← Chapters

ဘုန်းကြီးတစ္ဆေ

Vol. 30 Ch. 419

ဘုန်းကြီးတစ္ဆေ

Vol. 30 Ch. 419

Translator - Hsue Htet

ဘုန်း!

ကျောက်ကမ္ပည်းတိုင်မှ စာများကိုဖတ်ပြီးနောက်တွင် ဝမ်ဖုန်းမှာ မိမိမျက်နှာသို့ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ဦးတည်လာနေသည်ဟု ခံစားလိုက်ရပေသည်။ ၎င်းအရှိန်အဝါတွင် ကြောက်ခမန်းလိလိသော မိစ္ဆာစွမ်းအင်များနှင့် နာကျည်းမုန်းတီးမှုများအပြင် အခြားစိတ်ခံစားချက်များလည်း ရောထွေးပါဝင်နေသည်ဖြစ်ရာ အလွန်ရှုပ်ထွေးထိတ်လန့်ဖွယ်ဖြစ်၏။

ဝမ်ဖုန်းမှာ မသိလိုက်မသိဘာသာဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရသည်။ သူ၏မျက်လုံးအစုံ၌ ထိတ်လန့်တုန်လှုပ်မှုအချို့ ဖြတ်ပြေးသွား၏။ ကျောက်ကမ္ပည်းတိုင်ထက်ရှိ စာလုံးများသည် နှစ်ပေါင်းများစွာသော အချိန်ကာလတိုက်စားမှုကို ခံယူခဲ့ရပြီးနောက်တွင်လည်း ထိုမျှသော ကြောက်မက်ဖွယ်နာကျည်းမုန်းတီးမှုနှင့် မိစ္ဆာစွမ်းအင်တို့ဖြင့် တည်မြဲနေဆဲဖြစ်လေသည်။

အချိန်အတော်ကြာမြင့်ပြီးနောက်မှသာ ဝမ်ဖုန်းမှာ စိတ်နှလုံးတွင်းမှ ထိတ်လန့်တုန်လှုပ်မှုကို ဖိနှိပ်၍ စဉ်းစားတွေးတောနိုင်လေသည်။

ကျောက်ကမ္ပည်းတိုင်ထက်မှ စာများအရ ထျန်းတုမြို့အရှင်သည် ကနဦး၌ ဗုဒ္ဓဝါကျင့်ကြံသူဖြစ်ကြောင်း သိနိုင်၏။ ထို့နောက်တွင်မှ ‌အပြောင်းအလဲတစ်ခု ဖြစ်ပွားသွားခဲ့ပြီး ဗုဒ္ဓကျင့်ကြံသူများ၏ လိုက်ခံသတ်ဖြတ်ခြင်းကို ခံခဲ့ရပြီးနောက် ဗုဒ္ဓကိုစွန့်ပစ်၍ မိစ္ဆာဖြစ်သွားခဲ့သည်။

ယွမ်ဟွားကောင်းကင်နယ်မြေ၏ ဗုဒ္ဓကျင့်ကြံသူများသည် မြေအောက်ဘုံလောက၏ ကျောထောက်နောက်ခံ ဖြစ်လာခဲ့သည်မှာ အံ့ဩဖွယ်မရှိတော့ပေ။ သေချာစဉ်းစားကြည့်လိုက်သည်တွင် ယခင်က ထျန်းတုမြို့အရှင်သည် ယွမ်ဟွားကောင်းကင်နယ်မြေ၏ ဗုဒ္ဓကျင့်ကြံသူများနှင့် ပွဲတော်ကျင်းပခဲ့ဖူးလောက်၏။

ဒါတွေအားလုံးက အမျိုးသမီးတစ်ယောက်အတွက်လား?

