← Chapters

အခန်း (၄၂၁)

Vol. 30 Ch. 421

အခန်း (၄၂၁)

Vol. 30 Ch. 421

ဘာသာပြန်- The Fate

ဘုန်း....

အခြားတစ်ဖက်တွင် ဝမ်ဖုန်းက ထျန်းရှင်းအဆင့်ရုပ်အလောင်းနှင့် အရိုင်းဆန်စွာ တိုက်ခိုက်လိုက်သည်။သူ့လက်ထဲရှိ ဟွာကွမ်းဖေးရှန်းဓားသည် အရိုးစုလက်ကြီးနှင့်ပွတ်တိုက်မိသွားကာ ရွှေရောင်မီးပွားများ လွင့်စင်ထွက်လာခဲ့သည်။

" ၂၃ကွက်မြောက် လောင်ကျွမ်းခြင်းဓား"

နောက်တစ်ကြိမ်ပွတ်တိုက်ပြီး ပြန်လည်ဆုတ်ခွာလိုက်သည့်အချိန်တွင် ဝမ်ဖုန်း၏မျက်နှာက လေးနက်လာခဲ့ကာ သူ့ကိုယ်တွင်းရှိ စွမ်းအားများသည် လက်ထဲရှိ ဟွာကွမ်းဖေးရှန်းဓားဆီသို့ စီးဆင်းဝင်ရောက်သွားခဲ့သည်။လျို့ဝှက်ဆန်းကြယ်သော ဓားဆန္ဒအရှိန်အဝါများသည် ဝမ်ဖုန်းထံမှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

၂၃ကွက်မြောက်လောင်ကျွမ်းခြင်းဓားသည် ဘုံလောကခြောက်ခုကို ဖြိုခွင်းနိုင်ခဲ့သော ထူးချွန်ထက်မြတ်သည့် ဓားသိုင်းကွက်ဖြစ်၏။

ဟွာကွမ်းဖေးရှန်းဓားမှ ထွက်ပေါ်လာသော ဓားဆန္ဒအရှိန်အဝါများသည် မမြင်တွေ့နိုင်သော ဓားကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ထျန်းရှင်းအဆင့်ရုပ်အလောင်းများကို အုပ်မိုးလိုက်ရုံသာမက အနီးအနားရှိ ထျန်းကျုံအဆင့် ရုပ်အလောင်းများကိုပါ အုပ်ကာသွားခဲ့သည်။

မမြင်တွေ့နိုင်သော ဓားကမ္ဘာလေး၏ဖိနှိပ်မှုအောက်တွင် ထျန်းရှင်းအဆင့်ရုပ်အလောင်းများနှင့် ထျန်းကျုံအဆင့်ရုပ်အလောင်းများသည် အေးခဲသွားကြကာ မလှုပ်ရှားနိုင်ဖြစ်သွားကြပြီး ဝမ်ဖုန်း၏သတ်ဖြတ်ခြင်းကို စောင့်ဆိုင်းနေခဲ့ရ၏။

ချွင်.....

ဓားဟိန်းသံတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ ထိတ်လန့်ဖွယ်ကောင်းသော ဓားအလင်းတန်းကြီးသည် ရုတ်တရက်ထွက်ပေါ်လာခဲ့ကာ မရေမတွက်နိုင်သော ဓားချီများလည်း ထွက်ပေါ်လာခဲ့သည်။

ဘုန်း......

ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် ကျောက်တုံးခန်းမအတွင်း ပဲ့တင်ထပ်မြည်ဟီးလာကာ ထျန်းရှင်းအဆင့်ရုပ်အလောင်းသည် ဝမ်ဖုန်း၏သတ်ဖြတ်ခြင်းကို ခံခဲ့ရကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အစိတ်စိတ်အမွှာမွှာ ကွဲကျေသွားခဲ့သည်။

