ဗုဒ္ဓတစ်ဝက် နတ်ဆိုးတစ်ဝက်
Vol. 30 Ch. 422
ဘာသာပြန်- The Fate
"ဘဝဆိုတာ နာကျင်ခံစားရခြင်းပဲ။ ဗုဒ္ဓနဲ့ နတ်ဆိုးတို့အကြောင်း တွေးတောကြည့်ပါလေ။ "
သက်လတ်ပိုင်းဘုန်းတော်ကြီး၏ နှုတ်ခမ်းများသည် ခပ်ဟဟပွင့်သွားခဲ့ပြီး တီးတိုးရေရွတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် ရှင်သန်ခြင်းစွမ်းရည် တစ်စွန်းတစ်စမှ မရှိပါ။ထိုအစား သွေးနီရောင် ဗုဒ္ဓအလင်းတန်းများသာ ရှိနေခဲ့သည်။
သက်လတ်ပိုင်းဘုန်းတော်ကြီး ဘာတွေကို ကြုံတွေ့ခဲ့ရသလဲဆိုတာ ဘယ်သူကမှ မသိကြသလို သူဒီလို ဘာကြောင့်ဖြစ်လာသလဲ ဆိုတာကိုလည်း ဘယ်သူကမှ မတွေးနိုင်ကြပါ။
ဗုဒ္ဓရုပ်ထုအတွင်းမှ ထွက်လာခဲ့သော ဘုန်းတော်ကြီး၏ ရုပ်အလောင်းကြောင့် ဝမ်ဖုန်းနှင့် အခြားသူများသည် ထိတ်လန့်သွားကြသည်။ ထို သက်လတ်ပိုင်းဘုန်းတော်ကြီးသည် နှစ်ပေါင်းများစွာ ကတည်းက သေဆုံးခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်ကတော့ အကောင်းအတိုင်းရှိနေသေးကာ စကားများတောင် ပြောဆိုနိုင်သေးသည်။ ဒါက အင်မတန်မှ အံ့သြဖို့ကောင်းပါသည်။
ဒီဘုန်းတော်ကြီးရဲ့ ရုပ်အလောင်းကို ဘယ်သူကများ ဗုဒ္ဓရုပ်ပွားတော်ကြီးထဲမှာ ဖွက်ထားခဲ့တာလဲ။ ထျန်းတုမြို့အရှင်များ ဖြစ်လောက်မလား။
သက်လတ်ပိုင်းဘုန်းတော်ကြီးသည် ကျောက်တုံးစင်မြင့်ပေါ်တွင် ဝမ်ဖုန်းတို့ကို ကျောပေးလျက် မတ်တပ်ရပ်နေခဲ့ကာ ကြီးမားသော သွေးနီရောင် ဗုဒ္ဓရုပ်ပွားတော်ကြီးကို အချိန်အတော်ကလေးကြာအောင် စူးစိုက် ကြည့်နေခဲ့သည်။
"ဂိုဏ်းချုပ်၊ အဲ့ဒီဘုန်းတော်ကြီးက သေပြီလို့ထင်လား၊ အသက်ရှင်နေသေးတယ်လို့ထင်လား။"
မဟာနတ်ဆိုးရွှမ်ရှက ထိတ်လန့်ခြောက်ခြားနေပုံပေါ်ကာ ဝမ်ဖုန်းကို လှမ်းမေးလိုက်သည်။ သူက ရာစုနှစ်ပေါင်းများစွာ ရှင်သန်နေထိုင်ခဲ့သော်လည်း ထိုကဲ့သို့ ထူးဆန်းသည့်အရာကို မတွေ့မမြင်ဖူးပါ။
"သူ့မှာ ဇီဝဓာတ် အနည်းငယ်တောင် မရှိဘူး။ အဲ့ဒီအစား သွေးနီရောင် ဗုဒ္ဓအလင်းတန်းတွေပဲ ထုတ်လွတ်နေတယ်။ ပြီးတော့ စကားလည်း ပြောနိုင်သေး တယ်။"
"သူ သေသေရှင်ရှင် အဲ့ဒီဘုန်းတော်ကြီးက အရမ်းထိတ်လန့်ဖို့ကောင်းတယ်။ သူ့ရဲ့ အရှိန်အဝါက ရှန်းယိကျိအထွတ်အထိပ်အဆင့်နဲ့တောင် ယှဉ်ပြိုင်နိုင်တယ်။ သူမသေဆုံးခင်က ထျန်းကျွင်းအထွတ်အထိပ်အဆင့် ဒါမှမဟုတ် အဲ့ဒီထက် မြင့်ခဲ့ရမယ်။ လူတိုင်း သတိထားကြ!"