ဝမ်ဖုန်းမှာ ထျန်းတုမြို့အရှင်၏ ထိုအချိန်က အဖြစ်အပျက်များကို သိချင်စိတ်များ ပြင်းပြလာရလေသည်။ ထျန်းတုမြို့အရှင်သည် အမျိုးသမီးတစ်ဦးအတွက် ဆန္ဒထုတ်ဖော်ကာ ဗုဒ္ဓကိုပင်စွန့်ပစ်၍ မိစ္ဆာတစ်ကောင် ဖြစ်လာခဲ့သည်။ ထိုအချိန်က ထျန်းတုမြို့အရှင်သည် အမျိုးသမီးတစ်ဦးအတွက် နက်ရှိုင်းစွာ ချစ်ခြင်းမေတ္တာသက်ဝင်နေခဲ့သည့် အကြောင်းရာတို့မှာ သာမန်လူများ စိတ်ကူးတွေးတောနိုင်သည်ထက်ပင် ကျော်လွန်နေမည်ကို စိုးရွံ့မိပါ၏။

ဝမ်ဖုန်းသည် ကျောက်ကမ္ပည်းတိုင်ကို စေ့စေ့စပ်စပ်ကြည့်ပြီးနောက် ကျောက်သားအခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ ကျောက်အခန်းထဲတွင် ဤကျောက်ကမ္ပည်းတိုင်မှလွဲ၍ အခြားမည်သည့်အရာမျှ မရှိပေ။ သို့သော် ကျောက်ကမ္ပည်းတိုင်၏ နောက်ဘက်တွင် ဝင်ပေါက်တစ်ခုရှိ၏။

“ဘုန်း!”

ထိုအခိုက်အတန့်တွင် ကျောက်သားအခန်းအတွင်း၌ နားကွဲလုမတတ်သော ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားလေရာ ဝမ်ဖုန်း၏နားစည်တို့မှာ အနည်းငယ်မူးဝေသွားရလေသည်။ ဝမ်ဖုန်း အလျင်အမြန် လှည့်ကြည့်လိုက်ရာ မဟာနတ်ဆိုးရွှမ်ရှနှင့်အခြားသူများမှ ဘုန်းကြီးရုပ်အလောင်းများကို သတ်ဖြတ်ပြီးသည်ကို မြင်တွေ့လိုက်ရသည်။

“စနစ် အဲဒီ့ဘုန်းကြီးရုပ်အလောင်းတွေကို သတ်တာအတွက် ဆုလာဘ်မရှိဘူးလား?”

အချိန်ခဏမျှစောင့်ဆိုင်းနေပြီးနောက်တွင် ဝမ်ဖုန်းမှ သံသယဖြင့် မေးမြန်းလိုက်သည်။

“ဒင်! အဲဒီ့ဘုန်းကြီးရုပ်အလောင်းတွေကို အသိစိတ်အာရုံရှိတဲ့ သက်ရှိတွေလို့ မသတ်မှတ်နိုင်ပါဘူး။ သူတို့က သေဆုံးပြီးသား အလောင်းတွေပါ။ သူတို့ သခင်တို့ကို တိုက်ခိုက်တာက သူတို့ရဲ့သဘာဝအလျောက် တုံ့ပြန်မှုပါပဲ။ အဲဒါကြောင့် သခင်က သူတို့ကို သတ်ခဲ့တာ မဟုတ်ပါဘူး”

ဝမ်ဖုန်း ခေါင်းညိတ်လိုက်သည်။ ဆုလာဘ်မရရှိသော်လည်း ဒုတိယဓားဘုရင်နှင့် အခြားသူများ ဓားသွေးလိုက်ရသည် မဟုတ်ပါလော။

“ဂိုဏ်းချုပ် ဒီဂူသင်္ချိုင်းထဲမှာ ဘာလို့ မြည်းကတုံးတွေပဲ ရှိနေရတာလဲ?”

မဟာနတ်ဆိုးရွှမ်ရှသည် ဝမ်ဖုန်း၏ဘေးသို့ လျှောက်လာ၍ အသံနိမ့်ဖြင့်မေး၏။ မဟာနတ်‌ဆိုးရွှမ်ရှသည် နတ်ဆိုးမိစ္ဆာလမ်းစဉ်ကျင့်ကြံသူဖြစ်လေရာ ထိုဘုန်းကြီးများကို သဘာဝအရ မနှစ်မြို့ပေ။ ထိုဘုန်းကြီးများမှာ သေဆုံးပြီးသည့်အလောင်းကောင်များ ဖြစ်စေကာမူ သူတို့ထံမှ အငွေ့အသက်သည်ပင် မဟာနတ်‌ဆိုးရွှမ်ရှကို အလွန်အမင်း စိတ်မကြည်မလင်ဖြစ်စေပေသည်။

“သိချင်တယ်ပေါ့? ဟမ်?”