ဓားကိုကိုင်ဆောင်၍ မတ်တပ်ရပ်နေသော ဝမ်ဖုန်းသည် (၂၃)ကွက်မြောက် လောင်ကျွမ်းခြင်းဓားသိုင်းကွက်၏ စွမ်းရည်ကို စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။ယင်းမှာ ဧကရာဇ်ရှီထျန်း၏ ဒဏ္ဍာရီလာ လူသတ်သိုင်းကွက်ဖြစ်ရန် ထိုက်တန်ပါလေသည်။

ဝမ်ဖုန်းက ထျန်းရှင်းအဆင့်ရုပ်အလောင်းကို သတ်ဖြတ်လိုက်သည့် တစ်ချိန်တည်းမှာပင် ကျောက်တုံးစင်မြင့်ပေါ်ရှိ လီပိုင်ကလည်း ထျန်းဝူအဆင့်ရုပ်အလောင်းကို သတ်ဖြတ်လိုက်သည်။ ဝမ်ဖုန်းက ထိုမြင်ကွင်းကို အပြုံးတစ်ပွင့်ဖြင့် စောင့်ကြည့်နေခဲ့သည်။

နောက်တစ်ခဏတွင် ဝမ်ဖုန်းနှင့်လီပိုင်တို့သည် ထျန်းယုအထွတ်အထပ်အဆင့် ရုပ်အလောင်းများကို သတ်ဖြတ်ရန် တချိန်တည်းမှာ ပြေးထွက်သွားခဲ့ကြသည်။ ဝမ်ဖုန်းတို့နှစ်ယောက်၏လက်ထဲတွင် ထျန်းယုအထွတ်အထိပ်အဆင့် ရုပ်အလောင်းတစ်လောင်းသည် အပိုင်းပိုင်းအစစဖြစ်သွားခဲ့ရသည်။ရှန်ရှန်ကျုံဂိုဏ်းအကြီးအကဲများ၏ သတ်ဖြတ်ခြင်းခံထားရတာကြောင့် ရုပ်အလောင်းများက အရေအတွက်နည်းပါးနေခဲ့ကာ ဝမ်ဖုန်းတို့ကလည်း ဆက်လက်တိုက်ခိုက်နေကြသည်။

မြေပြင်ပေါ်ရှိ အရိုးစုများက ထိတ်လန့်ဖွယ်ကောင်းသော တိုက်ပွဲကြီးကို ပြဆိုနေခဲ့သည်။

"မင်းတို့ရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်။"

ဝမ်ဖုန်းကမောပန်နွမ်းနယ်နေသော ရှန်ရှန်ကျုံဂိုဏ်းရဲ့အကြီးအကဲများကို ဝေ့ဝေ့ကြည့်လိုက်ပြီး ညင်သာစွာပြောဆိုလိုက်သည်။

ရှန်ရှန်ကျုံဂိုဏ်း အကြီးအကဲတစ်ယောက်မှ ဒဏ်ရာမရခဲ့သော်လည်း သူတို့က များစွာသောရုပ်အလောင်းများနှင့် တိုက်ခိုက်ခဲ့ရတာကြောင့် ခြေကုန်လက်ပမ်းကျနေကြသည်။

" ဟား.ဟား..ဂိုဏ်းချုပ်က ယဥ်ကျေးလွန်းနေပါပြီ။ ကျုပ်တိုက်ပွဲကောင်းမဆင်နွှဲ့ရတာ ကြာလှပြီဗျ။ "

"ဟုတ်တယ်!"

ကျန်းစန်ဖုန်းနှင့် ရှန်ရှန်ကျုံဂိုဏ်းအကြီးအကဲများက ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

ဝမ်ဖုန်းက ပြုံးပြီး ခေါင်းညိမ့်လိုက်၏။သူ၏လက်ကို ဝှေ့ရမ်းလိုက်သည့်အခါ ကမ္ဘာငယ်လေး၏ဝင်ပေါက်သည် ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။ ကျန်းစန်ဖုန်းနှင့် အခြားသူများက ဝမ်ဖုန်းကို ဂါရဝပြုလိုက်ပြီး ကမ္ဘာဘောလုံးလေးအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြသည်။