လီပိုင်က လေးနက်စွာ သတိပေးခဲ့သည်။
"စနစ်၊ ဒီဘုန်းကြီးက ဘယ်သူလဲ။"
ဝမ်ဖုန်းတွင်လည်း တည်ကြည်လေးနက်သော အမူအယာမျိုး ဖြစ်တည်နေခဲ့သည်။သို့ပါသော်လည်း သူက သက်လတ်ပိုင်း ဘုန်းတော်ကြီး၏ မူလဇစ်မြစ်ကို သိလိုခဲ့ကာ လျို့ဝှက်စွာ မေးမြန်းလိုက်သည်။
"ဒင်၊ စုံစမ်းစစ်ဆေးရန် ဂိုဏ်းအမှတ်(၁)ဘီလီယျံကို အလိုအလျောက် အသုံးပြုလိုက်ပါပြီ။"
"ဒီလူရဲ့ နာမည်က တုအာပါ။ သူက ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟောင်းပါ။ ရှေးဟောင်းဗုဒ္ဓဂိုဏ်းဆိုတာကတော့ ယွမ်ဟွားကောင်းကင်ဘုံကြီးရဲ့ အထူးအင်အားစုတစ်စုပါ။ ဒီလူရဲ့ ကျင့်ကြံမှုက မသေဆုံးခင်တုန်းက မြင့်မြတ်ဝိညာဉ်နယ်ပယ်ကို ခြေလှမ်းဝက် လှမ်းပြီးနေပါပြီ။"
"တစ်ချိန်တည်းမှာပဲ တုအာက ထျန်းတုမြို့အရှင်ရဲ့ ဆရာသခင်ပါ။ သူက ထျန်းတုမြို့အရှင်ကို သတ်ဖြတ်ရာမှာ ဦးဆောင်ခဲ့တဲ့ ရှေးဟောင်း ဗုဒ္ဓစွမ်းအားရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။"
စနစ်၏အသံကြောင့် ဝမ်ဖုန်းက တိတ်ဆိတ်သွားခဲ့သည်။ ထျန်းတုမြို့အရှင်က တကယ်ကို သနားစရာကောင်းတာပဲ။ သူချစ်တဲ့အမျိုးသမီးကို သူ့ရဲ့ဆရာက သတ်ဖြတ်ခဲ့သလို သူ့ကိုလည်း သူ့ဆရာက ကိုယ်တိုင်သတ်ဖြတ်ခဲ့သည်။ တစ်ခြားတစ်ယောက်သာဆိုပါက ရူးနှမ်းသွားမှာကိုတောင် စိုးရိမ်မိသည်။
"ဒါဆိုရင် အခု ဘုန်းတော်ကြီးတုအာရဲ့ အခြေအနေက ဘယ်လိုလဲ။ "အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးမှ ဝမ်ဖုန်းက ဆက်လက် မေးမြန်းလိုက်သည်။
"အဲ့ဒီအချိန်တုန်းက ထျန်းတုမြို့အရှင်က သူ့ကို တိုက်ခိုက်ခဲ့တဲ့ ရှေးဟောင်းဗုဒ္ဓစွမ်းအားရှင်တွေအားလုံးကို သတ်ဖြတ်ခဲ့ပြီး တုအာတစ်ယောက်တည်းကိုပဲ ချန်ထားခဲ့ပါတယ်။အဆုံးမှာတော့ ထျန်းတုမြို့အရှင်က နတ်ဆိုးနယ်ပယ်ကို ဝင်ရောက်ဖို့ ဗုဒ္ဓကို မှီခိုခဲ့ပြီး တုအာကို သူကိုယ်တိုင် တည်ဆောက်ထားခဲ့တဲ့ မှော်ဆန်တဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးထဲမှာ ချိိပ်ပိတ်ထားခဲ့တာပါ။"
"ဆရာသခင်တုအာကို ဒီဗုဒ္ဓရုပ်ပွားတော်ကြီးထဲမှာရှိတဲ့ နတ်ဆိုးစွမ်းအားရဲ့ လွှမ်းမိုးမှုကို ခံစားစေရမယ်။ ကျုပ်ဆရာသခင်ကို ပြောချင်တယ်။ ဗုဒ္ဓနဲ့ နတ်ဆိုးတွေဆိုတာ ကွာခြားမှု မရှိပါဘူး။ လူတွေရဲ့ နှလုံးသားကသာ ကွာခြားကြတာပါ။"
"ဒီကနေ့မှာ တုအာသေဆုံးသွားတာ နှစ်ပေါင်းများစွာတိုင်ခဲ့ပါပြီ။ ဒါပေမယ့် သူ့ထံမှာ စွဲလမ်းမှု အရိပ်အရောင်တွေ ကျန်ရှိနေပါသေးတယ်။"
ဝမ်ဖုန်း၏ နှလုံးသားက တုန်လှုပ်သွားပြီး အလျင်အမြန် မေးမြန်းလိုက်သည်။
"ဘာကို စွဲလမ်းနေတာလဲ။"
"ထျန်းတုမြို့အရှင်ရဲ့သမီးကို သတ်ဖြတ်ဖို့ပေါ့"
"ဘာ!"