ဝမ်ဖုန်းသည် တခစ်ခစ်ရယ်မောလျက် ကျောက်ကမ္ပည်းတိုင်သို့ ညွန်ပြလိုက်သည်။

မဟာနတ်ဆိုးရွှမ်ရှသည် အများကြီးတွေးတောမနေပေ။ ရှေ့သို့တိုး၍ ကျောက်ကမ္ပည်းတိုင်မှ စာများကို ဖတ်ကြည့်လိုက်သည်။ မဟာနတ်ဆိုးရွှမ်ရှသည်လည်း ဝမ်ဖုန်း၏တုံ့ပြန်မှုအတိုင်းပင် ခဏကြာပြီးနောက်၌ ယောင်ယောင်ဝါးဝါးဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လာ၏။ သူ၏ကျားမျက်လုံးအစုံ၌ ထိတ်လန့်တုန်လှုပ်မှုများ ထင်ဟပ်နေပေသည်။

“ဟားဟားဟား!”

အချိန်ခဏကြာပြီးနောက်မှ မဟာနတ်ဆိုးရွှမ်ရှသည် အသိစိတ်ပြန်ဝင်လာပြီး ကောင်းကင်သို့ဦးမော့လျက် ရယ်မောလေသည်။ မဟာနတ်ဆိုးရွှမ်ရှ၏ ရယ်မောသံကြီးမှာ ကျောက်သားခန်းအတွင်း ပဲ့တင်ထပ်နေ၏။ လီပိုင်နှင့်အခြားသူများမှာ မဟာနတ်ဆိုးရွှမ်ရှကို အရူးတစ်ယောက်အလား ကြည့်နေလျက် ရှုပ်ထွေးနေကြလေသည်။

ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှ၏ အတွေးတို့ကို တစ်နည်းတစ်ဖုံ နားလည်သောကြောင့် မဟာနတ်ဆိုးရွှမ်ရှအား ကျောက်ကမ္ပည်းတိုင်ကို ကြည့်ရှုစေခြင်းဖြစ်သည်။

“ထျန်းတုမြို့အရှင်က ဘယ်လိုပုဂ္ဂိုလ်တဲ့လဲ? မွန်မြတ်တဲ့ဗုဒ္ဓကျင့်ကြံသူဖြစ်ရတာ အသုံးမဝင်လို့ မိစ္ဆာတစ်ကောင် ဖြစ်သွားရတယ်! ဗုဒ္ဓကျင့်စဉ်ဆိုတာကရော ဘာများလဲ.. ဟိုဟာရှောင်ရ ဒီဟာမလုပ်ရနဲ့။ အသားစားခွင့်မရှိ။ အမျိုးသမီးတွေနဲ့ ပျော်ပါးခွင့်မရှိနဲ့လေ။ အသက်ရှင်ရတဲ့ အနှစ်သာရက ဘယ်မှာများလဲ? ကျင့်ကြံမှုမြင့်မားအောင် ကျင့်ကြံတာကရော ဘာအတွက်လဲ? နှစ်ပေါင်းများစွာ အထီးကျန်မှုနဲ့ ဆင်းရဲဒုက္ခတွေကို သည်းခံရှင်သန်ဖို့အတွက်လား?”