ဤပြင်းထန်လွန်းသောတိုက်ပွဲက သူတို့ကို နက်နက်ရှိုင်းရှိုင်းခြေကုန်လက်ပန်းကျစေခဲ့သလို ညဏ်အလင်းတချို့လည်း ရရှိစေခဲ့သည်။ သူတို့က တိတ်ဆိတ်သောနေရာတွင် နားလည်သဘောပေါက်ရန် ကြိုးစားလိုကြ၏။

ရုပ်အလောင်းအုပ်စုကို ဖျက်စီးလိုက်သော်လည်း ဤနေရာက ထူးဆန်းလွန်းတာကြောင့် ဝမ်ဖုန်းဟာ သတိလက်လွတ်မဖြစ်ရဲပါ။ ရှန်ရှန်ကျုံဂိုဏ်း၏အကြီးအကဲများမှာ အင်မတန်အစွမ်းထက်ကြသော်လည်း သူတို့၏ရန်သူများမှာ အရေအတွက်အားဖြင့် များပြားလွန်းတာကြောင့် လွယ်လင့်တကူ ဒုက္ခရောက်သွားနိုင်သည်။

ရှန်ရှန်ကျုံဂိုဏ်းရဲ့ အကြီးအကဲအားလုံး ကမ္ဘာဘောလုံးထဲ ဝင်ရောက်သွားပြီးနောက် ဝမ်ဖုန်းက ကမ္ဘာဘောလုံးလေးရဲ့ မုဒ်ဝကို ပြန်လည်၍ သိမ်းဆည်းလိုက်သည်။ ကျောက်တုံးခန်းမကြီးထဲတွင် မဟာနတ်ဆိုးရွှမ်ရှတို့သာ ကျန်ရစ်ကြတော့သည်။

ဤအချိန်မှသာ ဝမ်ဖုန်းက ကျောက်တုံးခန်းမကြီးတစ်ခုလုံးကို ဂရုတစိုက်လေ့လာကြည့်ရှူ့နိုင်ခဲ့သည်။သူက ကျောက်တုံးစင်မြင့်ကြီးရှိရာသို့ လမ်းလျှောက်သွားပြီး လေထုအတွင်းမျောလွင့်နေသည့် နတ်ဆိုးဗုဒ္ဓရုပ်ထုကြီးကို လှမ်းမျှော်ကြည့်ရှူ့လိုက်သည်။

" အမ်.."

ဝမ်ဖုန်းက တစုံတခုကို ရှာတွေ့သွားပုံပေါ်ပြီး သူ၏မျက်ဝန်းများက ကျဥ်းမြောင်းလာကာ မှော်ဆန်သောဗုဒ္ဓရုပ်ပွားတော်ကြီး၏ ဝမ်းဗိုက်ကို စူးစိုက်ကြည့်လိုက်သည်။

"ဗုဒ္ဓဆိုတာဘာလဲ။ နတ်ဆိုးဆိုတာကရောဘာလဲ။ကမ္ဘာလောကကြီးထဲမှာ လမ်းစဥ်နိယာမပေါင်း ထောင်ချီရှိတဲ့ထဲက ကျွနုပ်ကလည်း နိယာမတစ်ခုပါပဲ။ "

" ကျွနုပ်သာ ဗုဒ္ဓဖြစ်လာခဲ့ရင် ဒီကမ္ဘာကြီးထဲမှာ ဘယ်နတ်ဆိုးမှ မတည်ရှိနိုင်ဘူး။ ကျွနုပ်သာနတ်ဆိုးဖြစ်လာခဲ့ရင် ဒီလောကကြီးထဲမှာ ဘယ်ဗုဒ္ဓမှ မတည်ရှိနိုင်ဘူး။ "

ဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ ဝမ်းဗိုက်တွင် စာကြောင်းနှစ်ကြောင်းကို ရေးထွင်းထားခဲ့သည်။အကြည့်တစ်ချက်ဖြင့်ပင် ဝမ်ဖုန်းသည် ထိုစာသားများထံမှ ပြိုင်ဖက်ကင်းသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ယင်းပြိုင်ဖက်ကင်းသောအရှိန်အဝါကြောင့် ဝမ်ဖုန်း၏စိတ်နှလုံးတစ်ခုလုံးမှာ တဒုန်းဒုန်းတုန်ရင်သွားရ၏။

" လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ပြိုင်ဖက်ကင်းလိုက်တာ။"

အချိန်အတော်ကလေးကြာမှ ဝမ်ဖုန်းက ပြန်လည်၍သတိဝင်လာခဲ့ကာ အကြောက်တရားများဖြင့် တီးတိုးရေရွတ်လိုက်မိ၏။

ထိုကဲ့သို့ လူပုဂ္ဂိုလ်(ထျန်းတုမြို့အရှင်)တစ်ယောက်သာ သေဆုံးမသွားပါက ထိတ်လန့်ဖွယ်ကောင်းသော အဆင့်ကြီးတစ်ခုအထိ ရောက်ရှိသွားနိုင်သည်။

" ကျွနုပ်သာနတ်ဆိုးဆိုရင် ဒီလောကကြီးထဲမှာ ဗုဒ္ဓမရှိနိုင်ဘူး။"

ဝမ်ဖုန်း၏နားစည်အတွင်း၌ စိတ်လှုပ်ရှားနေသော ဟိန်းဟောက်သံကြီးတစ်သံ ထွက်ပေါ်လာခဲ့ကာ ဝမ်ဖုန်းက ကြောင်အသွားခဲ့သည်။ သူခေါင်းလှည့်ကြည့်လိုက်သောအခါ မဟာနတ်ဆိုးရွှမ်ရှက သူ၏ဘေးနားတွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။မဟာနတ်ဆိုးရွှမ်ရှက ဝင်းလက်တောက်ပနေသော မျက်ဝန်းများဖြင့် ဗုဒ္ဓရုပ်ပွားတော်ကြီး၏ ဝမ်းဗိုက်ကိုစူးစိုက်ကြည့်ကာ ရေရွတ်လိုက်ခြင်းဖြစ်၏။

ဝမ်ဖုန်းက မဟာနတ်ဆိုးရွှမ်ရှကို ပြောစရာစကားကင်းမဲ့စွာ လှမ်းကြည့်လိုက်ပေသည်။သူက ဒီသွေးဆူနေသော လူအိုကြီးကို ဂရုမစိုက်ချင်တော့ပါ။ကျောက်တုံးအခန်းကြီး၏နံရံတွင် အခြားသဲလွန်စများရှိနေသေးလားဆိုတာကို ရှာဖွေဖို့အတွက် ဝမ်ဖုန်းက ကျေက်တုံးစင်မြင့်ပေါ်မှ သက်ဆင်းရန် ပြင်ဆင်လိုက်သည်။ပြင်းထန်သောတိုက်ပွဲကြောင့်တောင် ဒီကျောက်တုံးခန်းမက ပြိုမကျသွားခဲ့ပါ။ယင်းခန်းမက ရိုးရှင်းသောအရာ မဟုတ်ပါချေ။

နောက်တခဏအကြာတွင် ဝမ်ဖုန်းက ထိတ်လန့်သွားခဲ့ပြီး သူ၏မျက်ဝန်းများက ပြူးကျယ်လာခဲ့သည်။သူဟာ သူ့ခြေထောက်အောက်ရှိ ကျောက်တုံးစင်မြင့်ကို စူးစိုက်ကြည့်မိလိုက်သည်။

ကျောက်တုံးစင်မြင့်ပေါ်တွင် သွေးနီရောင်မျဥ်းကြောင်းများ ရေးထွင်းထားသည်ကို တွေ့မြင်လိုက်ရသည်။ယင်းစင်မြင့်ပေါ်တွင် အမည်မသိအစီအရင်ကြီးတစ်ခုကို ရေးဆွဲထားခဲ့လေသည်။

သေသေချာချာကြည့်ရှူ့ခြင်းမရှိပါက ကျောက်တုံးစင်မြင့်ပေါ်တွင် အစီအရင်တစ်ခုရှိနေကြောင်း ဘယ်သူကမှ သိရမှာ မဟုတ်ပါ။