သူ့စိတ်အာရုံအတွင်း၌ ထွက်ပေါ်လာခဲ့သည့် အေးစက်သောအသံက ဝမ်ဖုန်းကို ခြောက်ခြားသွားစေခဲ့သည်။ထျန်းတုမြို့အရှင်က သမီးတစ်ယောက် ချန်ထားရစ်ခဲ့မယ်ဆိုတာ သူထင်မထားခဲ့ပါ။ ပြီးတော့ ဘုန်းတော်ကြီးတုအာက မကောင်းဆိုးဝါးဆန်တဲ့ နတ်ဆိုးအတွေးမြင်တွေ တိုက်စားခံရပြီး သေဆုံးသွားခဲ့တာတောင် ထျန်းတုမြို့အရှင်ရဲ့ သမီးကိုသတ်ဖြတ်ဖို့ စွဲလမ်းနေသေးတာလား။
ဒါက ဘယ်လိုကလဲ့စားကြီးပါလိမ့်။။
ထျန်းတုမြို့အရှင်ရဲ့သမီးကို ဆွေမျိုးစပ်ကြည့်ပါက သူမက ဘုန်းတော်ကြီးတုအာ၏မြေးတပည့်ဖြစ်သည်။
အဲ့ဒီဘုန်းတော်ကြီက တကယ့်ကို ကျိုးကြောင်းမဆီလျော်တာပဲ။
ဝမ်ဖုန်းက စိတ်ရှုပ်ထွေးနေသော မျက်လုံးများဖြင့် သွေးနီရောင်ပုံရိပ်ကို လှမ်းကြည့်လိုက်ပြီး သက်ပြင်းဖွဖွချလိုက်သည်။
"ဒကာတော် ဒီသနားစရာကောင်းတဲ့ ဘုန်းတော်ကြီးကို ဘာဖြစ်လို့ ဒီလို စိုက်ကြည့်နေရတာလဲ"
ဤအချိန်တွင် အက်ရှသောအသံကြီး ထွက်ပေါ်လာခဲ့ကာ ဝမ်ဖုန်းနှင့် အခြားသူများကို တုန်လှုပ်သွားစေခဲ့သည်။ ဝမ်ဖုန်းက ခေါင်းကို ခြောက်ခြားစွာ မော့ကြည့်လိုက်သည့်အခါ ဘုန်းတော်ကြီးတုအာပုံရိပ်ကို မြင်လိုက်ရသည်။
အဆိုပါ စကားလုံးများမှာ ဘုန်းတော်ကြီးတုအာ၏ နှုတ်ဖျားမှ ထွက်လာခဲ့ခြင်းဖြစ်သည်။
"ခင်များက လူလား၊ သရဲလား"
မဟာနတ်ဆိုးရွှမ်ရှက ထိတ်လန့်သွားပြီး ဒေါသတကြီး အော်ဟစ်ပြောဆိုလိုက်သည်။
"လူဆိုတော့ရော ဘာဖြစ်လဲ။ သရဲဆိုတော့ရော ဘာဖြစ်လဲ။"
"ဒကာတော်မှာ နက်ရှိုင်းတဲ့ နတ်ဆိုးလက္ခဏာရပ်တွေ ရှိနေတယ်။ ဒီဘုန်းတော်ကြီးက အသက်ရှင်နေသေးရင် မင်းကို သတ်ဖြတ်မိမှာပဲ။"
ဘုန်းတော်ကြီတုအာက မဟာနတ်ဆိုးရွှမ်ရှကို စိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။
ဘုန်းတော်ကြီးတုအာ၏ ထူးမခြားနားအသံကမဟာနတ်ဆိုးရွှမ်ရှကို တုန်လှုပ်သွားစေခဲ့သည်။ သူက ချေပချင်ခဲ့သော်လည်း အဆုံးမှာတော့ ဘားမှမပြောခဲ့ပါ။ သေလူတစ်ယောက်နဲ့ ဘာကြောင့်ပြိုင်ပြောနေရဦးမှာလဲ။
"အဲ့ဒီတုန်းက ဘာတွေဖြစ်ခဲ့တာလဲ။ ဆရာဖြစ်သူက တပည့်ဖြစ်သူကို ဘာဖြစ်လို့ အသေအကြေသတ်ချင်ခဲ့ရတာလဲ။"
အချိန်အတော်လေးကြာအောင် ထိတ်လန့်နေခဲ့ပြီးနောက် ဝမ်ဖုန်းက သတိပြန်လည်လာခဲ့ကာ တုအာကို စူးစိုက်ကြည့်ပြီး နက်ရှိုင်းသောအသံဖြင့် မေးမြန်းလိုက်သည်။
