ဗုဒ္ဓရဲ့အသုံးဝင်မှုက ဘာများလဲ?
Vol. 30 Ch. 418
Translator - Hsue Htet
ဝမ်ဖုန်းသည် ဂုဏ်သရေကြီးမြတ်စွာသောအမူအရာဖြင့် ကောင်းကင်ယံသို့ ထိုးတက်နေသည့်အလင်းတန်းကို ကြည့်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်မှာ တောင့်ခဲနေ၏။ ဝမ်ဖုန်းသည်လည်း ထျန်းတုမြို့အရှင်ဂူသင်္ချိုင်း ပေါ်ထွက်လာခြင်းသည် ဤမျှကြီးကျယ်ခမ်းနားမည်ဟု မျှော်လင့်မထားခဲ့ပေ။
ဝန်ဖုန်း၏ဘေးရှိ မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများသည် ခန္ဓာကိုယ်တွင်းစွမ်းအင်များကို တိတ်တဆိတ် စီးဆင်းထားစေလျက် သတိအနေအထားဖြင့် အာရုံစူးစိုက်နကြသည်။ ကံဆိုးလှသည့် ရွှမ်တုမြို့အရှင်၆ပါးနှင့် မြေအောက်ဘုံလောက ကျင့်ကြံသူများမှာ ဤထျန်းတုမြို့အရှင်ဂူသင်္ချိုင်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့လျှင်သော်မှ သူတို့၏ကျင့်ကြံဆင့်မှာ ခံနိုင်ရည်မရှိဘဲနှင့် သေဆုံးကြရလိမ့်မည်ပင်။
မိမိတို့၏ကျင့်ကြံမှုဖြင့်ပင် အလွန်တရာ သတိထားနေရ၏။ ထိုလူအုပ်စုတို့မှာ တွေးနေရန်ပင် မလိုအပ်ပေ။
ဘုန်း!
ဉာဏ်အလင်းတောက်ပစွာသော ကြာပန်းများသည် လျှို့ဝှက်ဆန်းကြယ်သောစည်းချက်ဖြင့် ကျောက်သားလမ်းမြင့်ထက်တွင် ထွက်ပေါ်လာသည်။ ထိုကြာပန်းများ ပေါ်ထွက်လာသည်တွင် မြေပြင်တစ်ခုလုံးမှာ အပြင်းအထန် တုန်ခါနေလျက်ဖြင့် မိုးခြိမ်းသံကဲ့သို့သော ဗလုံးဗထွေးသံများ မြည်ဟီးလာသည်။
ကျောက်သားလမ်းမြင့်မှာ မြင့်တက်လာပြီး မြေပြင်အက်ကွဲကြောင်းကြီးမှာ ပို၍ကျယ်လာလေရာ ကနဦး၌ တစ်မီတာခန့်ကျယ်ဝန်းသော အက်ကွဲကြောင်းသည် ၁၀မီတာမှ မီတာတစ်ရာ… နောက်ဆုံး၌ မိုင်ပေါင်းထောင်ချီထိ ဖြစ်တည်သွားလေသည်။
မိမိတို့၏ရှေ့တွင် အောက်ခြေမရှိသော အဆုံးမဲ့အသူတစ်ရာချောက်ကမ်းပါးကြီး တည်ရှိနေသည့်အလားပင်။ ကြာပန်းများမှ ထုတ်လွှတ်ပျံ့နှံ့စေသော နှင်းမြူခိုးငွေ့များသည် ချောက်ကမ်းပါးတစ်ခုလုံးကို ဝိုးတိုးဝါးတားဖြစ်စေသည်။ ဝမ်ဖုန်းတို့၏စွမ်းအားဖြင့်ပင် အက်ကွဲကြောင်းအောက်ဘက်ရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
