ရုပ်အလောင်းတိုက်ပွဲကြီး
Vol. 30 Ch. 420
Translator - Hsue Htet
အချိန်မည်မျှ ကြာမြင့်ခဲ့ပြီမသိေပ.. ဝမ်ဖုန်းတို့သည် မှောင်မည်းမည်းလမ်းသွယ်ထဲမှထွက်၍ ရှေ့သို့မျှော်ကြည့်လိုက်ကြသည်။ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ထိတ်လန့်သွားကြလျက် မထိန်းချုပ်နိုင်စွာ နောက်ဆုတ်မိလိုက်ကြ၏။
သူတို့၏ရှေ့မှ ထိန်လန့်တုန်လှုပ်ဖွယ်မြင်ကွင်းသည် ဝိဉာဉ်ထိတိုင် သက်ရောက်သွားခဲ့၏။
ဝမ်ဖုန်းတို့၏ရှေ့တွင် ရှိနေသည်မှာ အလွန်ကျယ်ဝန်းသည့် ကျောက်သားအခန်းကြီးဖြစ်သည်။ ကျောက်သားအခန်း၏ အလယ်ဗဟိုတွင် ကျောက်သားစင်မြင့်ကြီးတစ်ခုရှိပြီး ထိုကျောက်စင်မြင့် ရှေးဟောင်းဗုဒ္ဓရုပ်တုတစ်ခုကို ချိတ်ဆွဲထားသည်။
၎င်းမှာ ဗုဒ္ဓဆင်းတုတော်တစ်ဆူဖြစ်သည်။
ထို့အပြင် ကျောက်သားစင်မြင့်ဝန်းကျင်၌ ရှေ့သွားနောက်ပြန် လမ်းလျှောက်နေသည့် ဘုန်းကြီးရုပ်အလောင်းများရှိသည်။ ထိုဘုန်းကြီးရုပ်အလောင်းများသည် မည်သည့်အချိန်တည်းက သေဆုံးထားခဲ့သည် မသိသော်ငြား သူတို့၏လက်ထဲတွင် စိပ်ပုတီးကုံးများကို ကိုင်ဆောင်ထားဆဲဖြစ်၏။ ကျမ်းစာရွတ်ဆိုခြင်းတော့ မရှိပေ။
ထိုဘုန်းကြီးရုပ်အလောင်းရာချီသည် ဗုဒ္ဓလင်းရောင်ခြည်များ တောက်ပနေကြသည်။ မျက်လုံးအစုံသည်တော့ ဗလာကျင်းနေပြီး နတ်ဆိုးမိစ္ဆာစွမ်းအင်များ ပြည့်လျှံနေသော နီစွေးစွေးအလင်းရောင်သာလျှင် တောက်ပနေလေရာ အလွန်ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။
ထိုဘုန်းကြီးရုပ်အလောင်းများသည် ပထမအခန်းတွင် တွေ့ခဲ့ရသော ဘုန်းကြီးရုပ်အလောင်းများထက် အားမနည်းပါ။ အချို့မှာ ပို၍ပင် အင်အားကြီးမားကြ၏။ အင်အားကြီးမားလွန်း၍ ဝမ်ဖုန်းတို့ စိုးထိတ်မိရသည်အထိပင်။
ဤဘုန်းကြီးရုပ်အလောင်းများသာ ထျန်းတုမြို့အရှင်ဂူသင်္ချိုင်းထဲမှ လွတ်မြောက်သွားခဲ့ပါလျှင် ကြီးမားလှသောကပ်ဘေးကြီးကို မလွဲမသွေ ဆောင်ကြဉ်းလာပေလိမ့်မည်။ ယွမ်ဟွားကောင်းကင်နယ်မြေမှ မလှုပ်ရှားသ၍ ရှန်းလန်ဘုံလောကသာမက ရင်းမြစ်နယ်ပယ်လောကကြီး၁၀ခုလုံးမှာ ဟန့်တားနိုင်လိမ့်မည် မဟုတ်ပေ။
“သူတို့ကို ဗုဒ္ဓဆင်းတုတော်က ချုပ်နှောင်ထားတာထင်တယ်။ ကျောက်သားစင်မြင့် ကာဆီးထားတဲ့ အကျယ်အဝန်းကနေ ထွက်မသွားနိုင်ကြဘူး”
ဝမ်ဖုန်းသည် အချိန်ခဏမျှ စေ့စပ်ကြည့်ရှုပြီးနောက် စိတ်သက်သာရာရစွာ သက်ပြင်းချလျက် ခပ်ဖျော့ဖျော့ရေရွတ်၏။
“ဂိုဏ်းချုပ် ဘယ်လိုလုပ်ကြမလဲ? တိုက်ရိုက်ဝင်သွားမလား?”