မဟာနတ်ဆိုးရွှမ်ရှမှ ရွှင်ပျစွာ ရေရွတ်၏။ သူ၏စကားလုံးများမှာ ဗုဒ္ဓကို အထင်မြင်သေးခြင်း၊ ထျန်းတုမြို့အရှင်ကို လေးစားမှုတို့ဖြင့် ပြည့်လျှံနေပေသည်။ ဤသည်မှာ မဟာနတ်ဆိုးရွှမ်ရှမှ ရှန်ရှန့်ကျုံဂိုဏ်းသားမဟုတ်သည့် အပြင်လူအပေါ် အသိအမှတ်ပြုသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

ဗုဒ္ဓဝါဒီများသည်တော့ ဤသို့တွေးတောလောက်၏။

ဒီမဟာနတ်‌ဆိုးရွှမ်ရှက ဘာဖြစ်နေတာလဲ? ဒီနတ်‌ဆိုးအိုကြီးက ဘယ်လိုလူလဲဟ? ခင်ဗျားက ဗုဒ္ဓထမင်းကို စားသုံးဖူးလို့လား? အချိန်တိုင်း မကောင်းဆိုးဝါးအတွေးအမြင်တွေ ခင်ဗျားခေါင်းထဲဝင်နေတာက တကယ်ဟာသပဲ!'ဟူ၍။

“သွားစို့!”

ဝမ်ဖုန်း မဟာနတ်ဆိုးရွှမ်ရှ၏ ပခုံးကိုအသာပုတ်၍ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

စကားဆုံးသည်နှင့် ဝမ်ဖုန်းသည် ကျောက်ကမ္ပည်းတိုင်နောက်ရှိ ဝင်‌ပေါက်တံခါးသို့ ဦးတည်လျှောက်သွား၏။ လီပိုင်နှငိ့ အခြားသူများသည်လည်း အလျင်အမြန် ဝမ်ဖုန်း၏နောက်သို့ လိုက်သွားကြသည်။ မဟာနတ်ဆိုးရွှမ်ရှတစ်ဦးတည်းသာ ကျောက်ကမ္ပည်းတိုင်ကို သေချာစေ့စပ်ကြည့်ပြီးနောက်မှ လိုက်သွား၏။

ဝင်ပေါက်၏နောက်တွင် မှောင်မည်းမည်းလမ်းသွယ်တစ်ခုရှိသည်။ ဝမ်ဖုန်းတို့၏ခြေသံများသည် လမ်းသွယ်ထဲတွင် ပဲ့တင်ထပ်နေ၏။ ကနဦး၌ ဝမ်ဖုန်းတို့သည် ဘာကိုမျှ သတိမထားမိသော်ငြား လမ်းသွယ်တစ်လျှောက်ရှိ နံရံဆေးရေးပန်းချီတို့ကို လေ့လာစူးစမ်းရန် ခြေလှမ်းရပ်တန့်လိုက်ချိန်တွင် မျက်နှာအမူအရာများ ပြောင်းလဲသွားရသည်။

ခြေသံထွက်နေတုန်းပဲ?

ဤလိုဏ်ဂူလမ်းသွယ်လေး၌ ပဲ့တင်သံထွက်ပေါ်သည်မှာ ပုံမှန်ဖြစ်၏။ သို့သော် တစ်စုံတစ်ရာမှားယွင်းနေကြောင်း နားလည်လိုက်သည်တွင် ဝမ်ဖုန်းတို့အားလုံးမှာ လှုပ်ရှားမှုရပ်တန့်သွားကြသည်။ အချိန်အတော်ကြာထိ ခြေသံများ ဆက်လက်ထွက်နေဆဲဖြစ်သည်။ ပဲ့တင်သံဆိုပါက ထိုမျှကြာမြင့်မည် မဟုတ်ပေ။

“ဘယ်သူလဲ? ထွက်လာခဲ့!”

မဟာနတ်ဆိုးရွှမ်ရှ၏ ကြမ်းကြုတ်ခက်ထန်သော အမူအကျင့်သည် သည်းခံစောင့်ဆိုင်းမှု လုံးဝမရှိပေ။ ချက်ချင်း အော်ငေါက်လိုက်၏။ အသံမှာ လမ်းသွယ်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ သို့သော် မဟာနတ်ဆိုးရွှမ်ရှ၏ ပဲ့တင်သံအပြင် ခြေသံလည်း ထွက်ပေါ်နေဆဲပင်။ အမှောင်ထုထဲမှ မည်သူမျှတော့ ထွက်မလာခဲ့ပေ။