ချောက်ကမ်းမှ ထွက်ပေါ်လာနေသည့် နားစည်ကိုစူးအောင့်စေသော လေချွန်သံကဲ့သို့ အသံစူးစူးသည် ချောက်ကမ်းပါးထဲတွင် ထျန်းတုလျှို့ဝှက်နယ်မြေထဲတွင် ပဲ့တင်ထပ်နေ၏။ တစ်ခါတစ်ရံ၌ လေတဝေါဝေါတိုက်ခတ်နေသကဲ့သို့ဖြစ်ပြီး တစ်ခါတစ်ရံ၌ ဓားပျံထောင်သောင်းချီ၏ အရှိန်ပြင်းပြင်းထိခတ်မိသည့် အသံကဲ့သို့ဖြစ်သည်။ အလွန်ကြောက်မက်ဖွယ်ဖြစ်၏။
ထျန်းတုမြို့အရှင်ဂူသင်္ချိုင်း လိုဏ်ဂူဝင်ပေါက်တံခါးသည် ကျောက်သားလမ်းမထက်ရှိ ချောက်ကမ်းပါး၏ အလယ်ဗဟိုတည့်တည့်နေရာတွင် တည်ရှိသည်။ လိုဏ်ဂူဝင်ပေါက်တစ်ခုလုံးမှာ လျှို့ဝှက်ဆန်းကြယ်ေသာ ကြာပန်းများဖြင့် သိပ်သည်းပြည့်နှက်နေသည်။ ကြာပန်းများမှ အလင်းဖျော့ဖျော့ တောက်ပနေလေရာ လိုဏ်ဂူဝင်ပေါက်ကြီးမှာ အံ့ဩမင်သက်ဖွယ်ကောင်းလောက်အောင် လျှို့ဝှက်ဆန်းကြယ်နေတော့သည်။
လိုဏ်ဂူဝင်ပေါက်၏ရှေ့၌ ရှေးဟောင်းကျောက်ကမ္ပည်းတိုင်တစ်ခု ရှိသည်။ ၎င်းကျောက်ကမ္ပည်းတိုင်မှာ အချိန်ကာလစီးဆင်းမှု၏ ခြေရာလက်ရာတို့ ထင်ဟပ်ပေါ်လွင်နေပေသည်။ ‘’ကောင်းကင်ဘုံ၏မြို့တော်ကို လူသားတို့မှ ခစားရမည်တည်း’ဟူသော ရှေးဟောင်းအက္ခရာကိုလည်း ထွင်းထုထား၏။
ရှန်းလန်ဘုံလောက ပြိုကွဲခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ ထိုကြာမြင့်လှသောအချိန်ကာလအတွင်း၌ လောကကြီးမှာလည်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သို့သော်ငြား ကျောက်ကမ္ပည်းတိုင်ထက်ရှိ ရှေးဟောင်းအက္ခရာစာလုံများမှာ ထျန်းတုမြို့အရှင်၏ ကြီးကျယ်ခမ်းနားလှစွာသောအင်အားကို ထုတ်ဖော်ပြသနေသည့်အလား ရှင်းလင်းပြတ်သားစွာ တည်ရှိနေ၏။
“ဂိုဏ်းချုပ် ကျွန်တော်တို့ဝင်မှာလား?”
အလွန်တရာ လျှို့ဝှက်ဆန်းကြယ်ဟန်သော လိုဏ်ဂူဝင်ပေါက်ကိုကြည့်ရင်းဖြင့် မဟာနတ်ဆိုးရွှမ်ရှမှာ မျက်လုံးအနည်းငယ် မှေးကျဉ်းသွားလျက် မေးမြန်းလာ၏။
“ရောက်တောင်ရောက်နေပြီပဲလေ”
ဝမ်ဖုန်းမှ ခေါင်းညိတ်၍ လိုဏ်ဂူဝင်ပေါက်သို့ တစ်ဟုန်ထိုးဦးတည်သွားသည်။ သို့သော် အက်ကွဲကြောင်းသို့ ခြေချပြီးသည်နှင့် မှော်လက်နက်ကိုထုတ်ယူ၍ ခန္ဓာကိုယ်တွင် အသင့်တပ်ဆင်လိုက်သည်။ ပုံပန်းသွင်ပြင်မှာ အလွန်ခမ်းနားထည်ဝါလှ၏။
ဝမ်ဖုန်း ဆင်းသက်သွားသောအခါ မဟာနတ်ဆိုးရွှမ်ရှသည်လည်း တုံ့ဆိုင်းခြင်းအလျဉ်းမရှိစွာ မိမိတို့၏ အကာအကွယ်လက်နက်များကို အသင့်တပ်ဆင်လိုက်ကြသည်။