မဟာနတ်ဆိုးရွှမ်ရှမှ ဘုန်းကြီးရုပ်အလောင်းများကိုကြည့်၍ စိတ်အားထက်သန်စွာပြောသည်။
မဟာနတ်ဆိုးရွှမ်ရှသည် ရှေးဟောင်းနယ်မြေမှ ထွက်ခွာလာခဲ့ချိန်မှစတင်၍ မိမိကိုယ်ကို အနည်းငယ်လွှတ်ပေးထားခဲ့သည်။ မိမိသည် ဝမ်ဖုန်းနှင့် မတွေ့ရသည်မှာ အမှန်တကယ်ကြာမြင့်ခဲ့ပြီဖြစ်၏။ ထို့ကြောင့် ဝမ်ဖုန်း၏ရှေ့တွင် လုပ်ဆောင်မှုကောင်းများကို ပြသ၍ ရှန်ရှန့်ကျုံဂိုဏ်းအပြင်စည်းအကြီးအကဲချုပ်ဟူသော ရာထူးကိုသာမက ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲချုပ်ကြီးဟူသော ရာထူးကို ရယူချင်ပေသည်။
ဝမ်ဖုန်း၏ နှုတ်ခမ်းထောင့်တို့ တွန့်ကွေးသွား၍ စိတ်အားထက်သန်နေသော မဟာနတ်ဆိုးရွှမ်ရှကိုကြည့်၍ ခပ်ဖျော့ဖျော့ပြောလိုက်သည်။
“ရတယ်လေ.. စင်မြင့်က မင်းအတွက်ပဲ။ သွားပေါ့”
အနည်းဆုံး ထျန်းယုအထွတ်အထိပ်အဆင့်ရှိတဲ့ ရုပ်အလောင်းရာချီကို ဒီတိုင်းလေးပဲ ပြောလိုက်တာလား? ဒီလိုအခြေအနေမျိုးကို ငါနတ်ဆိုးအိုကြီး မကြုံတွေ့ရတာကြာပြီ.. ဒါက ပေါ့သေးသေး မဟုတ်ဘူးနော်!
ဟီးး!
ဝမ်ဖုန်း၏စကားအဆုံး၌ မဟာနတ်ဆိုးရွှမ်ရှ၏မျက်နှာမှာ တောင့်ခဲသွားလျက် ကသိကအောက်ဖြစ်စွာ ပြုံးရယ်လေသည်။ ရှက်ကိုးရှက်ကန်းဟန်ဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်၏။ မိမိ၏စွမ်းအင်တို့ကို ကြွားဝါလိုပါသော်ငြား နတ်ဆိုးအိုကြီးမှာ ထိုမျှ,မတုံးအပါချေ။
ထိုမြင်ကွင်းကြောင့် လီပိုင်နှင့်အခြားသူများသည်လည်း မသိမသာ ပြုံးလိုက်ကြသည်။ မဟာနတ်ဆိုးရွှမ်ရှ၏ သိမ်ငယ်သွားဟန်ပုံစံမှာ ရှားပါးလှသည်လေ။
ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှကို လျစ်လျူရှုလိုက်ပြီး ဘုန်းကြီးရုပ်အလောင်းရာချီသို့ အကြည့်ပြန်ပို့လိုက်သည်။ သူတို့ထံမှ ထုတ်လွှတ်နေသော စွမ်းအင်များကို သေချာအကဲခတ်စစ်ဆေး၍ သူတို့၏အင်အားကို ခန့်မှန်းကြည့်နေသည်။
ဘုန်းကြီးရုပ်အလောင်းအများစုမှာ ထျန်းယုအထွတ်အထိပ်အဆင့်များ ဖြစ်ကြပြီး ထျန်းကျုံအထွတ်အထိပ်အဆင့် ၁၂ဦးခန့်၊ ထျန်းရှင်းအထွတ်အထိပ်အဆင့် ၁၂ဦးခန့်နှင့် ထျန်းဝူအဆင့်ပင် ပါရှိလေသည်။ ထျန်းဝူအဆင့်သည် ဗုဒ္ဓဆင်းတုတော်၏အောက်တွင် တင်ပျဉ်ခွေထိုင်နေ၏။
ထိုမျှအင်အားသည် ရှန်းလန်ဘုံလောကကို မဆိုထားနှင့် ယွမ်ဟွားကောင်းကင်နယ်မြေ၌ပင် ကြီးမားလွန်းသည့်အင်အားကြီး ဖြစ်ပေမည်။
