သို့သော အေးစက်သည့်အသံကြီးဖြင့် ကြိမ်းဝါး၏။ ထိုအသံနှင့်အတူ ကြောက်မက်ဖွယ်‌ဓားရောင်ခြည်သည် ကမ္ဘာလောကအား ခုတ်ပိုင်းပစ်မည့်အလား အရှိန်အဝါကြီးမားလှသည်။

ထိတ်လန့်အံ့ဩဖွယ်သော အဟုန်ဖြင့် ဓားချီသည် ဒေါင်လိုက်အနေအထား၊ ရေပြင်ညီအနေအထားတို့ဖြင့် ‌မြေအောက်ဘုံလောက ကျင့်ကြံသူများကို နှစ်ခြမ်းခုတ်ပိုင်းလိုက်သည်။ ဓားရောင်ခြည်မှ ထုတ်လွှတ်လိုက်သည့် ဓားချီမျှသာဖြစ်သော်ငြား မြေအောက်ဘုံလောက ကျင့်ကြံသူများမှ ခုခံနိုင်သည့်စွမ်းအင် မဟုတ်ပါချေ။

“-ြီး!”

နားစည်ထဲတွင် ‌မြည်ဟီးလာသည့်အသံကြောင့် ယိုတောက်မှာ မျက်လုံးများနီရဲလျက် အဆက်မပြတ် ကျိန်ဆဲမိလေသည်။ ဒေါသနှင့်အတူ ကြောက်ရွံ့မှုလည်း ဖြစ်တည်နေ၏။ ရှန်ရှန့်ကျုံဂိုဏ်း၌ မှန်းဆရန်နက်နဲသော နတ်ဆိုးတစ်ကောင်သာ ရှိသည်ဟု သူတွေးထင်ခဲ့သည်။ နတ်ဆိုးတစ်ကောင်ဖြင့်ပင် ခုခံရန်ခက်ခဲနေပြီဖြစ်ရာ နောက်တစ်ယောက် ထပ်မံရှိနေဦးမည်ဟု မျှော်လင့်မထားခဲ့ပေ။

‌ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးကို ပေါင်းကူးသွားသော ထိုဓားရောင်ခြည်မှာ တစ်ချက်ကြည့်ရုံဖြင့်ပင် နှလုံးအိမ်ကို တုန်လှုပ်စေပြီး ထိုဓားရောင်ခြည်ကို ခုခံဟန့်တားနိုင်ရန် ယုံကြည်ချက်ပျောက်ဆုံးသွားစေသည်။

“တိုက်ကြ! အတူတိုက်ကြ!”

ယိုတောက်မှ အံကိုတင်းတင်းကြိတ်၍ ဟိန်းဟောက်၏။ စိတ်တွင်း၌ မည်မျှကြောက်ရွံ့မိသည်ဖြစ်စေ အကောင်းဆုံးတိုက်ခိုက်မှုဖြင့် တုံ့ပြန်ရမည်သာဖြစ်သည်။

မတိုက်တော့ရော ဒီတိုင်းရပ်ပြီး သေဖို့စောင့်နေရမှာ ဖြစ်နိုင်လို့လား?

ဘုန်း!

အသံနှင့်အတူ ယိုတောက်ထံမှ အင်အားကြီးမားစွာသော စွမ်းအင်လှိုင်းလုံးကြီးများ ဖြာထွက်လာခဲ့သည်။ မြေအောက်ဘုံလောက အကြီးအကဲများသည်လည်း ယုံကြည်မှုပြင်းစွာဖြင့် တစ်ယောက်ပြီးတစ်ယောက် စွမ်းအင်များ ထုတ်လွှတ်၏။

ထျန်းတန့်အထွတ်အထိပ်ကျင့်ကြံသူ၅ဦးနှင့် ထျန်းကျိအထွတ်အထိပ်အဆင့် ကျင့်ကြံသူ၁၀ဦးတို့သည် တစ်ပြိုင်နက်တည်း စွမ်းအင်ထုတ်လွှတ်ခြင်းဖြင့် ကြီးမားလှစွာသော အနက်ရောင်ဓားရောင်ခြည်ကို ဖန်တီး၍ တတိယဝက်ဘုရင်၏ ‌ဓားရောင်ခြည်ကို ခုခံကြသည်။

ဘုန်း!