ယုတ္တိမတန်သော မြင်ကွင်းကြောင့် ဝမ်ဖုန်းတို့အားလုံးမှာ အကြည့်များအေးစက်သွား၏။ ထို့နောက် လက်ဖဝါးထက်တွင် စိတ်စွမ်းအင်မီးတောက်များ ဖန်ဆင်း၍ မှောင်မည်း‌ေနသည့်လမ်းသွယ်ထဲသို့ ပစ်လွှတ်လိုက်ရာ လမ်းသွယ်တစ်လျှောက်ကို လင်းသွားစေသည်။

ခဏကြာပြီးနောက်၌ အရိုးထိစိမ့်ဝင်သော အအေးဓာတ်ကြီးသည် တစ်ကိုယ်လုံးသို့လွှမ်းခြုံလာလေရာ ဝမ်ဖုန်းတို့မှာ မျက်လုံးအိမ်များကျဉ်းကျုံ့၍ ခိုက်ခိုက်တုန်အောင် အေးစိမ့်လာရသည်။

လမ်းသွယ်၏အဆုံးတွင် ပုံရိပ်တစ်ခုရပ်နေ၏။ ၎င်းမှာ ဝတ်ရုံနီဖြင့် ဘုန်းကြီးတစ်ပါးဖြစ်သည်။ အရင်ကျောက်သားအခန်းမှ ဘုန်းကြီးရုပ်အလောင်းများနှင့် မတူပေ။ ဤဘုန်းကြီး၏ခန္ဓာကိုယ်မှာ အကောင်းပကတိအတိုင်းဖြစ်သည်။ သို့သော် မျက်နှာမှာ ပို၍ဖြူဖျော့၏။

စိတ်စွမ်းအင်မီး လင်း‌သွားသောအခါ ထိုဘုန်းကြီးသည် ဝမ်ဖုန်းတို့အား ထူးဆန်းသည့်အပြုံးကြီးဖြင့် ပြုံးရယ်ပြလာခဲ့သည်။

“ငါနတ်ဆိုးအိုကြီးကို ခြောက်လှန့်ရဲတယ်! သေချင်နေတာပဲ!”

မဟာနတ်ဆိုးရွှမ်ရှမှ ဟိန်းဟောက်၍ လက်သီးဆုပ်လျက် လက်ဆန့်ထုတ်လိုက်သည်။ လက်သီးထိပ်တွင် အင်အားကြီးမားသည့် နတ်ဆိုးမိစ္ဆာစွမ်းအင်များ စုဝေးလာကြ၍ လက်သီးထိုးချက်ကို ထုတ်လွှတ်လိုက်သည်တွင် နဂါးနှစ်ကောင်ကဲ့သို့သော လက်သီးထိုးချက်သည် စွမ်းအင်လှိုင်းများနှင့်အတူ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာလေသည်။

မဟာနတ်ဆိုးရွှမ်ရှ၏ တိုက်ခိုက်မှုတွင် လမ်းသွယ်မှ အနည်းငယ်တုန်လှုပ်သွားရုံမှအပ အခြားပျက်စီးမှုများ စိုးစဉ်းမျှ မရှိလေရာ ဝမ်ဖုန်းတို့မှာ အံ့အားသင့်သွားရ၏။

မဟာနတ်‌ဆိုးရွှမ်ရှ၏ လက်သီးထိုးချက်နှစ်ခု ပစ်လွှတ်လိုက်ချိန်တွင် ဝမ်ဖုန်းတို့သည် ဤလမ်းသွယ်လေးမှာ မဟာနတ်ဆိုးရွှမ်ရှ၏ တိုက်ခိုက်မှုစွမ်းအင်ကို ခံနိုင်ရည်ရှိပါမည်လောဟု စိုးရိမ်နေခဲ့ကြသည်။

သို့သော် ဝမ်ဖုန်းတို့၏ အတွေးတို့မှာ ပြောင်းလဲသွားရ၏။ လက်သီးထိုးချက်နှစ်ခု လမ်းသွယ်အဆုံးသို့ ရောက်ရှိသွားချိန်တွင် ထိုပုံရိပ်မှာ အရိပ်အယောင်ပင် မရှိတော့ချေ။ ထိုပုံရိပ်မှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးသည့်အတိုင်းပင်။

“စနစ် ဘယ်လိုဖြစ်တာလဲ?”