“စနစ် ဂိုဏ်းအမှတ်၃၀၀ဘီလီယံကို ထီလက်မှတ်နဲ့ လဲလှယ်မယ်။ ရတဲ့ကျင့်ကြံမှုအခြေခံတွေကို ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲတွေကို ဝေမျှပေးလိုက်ပါ”
အချိန်ခဏမျှ စဉ်းစားပြီးနောက် ဝမ်ဖုန်း ပြောလိုက်သည်။
ကနဦး၌ ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများကို ထျန်းတန့်အထွတ်အထိပ်အဆင့်သို့ မြှင့်တင်ပေးခဲ့ပြီး မိမိကိုယ်ကို ထျန်းယုအထွတ်အထိပ်အဆင့်သို့ မြှင့်တင်ခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ၏ တိုက်ခိုက်ဖျက်စီးမှုစွမ်းရည်သည် ထူးကဲသာလွန်လျှင်သော်မှ ထျန်းယုအထွတ်အထိပ်အဆင့်ရာချီကို တိုက်ခိုက်ရန်အတွက်မူ အဆင်မပြေနိုင်ပေ။
“ဒင်! လုံအာ၏ကျင့်ကြံမှုအခြေခံ ဆယ်ပုံတစ်ပုံကို ရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”
“ဒင်! ဒုတိယဓားဘုရင်၏ ကျင့်ကြံမှုအခြေခံ ငါးပုံတစ်ပုံကို ရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”
“ဒင်!...”
“ဒင်! ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ ထျန်းယုအထွတ်အထိပ်အဆင့်သို့ ရောက်ရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”
စနစ်၏အချက်ပေးသံထွက်ပေါ်လာသည်နှင့် ဝမ်ဖုန်းသည် တုံ့ဆိုင်းတွေဝေမှုမရှိ လက်ကိုဝှေ့ယမ်း၍ ကမ္ဘာဝန်းထဲမှ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများကို ထွက်လာစေလိုက်သည်။
အချိန်ခဏအတွင်း မှောင်မည်းမည်းလမ်းသွယ်မှာ ပုံရိပ်များစွာဖြင့် ပြည့်နှက်သွားကာ ဝမ်ဖုန်း၏နောက်တွင် ဒါဇင်ေကျာ်ေသာ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ ထွက်ပေါ်လာ၏။ ကြီးကျယ်ခမ်းနားသော အရှိန်အဝါနှင့် အင်အားကြီးမားသောစွမ်းအင်တို့သည် ထိုဘုန်းကြီးရုပ်အလောင်းများကို ချက်ချင်း ဆွဲဆောင်မိလေသည်။
အသိစိတ်ကင်းမဲ့စွာ သွားလာနေကြသော ဘုန်းကြီးရုပ်အလောင်းများသည် လမ်းသွယ်ဘက်သို့ တစ်ဦးပြီးတစ်ဦး ခေါင်းလှည့်ကြည့်လာကြသည်။ နီစွေးသောမျက်လုံးတွင်းပေါက်နှင့် အလောင်းကောင်များသည် ဝမ်ဖုန်းတို့အုပ်စုကို စူးစိုက်ကြည့်နေကြ၏။
ထိုအခိုက်တွင် ဝမ်ဖုန်းတို့မှာ မမြင်တွေ့နိုင်သော ဖိအားတစ်မျိုးမှ မိမိတို့ထံသို့ ဦးတည်လာနေသည်ဟု ခံစားလိုက်ရပေသည်။ ကြောက်မက်ဖွယ်အရှိန်အဝါများ လှိုင်းထန်လာသည်ကဲ့သို့ ခန္ဓာကိုယ်မှာ တုန်ရီလာရသည်။
ရှပ် ရှပ်!