လူများစွာ၏အကြည့်အောက်၌ ဓားရောင်ခြည်နှစ်ခု ထိခတ်သွားခဲ့ပြီး မုန်တိုင်းထန်သောပင်လယ်ပြင်ကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းတံပိုးများ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွား၍ ရွှမ်တုမြို့ကြီးတစ်ခုလုံးမှာ အထက်သို့လွင့်တက်သွားရသည်။

ကြောက်မက်ဖွယ်စွမ်းအင်၏ သက်ရောက်မှုကြောင့် မြေအောက်ဘုံလော ကျင့်ကြံသူများမှာ တစ်ဦးပြီးတစ်ဦး လွင့်ထွက်သွားကြလေသည်။ သွေး‌စ‌သွေးနများမှာလည်း မီးရှူးမီးပန်းများအလား ပေါက်ကွဲထွက်ကုန်ကြ၏။ အပြင်းအထန်ဒဏ်ရာများဖြင့် သေသည်၊ရှင်သည်ကိုပင် မခွဲခြားနိုင်တော့သည်အထိ မြေပြင်သို့ လဲပြိုကြကုန်ကြသည်။

အဟွတ်!

ယိုတောက်နှင့် ထျန်းကျိအဆင့်အထက်ရှိ မြေအောက်ဘုံလောကကျင့်ကြံသူများသည်လည်း လွင့်ထွက်သွားကြပြီး ပါးစပ်အပြည့်သွေးတစ်ပွက် အန်ထွက်သွားရသည်။ မျက်နှာတို့မှာ အလွန်တရာဖြူဖျော့လျက်ဖြင့် ‌ဓားကိုစွဲမြဲစွာ ကိုင်ဆောင်ထားကြကာ တတိယဝက်ဘုရင်အား တုန်လှုပ်ခြောက်ချားစွာ ကြည့်နေကြသည်။

ကျင့်ကြံသူအမြောက်အများ အင်အားပူးပေါင်းလိုက်လျှင် အနည်းဆုံးတော့ တတိယဝက်ဘုရင်၏ ဓားချက်ကို ခုခံနိုင်မည်ဟု ယိုတောက် တွေးထားခဲ့သည်။ သို့သော် အမှန်တကယ် ထိပ်တိုက်ရင်ဆိုင်ပြီးချိန်တွင်မူ မိမိမှာ တတိယဝက်ဘုရင်၏ ဓားစွမ်းအင်ကို ‌ပေါ့လျော့တွက်ဆမိခဲ့ပြီဖြစ်ကြောင်းကို နားလည်လိုက်ရ၏။ တတိယဝက်ဘုရင်၏ ထက်ရှသောဓားသွားသည် သူ၏စိတ်နှလုံးကိုပါ ဖိနှိပ်နေခဲ့ပြီး တစ်ကိုယ်လုံးတုန်ယင်စေခဲ့လေသည်။

“အားနည်းချက်ကိုအခွင့်ကောင်းယူ!”

ဆိုရိုးစကားအတိုင်းပင် အားနည်းချိန်ကို အခွင့်ကောင်းယူ၍ သတ်ပစ်ရပေမည်။

ယိုတောက်တို့ကို လွင့်ထွက်သည်အထိ တိုက်ခိုက်ပြီးနောက် တတိယဝက်ဘုရင်၏ မျက်နှာထက်တွင် ခပ်ထေ့ထေ့အပြုံးတစ်ခု ဖြစ်တည်လာခဲ့ပြီး သူ၏လက်ထဲမှ ဓားရှည်သည် ဒေါင်လိုက်အနေအထားမှ ရေပြင်ညီအနေအထားသို့ ပြောင်းလဲသွား၍ ဓားကိုဆုပ်ကိုင်ထားသည် သူ၏လက်ပင် အဆက်မပြတ် တုန်ယင်နေသည်အထိ စွမ်းအင်များကို စီးဆင်းထုတ်လွှတ်ခဲ့သည်။