အချိန်ခဏလေးအတွင်း၌ပင် ဝမ်ဖုန်းတို့သည် ကျောက်သားလမ်းမြင့်ထက်သို့ ခြေချနိုင်ခဲ့ကြသည်။ ထိုကျောက်သားလမ်းမြင့်ထက်တွင် ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်းတို့အားလုံးမှာ အလွန်အင်အားပြင်းထန်သည့် ဖိအားကို ခံစားလိုက်ရပေသည်။ ထျန်းတန့်အဆင့်နှင့်အထက် ကျင့်ကြံသူများဖြစ်ကြသော်ငြား တစ်လက်မခန့် ရွေ့လျားရန်ပင် အလွန်ခက်ခဲနေရသည်။
ထိုအလွန်အင်အားပြင်းထန်သော ဖိအားသည် ဝန်းကျင်တစ်ခွင်ရှိ ကြာပန်းများမှ ထုတ်လွှတ်နေခြင်းဖြစ်သည်။ ဝမ်ဖုန်းတို့သည် ချောက်ကမ်းပါးအောက်ခြေကိုလည်း အကဲခတ်ကြည့်ရင်းဖြင့် သတိကြီးကြီးထားရှိကာ ထျန်းတုမြို့အရှင်ဂူသင်္ချိုင်း လိုဏ်ဂူဝင်ပေါက်သို့ ဖြေးဖြေးချင်း လျှောက်လှမ်းနေကြသည်။
အက်ကွဲကြောင်းကြီးသည် ထျန်းတုမြို့အရှင်ဂူသင်္ချိုင်းထံမှ ကွဲထွက်လာသည်ဟု ထင်ရသော်ငြား ဝမ်ဖုန်းတို့မှ သေချာလေ့လာစစ်ဆေးလိုက်ရာ ၎င်းအက်ကွဲကြောင်း၏ ချောက်ကမ်းပါးနံရံတို့မှာ ထက်ရှသည့်အရာတစ်ခုခု၏ တိပစွာ ခုတ်ပိုင်းခံရသည့်အလား ချောမွေ့နေ၏။
လိုဏ်ဂူဝင်ပေါက်အောက်တွင်ရပ်၍ လိုဏ်ဂူဝင်ပေါက်ကိုကြည့်ရင်းဖြင့် ဝမ်ဖုန်းနှင့် အခြားသူများသည် မိမိတို့မှာ မဖြစ်စလောက်တည်ရှိမှုလေးများဟု ခံစားလိုက်ရပေသည်။
လိုဏ်ဂူဝင်ပေါက်တွင် တံခါးမရှိပေ။ လိုဏ်ဂူဝင်ပေါက်ရှေ့တွင် ရပ်၍စူးစမ်းကြည့်ရာ နက်ရှိုင်းသည့်လမ်းသွယ်တစ်ခု ရှိနေသည်။ ဝမ်ဖုန်းသည် သိမြင်ခြင်းစိတ်စွမ်းအင်ဖြင့် စစ်ဆေးကြည့်လိုသော်ငြား သိမြင်ခြင်းစိတ်စွမ်းအင်မှာ မီတာ၁၀အကွာအဝေးအတွင်း ပစ္စည်းများကိုသာ ခံစားသိရှိနိုင်လေသည်။
ဝမ်ဖုန်း၏ ထျန်းယုအထွတ်အထိပ်အဆင့်စွမ်းအင်သည် ရှန်းလန်ဘုံလောကတစ်ခုလုံးကို လွှမ်းခြုံစစ်ဆေးရန်ပင် လုံလောက်၏။ သို့သော် ဤနေရာတွင်တော့ မီတာ၁၀အတွင်းကိုသာ သိမြင်နိုင်လေရာ ဝမ်ဖုန်း၏မျက်နှာမှာ ပိုမိုတည်တင်းသွားရတော့သည်။
“သွားစို့.. ဝင်သွားကြည့်မယ်”
ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများကို လိုဏ်ဂူတွင်းသို့ ဦးဆောင်ခေါ်သွား၏။ ဝမ်ဖုန်း၏လက်ယာဘက်တွင် မဟာနတ်ဆိုးရွှမ်ရှ၊ အမြီးကိုးချောင်းမြေခွေးနှင့် ဒုတိယဓားဘုရင်တို့ဖြစ်ပြီး လီပိုင်၊ လုံအာနှင့် တတိယဝက်ဘုရင်တို့သည် လက်ဝဲဘက်တွင် နေရာယူလျက် ဝမ်ဖုန်းကို ကာကွယ်စောင့်ရှောက်၍ မှောင်မည်းမည်းလမ်းသွယ်အတွင်းသို့ လျှောက်လာကြသည်။