ခြေသံများစွာနှ့င်အတူ အရပ်မျက်နှာအသီးသီးမှ ရုပ်အလောင်းများသည် ခဏအတွင်း စုစည်းသွားကြ၏။ ဝမ်ဖုန်းတို့သည်လည်း ထိုရုပ်အလောင်းများ၏ရှေ့တွင် စုဝေးလိုက်ကြသည်။ ထျန်းယုအဆင့်နှင့်အထက် ရုပ်အလောင်းရာချီသည် ကြောက်မက်ဖွယ်အဟုန်ဖြင့် စုဝေးနေကြသည်။ သာမန်လူများဖြစ်ပါက ကြောက်ရွံ့မှုကြောင့် ရူးသွားနိုင်လောက်၏။
“ဂလု!”
ဝမ်ဖုန်းတို့မှာ မထိန်းချုပ်နိုင်စွာ တံတွေးမြိုချမိကြရသည်။ ရုပ်အလောင်းများသည် စုဝေးပြီးနောက်တွင် ဝမ်ဖုန်းတို့ထံသို့ တိုက်ရိုက် မလာရောက်ကြဘဲ ဆယ်မီတာခန့်အကွာအဝေး၌ ရပ်နေကြသည်။ ဗလာမျက်လုံးပေါက်ကြီးများသည် ဝမ်ဖုန်းတို့ကို စူးရဲစွာစိုက်ကြည့်နေကြသည်။
ထိုရုပ်အလောင်းများမှာ မိမိတို့၏သွေးအား တပ်မက်မှုပြင်းထန်နေသည်ကို ဝမ်ဖုန်းတို့ ရှင်းရှင်းလင်းလင်း ခံစားမိပါ၏။
“တိုက်ခိုက်ကြတာပေါ့။ အရမ်းခက်ခဲလာတယ်လို့ ခံစားရရင် ကျောက်သားစင်မြင့်ကာထားတဲ့ နယ်မြေထဲက ရှောင်ထွက်လိုက်။ သူတို့ ဆက်လိုက်လာနိုင်မှာ မဟုတ်ဘူး”
ဝမ်ဖုန်းသည် ဟွမ်းချွမ်ဖေးရှန်းဓားကို ထုတ်ယူလိုက်ပြီး ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများကို တည်ကြည်လေးနက်စွာပြော၏။
စကားဆုံးသည်နှင့် ဝမ်ဖုန်းသည် ဓားကိုကိုင်မြှောက်၍ ရှေ့သို့တစ်ဟုန်ထိုး ဦးတည်သွားသည်။ သူ၏ခန္ဓာကိုယ်တွင်းစွမ်းအင်များသည် ဟွမ်းချွမ်ဖေးရှန်းဓားအတွင်းသို့ အပြင်းအထန် စီးဆင်းနေ၏။ ခြေတစ်ချက်ဆောင့်လိုက်သည်တွင် မာကြောစွာေသာ မြေပြင်မှာ ရုတ်တရက် တုန်ခါလာခဲ့သည်။
ဝမ်ဖုန်းသည် ဟွမ်းချွမ်ဖေးရှန်းဓားကို လက်နှစ်ဖက်ဖြင့် ကိုင်မြှောက်၍ အမြင့်သို့ခုန်တက်သွား၏။ စီးဝင်နေသည့် ခမ်းနားကြီးကျယ်သောစွမ်းအင်များကြောင့် ဟွမ်းချွမ်ဖေးရှန်းဓားမှာ ဓားရောင်ခြည်များ စူးရှစွာတောက်ပနေတော့သည်။
ကောင်းကင်ပြာနှင့် ဖြူကြည်သောသက်တံကဲ့သို့ ဓားရောင်ခြည်သည် အလွန်တရာ လျင်မြန်သောအရှိန်နှုန်းဖြင့် ဝါးကျိုးတုတ်တစ်ချောင်းအလား တိုက်ခိုက်၏
ဘုန်း!
ဝမ်ဖုန်း၏ဓားချက်ကြောင့် ရုပ်အလောင်းသုံးခုမှာ ထက်ဝက်ပြတ်သွား၏။ ထို့နောက်တွင် အရိုးအပိုင်းအစများအဖြစ် မြေပြင်သို့ ပြိုလဲကျသွားလေသည်။
“သတ်!”
