ဒါက ဘယ်သူလဲ
Vol. 42 Ch. 618
သူ၏ သန့်စင်ခြင်းက အခြေခံအဆင့်သာ ရှိနေသေးခြင်းက စိတ်မကောင်းစရာပင်။ ထိုအတွက်ကြောင့် သူသည် ကျောက်စိမ်းများပေါ်၌ ရိုးရှင်းသော အစီအရင်များကို ရေးဆွဲနိုင်ခဲ့သည်။ သူ၏ အစီအရင်နှင့် သန့်စင်ခြင်း စွမ်းရည်တို့ ပိုမြင့်သော အဆင့်သို့ ရောက်ရှိပါက နောက်တွင် သူသည် ခုခံခြင်းအချို့ သို့မဟုတ် တိုက်စစ် အစီအရင်တို့ကို ရေးဆွဲလာနိုင်လောက်သည်။
ကာကွယ်ရေးအဆောင်တစ်ခု ရှိထားခြင်းက ကျည်ကာအင်္ကျီနှင့် သေနတ်တစ်လက် ဆောင်ထားခြင်းနှင့် တူညီသည်ဟု စဉ်းစားကြည့်လိုက်ပါ။ ယင်းက မည်မျှ အံ့ဩဖွယ်ကောင်းနေမည်နည်း။
အိမ်မှ ကိစ္စများအား ယနေ့ ဖြေရှင်းပြီး ဖြစ်သဖြင့် ရဲ့ကျင်းနှင့် ရှုကျန်းတို့က အလုပ်ပြန်တက်တော့မည် ဖြစ်သည်။ ရဲ့လင်းချန်သည်လည်း မြို့တော်သို့ ပြန်ရန် အသင့်ဖြစ်နေလေပြီ။
“သား၊ မင်း တခြားသူတွေနဲ့ ရန်ထပ်မဖြစ်ရဘူးနော်၊ အမေ့ကို စိုးရိမ်ရအောင် မလုပ်ပါနဲ့တော့”
ရှုကျန်းက သူ့ကို သတိပေးလိုက်သည်။
“ဟုတ်ကဲ့ အမေ၊ မစိုးရိမ်ပါနဲ့”
ရဲ့လင်းချန်က အလိုက်သင့် ခေါင်းညိတ်လိုက်သည်။
“အနုပညာရှင်ဆိုတဲ့ မင်းပုံရိပ်ကို မှတ်ထားပါ၊ မင်းရဲ့ ပညာရေးကိုလဲ နောက်ကျမကျန်ခဲ့စေနဲ့”
ရဲ့ကျင်းက မနေနိုင်သဖြင့် ဝင်ပြောလေသည်။
“အဖေ၊ ကျွန်တော့်အမှတ်က တက္ကသိုလ်မှာ ထိပ်ဆုံး ဖြစ်မှာပဲ”
ရဲ့လင်းချန်က ပြုံး၍ ပြန်ပြောသည်။
“မာန်တက်မနေနဲ့ဦး၊ ဒါကို ဆက်ထိန်းထား”
ရဲ့ကျင်းက ရယ်နေသည်။
…
တောင်ကျစမ်းရေ အိမ်ရာတွင်း၌ …
ရဲ့လင်းချန်သည် အွန်လိုင်းပေါ်၌ လျှောက်ကြည့်နေ၏။ Gala နွေဦးပွဲတော်မှ အဖြစ်အပျက် ပြီးသွားသည်မှာ ငါးရက် ရှိပြီ ဖြစ်သည်။ သို့သော်ငြားလည်း အွန်လိုင်းပေါ်မှ လူအများ၏ ပြောဆိုမှုများက မပြီးသေးချေ။
အကြောင်းရင်းများက များစွာ ရှိပေသည်။ အဓိက အကြောင်းရင်းမှာ ကိုရီးယားနိုင်ငံ၏ အမာခံ ပရိသတ်များမှ ဝင်ရောက် ပြောဆိုမှုများကြောင့် ဖြစ်သည်။ ထိုအခိုက်တွင် ကိုရီးယားမှ အနုပညာရှင် အဖွဲ့ငယ်တစ်ခုကလည်း သူတို့၏ ကံဆိုးမှုကို မကြာခဏ ထုတ်ပြောနေ၏။
[ဒါက လူမဆန်ဘူး၊ သူတို့ ဘယ်လိုလုပ် ဒီလို လုပ်နိုင်ရတာလဲ]
[ချီးပဲ၊ ဒီလောကကြီးက ဘာဖြစ်နေတာလဲ, ငါ ကိုရီးယားနိုင်ငံက အနုပညာရှင်တွေကို ကြိုက်မိတာ ဘာဖြစ်လို့လဲ]
[ငါ့ရဲ့ သနားစရာ ဖန်ဖန်လေး၊ ငါ့သနားစရာ ဖန်ဖန်လေးအတွက် မတရားမှုကို ငါ ထုတ်ပြောဖို့ လိုတယ်၊ ဟင့်ဟင့်ဟင့် …]
[သူတို့က ပိတ်ပင်တယ်လို့ ကြေညာပြီးတော့ ဒီအတိုင်း ထားလိုက်တာလား၊ ငါတို့ကို ရှင်းပြဦးလေ]