လမ်းသွယ်ထဲသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် သူတို့ထံသို့ အေးစက်စိုထိုင်းသော အရှိန်အဝါတစ်မျိုး ဦးတည်လာနေသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် စိတ်စွမ်းအင်မီးတိုင်ကို အလျင်အမြန် ထွန်းညှိလိုက်၏။ ထိုစိတ်စွမ်းအင်မီးအလင်းဖြင့် အေးစက်စိုထိုင်းသော အရှိန်အဝါကိုပါ လျော့ပါးစေလိုက်သည်။
လမ်းသွယ်တစ်ခုလုံးမှာ တိတ်ဆိတ်နေလျက် ဝမ်ဖုန်းတို့၏ ခပ်ဖော့ဖော့ခြေသံများသာလျှင် ပဲ့တင်ထပ်နေသည်။ လမ်းသွယ်တစ်ဖက်တစ်ချက်ရှိ နံရံများ၌ ပဟေဠိဆန်သောအက္ခရာစာကြောင်းများ ရေးထွင်းထားပြီး ၎င်းတို့မှာ တိပသေသပ်သော ပုံစံတစ်မျိုးဖြင့် ရေးထွင်းထားခြင်းဖြစ်သည်။
ဝမ်ဖုန်းတို့သည် ထိုအက္ခရာပုံစံများ၏ အဓိပ္ပာယ်ကို နှိုက်နှိုက်ချွတ်ချွတ် မရှာဖွေလိုပါ။ ဤနေရာသည် လျှို့ဝှက်ဆန်းကြယ်ပြီး ထူးခြား၏။ လမ်းသွယ်လေးထဲတွင် အချိန်ကြာမြင့်စွာနေခြင်းငှာ မသင့်လျော်ပေ။
ခြေလှမ်းများ ပိုမိုမြန်ဆန်လာနေပြီး ခြေသံများသည်လည်း လမ်းသွယ်တစ်လျှောက် ပဲ့တင်ထပ်နေသည်။
မည်မျှကြာကြာ လမ်းလျှောက်ခဲ့ပြီးသည်မသိတော့ပေ။ တစ်နေရာအရောက်၌ ဝမ်ဖုန်းတို့အားလုံး လှုပ်ရှားမှုကင်းမဲ့သွားကြသည်။ ဘုန်းတော်ကြီးတစ်ပါး၏ ကျမ်းစာရွတ်ဆိုနေသံကို ဝေဝါးဝါး ကြားနေရသည်။ ဝမ်ဖုန်းတို့မှာ ဝိဉာဉ်ထိတိုင် တုန်ရီသွားရ၏။ ထိုထူးဆန်းသည့်အသံမှာ လူ၏ဝိဉာဉ်တို့ကို ဆွဲငင်ဖမ်းယူနေသည့်အလား ထင်မှတ်ရသည်။
ရုတ်တရက်ပင် ဝမ်ဖုန်းတို့၏ရှေ့၌ အလင်းဖျဖျ တောက်ပလာ၏။ ဝမ်ဖုန်းတို့အားလုံးမှာ မျက်နှာအမူအရာပြောင်းလဲသွားကြပြီး အရှိန်တင်၍ ထိုအလင်းပျပျသို့ တစ်ဟုန်ထိုး ဦးတည်သွားကြသည်။
အချိန်ခဏကြာပြီးနောက်၌ ကျောက်သားအခန်းကြီးတစ်ခုထဲသို့ ရောက်ရှိသွားကြသည်။
“ဘုန်း!”
ဝမ်ဖုန်းတို့မှ ကျောက်သားအခန်းကို လှည့်ပတ်မကြည့်ရှုရသေးမီ၌ပင် စူးရှသည့်အလင်းနှင့် အင်အားကြီးမားစွာသောစွမ်းအင်တစ်ခု ထွက်ပေါ်လာလေသည်။ အင်အားပြင်းထန်လှစွာသော စွမ်းအင်လှိုင်းကြီးများမှာ ထျန်းယုအထွတ်အထိပ်အဆင့်စွမ်းအင်နှင့် ညီမျှ၏။
နတ်ဆိုးအိုကြီး၏ ကျားမျက်လုံးများမှာ လေးနက်သွားလျက် လက်နောက်ပြန်တွန်းထုတ်လိုက်သည်။ သူ၏လက်သီးမှာ ခမ်းနားကြီးကျယ်သောစွမ်းအင်များ စုဝေးနေပြီး ရုတ်တရက်ပေါ်ထွက်လာသော ထိုစွမ်းအင်နှင့် ထိပ်တိုက်ထိခတ်သွားသည်။
ဘုန်း!