ဝမ်ဖုန်း၏ ကြီးမားလှစွာသောအင်အားကို မြင်သောအခါ မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများသည်လည်း စတင်လှုပ်ရှားကြ၏။ သတ်ဖြတ်လိုခြင်းအငွေ့အသက်များဖြင့် ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး ရုပ်အလောင်းအုပ်စုကို ကြမ်းကြုတ်ပြင်းထန်စွာ တိုက်ခိုက်ကြသည်။
“လီပိုင် မင်းမလှုပ်ရှားနဲ့ဦး။ ကျောက်စင်မြင့်ပေါ်က ထျန်းဝူအဆင့်ရုပ်အလောင်းကို စောင့်ကြည့်ထား!”
ထျန်းကျုံအဆင့်ရုပ်အလောင်းများကို တိုက်ခိုက်နေသော ဝမ်ဖုန်းသည် မျက်လုံးထောင့်မှတစ်ဆင့် လှုပ်ရှားတော့မည့် လီပိုင်ကို မြင်လိုက်၍ အမြန်အော်ပြောလိုက်သည်။ နေရာတွင် ထျန်းဝူအဆင့်ရုပ်အလောင်းနှင့် ယှဉ်တိုက်နိုင်သူမှာ ထျန်းရှင်းအဆင့်ဖြစ်သည့် လီပိုင်တစ်ဦးတည်းသာ ရှိ၏။
ဝမ်ဖုန်း၏စကားတွင် လီပိုင်သည် မလှုပ်ရှားတော့ဘဲ ကျောက်စင်မြင့်ထက်ရှိ ထျန်းဝူအဆင့်ရုပ်အလောင်းကို အကြည့်မလွှဲတမ်း စောင့်ကြည့်နေလိုက်သည်။
ဘုန်း!
ရှေ့ရှိ ထျန်းကျုံအဆင့်ရုပ်အလောင်းများကို သတ်ဖြတ်ပြီးနောက် ဝမ်ဖုန်းသည် တုံ့ဆိုင်းမှုမရှိ ထျန်းရှင်းအဆင့်ရုပ်အလောင်းများသို့ ချက်ချင်း ချီတက်သွားလိုက်သည်။
ဝမ်ဖုန်းသည် ထျန်းယုအထွတ်အထိပ်အဆင့်သာ ဖြစ်သော်ငြား မှော်လက်နက်ချပ်ဝတ်တန်ဆာတို့ကို ဝတ်ဆင်ထားပြီး တစ်ဖက်လောကလျိုယင်းခန္ဓာကိုလည်း ကျင့်ကြံထားသည်ဖြစ်ရာ သူ၏အင်အားမှာ ကြောက်ခမန်းလိလိ တိုးမြင့်သွားခဲ့ပြီဖြစ်သည်။ သာမန်ထျန်းကျုံအဆင့်ရုပ်အလောင်းသည် ဝမ်ဖုန်း၏ပြိုင်ဘက် မဟုတ်ပါချေ။
ဤသို့အခွင့်ကြုံရပြီဖြစ်ရာ ဝမ်ဖုန်းသည်လည်း အင်တိုက်အားတိုက် တိုက်ပွဲဝင်၍ သူ၏တိုက်ခိုက်ချေမှုန်းစွမ်းရည်ကို ထက်ရှအောင်သွေးလိုသည်။ ပုံမှန်အားဖြင့် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများသည် ရန်သူကို ဖြေရှင်းနိုင်လေရာ ဝမ်ဖုန်း၌ ပျော်ပါးရန် အခွင့်အရေးမရပေ။
ဘုန်း!