ထူးဆန်းသည့်မြင်ကွင်းကြောင့် ဝမ်ဖုန်းမှာ စိတ်နှလုံးတင်းကျပ်သွားရ၍ မေးမြန်းလိုက်သည်။

“ဒင်! အဲဒါက ဘုန်းကြီးတစ္ဆေပါ။ သခင်နဲ့အခြားဂိုဏ်းသားတွေက ပုံရိပ်ယောင်ကို မြင်လိုက်ရတာပါ။ အဲဒါက အခု သခင့်ရဲ့နောက်မှာ ရောက်နေပါပြီ”

စနစ်၏အချက်ပေးသံအဆုံး၌ ဝမ်ဖုန်းမှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားရသည်။ အလိုလိုသိစိတ်အရ မိမိ၏နောက်ရှိ ၎င်းဘုန်းကြီးတစ္ဆေ၏ တည်ရှိမှုကို ခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်ရာ ၎င်းဘုန်းကြီးတစ္ဆေသည် မိမိတို့ကို စိုက်ကြည့်နေ၏။

ခံစားချက်မကောင်းဘူးဟ!

စနစ်ကြောင့် မဟုတ်ပါလျှင် ဝမ်ဖုန်းသည် ထိုဘုန်းကြီးတစ္ဆေ၏ တည်ရှိမှုကို ခံစားသိနိုင်မည် မဟုတ်ပေ။ ထိုဘုန်းကြီးတစ္ဆေ၏ အရှိန်အဝါသည် သာမန်ကျင့်ကြံသူများနှင့် မတူညီဘဲ ခံစားသိနိုင်ရန် ခက်ခဲသည်။

“စနစ် ဘုန်းကြီးတစ္ဆေကို ဘယ်လိုရှင်းရမလဲ?”

ဝမ်ဖုန်းသည် လှုပ်ရှားမှုပြုလုပ်ရန် အလျင်မလိုပေ။ ဦးစွာမေးမြန်းလိုက်သည်။ မိမိတို့မှာ ဘုန်းကြီး‌တစ္ဆေကို အရင်က မ‌မြင်ဖူးပေ။ ၎င်း၏အားနည်းချက်ကို မရှာတွေ့နိုင်လျှင် မဟာနတ်ဆိုးရွှမ်ရှ၏ ခုနက တိုက်ခိုက်မှုကဲ့သို့ အချည်းနှီးသာ ဖြစ်ချေရော့မည်။

“ဒင်! ထျန်းရှင်းအဆင့်အထက် စွမ်းအင်မီးနဲ့သာ မီးရှို့လိုက်ပါ”

စနစ်၏အချက်ပေးသံဆုံးသည်နှင့် ဝမ်ဖုန်းသည် တုံ့ဆိုင်းမှုမရှိ လီပိုင်သို့ ဘုန်းကြီးတစ္ဆေကို ဖြေရှင်းရန်နည်းလမ်းအား အသံပို့ဆောင်လိုက်သည်။ တစ်ပြိုင်နက်တည်းပင် စနစ်၏စွမ်းအင်ကို အသုံးပြု၍ မိမိကိုယ်တိုင်နှင့် မဟာနတ်‌ဆိုးရွှမ်ရှနှင့် အခြားသူများကို ကာကွယ်ထားလိုက်သည်။

ဘုန်းကြီးတစ္ဆေသည် ထူးဆန်းလှသည်ဖြစ်ရာ သူ၏တိုက်ခိုက်မှုလမ်းစဉ်များသည်လည်း လျှို့ဝှက်ဆန်းကြယ်၍ မှန်းဆမရနိုင်မည်ကို ဝမ်ဖုန်း စိုးရိမ်မိသည်။ ထို့ကြောင့် လီပိုင်ကို လမ်းသွယ်တစ်ခုလုံးအား မီးရှို့စေလိုက်သည်။