နားကွဲလုမတတ်သော ပေါက်ကွဲသံကြီးသည် အရပ်မျက်နှာအသီးသီးသို့ ပဲ့တင်ထပ်သွား၍ အသံလှိုင်းများသည် ကျောက်သားအခန်းကြီးထဲတွင် ပဲ့တင်ခတ်၏။ အငိအားကြီးမားလှစွာသော စွမ်းအင်၏သက်ရောက်မှုကြောင့် ကျောက်သားအခန်းနံရံများ ကွဲကြေသွားကာ ကျောက်တုံးများ တစ်တုံးပြီးတစ်တုံး ပြိုကျလာတော့သည်။
“ဘာကြီးလဲဟ!”
မဟာနတ်ဆိုးရွှမ်ရှမှ နှာမှုတ်လျက် လူသည်တော့ ဝမ်ဖုန်း၏ရှေ့သို့ ရုတ်ချည်းရောက်လာ၏။ သူ၏မျက်လုံးများမှာ ရှေ့တူရူမှ အကြည့်မလွှဲပေ။ လီပိုင်နှင့် အခြားသူများသည်လည်း ဝမ်ဖုန်းကို အလယ်မှထား၍ ဝန်းရံလိုက်ကြပြီး မြူခိုးဖုန်မှုန့်များကြားမှ ဖြေးညှင်းစွာ ထွက်ပေါ်လာနေသော ပုံရိပ်ကို စူးရဲစွာကြည့်နေကြသည်။
ဝမ်ဖုန်းတို့၏ မျက်စိရှေ့၌ ဘုန်းတော်ကြီး၁၀ပါးသည် ဘုန်းတော်ကြီးဝတ်ရုံရှည်များကို ဝတ်ဆင်၍ ပေါ်ထွက်လာကြသည်။ သို့သော် ထိုဘုန်းကြီးများမှာ သေဆုံးပြီးဖြစ်၏။ သူတို့၏ကိုယ်ပေါ်မှ ဝတ်ရုံရှည်များပင်လျှင် ဆွေးမြေ့နေလေသည်။
သူတို့၏ခန္ဓာကိုယ်အစိတ်အပိုင်း အများစုမှာလည်း ပုပ်သိုးနေပြီဖြစ်၏။ လူသားခန္ဓာမှာ ပျက်စီးနေကာ ဗလာမျက်လုံးအစုံတို့မှာ အနီရောင်အလင်းများ တောက်ပနေကြသည်။ ဦးခေါင်းခွံတို့၌ သွေးရောင်ကွင်းသဏ္ဍာန်၁၈ခုကို ရေးထိုးထားလေရာ ပုံပန်းသွင်ပြင်မှာ အလွန်ထူးဆန်းလှပေသည်။
“ဒီဘုန်းကြီးတွေကို ထျန်းတုမြို့အရှင်က သူမသေခင်မှာ သတ်ခဲ့တာများလား? အချိန်ကြာသွားတော့ ရုပ်အလောင်းတွေလည်း ပြောင်းလဲသွားတာများလား?”
ဝမ်ဖုန်းမှာ ရှုပ်ထွေးနေ၏။ ဝမ်ဖုန်းသိထားသည်မှာ ထျန်းတုမြို့အရှင်သည် ဘုန်းကြီးတစ်ပါးမဟုတ်ပေ။ ဘုန်းကြီးများနှင့်ပင် ရန်ငြိုးရှိသေး၏။ ထျန်းတုမြို့အရှင်ကို သတ်ဖြတ်ခဲ့သူအများစုမှာ ဘုန်းတော်ကြီးများဖြစ်ကြပြီး ယွမ်ဟွားကောင်းကင်နယ်မြေမှပင် မြေအောက်ဘုံလောကသို့ လာရောက်ကူညီခဲ့ကြလေသည်။
မြေအောက်ဘုံလောက၏ ကျင့်ကြံရေးလမ်းစဉ်မှာ ဗုဒ္ဓဝါဒီကျင့်ကြံသူများအတွက်မူ မိစ္ဆာလမ်းစဉ်နှင့် မခြားနားပေ။ သို့သော် အဆုံးတွင်တော့ ယွမ်ဟွားကောင်းကင်နယ်မြေ၏ ဘုန်းတော်ကြီးများသည် မြေအောက်ဘုံလောက၏ ကျောထောက်နောက်ခံဖြစ်လာခဲ့သည်မှာ အလွန်ရယ်စရာကောင်း၏။
ဘုန်း!