ထျန်းရှင်းအဆင့်ရုပ်အလောင်း၏ အင်အားမှာ ကွဲပြားသည်ဟု ဆိုနိုင်သည်။ တစ်ချက်တိုက်ခိုက်ပြီးနောက် အင်အားကြီးမားသောစွမ်းအင်ကြောင့် ဝမ်ဖုန်း အံ့အားသင့်သွားခဲ့သည်။ ဝမ်ဖုန်း ကြောက်ရွံ့သွားခြင်း မဟုတ်ပါ။ စိတ်လှုပ်ရှားလာခြင်းသာ ဖြစ်၏။
စွမ်းအင်လည်ပတ်စီးဆင်းသွားပြီး ဓားကို ဝှေ့ယမ်းလိုက်သည်။ ထက်ရှသောဓားသွားများ တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာပြီး ရုပ်အလောင်းကို အထက်ကောင်းကင်ထိတိုင် လွင့်ထွက်သွားစေခဲ့သည်။
ရုပ်အလောင်း၏အရှိန်နှုန်းသည် လျင်မြန်လွန်းသောကြောင့် ဝမ်ဖုန်း အံ့အားသင့်သွား၏။ ထိုရုပ်အလောင်းသည် သူ၏ဓားချက်ကို အကြိမ်ရေအနည်းငယ်မျှ ရှောင်တိမ်းနိုင်ခဲ့သည်။ ဓားချက်သည် ရုပ်အလောင်း၏ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်တောင်မှ သူ၏အရိုးထက်တွင် အဖြူရောင်ပြတ်ရှရာ ထင်ဟပ်သွားရုံသာဖြစ်၏။ အင်အားကြီးမားသော ခုခံနိုင်စွမ်းရည်သည် ဝမ်ဖုန်းကို အနည်းငယ် တောင့်ခဲသွားစေသည်။
ကျောက်သားခန်းကြီးထဲတွင် နားကွဲလုမတတ်သောပေါက်ကွဲသံကြီးများ အဆက်မပြတ် ပဲ့တင်ထပ်နေပြီး စွမ်းအင်များကြောင့် အခန်းမှာလည်း အနည်းငယ် သက်ရောက်မှု ရှိလာလေသည်။ ကံကောင်းထောက်မစွာဖြင့် ဤကျောက်သားအခန်းသည် အမည်မသိသော သတ္တုပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အလွန်ခိုင်မာ၏။ ဤမျှပြင်းထန်လှသော တိုက်ပွဲ၌ပင် ပျက်စီးသည့်အရိပ်အယောင် မရှိသေးပေ။
ထျန်းယုအဆင့်ရုပ်အလောင်းများသည် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ၏ လက်ထဲတွင် အဆက်မပြတ် သေဆုံးနေရသည်။ ၁၅မိနစ်ခန့်မျှသော အချိန်အတွင်း၌ပင် ကျောက်စင်မြင့်အနီးရှိ မြေပြင်တစ်ခုလုံးမှာ အရိုးဖြူများဖြင့် ဖုံးလွှမ်းသွား၏။
ဘုန်း!
သို့သော် ထိုအခိုက်အတန့်တွင် ကျောက်စင်မြင့်ထက်မှ အင်အားကြီးမားလှစွာသောအဟုန်ကြီး ဖြာထွက်လာ၏။ စင်မြင့်ထက်တွင် တင်ပျဉ်ခွေထိုင်နေခဲ့သော ထျန်းဝူအဆင့်ရုပ်အလောင်း၏ ဗလာမျက်လုံးအစုံတွင် နီစွေးသောအလင်းစများ ရုတ်တရက် တောက်ပလာ၏။ အလင်းတန်းသည် ရုတ်တရက် ထွက်ပေါ်လာကာ ပြင်းထန်လှစွာသောအဟုန်သည် ၎င်းရုပ်အလောင်းကို ဗဟိုပြု၍ အရပ်မျက်နှာအသီးသီးသို့ ဖြာထွက်ရိုက်ခတ်နေသည်။ တိုက်ခိုက်နေသည့် ဝမ်ဖုန်းတို့မှာ အနည်းငယ် ရင်တုန်သွားရသည်။
“ခြေ၁၀လှမ်းမှာ လူတစ်ယောက်ကို အသက်နုတ်ယူပြီး မိုင်ထောင်ချီ ချန်ထားရစ်တယ်!”
အခန်းထောင့်စွန်းတွင်ရပ်နေသော လီပိုင်သည် ထိုမြင်ကွင်းကို မြင်သောအခါ မျက်လုံးများ တောက်ပလာ၏။ သူစောင့်ဆိုင်းနေခဲ့သည်မှာ အတော်လေး ကြာမြင့်ခဲ့လေပြီ။ ဓားရှည်ကို ဓားအိမ်မှထုတ်၍ ခန္ဓာကိုယ်သည် ကျောက်စင်မြင့်ပေါ်သို့ ရုတ်ချည်းရောက်ရှိသွား၏။ လအလင်းကဲ့သို့ ဓားချက်ဖြင့် ထျန်းဝူအဆင့်ရုပ်အလောင်းကို ခုတ်ပိုင်းချလိုက်သည်။
“ဂါးး!”