[သူတို့က ငါတို့ကို ကိုရီးယားနိုင်ငံရဲ့ ဇာတ်လမ်းတွေကို မကြည့်ခိုင်းဘဲ တရုတ်နိုင်ငံရဲ့ စုတ်ပြတ်နေတဲ့ ဇာတ်လမ်းတွဲတွေကို ကြည့်ဖို့ ဖိအားပေးနေတာလား၊ ကိုရီးယားနိုင်ငံရဲ့ ရိုက်ကူးရေး အစီအစဉ်တွေက ဘာလို့ နာမည်ကြီးလဲ သိလား၊ ဘာလို့လဲဆိုတော့ အဲ့ဒါတွေက ကောင်းပြီးတော့ ငါတို့ ကြည့်ရတာ ကြိုက်လို့လေ]
[ဒါ အရမ်း လွန်လွန်းတယ်၊ ငါတို့ ဒါကို လက်မခံနိုင်ဘူး၊ ကိုရီးယားနိုင်ငံရဲ့ အနုပညာရှင်ကို ကန့်သတ်ပိတ်ပင်မှု အမိန့်ကို ဖျက်သိမ်းလိုက်ဖို့ ငါ တောင်းဆိုတယ်]
တူညီသော မှတ်ချက်များက နေ့တိုင်း ပေါ်လာပြီး အခြားသူများအားလုံးအား ထိုကိစ္စကို ဆွေးနွေးလာစေရန် ဆွပေးနေ၏။ အချို့သော သဘောထား ကွဲလွဲမှုများ ရှိသော်လည်း သူတို့သည် လူအများကြောင့် လျင်မြန်စွာ နစ်မြုပ်ကုန်သည်။
[ကိုရီးယားနိုင်ငံရဲ့ အနုပညာရှင်တွေက မင်းတို့ကို လာဘ်ထိုးထားတာလား၊ မင်းတို့ ဘာလို့ သူတို့ကို အဲ့လောက် ကြိုက်ရတာလဲ]
[မင်းတို့က မင်းတို့နိုင်ငံကို အားမပေးဘဲ ကိုရီးယားနိုင်ငံက အနုပညာရှင်တွေကို အားပေးနေတယ်၊ မင်းတို့ ဘာတွေ တွေးနေတာလဲ]
[ကိုရီးယားနိုင်ငံရဲ့ ဇာတ်လမ်းတွဲတွေက ကောင်းတယ်ဟုတ်လား၊ သူတို့ ဇာတ်လမ်းတွဲတွေထဲမှာ ငါတို့ တရုတ်လူမျိုးတွေကို သိမ်ငယ်အောင် လုပ်ထားတာကို မင်းတို့ မေ့နေပြီလား]
[သူတို့က အရမ်း အယူသန်လွန်းတယ်၊ ငါတို့နိုင်ငံမှာလဲ အနုပညာရှင်တွေ အများကြီး ရှိတာပဲ၊ ဒါတောင် သူတို့က အဲ့ဒီ မိန်းမလိုကောင်တွေကို ကြိုက်နေတယ်]
[ဒါက ရန်သူကို အားပေးတာနဲ့ ဘာကွာလို့လဲ၊ မင်းတို့ဦးနှောက်တွေ ချောင်နေတာလား၊ ဘယ်လိုအချိန်မှာပဲ ဖြစ်ဖြစ် ငါတို့နိုင်ငံဘက်ကနေ ငါတို့ ရပ်တည်သင့်တယ်]
ထိုသို့သော မှတ်ချက်များ ရှိပင်မယ့် အရေအတွက်က ပိုနည်းနေသည်။
တစ်စုံတစ်ယောက်က ပြောဆိုမှုများနှင့် ပြောဆိုမှုများ၏ ဦးတည်ချက်ကို ထိန်းချုပ်နေမှန်း သိသာလှသည်။
*ဟားဟား၊ သူတို့က တကယ် ခေါင်းမာတာပဲ*
ရဲ့လင်းချန် မျက်ခုံးပင့်လိုက်မိပြီး လေးလေးနက်နက် တွေးနေသည်။ ကြိုးကိုင်နေသူက သိသာလှသည်။ နောက်ကွယ်မှ ကြိုးကိုင်သူက ကိုရီးယားနိုင်ငံ၏ အနုပညာလောကမှ အနုပညာရှင်များ ဖြစ်ပေမည်။
သူတို့က တရုတ်နိုင်ငံ၌ သူတို့၏ အလုပ်အကိုင်ကို ချဲ့ထွင်လိုသည့် အိပ်မက်ကို ယခုထိ မက်နေပုံပေါ်သည်။
မကြာသေးခင်က ကိုရီးယားနိုင်ငံ၏ အနုပညာလောကသည် တရုတ်နိုင်ငံ၏ အနုပညာလောကနှင့် ဆက်ဆံရေး တိုးတက်လာရန် မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တစ်စောင်ပင် ပြုလုပ်ခဲ့သည်။ သူတို့သည် အနုပညာရှင်များကြား၌ ကွန်ရက်ကို ပိုဖလှယ်နိုင်ပြီး အသေးအဖွဲကိစ္စလေးများက သူတို့၏ ဆက်ဆံရေးကို မထိခိုက်စေရန် မျှော်လင့်ကာ ထိုကိစ္စကို မေ့လိုက်ရန် တိုက်တွန်းထားသည်။