ဓားချက်သည် ရေပြင်ညီအတိုင်း ခုတ်ပိုင်းသွား၍ ဓားရောင်ခြည်မှာ ကောင်းကင်ဘုံကိုဖြိုခွင်းနိုင်စွမ်း၏။

တတိယဝက်ဘုရင်၏ ရေပြင်ညီဓားချက်တွင် ဧရာမဓားရောင်ခြည်ကြီး တစ်ဖန်ထွက်ပေါ်လာပြန်သည်။ ၎င်းဧရာမဓားရောင်ခြည်သည် လှိုင်းတံပိုးများကဲ့သို့ ယိုတောက်တို့ထံသို့ ဦးတည်လိမ့်တက်သွားသည်။ ထိုစွမ်းအင်လှိုင်း ဖြတ်သန်းသွားရာ နေရာအားလုံးမှာ အပျက်အစီးများအဖြစ်သာ ကြွင်းကျန်ရစ်ခဲ့လေသည်။

ဓားရောင်ခြည်သည် ကောင်းကင်ထိတိုင် ဖြတ်သန်းသွား၍ ‌ကမ္ဘာလောကတစ်ခုလုံးကို ဖုံးလွှမ်းပိတ်ကာလိုက်၏။ ယိုတောက်တို့မှာ ဆုတ်ခွာလွတ်မြောက်ရန် လမ်းမရှိတော့သည်ဖြစ်ရာ ဦးတည်လာနေသော ဓားရောင်ခြည်ကို စိတ်ပျက်လက်ပျက်ဖြင့်သာ ငေးကြောင်ကြည့်နေကြသည်။

ဓားရောင်ခြည်သည် ထိတ်လန့်တုန်လှုပ်နေကြသော ယိုတောက်နှင့် မြေအောက်ဘုံလောကကျင့်ကြံသူများကို ညှာတာမှုမရှိ ခုတ်ပိုင်းလိုက်၏။ မြေအောက်ဘုံလောက ကျင့်ကြံသူများမှာ ခန္ဓာကိုယ်များ နှစ်ပိုင်းပြတ်သွားကြလျက် မြေပြင်မှာ သွေးများစွန်းထင်ဖုံးလွှမ်းသွားတော့သည်။

ဓားချက်တစ်ချက်ဖြင့် ကြီးကျယ်ခမ်းနားစွာသော မြေအောက်ဘုံလောက စစ်တပ်ကြီးသည် အလောင်းနှင့်သွေးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ယိုတောက်၏ ရုပ်အလောင်းမှာ အခြားသော မြေအောက်ဘုံလောက ကျင့်ကြံသူများ ရုပ်အလောင်းထက်တွင် မြင့်သွန်းစွာတည်ရှိနေလျက် ကောင်းကင်ဘုံထိတိုင် သွေးညှီနှံများကို ထုတ်လွှတ်နေတော့သည်။

“ကိုယ့်သေလမ်းကိုယ်ရှာတာပဲ!”

တတိယဝက်ဘုရင်သည် အလောင်းနှင့်သွေးပင်လယ်ကြီးကို အထင်မြင်သေးစွာဖြင့် တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ဝမ်ဖုန်းတို့ထံသို့ ပြန်လှည့်လာရင်းဖြင့် ခပ်ဖျော့ဖျော့ရေရွတ်၏။

တစ်ပြိုင်နက်တည်းပင် မဟာနတ်ဆိုးရွှမ်ရှသည်လည်း လက်နှစ်ဘက်ကိုနောက်ပစ်လျက် သူ၏ရှေ့ရှိ ရွှမ်ကွေ့နှင့်အခြားသူများကို အထင်မြင်သေးစွာ စူးစိုက်ကြည့်နေခဲ့သည်။