"အာ"
အဆုံးအစမဲ့သော ရှုပ်ထွေးသည့် ခံစားချက်များပါဝင်နေသည့် သက်ပြင်းချသံကြီးတစ်ခုသည် ဘုန်းတော်ကြီးတုအာ၏ နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့သည်။
"ထားလိုက်ပါတော့။ ဒကာတော်တို့အားလုံး ဒီကို ရောက်လာတာက ကံတရားပဲလေ။ အဲ့ဒီအရာတွေက ဒီလူအိုကြီးရဲ့ နှလုံးသားထဲမှာ ရှိနေခဲ့တာ ကြာခဲ့ပါပြီ။ သေဆုံးရတာတောင် ဒီလူအိုကြီးက ငြိမ်းငြိမ်းချမ်းချမ်း မသေဆုံးနိုင်ဘူး။ ဒကာတော်တို့က မကြာခင်မှာ သေဆုံးတော့မှာဆိုတော့ ဒီလူအိုကြီးက ပြောပြပါ့မယ်"
ဘုန်းတော်ကြီးတုအာက ဝမ်ဖုန်းကိုလှမ်းကြည့်လိုက်ပြိး အက်ရှသောအသံဖြင့် ပြောဆိုလိုက်သည်။
"ဘာကြီး"
ဝမ်ဖုန်းက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဘုန်းတော်ကြီးတုအာကို အေးစက်စက် စိုက်ကြည့်ခဲ့ကာ နှလုံးသားအတွင်းမှ လှောင်ပြောင်လိုက်သည်။ မင်းက ဘုန်းကြီးဖြစ်နေတာနဲ့တင် ငါတို့ကို သတ်ချင်နေတယ်ပေါ့။
မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများကလည်း ဘုန်းတော်ကြီးတုအာကို အေးစက်စွာ စိုက်ကြည့်လိုက်ကြသည်။
"အဲ့ဒီအချိန်တုန်းက ဒီဘုန်းတော်ကြီးက ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးကို သူ့ဆီကို လွှဲပြောင်းပေးခဲ့တယ်။ ဒါပေမယ့် သူကတော့ မိန်းမတစ်ယောက်အတွက်နဲ့ ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ တပည့်အားလုံးကို သတ်ဖြတ်ခဲ့တယ်။ အဲ့ဒီမိန်းမ ပြန်လည်ရှင်သန်လာဖို့ ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးရဲ့ ရှိရှိသမျှ လူတိုင်းရဲ့အသက်ကို သန့်စင်စတေးဖို့တဲ့လေ။"
"ဟူး"
ဝမ်ဖုန်းနှင့် အခြားသူများ၏ မျက်ဝန်းများမှာ ပြူးကျယ်သွားကြပြီး သက်ပြင်းချလိုက်မိကြသည်။ ထျန်းတုမြို့အရှင်က အဲ့ဒီလောက်တောင် ရက်စက်လိုက်မည်ဟု သူတို့မျှော်လင့်မထားခဲ့ကြပါ။ ချစ်ရတဲ့လူတစ်ယောက်ရဲ့ အသက်ကို ဆွဲဆန့်ထားဖို့အတွက် ဂိုဏ်းကြီးတစ်ဂိုဏ်းလုံးကို ရင်းနှီးချင်ခဲ့တာလား။ ဒီလိုမျိုးလုပ်ဖို့ဆိုရင် ဘယ်လောက်တောင် ရူးသွပ်ရမှာလဲ။
"အဲ့ဒီမိန်းမက ဘာဖြစ်လို့ အသက်ဆက်ရှင်ဖို့ လိုအပ်တာလဲ"
ဝမ်ဖုန်းက ဆက်လက်မေးမြန်းလိုက်သည်။
"အဲ့ဒီကောင်မကို ဒီလူအိုကြီးက သတ်ဖြတ်ပစ်လိုက်လို့ပေါ့ကွ"
သောက်ကျိုးနည်း!