ကြမ်းရှအက်ကွဲသော နားစည်ကိုစူးအောင့်စေသော ဟိန်းဟောက်သံကြီး ထျန်းဝူအဆင့်ရုပ်အလောင်းထံမှ ထွက်ပေါ်လာ၏။ ရုပ်အလောင်းသည် ဖြူစုတ်နေသော လက်အစုံကိုဆန့်ထုတ်လျက် ပြင်းထန်စွာ ရိုက်ချလိုက်သည်တွငိ ရွှေရောင်ခြည်ဗုဒ္ဓလက်ဖဝါးသဏ္ဍာန်သည် ရုပ်အလောင်း၏ရှေ့တွင် ရုတ်ချည်း ပေါ်ထွက်လာခဲ့သည်။ လီပိုင်ထုတ်လွှတ်လိုက်သော ဓားစွမ်းအင်နှင့် ရုပ်အလောင်း၏ လက်ဖဝါးရိုက်ချက်တို့ တိုက်ရိုက်ထိခတ်သွား၏။
ဘုန်း! ဘုန်း!
လက်ဖဝါးရိုက်ချက်နှင့် ဓားရောင်ခြည်တို့ ထိခတ်မှုသည် အခန်းတစ်ခုလုံးကို တုန်ခါသွားစေခဲ့ပြီး တိုက်ခိုက်နေကြသည့် ရုပ်အလောင်းများနှင့် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများသည်လည်း သက်ရောက်မှုဒဏ်ကြောင့် အနည်းငယ် နောက်ဆုတ်သွားရသည်။
လီပိုင်သည် တိုက်ခိုက်ရာတွင် တည်ငြိမ်သေသပ်၏။ ဓားရှည်ကိုဝှေ့ယမ်းလျက် တစ်ခါတစ်ရံတွင် ရုပ်အလောင်း၏နောက်ဘက်၌ ပေါ်ထွက်လာပြီး တစ်ခါတစ်ရံ လက်ဝဲဘက်တွင် ထွက်ပေါ်တိုက်ခိုက်တတ်သည်။ ပြင်းထန်လှစွာသော ဓားရောင်ခြည်များသည်လည်း အဆက်မပြတ် ထွက်ပေါ်နေ၏။ ကျောက်စင်မြင့်ကြီးတစ်ခုလုံးမှာ ဓားလောကကြီးအဖြစ်သို့ ပြောင်းလဲသွားသည့်အလား ထျန်းဝူအဆင့်ရုပ်အလောင်းကို ဓားရှည်များစွာဖြင့် ဝန်းရံထားလေသည်။
ထျန်းဝူအဆင့်ရုပ်အလောင်းသည် မရှုံးနိမ့်စေရန် အပြင်းအထန်ခုခံရုန်းကန်နေ၏။ လက်ဖဝါးရိုက်ချက်များကို အဆက်မပြတ် ထုတ်လွှတ်နေလျက် လီပိုင်၏ ဓားစွမ်းအင်များဖြင့် ထိခတ်၏။
ထိတ်လန့်အံ့ဩဖွယ်သော ခမ်းနားကြီးကျယ်သည့် ဓားရောင်ခြည်နှင့်အတူ ဗုဒ္ဓရောင်ခြည်သည်လည်း တောက်ပနေခဲ့သည်။
ရုပ်အလောင်းသည် ထျန်းဝူအဆင့်ဖြစ်သော်ငြား အဆုံးသတ်တွင်တော့ သေမဲ့လူသာ ဖြစ်လေသည်။ လီပိုင်သည် ထျန်းရှင်းအဆင့်သာ ဖြစ်သော်ငြား သူ၏တိုက်ခိုက်ချေမှုန်းစွမ်းရသည် ထျန်းဝူအဆင့်နှင့် ညီမျှသည့်အပြင် သာမန်ထျန်းဝူအဆင့်ကျင့်ကြံသူကိုလည်း သတ်ဖြတ်နိုင်စွမ်းရှိ၏။
၁၅မိနစ်ခန့်မျှသော အချိန်အတွင်း၌ ထျန်းဝူအဆင့်ရုပ်အလောင်း၏ အရိုးများမှာ ဓားပြတ်ရှရာများဖြင့် ပြည့်နှက်သွားတော့သည်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ အချိန်မရွေး ပြိုလဲကျတော့မည့်အလား တုန်ရီနေလေသည်။