ရွှမ်ကွေ့နှင့် အခြားရွှမ်တုမြို့အရှင်များ၏ပုံစံမှာ အလွန်သနားချင့်စဖွယ်ဖြစ်နေတော့သည်။ လူတစ်ကိုယ်လုံးမှာ သွေးများဖုံးလွှမ်းလျက် တုန်လှုပ်ခြောက်ချားစွာဖြင့် မဟာနတ်ဆိုးရွှမ်ရှ၏ ရှေ့မှောက်၌ ဒူးထောက်နေကြသည်။ မျက်လုံးအစုံတို့မှာ ကြောက်ရွံ့မှုများ ပြည့်နှက်နေကြ၏။

သူတို့၏နောက်၌လည်း အလောင်းပင်လယ်ကြီး ဖြစ်တည်နေပေသည်။ ‌အက်ကွဲကြေမွနေသည့် မြေပြင်ထက်တွင် သွေးစ၊အသားစများ ဟိုတစ်စုသည်တစ်စု ပြန့်ကျဲနေ၏။ တွင်းနက်ကြီးနှစ်ခုသည် ဘယ်ညာယှဉ်တွဲတည်‌ရှိနေ၍ မတွက်ဆ‌နိုင်သော အကွာအဝေးထိတိုင် နက်ရှိုင်းစွာဖြန့်ကျက်နေသည်။ ရှေးဟောင်းမြို့တော်ကြီးမှာ အပျက်အစီးပုံများသာ ကျန်ရစ်ခဲ့၍ ပျောက်ကွယ်သွားခဲ့လေပြီ။

“သော့ကို နာနာခံခံနဲ့ လွှဲပေးလိုက်တော့ မကောင်းလို့လား? ငါနတ်ဆိုးအိုကြီးမှာ တမက်သက်သက် အလုပ်ပိုလုပ်လိုက်ရတယ်!”

မဟာနတ်ဆိုးရွှမ်ရှသည် လက်ထဲရှိ ရှေးဟောင်းသော့၆ချောင်းကို ဝေ့ဝဲကြည့်ရှုရင်းဖြင့် ရွှမ်ကွေ့နှင့် အခြားရွှမ်တုမြို့အရှင်များအား အထင်မြင်သေးစွာ ပျက်ရယ်ပြု၏။

သို့ဖြင့် နတ်ဆိုးနှစ်ပါး၏ ဖျက်ဆီးမှုဖြင့် ရှန်းလန်ဘုံလောကမှ ဆင်းသက်လာသော အင်အားစုများနှင့် ရွှမ်တုမြို့အရှင်၆ပါးမှာ အပြီးတိုင် သုတ်သင်ရှင်းလင်းခံရတော့မည် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ရွှမ်ကွေ့နှင့် အခြားရွှမ်တုမြို့အရှင်များမှာ ကြောင်အနေကြလျက် မဟာနတ်ဆိုးရွှမ်ရှ၏ စကားများကို မကြားနိုင်တော့ပါချေ။

ဘုန်း!

ရွှမ်ကွေ့နှင့် ထိုမြို့အရှင်များ၏ အခြေအနေကိုကြည့်၍ မဟာနတ်ဆိုးရွှမ်ရှမှာ စိတ်ပျက်သွားလေသည်။ ထို့နောက် လက်ဖဝါးရိုက်ချက်တစ်ချက်ဖြင့် ထိုရွှမ်တုမြို့အရှင်များအား အခြားသော ရွှမ်တုမြို့သားများနှင့် ပြန်လည်ပေါင်းစည်းနိုင်ရန် ပို့ဆောင်ပေးလိုက်တော့သည်။

“ဒင်! ရှန်ရှန့်ကျုံဂိုဏ်း၏ မဟာနတ်ဆိုးရွှမ်ရှနှင့် တတိယဝက်ဘုရင်တို့မှ ရွှမ်တုမြို့ကျင့်ကြံသူများနှင့် မြေအောက်လောကကျင့်ကြံသူများကို သတ်ဖြတ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်၃၀၀ဘီလီယံနှင့် အန္တိမနတ်မင်းအဆင့်ကျပန်းဆင့်ခေါ်ခွင့်၅ခု ရရှိပါတယ်!”