ထိုအခိုက်တွင် ရှေးဟောင်းဗုဒ္ဓဘုန်းတော်ကြီး ရုပ်အလောင်း၁၀ပါးမှာ ထပ်မံလှုပ်ရှားလာ၏။ သူတို့၏ အရိုးထင်ရှားနေသော လက်ဖဝါးများတွင် ဗုဒ္ဓစည်းတံဆိပ်များရှိနေ၏။ နှုတ်မှလည်း ဝိဉာဉ်ဆွဲငင်နေဟန်သော ကျမ်းစာများကို ရွတ်ဆိုနေကြလျက် ကြောက်မက်ဖွယ်တိုက်ခိုက်မှုများဖြင့် ဝမ်ဖုန်းထံသို့ ခက်ထန်စွာ ဦးတည်လာနေခဲ့သည်။
“ဒီမြည်းကတုံးအသေကောင်တွေက ငါနတ်ဆိုးအိုကြီးရှေ့မှာ ထောင်လွှားရဲတယ်ပေါ့လေ!”
မဟာနတ်ဆိုးရွှမ်ရှမှ ကြိမ်းမောင်းလျက် ခန္ဓာကိုယ်မှာလည်း ရုတ်ချည်းရွေ့လျားသွား၏။ သူ၏လက်သီးတို့မှာ နဂါးတစ်ကောင်အလား ထင်မှတ်ရကာ တိုက်ခိုက်လိုက်ချိန်တွင် ဘုန်းကြီးရုပ်အလောင်းနှစ်ခုကို လွင့်ထွက်သွားစေခဲ့ပြီး အဝေးရှိနံရံနှင့် ထိခတ်ကြေမွသွားစေသည်။
လီပိုင်နှင့် အခြားသူများသည်လည်း တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။ လီပိုင်သည် ဓားရှည်ကို လွှဲယမ်း၍ ဘုန်းကြီးရုပ်အလောင်းနှစ်ခုကို ဆုတ်ဖြဲပစ်လိုက်သည်။ ဒုတိယဓားဘုရင်နှင့် အခြားသူများသည်လည်း စွမ်းအင်များထုတ်လွှတ်၍ ထိုဘုန်းကြီးရုပ်အလောင်းများကို နောက်သို့ လွင့်ထွက်သွားစေခဲ့သည်။
ထျန်းယုအထွတ်အထိပ်အဆင့်နှင့် ညီမျှသောစွမ်းအင်ရှိသည့် ထိုဘုန်းတော်ကြီးရုပ်အလောင်းများသည် သာမန်လူများအတွက်မူ ကြောက်ခမန်းလိလိသော စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးများကဲ့သို့ ဖြစ်နိုင်၏။ သို့သော် လီပိုင်နှင့်အခြားသူများအတွက်မူ အနည်းငယ်ပိုအင်အားကြီးသည့် ပုရွက်ကောင်များသာ ဖြစ်သည်။
ဒုတိယဓားဘုရင်နှင့် တတိယဝက်ဘုရင်တို့သည် ထျန်းတန့်အထွတ်အထိပ်အဆင့်သာ ဖြစ်ကြသော်ငြား ထိုဘုန်းကြီးရုပ်အလောင်းများနှင့် တိုက်ခိုက်နိုင်၏။ သို့သော် အမြီးကိုးချောင်းမြေခွေးတို့မှာ ၎င်းဘုန်းကြီးရုပ်အလောင်းများကို ဖိနှိပ်ရုံသာတတ်နိုင်ပြီး မသတ်ဖြတ်နိုင်ချေ။
ထိုဘုန်းကြီးရုပ်အလောင်းများသည် အသက်ရှိစဉ်အခါက ကျိန်းသေပေါက် ထျန်းယုအထွတ်အထိပ်အဆင့်ထက် မြင့်မားခဲ့လောက်သည်။ ထိုဘုန်းကြီး၁၀ပါးလုံးမှာ ခန္ဓာကိုယ်မွန်းမံသန့်စင်ခြင်းအရှင်သခင်နှင့် ညီမျှသော မဖျက်ဆီးနိုင်စွမ်းသော ဗုဒ္ဓရုပ်ခန္ဓာကို ပိုင်ဆိုင်ထားကြပြီး အရိုးများမှာ ကျောက်စိမ်းကဲ့သို့ ဝန်းဝိုင်းနေကာ အလွန်မာကြော၏။