ဘုန်းတော်ကြီးတုအာ၏စကား ထွက်ပေါ်လာသည့်အခါ ဝမ်ဖုန်းနှင့် အခြားသူများက အတူတကွ မျက်လုံးလှိမ့်မိလိုက်ကြသည်။ ဒီအရာတွေအားလုံးရဲ့ အစက ခင်များကြီးပဲကိုး။
"အဲ့ဒီမိန်းမက ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးလက်အောက်က ဘုရားကျောင်းတစ်ခုရဲ့ သင်းအုပ်သီလရှင်မပဲ။ သာမန်ရှေးဟောင်းဗုဒ္ဓဂိုဏ်းသားတစ်ယောက်က သီလရှင်တစ်ယောက်နဲ့ ချစ်ကျွမ်းဝင်မိတယ်ဆိုရင် ဘာမှ မဟုတ်ပါဘူး။ ဒါပေမယ့် သူကတော့ ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးရဲ့ ဂိုဏ်းချုပ်လေ။"
"ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးရဲ့ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ သူက စည်းမျဉ်းစည်းကမ်းခြောက်ခုကို လိုက်နာကျင့်သုံးရမယ်။ စိတ်ခံစားချက်တွေက ဖယ်ခွာခြင်း၊ မောဟက ဖယ်ခွာခြင်း၊ ဆန္ဒ ရမ္မက်တွေက ဖယ်ခွာခြင်း၊အမျက်ဒေါသတွေက ဖယ်ခွာခြင်း၊ လောဘက ဖယ်ခွာခြင်းနဲ့ ချစ်ခြင်းတရားက ဖယ်ခွာခြင်းဆိုတာတွေပေါ့။"
"အဲ့ဒီအချိန်တုန်းက သူက ချန်ခွမ်းအထွတ်အမြတ်ဘုံကို တက်ရောက်ခါနီးပြီ။ ဒါပေမယ့်လည်း သူ အချိန်အတော်ကြာတဲ့တိုင်အောင် အဆင့်မတက်ခဲ့ဘူး။ ဒီလူအိုကြီးက လက်ချောင်းတွေကိုသုံးပြီး တွက်ချက်ကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက်က သူ့ကို လွမ်းမိုးနေတာကို သိခဲ့ရတယ်လေ။ ဒါကြောင့်မို့ ဒီလူအိုကြီးက အဲ့ဒီမိန်းမကို လျို့ဝှက်စွာသတ်ဖြတ်ခဲ့တယ်။ ဒီလိုမှ သူလည်းပဲ ချန်ခွမ်းအထွတ်အမြတ်ဘုံကို လုံခြုံ ဘေးကင်းစွာ တက်လှမ်းနိုင်ပြီး ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးတစ်ခုလုံးကို ဂုဏ်ရောင် ထွန်းပြောင်အောင် ဦးဆောင်နိုင်မှာ မဟုတ်လား။"
"ဒါပေမယ့် အဲ့ဒီမိန်းမရဲ့သေဆုံးမှုက သူ့ကို ရူးသွပ်သွားစေမယ်လို့တော့ ဒီလူအိုကြီး ထင်မထားခဲ့ဘူး။ သူက စည်းမျဉ်းစည်းကမ်းတွေကို မေ့ပစ်ပြီး ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ ဂိုဏ်းသားတွေအားလုံးကို သတ်ဖြတ်ပြီး အဲ့ဒီမိန်းမရဲ့အသက်ကို အဓွန့်ရှည် တည်တံ့စေချင်တယ်လေ။"
ဘုန်းတော်ကြီးတုအာရဲ့ နှုတ်ဖျားမှ မယုံကြည်နိုင်လောက်သော လျို့ဝှက်ချက်များ ထွက်ပေါ်လာခဲ့ရသည်။ ယင်းက ဝမ်ဖုန်းတို့ကို ထိတ်လန့်သွားစေခဲ့သည်။
"မြင့်မြတ်တဲ့ ဗုဒ္ဓများစွာက ဒေါသထွက်ခဲ့ပြီး ဒီလူအိုကြီးကို ကျန်ရစ်နေေသးတဲ့ ဂိုဏ်းသားတွေကို ဦးဆောင်ပြီး သူတို့ကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တယ်လေ"
"တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးနောက် သူလွတ်မြောက်သွားခဲ့သလို အဲ့ဒီမိန်းမကလည်း လုံးဝသေဆုံးသွားခဲ့တယ်။"
"ဒါတွေအားလုံး ပြီးဆုံးသွားပြီလို့ ဒီလူအိုကြီးထင်ခဲ့တာ ဒါပေမယ့် နှစ်ပေါင်း၃၀၀၀ကြာပြီးတဲ့နောက်မှာ ရှန်းလန်ဘုံလောကကြီးထဲမှာ သူ့ရဲ့သတင်းကိုကြားလိုက်ရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။နောက်ဆုံးအနေနဲ့ ဒီဆိုးရွားတဲ့ဆက်ဆံရေးကို အဆုံးသတ်ဖို့ ဒီလူအိုကြီးလည်း ပြုလုပ်ခဲ့ရတာပေါ့။"
ဘုန်းတော်ကြီးတုအာ၏ မျက်ဝန်းများက ဗလာနတ္ထိဖြစ်နေခဲ့ကာ တိုးဖွစွာ ရေရွတ်ပြောဆိုလိုက်သည်။ သူ၏လေသံက ရှည်လျားသော ပုံပြင်တစ်ပုဒ်ကို ပြောပြနေသည့်အလား တည်ငြိမ်နေခဲ့သည်။
"ဒါဆို ခင်များက သူ့ကို အမဲလိုက် သတ်ဖြတ်ဖို့အတွက် မြေအောက်ဘုံလောကကို ကူညီခဲ့တာပေါ့။"
ဝမ်ဖုန်းက လှောင်ပြောင်ပြောဆိုလိုက်သည်။
ဆန်းစစ်ကြည့်ရပါလျှင် ထိုအဖြစ်အပျက်ကြီးက ဘယ်သူကမှ မမှားသလို ဘယ်သူကမှလည်း မမှန်ကြပါ။ ကံကြမ္မာ၏ လှည့်စားခြင်းဟုသာ ပြောဆိုရမည်။ တုအာသာ သီလရှင်ကို သတ်ဖြတ်ခြင်းမပြုခဲ့ပါက ထျန်းတုမြို့အရှင်က ရူးသွပ်သွားမှာမဟုတ်ခဲ့သလို ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ ဂိုဏ်းသားများကိုလည်း သတ်ဖြတ်ခဲ့မှာ မဟုတ်ပါ။
ဒါဆို တုအာ မှားသွားသလား။ မဟုတ်ဘူး။ သူက သူ့တပည့်ရဲ့ အနာဂါတ်အတွက် ပြုလုပ်ခဲ့တာပဲလေ။ ဒါဖြင့်ရင် ထျန်းတုမြို့အရှင်ကကော မှားယွင်းသလား။ အမှန်တော့ သူဟာလည်း မှားယွင်းခြင်း မရှိပါ။ သူချစ်ခင်ရသောအမျိုးသမီးကို သူ့ဆရာက သတ်ဖြတ်လိုက်တာကို ကိုယ်တိုင် မျက်လုံးဖြင့် တွေ့လိုက်ရတာကြောင့် ဘယ်သူမဆို ရူးသွပ်သွားမှာဖြစ်သည်။
"ဒီဘုန်းတော်ကြီးက သူ့ရဲ့ပြိုင်ဘက်မဟုတ်ပါဘူး။ သူက သူ့ကိုယ်သူ သတ်သေခဲ့တာ။"
ဘုန်းတော်ကြီးတုအာက ခေါင်းကို ခါယမ်းလိုက်ပြီး ထပ်မံပြောဆိုလိုက်သည်။
"အမ်"
ဝမ်ဖုန်းနှင့် အခြားသူများသည် ဗလာမျက်ဝန်းများဖြင့် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်မိလိုက်ကြသည်။ ထျန်းတုမြို့အရှင်က ကိုယ့်ကိုကိုယ် သတ်သေသွားတာလား။
"အဲ့ဒီအချိန်မှာ ဒီလူအိုကြီးလည်း သိရှိလိုက်ရတယ်။ ဒီလူအိုကြီး အဲ့ဒီမိန်းမကို သတ်ဖြတ်ခဲ့တုန်းက သူမမှာ ကိုယ်ဝန်ရှိနေခဲ့တယ်။ သူက ရှန်းလန်ဘုံလောကကို ထွက်ပြေးသွားခဲ့ပြီး အဲ့ဒီအမျိုးသမီးရဲ့ အသက်ကို ဆွဲဆန့်ဖို့နဲ့ အဲ့ဒီအမျိုးသမီးဝမ်းဗိုက်ထဲက ကလေးငယ်ကို ကယ်တင်ဖို့ တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေခဲ့တာ။"