ဝမ်ဖုန်းကို ထိတ်လန့်သွားစေခဲ့သည်က ကျောက်တုံးစင်မြင့်ကြီးပေါ်ရှိ သွေးနီရောင်မျဥ်းကြောင်းများသည် နှေးကွေးစွာ ရွေ့လျားနေခဲ့သည်။အရှိန်နှုန်းက နှေးကွေးလှသော်လည်း သူ၏မျက်ဝန်းများမှ ပြေးမလွတ်ခဲ့ပါ။

" အမြန်ဆင်းလာခဲ့!"

ဝမ်ဖုန်း၏အမူအရာမှာ ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။သူက မဟာနတ်ဆိုးရွှမ်ရှကို ကျောက်တုံးစင်မြင့်ပေါ်မှ ဆွဲချလာခဲ့သည်။

" ဂိုဏ်းချုပ်...ဘာဖြစ်တာလဲ။"

ဝမ်ဖုန်း၏ရုတ်တရက် ဟစ်အော်လိုက်မှုက ကျောက်တုံးအခန်းကို ရှာဖွေစူးစမ်းနေသော လီပိုင်နှင့် အခြားသူများ၏အမူအရာများကို ပြောင်းလဲသွားစေခဲ့သည်။ သူတို့၏ခန္ဓာကိုယ်များက လေအလျင်နှုန်းကဲ့သို့ ဝမ်ဖုန်း၏အနောက်ဖက်၌ ရုတ်တရက် ထွက်ပေါ်လာခဲ့ကြသည်။

" ဒီစင်မြင့်ကြီးပေါ်မှာ ထူးဆန်းတဲ့ အစီအရင်ကြီးတစ်ခုရှိနေတယ်။အဲ့ဒီအစီအရင်ကြီးက အသက်ဝင်လာတဲ့ပုံပဲ။"

ဝမ်ဖုန်းက ကျောက်တုံးစင်မြင့်ကြီးကို လက်ညှိးညွှန်ပြလိုက်ပြီး လေးနက်စွာ ပြောဆိုလိုက်သည်။

လီပိုင်တို့အုပ်စု၏အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ သူတို့၏မျက်ဝန်းများက ကျောက်တုံးစင်မြင့်ကြီးကို စူးစိုက်ကြည့်လိုက်သည့်အခါ သူတို့၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားကြသည်။သူတို့က ကိုယ်တွင်းရှိခွန်အားများကို လျို့ဝှက်စွာ လှည့်ပတ်လိုက်ပြီး အချိန်မရွေးတုန့်ပြန်ရန် ပြင်ဆင်ထားခဲ့သည်။

" ဘုန်း....."

ဝမ်ဖုန်း၏စကားဆုံးသွားသည်နဲ့တပြိုင်နက် ကျောက်တုံးစင်မြင့်ကြီးတစ်ခုလုံးသည် ရုတ်တရက်တုန်ခါလာခဲ့ကာ ကျောက်တုံးစင်မြင့်ကြီးထံမှ သွေးနီရောင်အလင်းတန်းကြီးတစ်ခု ထွက်ပေါ်ခဲ့သည်။ ပြင်းထန်ပြီး ခြောက်ခြားဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည်လည်း ယင်းစင်မြင့်ကြီးထံမှ ထွက်ပေါ်လာခဲ့ကာ ဝမ်ဖုန်းတို့အုပ်စု၏အမူအရာများမှာ ပိုမို၍ လေးနက်သွားခဲ့ကြသည်။

ဝမ်ဖုန်းတို့၏မျက်ဝန်းအကြည့်များအောက်တွင် ကျောက်တုံးစင်မြင့်ကြီးပေါ်ရှိ သွေးနီရောင် မျဥ်းကြောင်းများပေါ်တွင် လတ်ဆတ်သောသွေးများ စီးဆင်းနေသကဲ့သို့ အနီရောင်အလင်းတန်းများ ပြေးလွှားနေခဲ့သည်။ ထိုအနီရောင်အလင်းတန်းများ ပြေးလွှားနေခြင်းနဲ့အတူ မျဥ်ကြောင်းများအားလုံးကလည်း အသက်ဝင်လာပုံပေါ်ကာ ရုတ်တရက် ချိတ်ဆက်မိသွားကြပြီး မျက်စိကျိန်းလောက်သော အနီရောင်ကျောက်တိုင်လုံးကြီး ထိုးထွက်လာခဲ့ပြန်သည်။

ဘုန်း......