ဝမ်ဖုန်းသည် စနစ်၏အချက်ပေးသံကို လျစ်လျူရှု၍ မဟာနတ်ဆိုးရွှမ်ရှ ပေးအပ်လာသည့် ရှေးဟာင်းသော့၆ချောင်းကို လက်ခံယူလိုက်ပြီးနောက် လက်ကိုဝှေ့ယမ်း၍ ချန်းတုလျှို့ဝှက်နယ်မြေအတွင်းသို့ တစ်ဟုန်ထိုးဦးတည်သွား၏။

မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများသည်လည်း ဝမ်ဖုန်း၏နောက်မှ လိုက်သွားကြသည်။ အချိန်ခဏမျှကြာမြင့်ပြီးနောက် ချန်းတုလျှို့ဝှက်နယ်မြေ၏ အလယ်ဗဟိုသို့ ရောက်လာခဲ့သည်။ ဤသည်မှာ ရှေးဟောင်းလျှို့ဝှက်နယ်မြေ၏ အလယ်ဗဟိုဖြစ်သော်ငြား ကံဆိုးစွာဖြင့် အပျက်အစီးပုံကြီး ဖြစ်သွားခဲ့ရလေသည်။

ဝမ်ဖုန်းသည် အလင်းတောက်ပသော မျက်လုံးအစုံဖြင့် လက်ထဲရှိ ရှေး‌ဟောင်းသော့၆ချောင်းကို ကြည့်နေခဲ့ပြီးနောက် ခန္ဓာကိုယ်တွင်းစွမ်းအင်များကို သော့များထဲသို့ စီးဆင်းစေလိုက်သည်။

သူ၏ခန္ဓာကိုယ်တွင်းစွမ်းအင်များသည် တွင်းပေါက်တစ်ခု ရှာတွေ့သွားသည်ကဲ့သို့ တစ်ဟုန်ထိုး စီးဆင်းထွက်သွားနေသည်ကို ဝမ်ဖုန်း ရုတ်တရက်ခံစားလိုက်ရသည်။ ချက်ချင်းပင် ဝမ်ဖုန်း၏စွမ်းအင်များမှ ဆယ်ပုံတစ်ပုံမှာ ကုန်ဆုံးသွားခဲ့၏။

ဝမ်ဖုန်း၏မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားလျက် လက်ထဲမှ သော့၆ချောင်းကို‌ကြည့်လိုက်သည်။ ထျန်းတုမြို့အရှင်ဟောင်းမှာ မျှော်လင့်ထားသည့်အတိုင်းပင် သေ့ာဖွင့်ခြင်းသည်ပင် စွမ်းအင်အမြောက်အများ ကုန်ဆုံးစေပေသည်။

ဟမ်!

ဝမ်ဖုန်း၏ အင်အားကြီးမားလှစွာသော စွမ်းအင်ကိုစုပ်ယူပြီးနောက် သော့၆ချောင်းသည် အပြင်းအထန် တုန်ခါလာခဲ့ပြီး ထိုသော့များမှ အလင်းတန်း၆သွယ် ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ချက်ချင်းပင် သော့‌၆ချောင်းမှ အလင်းတန်း၆သွယ်သည် မြေပြင်သို့ ကျဆင်းသွား၏။

ဘုန်း!