"နှစ်ပေါင်း၃၀၀၀ကြာသွားတာတောင် ကလေးက မမွေးသေးဘူးလား။"
ဝမ်ဖုန်းက ကြောင်အစွာဖြင့် မေးမြန်းလိုက်သည်။
"အဲ့ဒီအချိန်တုန်းက အဲ့ဒီမိန်းမက မသေမရှင်ဖြစ်နေခဲ့တာလေ။ သူဘယ်လိုလုပ် ကလေး မွေးပေးနိုင်မှာလဲ။ ဒါကြောင့်မလို့ သူက မြင့်မြတ်တဲ့ စွမ်းအားတွေကို စုစည်း၊ အမျိုးသမီးရဲ့ အသက်ကို ဆွဲဆန့်ပြီး သန္ဓေသားကို အသက်ရှိနေအောင် ချိပ်ပိတ်ထားခဲ့တာ။"
ဘုန်းတော်ကြီးတုအာက ခေါင်းကို ခါယမ်းလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။ သူ၏ ဗလာနတ္ထိမျက်ဝန်းများအတွင်း၌ ရှုပ်ထွေးသော စိတ်ခံစားမှုများ ဖြတ်သန်းသွားခဲ့သည်။
"သူက ဒီဘုန်းတော်ကြီး ဦးဆောင်သွားခဲ့တဲ့ ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ စွမ်းအားရှင်အားလုံးကို သတ်ဖြတ်၊ သူတို့ရဲ့ ရှင်သန်ခြင်းစွမ်းရည်တွေကို စုပ်ယူရုံသာမက ဒီဘုန်းတော်ကြီးရဲ့ ရှင်သန်ခြင်းစွမ်းရည်တွေကိုလည်း စုပ်ယူပြီး တစ်ချိန်တည်းမှာ စကြာဝဠာစည်းမျဉ်းတွေထဲက ယင်နဲ့ယန်ကို ပြောင်းပြန်လှန်ခဲ့တယ်။ ပြီးတော့ သူ့ရဲ့ ချန်ခွမ်းအထွတ်မြတ်ဘုံကို ခြေလှမ်းဝက်ရောက်ရှိနေတဲ့ ကျင့်ကြံရေးစွမ်းအားကို အသုံးပြုပြီး သန္ဓေသားကို အတင်းအကြပ် မွေးဖွားစေခဲ့တယ်"
ဝမ်ဖုန်းနှင့် အခြားသူများမှာ ထိတ်လန့်သွာကြသည်။
သန္ဓေသားကိုမွေးဖွားစေဖို့အတွက် ထျန်းတုမြို့အရှင်က မိမိကိုယ်ကိုတောင် တုံ့ဆိုင်းခြင်းမရှိဘဲ သတ်ဖြတ်ခဲ့သည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်ဟာ တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှပါသည်။
"ထျန်းတုမြို့အရှင်က ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့ ကလေးက အပြစ်ကင်းတယ်လေ။ ခင်များက ဘာဖြစ်လို့ ကလေးကို သတ်ချင်နေရတာလဲ။"
ဘုန်းတော်ကြီးတုအာ၏ စွဲလမ်းမှုကို တွေးလိုက်ပြီးနောက် ဝမ်ဖုန်း၏ မျက်နှာထက်၌ ရေခဲသမျှ အေးစက်သော အမူအယာဖြစ်လာခဲ့ကာ အေးစက်စွာ ပြောဆိုလိုက်သည်။
"အဲ့ဒီကလေး မွေးလာခဲ့တာနဲ့တစ်ပြိုင်နက် သူ့မှာ ဗုဒ္ဓတစ်ဝက် နတ်ဆိုးတစ်ဝက် ခန္တာကိုယ်ကို ပိုင်ဆိုင်ထားတယ်။ သူ ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံကျင့်ကြံ နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံကျင့်ကြံ သူက အင်မတန်မှထူးချွန်လိမ့်မယ်။သူက ဗုဒ္ဓတစ်ပါးဖြစ်လာမလား နတ်ဆိုးတစ်ပါးဖြစ်လာမလားဆိုတာကိုတော့ ဒီဘုန်းတော်ကြီးလည်း တွက်ချက်မရဘူး။ သူ့ရဲ့ အနာဂတ်က တွက်ချက်လို့မရမှတော့ သူ့ကို သတ်ဖြတ်ပစ်ရမယ်!"