သွေးနီရောင်မျဥ်းကြောင်းများ အသက်ဝင်လာခြင်းနဲ့အတူ ကျောက်တုံးစင်မြင့်ကြီးတစ်ခုလုံးက ပို၍ပို၍ ပြင်းထန်စွာ တုန်ခါလာခဲ့သည်။ယင်းနောက် စင်မြင့်ကြီးထံမှ သွေးနီရောင်ကျောက်တိုင်လုံးကြီးများ တစ်ခုပြီးတစ်ခု ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။တစ်မီတာခန့်မြင့်သော သွေးနီရောင်ကျောက်တိုင်လုံး စုစုပေါင်းရှစ်ခုသည် ကျောက်တုံးစင်မြင့်ကြီးပေါ်၌ တည်ရှိလာခဲ့၏။

ထိုသွေးနီရောင် ကျောက်တိုင်လုံးရှစ်ခု ထွက်ပေါ်လာသည့်အခါ ဝမ်ဖုန်းနှင့် အခြားသူများမှာ မတုန်လှုပ်ဘဲ မနေနိုင်တော့ပါ။သူတို့က သူတို့ကို တိုက်ခိုက်နေသော သွေးပင်လယ်ကြီးနဲ့ အလောင်းသမုဒ္ဒရာကို တွေ့မြင်ခံစားလိုက်ရပုံပေါ်ကာ သူတို့၏စိတ်ဝိညဥ်များသည် ပုံရိပ်ယောင်တစ်ခုအတွင်းသို့ ဆွဲသွင်းခြင်းခံလိုက်ရသည်။ သူတို့၏နဖူးများမှလည်း ချွေးစေးများ ထွက်ခဲ့၏။

ဟွမ်...

စနစ်၏စွမ်းအင်ထွက်ပေါ်လာခြင်းနဲ့အတူ ဝမ်ဖုန်းနှင့် အခြားသူများက ပုံရိပ်ယောင်အတွင်းမှ လွတ်မြောက်သွားခဲ့သည်။ ဤအချိန်တွင် ဝမ်ဖုန်းနှင့်အခြားသူများ၏ နောက်ကျောများတွင် ချွေးများစိုရွှဲနေပြီး သူတို့၏မျက်နှာများက ဖြူဖျော့နေကြသည်။

" ဒါက ဘယ်လိုအစီအရင်မျိုးလဲ။"

မဟာနတ်ဆိုးရွှမ်ရှသည် သူ့နဖူးပေါ်ရှိ ချွေးစေးများကို သုတ်လိုက်ပြီး ခြောက်ခြားစွာ ရေရွတ်လိုက်သည်။ သူ၏စူးရှသော မျက်ဝန်းများအတွင်း၌ ထိတ်လန့်မှုအရိပ်အယောင်များ ရှိနေခဲ့သည်။စောနက သူသည် ဗုဒ္ဓတစ်ပါး၏ဘဝသံသရာကို တွေ့မြင်ခဲ့ရပြီး ဝမ်းနည်းဖွယ်ကောင်းသော အဆုံးသတ်ကိုလည်း မြင်တွေ့ခဲ့ရသည်။ထိုအကြောင်းကို ပြန်တွေးလိုက်ပါက မဟာနတ်ဆိုးရွှမ်ရှ၏နှလုံးသားမှာ ဝမ်းနည်းအားငယ်လာရသည်။

" အဲ့ဒီ အနီရောင်တိုင်လုံး တွေကို စိုက်မကြည့်နဲ့။ "