ခန္ဓာကိုယ်ပုပ်သိုးနေသည်ဟု ထင်ရသော်ငြား သူတို့၏အရိုးများထဲ၌ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်များ စီးဆင်းနေပေသည်။ ၎င်းစွမ်းအင်သည် ထိုဘုန်းကြီးရုပ်အလောင်းများအတွက် အင်အားကြီးမားသောတိုက်ခိုက်မှုနှင့် ခန္ဓာကိုယ်ကို ထောက်ပံ့ပေးနေခြင်းဖြစ်သည်။
လီပိုင်သည် ဘုန်းကြီးရုပ်အလောင်းနှစ်ခုကို သတ်ဖြတ်ပြီးနောက် နောက်ထပ်မတိုက်ခိုက်တော့ပဲ ဝမ်ဖုန်း၏ဘေးသို့ ပြန်လာခဲ့သည်။ ဝမ်ဖုန်းမှ ထိုသို့ညွှန်ကြားထားခြင်း ဖြစ်ပါ၏။ မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများသည်တော့ ခံနိုင်ရည်မြင့်မားသည့် သဲအိတ်များကို တိုက်ခိုက်ရခြင်း၌ ပျော်မွေ့နေကြပေသည်။
“အမ်?”
ကျောက်သားအခန်း၏ အလယ်ဗဟိုတွင် တည်ရှိနေသည့် ရှေးဟောင်းကျောက်ကမ္ပည်းတိုင်တစ်ခုကို ဝမ်ဖုန်း မြင်လိုက်၏။ အချို့အက္ခရာများကို ကျောက်ကမ္ပည်းတိုင်ထက်တွင် ဝိုးတဝါးရေးထွင်းထားသည်။
ဘုန်းကြီးရုပ်အလောင်းများနှင့် အပြင်းအထန်တိုက်ခိုက်နေသည့် မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများကို ထားရစ်ခဲ့ပြီး ဝမ်ဖုန်းသည် လီပိုင်နှင့်အတူ ကျောက်ကမ္ပည်းတိုင်သို့ လျှောက်သွားခဲ့သည်။
ဤကျောက်ကမ္ပည်းတိုင်ထက်ရှိ အက္ခရာစာလုံးများမှာ ပဟေဠိဆန်သော အက္ခရာများနှင့် စည်းချက်ကျနေသော ပုံစံစာကြောင်းများလည်း မဟုတ်ပေ။ ထျန်းတုမြို့အရှင် ချန်ထားရစ်ခဲ့သည့် စကားလုံးအချို့သာဖြစ်သည်။ ထိုစကားလုံးများမှ ချုံရှောင်း၏ ခါးသီးမှုနှင့် ဆန္ဒမရှိခြင်းတို့ကို ဝမ်ဖုန်း ခံစားနိုင်ပေသည်။
“ဘာလို့လဲ ဘာလို့လဲ?!”
“သူမက ဒီတိုင်း သာမန်မိန်းကလေးတစ်ယောက်ပါပဲ.. ဘာလို့များ သူမကို အလွတ်မပေးနိုင်ရတာလဲ?”
“သူမ,သေပြီ သူမ,သေသွားပြီ!”
“ငါ့တစ်သက်တာလုံးမှာ ဗုဒ္ဓကျင့်စဉ်ကို ကျင့်ကြံခဲ့တယ်။ ဒါပေမဲ့ အဆုံးမှာတော့ ဗုဒ္ဓဆိုတာကပဲ ငါချစ်ရသူရဲ့အသက်ကို နုတ်ယူသွားခဲ့တယ်!”
“ဟားဟားး လောကကြီးရဲ့လူအားလုံးက ဗုဒ္ဓက ဂရုဏာတရားပြည့်ဝတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ဘာလို့များ သာမန်မိန်းကလေးတစ်ယောက်ကိုတော့ အလွတ်မပေးနိုင်ရတာလဲ?”
“ဗုဒ္ဓက အသုံးမဝင်မှတော့ ငါလည်း မိစ္ဆာတစ်ကောင်ပဲ ဖြစ်လိုက်တော့မယ်!”
“...!”