ဘုန်းတော်ကြီးတုအာက ဝမ်ဖုန်းစကားလုံးများအတွင်းရှိ အေးစက်မှုများကို လျစ်လျူရှုထားလိုက်ကာ တိုးညှင်းစွာရေရွတ်လိုက်သည်။
"ဟား.... ဟား..."
ဝမ်ဖုန်းက လှောင်ရယ်လိုက်သည်။
"အများကြီး ပြောပြပြီးပြီဆိုတော့ အခုချိန်က ဒကာတော်တို့ကို ကောင်းချီးပေးရမယ့်အချိန်ပဲ။ ဒကာတော်တို့က ကလေးငယ်ကို သနားနေတယ်ဆိုရင် မရဏလမ်းမှာ ကလေးငယ်ကို စောင့်ဆိုင်းနေလိုက်ကြပေါ့"
ထိုသို့ပြောဆိုလိုက်ပြီးနောက် သွေးနီရောင်စွမ်းအင်များသည် ဘုန်းတော်ကြီးတုအာ၏ ခန္တာကိုယ်မှ ရုတ်တရက် ထွက်လာခဲ့သည်။ သူ၏ ခန္တာကိုယ်တစ်ခုလုံးက သွေးရောင်လွမ်းထားသော နေမင်းကြီးတစ်စင်းအလား ဖြစ်နေခဲ့သည်။သွေးနီရောင်တောက်ပသော အလင်းတန်းများသည် ကျောက်တုံးခန်းမကြီးအတွင်း၌ လင်းလက်လာခဲ့ကာ ယင်းအလင်းတန်းများထဲတွင် အဆုံးအစမဲ့ စွမ်းအားများပါဝင်နေခဲ့ပြီး ခန်းမကြီးတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
ယင်းသွေးနီရောင်အလင်းတန်းများတွင် အင်မတန်ထက်မြသော စွမ်းရည်များပါဝင်နေခဲ့ရာ မျက်တောင်တစ်ခတ်အတွင်း၌ထိတ်လန့်ဖွယ်ကောင်းသောေပါက်ကွဲအားကြီး ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်းတို့အုပ်စုသည် လွင့်စင်ထွက်သွားကာ ကျောက်တုံးခန်းမနံရံများနှင့်ထိတိုက်မိသွားကြသည်။
စွမ်းအင်အရှိန်အဝါများသည် ပေထောင်ချီမြင့်မားသော တောင်တန်းကြီးအလား ဝမ်ဖုန်းနှင့် အခြားသူများကို ဖိနှိပ်ထားခဲ့ကာ လှုပ်ရှားမရ ဖြစ်စေခဲ့သည်။
ဘုန်းတော်ကြီးတုအာက သေဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သူထုတ်လွှင့်လိုက်သော စွမ်းအားသည် ဝမ်ဖုန်းနှင့် အခြားသူများကို ထိတ်လန့် တုန်လှုပ်စေဆဲဖြစ်သည်။ ထိုအကြောင်း တွေးမိလိုက်သည့်အခါ ဝမ်ဖုန်းက ဘုန်းတော်ကြီးတုအာ အဘယ့်ကြောင့် သန်မာနေရကြောင်းကို ရှာဖွေတွေ့ရှိလိုက်သည်။
ထျန်းတုမြို့အရှင်က ဘုန်းတော်ကြီးတုအာကို နတ်ဆိုးစွမ်းအင်တွေရဲ့ တိုက်စားခြင်းခံရစေချင်တာကြောင့် နတ်ဆိုးဗုဒ္ဓ ရုပ်ပွားတော်ကြီးအတွင်း၌ ထည့်သွင်း ချိတ်ပိတ်ခဲ့သည်။ ထိုအစား တုအာ၏ ခန္တာကိုယ်မှာ နတ်ဆိုးစွမ်းအင်များနှင့် ယဉ်ပါးသွားပြီး ပိုမို အစွမ်းထက်လာလိမ့်မည်ဟုတော့ ထျန်းတုမြို့အရှင် တွေးတောမမိခဲ့ပါချေ။ တုအာက သေဆုံးသွားခဲ့သော်လည်း စွဲလမ်းမှုရှိနေသေးသော သူသည် ရှန်းယိကျိအထွတ်အထိပ်စွမ်းအားကို ထုတ်လွတ််နိုင်သေး၏။