ဝမ်ဖုန်း၏မျက်ဝန်းများက မှေးကျဥ်းသွားပြီး လေးနက်စွာပြောဆိုလိုက်သည်။ စနစ်ကသာ သူ၏သခင်ကို အလိုအလျောက်ကာကွယ်မပေးလိုက်ပါက သူတို့ဟာ ပုံရိပ်ယောင်ထဲမှ အလွယ်တကူ လွတ်မြောက်နိုင်မှာ မဟုတ်ပါ။

ဝမ်ဖုန်းက သတိမပေးရင်တောင် မဟာနတ်ဆိုးရွှမ်ရှတို့က သွေးနီရောင်တိုင်လံုးများကို စူးစိုက်မကြည့်ရဲတော့ပါ။ ဘယ်သူကမှ စောနက ပုံရိပ်ယောင်ကို ထပ်မံတွေ့မြင်လိုခြင်းမရှိကြ။

ဘုန်း....

ဤအချိန်တွင် သွေးနီရောင်‌ေကျာက်တိုင်လုံးကြီးများထံမှ စွေးစွေးနီနေသော အလင်းတန်းကြီးတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။မှော်ဆန်သော ဗုဒ္ဓရုပ်ပွားတော်ကြီးကို အလင်းတန်းကြီးရှစ်တန်းက ဝန်းရံထားခဲ့သည်။

အလင်းတန်းကြီးများထံမှ အပ်ချည်မျှင်ကဲ့သို့ သွေးနီရောင်အလင်းတန်းလေးများ ဖြာထွက်လာခဲ့ပြီး ကြီးမားသော ဗုဒ္ဓရုပ်ပွားတော်ကြီးကို ရစ်ပတ်လိုက်သည်။နောက်တဒင်္ဂအကြာတွင် ကြီးမားသော ဗုဒ္ဓရုပ်ပွားတော်ကြီးသည် အနီရောင်၊အနက်ရောင် နှစ်ဖြာသောအရောင်တို့ဖြင့် ရောထွေးသွားခဲ့သည်။

ထိုမြင်ကွင်းက ဝမ်ဖုန်းတို့ကို ကြောင်အသွားစေပြီး သူတို့က ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်မိကြသည်။သူတို့ကိုယ်တွင်းရှိ စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး လူတိုင်းက သူတို့၏အရှေ့တွင် အကာအကွယ်ကြီးတစ်ခုကို ဖန်တီးလိုက်ကြသည်။

ဒီလိုနေရာမျိုးမှာ သတိလက်လွတ်ပြုမူမိလျှင် ဘယ်လိုသေသွားမှန်း သိမှာတောင် မဟုတ်ပါ!

တစ်နာရီ၏ လေးပုံတစ်ပုံကြာမြင့်သည့်အခါ သွေးနီရောင်အလင်းတန်းကြီးရှစ်ခု ပျောက်ကွယ်သွားခဲ့သည်။

များမကြာမီတွင် မိုးခြိမ်းသံကြီးတစ်သံ ထွက်ပေါ်လာခဲ့ပြီး ဝမ်ဖုန်းနှင့် အခြားသူများ၏နားစည်များကို တုန်ခါသွားစေခဲ့သည်။

မှော်ဆန်သောဗုဒ္ဓရုပ်ပွားတော်ကြီးကို ရစ်တွယ်ထားခဲ့သော အနီရောင်နဲ့အနက်ရောင်သင်္ကေတများသည် ရုတ်တရက်ပေါက်ကွဲသွားခဲ့ပြီး ဗုဒ္ဓရုပ်ပွားတော်ကြီး၏ပုံရိပ်ကို ရှင်းလင်းစွာ တွေ့မြင်လိုက်ရသည်။ သို့ပါသော်လည်း ယခင်ကနဲ့ နှိုင်းယှဥ်ရပါက ဗုဒ္ဓရုပ်ပွားတော်ကြီးသည် မည်းနက်သောအရောင်အသွေး မရှိတော့ဘဲ သွေးကဲ့သို့ စွေးစွေးနီနေခဲ့သည်။

ကျောက်တုံးခန်းမအတွင်း၌ ပြင်းထန်သောသွေးရနံ့များ ထွက်ပေါ်လာခဲ့ပြီး အဆိုပါသွေးရနံ့က ဝမ်ဖုန်းတို့ကို မသက်မသာ ဖြစ်စေခဲ့သည်။

ဟွမ်...