၎င်းအလင်းတန်းငယ်၆သွယ် မြေပြင်သို့ ကျရောက်သွားသည်နှင့်တစ်ပြိုင်နက် ရွှမ်တုမြို့တစ်ခုလုံးမှာ ရုတ်တရက် တုန်ခါလာခဲ့သည်။ ဝမ်ဖုန်းတို့ရောက်ရှိနေသည့် ထျန်းတုလျှို့ဝှက်နယ်မြေ၏ တုန်ခါနှုန်းမှာ အမြင့်ဆုံးဖြစ်သည်။ ကြီးမားသောအက်ကွဲကြောင်းကြီးတစ်ခု ဖြစ်တည်လာခဲ့၍ ထိုအက်ကွဲကြောင်းအောက်မှ ကျောက်သားလမ်းမြင့်တစ်ကြောင်း ထွက်ပေါ်လာခဲ့သည်။

၎င်းကျောက်သားလမ်းမြင့်သည် လိုဏ်ဂူဝင်ပေါက်ဖြစ်သည်။ မျက်နှာပြင်ထက်တွင် အက္ခရာများ ရေးထိုးထား၏။

ဝမ်ဖုန်းနှင့်အခြားသူများသည် ရှေးဟောင်းအက္ခရာများကို အာရုံစူးစိုက်ကြည့်နေကြသည်။ ထိုရှေးဟောင်းအက္ခရာများမှ ခမ်းနားထည်ဝါသော အရှိန်အဝါကို ခံစားမိကြပေသည်။ ၎င်းအရှိန်အဝါကို ခံစားရသည်တွင် မဟာနတ်ဆိုးရွှမ်ရှနှင့် လီပိုင်သည်ပင် အနည်းငယ် နှလုံးခုန်မြန်လာရသည်။

ထျန်းတုမြို့အရှင်ဂူသင်္ချိုင်းသည် နတ်မင်းသွေးကြောတစ်ခုဖြင့် ဆက်နွယ်နေသည်ကို ဝမ်ဖုန်း ခံစားမိ၏။ အင်အားပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာ မြစ်ကြီးတစ်ခုကဲ့သို့ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီး၏ စွမ်းအင်များသည် မြေပြင်ထက်တွင် ဖွဲ့တည်စီးဆင်းနေကြသည်။

ထျန်းမိုက်ဟူသည် ‌ယွမ်ဟွားကောင်းကင်နယ်မြေ၌ ကောင်းကင်ဘုံနှင့်ပထဝီမြေကြီးတို့၏စွမ်းအားမှ ဖြစ်တည်လာသော နတ်မင်းသွေးကြောဖြစ်သည်။ ကွာခြားချက်မှာ ထျန်းမိုက်သွေးကြောရှိသူသည် ထျန်းကျွင်းအဆင့်ကျင့်ကြံသူဖြစ်၏။

ထျန်းမိုက်သွေးကြောတိုင်း၌ ကောင်းကင်ဘုံနှင့်ပထဝီမြေကြီး၏ စွမ်းအင်များပါရှိသည်။ စွမ်းအင်တစ်ခုအတွက် ထန်းမိုက်သည် အရေးအပါဆုံးသော အခြေခံအုတ်မြစ်ဖြစ်သည်။

ထျန်းတုမြို့အရှင်သည် ထျန်းမိုက်သွေးကြောကို ပိုင်ဆိုင်နိုင်ခဲ့မည်ဟု ဝမ်ဖုန်း မမျှော်လင့်ခဲ့ပေ။ သူ၏ ဂူသင်္ချိုင်းကိုပင် ဤသို့ခမ်းခမ်းနားနား ပြင်ဆင်မြှုပ်နှံခဲ့သေး၏။

ယွမ်ဟွားကောင်းကင်နယ်မြေမှ ထျန်းတုမြို့အရှင်မှာ ထျန်းမိုက်ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိသွားပါလျှင် ဤတစ်ကြိမ် ထျန်းတုမြို့သခင်ဂူသင်္ချိုင်းအတွက် တိုက်ပွဲသည် ဤမျှမရိုးရှင်းနိုင်တော့မည်ကို စိုးရွံ့ရ၏။

ဘုန်း!