ဝမ်ဖုန်း၏ အသံပို့ဆောင်မှုကို နားထောင်ပြီးနောက်တွင် လီပိုင်မှာ နဖူးမှ ချွေးစေးများထွက်လာရသည်။ ဝမ်ဖုန်း၏ သတိပေးချက်ကြောင့် မဟုတ်ပါလျှင် သူတို့၏နောက်၌ ထိုထူးဆန်းသည့်အရာကြီး ရောက်နေသည်ကို သတိထားမိမည်မဟုတ်ပေ။

တုံ့ဆိုင်းမရှိစွာဖြင့် လီပိုင်သည် သိမြင်ခြင်းစိတ်စွမ်းအင်ဖြင့် ဘုန်းကြီး‌တစ္ဆေ၏ တည်ရှိမှုကို ရှာဖွေလိုက်သည်။ ထိုဘုန်းကြီးတစ္ဆေမှာ မိမိတို့၏နောက်တွင် ရှိနေဆဲဖြစ်ကြောင်း သိလိုက်ရသည်နှင့် ချက်ချင်းတိုက်ခိုက်လိုက်သည်။

ဘုန်း!

လီပိုင်၏ခန္ဓာကိုယ်မှ ပူပြင်းစွာသောအရှိန်အဝါများ ဖြာထွက်လာပြီး မုန်တိုင်းထန်သည့်ပင်လယ်ကဲ့သို့သော ခရမ်းရောင်မီးတောက်များ ထွက်ပေါ်လာ၏။ အချိန်ခဏလေးအတွင်း၌ပင် လမ်းသွယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး အရှိန်ပြင်းစွာ လောင်ကျွမ်းစေလေသည်။

အပြောင်းအလဲမှာ ရုတ်တရက်ဆန်လှ၏။ ဘုန်းကြီးတစ္ဆေမှ တုံ့ပြန်နိုင်ချိန်တွင် အရှိန်တငြီးငြီးမီးတောက်များ၏ ၎င်းမှာ အလယ်တွင် ရောက်ရှိနေခဲ့လေပြီ။ ဘုန်းကြီးတစ္ဆေမှ စူးစူးဝါးဝါးအော်ဟစ်သံကြီးသည် ဝိဉာဉ်ထိတိုင် ထိုးဖောက်သွားသည်ဟု ခံစားရ၏။ ဝမ်ဖုန်းတို့အားလုံးမှာ မထိန်းချုပ်နိုင်စွာ တုန်ရီသွားရသည်။

ထိုအချိန်မှသာ မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများသည် ထိုဘုန်းကြီး‌တစ္ဆေမှာ မိမိတို့နောက်သို့ ရောက်ရှိနေကြောင်း သိလိုက်ရ၍ ကြက်သီးမွေးညင်းများ ထသွားရလေသည်။

ဘုန်းကြီးတစ္ဆေ လုံးဝပျောက်ကွယ်သွားသည်အထိ ၁၅မိနစ်ခန့် ကြာမြင့်ခဲ့သည်။ ထိုဘုန်းကြီးတစ္ဆေသည် ခဏမျှသာ ထူးထူးဆန်းဆန်း ပြုံးရယ်ပြခဲ့ခြင်းဖြစ်သော်ငြား ဝမ်ဖုန်းတို့၏ စိတ်ထဲတွင်မူ သက်ရောက်မှုပြင်းထန်ခဲ့၏။ ခုနကလေးတင် ‌စူးစူးဝါးဝါးအော်နေတာကို သေခါနီးမှ ရယ်ပြသွားရလားဟ?!

“ဒီနေရာက အတော်လေး အငွေ့အသက်မကောင်းဘူး!”