ရုတ်တရက်ဆိုသလို ကျောက်တုံးခန်းမကြီးအတွင်း၌ ဗုဒ္ဓခေါင်းလောင်းမြည်သံကို ကြားယောင်လိုက်ရပုံပေါ်ကာ စိတ်ဝိညဥ်ကို တုန်ခါစေနိုင်သော စည်းချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

သွေးနီရောင်ဗုဒ္ဓရုပ်ပွားတော်ကြီးသည် ရုတ်တရက်တုန်ခါသွားခဲ့ပြီး ဗုဒ္ဓရုပ်ပွားတော်ကြီး၏ဝမ်းဗိုက်‌ပေါ်တွင် ဗုဒ္ဓရုပ်ပွားတော်ကြီး၏ ဉာဏ်တော်နှင့် ထပ်တူညီမျှသော တံခါးတစ်ချပ် ထွက်ပေါ်လာခဲ့သည်။

သွေးနီရောင်သင်္ကန်းကို ဆင်မြန်းထားပြီး မျက်နှာပေါ်တွင် သွေးနီရောင်မျဥ်းကြောင်းများ ရေးထွင်းထားသော ဦးခေါင်းပြောင်ပြောင်ဘုန်းတော်ကြီးတစ်ပါးသည် ဗုဒ္ဓရုပ်ပွားတော်ကြီး၏ ကိုယ်ပေါ်တွင်ရှိသော အလင်းတံခါးမှတစ်ဆင့် လှေကားထစ်များတစ်လျှောက် ရုတ်တရက် လမ်းလျှောက်ထွက်လာခဲ့သည်။

" ဟာ....."

အဆိုပါထူးဆန်းသည့်မြင်ကွင်းက ဝမ်ဖုန်းတို့အုပ်စုကို သက်ပြင်းရှိုက်လိုက်မိစေသည်။ သူတို့၏ခန္ဓာကိုယ်များမှာ အနောက်သို့ ခြေလှမ်းပေါင်းဒါဇင်ခန့် ဆုတ်ခွာသွားခဲ့သည်။

ထိုဘုန်းတော်ကြီးသည် ကျောက်တုံးစင်မြင့်ကြီးပေါ်တွင် ခြေဗလာဖြင့် မတ်တပ်ရပ်နေခဲ့သည်။ သူ၏ခြေထောက်များက သလင်းကျောက်များအလားကြည်လင်သော်လည်း ထိုခြေထောက်များပေါ်တွင် သွေးနီရောင်မျဥ်းကြောင်းများ ဖုံးအုပ်ထားခဲ့သည်။ ဝမ်ဖုန်းနှင့်သူ့လူများသည် ထိုဘုန်းတော်ကြီး၏ မျက်နှာသွင်ပြင်ကို ရှင်းလင်းစွာ တွေ့မြင်လိုက်ရသည်။ ထိုသူမှာ တည်ကြည်ခန့်ညှားသည့် သတ်လတ်ပိုင်းဘုန်းတော်ကြီးတစ်ပါးဖြစ်လေသည်။

သွေးနီရောင်ဗုဒ္ဓအလင်းတန်းများသည် သူ၏ခန္ဓာကိုယ်မှ ဖြာဆင်းထွက်ပေါ်လျက်ရှိသည်။နှစ်ပေါင်းမရေမတွက်နိုင်ခင်က သေဆုံးသွားခဲ့သော်လည်း သူ၏ခန္ဓာကိုယ်မှာ သက်ရှိလူသားတစ်ယောက်အလား တောက်တောက်ပပ ဖြစ်နေဆဲသာ။

All Chapters