နားကွဲလုမတတ်သော မိုးခြိမ်းသံကဲ့သို့သောအသံကြီး ရွှမ်တုမြို့တစ်ခွင်၌ မြည်ဟီးသွား၏။ ဝမ်ဖုန်းတို့မှာ ထျန်းတန့်အဆင်နှင့်အထက်များ မဟုတ်ခဲ့ပါလျှင် ၎င်းကြောက်မက်ဖွယ်အဟုန်ကို ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။ အချိန်ခဏမျှ နားစည်များ တောင့်ခဲသွားသည်ဟုပင် ခံစားလိုက်ရပေသည်။

“ထျန်းတုမြို့အရှင်က ရွှမ်တုမြို့ကျင့်ကြံသူတွေ ပြောသလောက် မရိုးရှင်းဘူး”

ဝမ်ဖုန်းသည် မြေပြင်ရှိအက်ကွဲကြောင်းကို မလွှဲတမ်းကြည့်နေရင်းမှ ခပ်ဖျော့ဖျော့ရေရွတ်၏။

မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများသည်လည်း သဘောတူညီစွာ ခေါင်းညိတ်ကြ၏။ သူတို့အားလုံးမှာ ထျန်းတန့်အဆင့်ဖြစ်ပြီး မဟာနတ်ဆိုးရွှမ်ရှသည် ထျန်းကျုံဖြစ်၍ လီပိုင်မှာ ထျန်းရှင်းအဆင့်ဖြစ်သည်။ ထျန်းတုမြို့အရှင်သည် အသက်ရှိနေစဉ်အချိန်၌ ထျန်းဝူအဆင့်သို့ ရောက်ရှိနိုင်ခဲ့လျှင်သော်မှ ဤသို့ကြောက်မက်ဖွယ်ဂူသင်္ချိုင်းကို ချန်ထားခဲ့နိုင်ရန်မှာ မဖြစ်နိုင်ပေ။

ဂူသင်္ချိုင်းကို အကောင်အထည်ပင် မမြင်တွေ့ရသေးသော်ငြား အဟုန်ဖြင့်ပင် လီပိုင်တို့ကဲ့သို့သော တည်ရှိမှုများကို တုန်လှုပ်စေနိုင်ခဲ့သည်။ ထျန်းဝူအဆင့်ကျင့်ကြံသူသည် ဤသို့အဆင့်မျှ ဖန်တီးနိုင်ခဲ့ရန်မှာ မဖြစ်နိုင်ပေ။

ဘုန်း!

ထိုအခိုက်အတန့်၌ ပြောင်းလဲမှုတစ်ခု ထပ်မံဖြစ်ပေါ်လာပြန်သည်။ ကျောက်သားလမ်းမြင့်ရှိ လိုဏ်ဂူဝင်ပေါက်မှ တောက်ပနီဆွေးသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၍ မြေပြင်ထက်ရှိအက်ကွဲကြောင်းကို ထိုးဖောက်ထွက်လာ၏။

ကြောက်ခမန်းလိလိသော အရှိန်အဟုန်ကို သယ်ပိုးထားသည့် ထိုအလင်းတန်းသည် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါလည်း ပါဝင်နေသည်ဖြစ်ရာ ဝမ်ဖုန်းတို့မှာ ထိတ်လန့်တုန်လှုပ်သွားကြရသည်။

ကံကောင်းထောက်မစွာဖြင့် ဤသည်မှာ ရွှမ်တုမြို့ဖြစ်နေခဲ့သည်။ သို့မဟုတ်ပါက နတ်ဓားတစ်လက်ကဲ့သို့သော ဤအလင်းတန်းသည် အရပ်ဆယ်မျက်နှာရှိ ရင်းမြစ်လောကအားလုံးကို နှောင့်ယှက်နိုင်စွမ်းကာ ယွမ်ဟွားကောင်းကင်နယ်မြေကိုပင် သတိထားမိသွားစေလောက်သည်။

All Chapters