အမြဲလိုလို အကြောက်အလန့်ကင်းမဲ့ခဲ့သော မဟာနတ်ဆိုးရွှမ်ရှသည် မထိန်းချုပ်နိုင်စွာ ပြောထွက်လာ၏။

ဒုတိယဓားဘုရင်နှင့် အခြားသူများသည်လည်း မဟာနတ်ဆိုးရွမ်ရှနှင့် ထပ်တူခံစားရကြောင်း ခေါင်းညိတ်ထောက်ခံလေသည်။ ကံကောင်းထောက်မစွာဖြင့် ဝမ်ဖုန်းတို့မှာ သာမန်လူများမဟုတ်၍ တော်သေးသည်။ သို့မဟုတ်ပါက သူတို့မှာ ဤနေရာအထိပင် ရောက်မလာနိုင်မည်ကို စိုးရိမ်ရ၏။

ရွှမ်တုမြို့ကျင့်ကြံသူများဆိုပါက ပထမအခန်းတွင်းရှိ ဘုန်းကြီးရုပ်အလောင်းများဖြင့်ပင် အနည်းဆုံးတော့ လူတစ်ဝက်ခန့်မှာ အသက်သေဆုံး၍ တစ်ဝက်ခန့်မှာ အပြင်းအထန်ဒဏ်ရာရခြင်းနှင့် အဆုံးသတ်ရပေလိမ့်မည်။ ဤဘုန်းကြီးတစ္ဆေနှင့်ပင် ဆုံတွေ့ရလိုက်မည်မဟုတ်ပေ။

ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲအများစုကို ကမ္ဘာဝန်းအတွင်းသို့ ဝင်ရောက်စေခဲ့ခြင်းပြီး လီပိုင်နှင့်အခြားသူများကိုသာ ခေါ်ဆောင်လာခဲ့သည်မှာ ကောင်းမွန်သည့်ရွေးချယ်မှုဟု ခံစားလိုက်ရသည်။ သို့မဟုတ်ပါက ဤထူးဆန်းသည့်နေရာကြီးတွင် လူအရေအတွက်များခြင်းမှာ ကောင်းမွန်သည့်အရာ မဟုတ်နိုင်ပေ။

“ရောက်ပဲရောက်နေပြီကို သေချာရှာဖွေမကြည့်လိုက်ရင် ‌နှမြောဖို့ကောင်းတယ် မဟုတ်ဘူးလား?”

အမြဲလိုလို စကားမပြောခဲ့သော အမြီးကိုးချောင်းမြေခွေးသည် စကားဖွင့်ဟပြောဆိုလာ၏။ သူမ၏ နူးညံ့သည့်အသံလေးသည် ရေနွေးစီးကြောင်းလေးကဲ့သို့ အားလုံး၏နှလုံးသားထဲသို့ စီးဆင်းသွားခဲ့ပြီး အနည်းငယ်စိတ်လောနေကြသည်ကို ပြေလျော့သွားစေခဲ့သည်။

“ညီမလေးမြေခွေး ပြောတာမှန်ပါတယ်”

မဟာနတ်ဆိုးရွှမ်ရှသည် အမြီးကိုးချောင်းမြေခွေးကို ကြည့်လျက် ရယ်မောပြောဆို၏။ အမြီးကိုးချောင်းမြေခွေးသည် ယခင်တည်းကသာ အမျိုးသမီးအဖြစ် ကိုယ်ယောင်ဖန်ဆင်းခဲ့ပါလျှင် သူ၏နှလုံးအိမ်ကို လှုပ်ကိုင်နိုင်လောက်ပေသည်။ သို့သော် နတ်ဆိုးအိုကြီးမှာ ဧကရီမေသုရှားကို စိတ်ဝင်စားခဲ့ချိန်မှ စတင်၍ အခြားအမျိုးသမီးများကို စိတ်ဝင်စားမှု စိုးစဉ်းသော်မျှ မရှိတော့ပါ။ သန့်စင်သည့် အသိအမှတ်ပြုခြင်းသာ ရှိပါတော့သည်။

ဧကရီမေသုရှားကို အနိုင်ယူချင်တယ်ဆို အရည်အသွေး အများကြီးလိုအပ်သေးတယ်!

လူအုပ်စုမှာ တည်ငြိမ်အေးဆေးသည့် စိတ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြပြီး လမ်းသွယ်အတွင်းသို့ ဆက်လက်လျှောက်သွားကြသည်။

All Chapters