သူတို့က ညှိနှိုင်းနေ၏။
သူတို့သည် သူတို့၏ စိတ်ရင်းကို ထုတ်ဖော်ခဲ့ပြီး တရုတ်နိုင်ငံ အနုပညာလောက၏ အတ္တကို ရိုက်ချခဲ့သည်ကို ထင်နေကြသည်။ ဤသည်က ပြီးခဲ့သမျှကို မေ့ထားလိုက်ပြီး သူတို့၏ ကန့်သတ်ပိတ်ပင်ခံရခြင်း အမိန့်ကို မကြာခင် ဖယ်ရှားပေးရန် လုံလောက်သည်ဟု တွေးထင်နေကြလေသည်။
အဖြစ်အပျက် နှစ်ခုလုံး၏ အစီအစဉ်က အသာလေး ထိန်းချုပ်နိုင်ကာ ချဉ်းကပ်မှုများစွာ ပါဝင်နေ၏။ တစ်ဖက်က သဘောတူ လိုက်လျောပြီး အခြားတစ်ဖက်၌ တောင်းဆိုမှု ပြုလုပ်နေ၏။ ပထမဆုံးအနေဖြင့် သူတို့သည် တရုတ်နိုင်ငံ၏ အနုပညာလောကကို ရိုက်ချ၍ မာနကို ချိုးဖဲ့ပြီးနောက် အွန်လိုင်းပေါ်မှ ပြောဆိုမှုများကို ထိန်းချုပ်လေသည်။
*ဟားဟား၊ တုံးလိုက်တာ၊ သူတို့က တကယ်ကို အရှက်မရှိတာပဲ*
ရဲ့လင်းချန် ခေါင်းခါ၍ သရော်ပြုံး ပြုံးလိုက်မိသည်။
*ဒီလို ဉာဏ်များတဲ့ လှည့်ကွက်လေးတွေနဲ့ မင်း လွတ်ပြီလို့ ထင်နေတာလား*
သူတို့သာ တကယ် စိတ်ရင်းမှန်ကန်သည်ဆိုပါက သူတို့ အရင်ဆုံး ကင်ဟျွန်းမင်ကို သူ၏ လုပ်ရပ်အတွက် အပြစ်ပေးသင့်သည်။ ထို့နောက် သူ့အား တရုတ်နိုင်ငံနှင့် တရုတ်လူမျိုးများအား လူသိရှင်ကြား တောင်းပန် ခိုင်းသင့်သည်။ ပြီးနောက် သူတို့အနုပညာရှင်များ၏ မလေးစားသော အပြုအမူများကို ဦးစွာ ဖယ်ရှားသင့် ပေသည်။ ထို့အပြင် သူတို့၏ အနုပညာလောက ကိုယ်စားလှယ်နှင့် တရုတ်လူမျိုးများကို တောင်းပန်စာ ပေးပို့သင့်ပြီး တရုတ်နိုင်ငံအား အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ် ပြုသင့်ပေသည်။
သို့သော် သူတို့သည် ထိုအရာတွေထဲက တစ်ခုကိုမှ မလုပ်ခဲ့ချေ။
ဉာဏ်များသော လှည့်ကွက်များက ရဲ့လင်းချန်အား သူတို့အပေါ် အထင်သေးမှုသာ ပိုတိုးလာစေခဲ့သည်။
*မင်းတို့က ငါ့ကို ဘာမှတ်နေတာလဲ၊ မင်းတို့ ထောင်လွှားလို့ရတဲ့ လူတစ်ယောက်လို့ ထင်နေတာလား*
တရုတ်နိုင်ငံ၏ အနုပညာလောကက ကိုရီးယားနိုင်ငံ၏ အနုပညာလောကကို ဘာမှ မတုံပြန်သော်လည်း ရဲ့လင်းချန်က လုပ်နိုင်ပေသည်။
ရဲ့လင်းချန်က ဖုန်းကိုကိုင်၍ တုန်းမြောင်မြောင်ထံ ဖုန်းဆက်လိုက်သည်။
“ဟဲလို ဒါရိုက်တာရဲ့”
“မြောင်မြောင်၊ ငါ ပြောမယ့် ဆေးပင်တွေကို ခရေးထားပါ၊ အဲ့အပင်တွေကို အရွယ်ရောက်ပြီးသားတွေထဲကပဲ ရွေးပါ၊ ငါ လက်နဲ့ ဆေးနည်းနည်းလောက် ထုတ်ဖို့ စဉ်းစားထားတယ်”
ရဲ့လင်းချန်က တည်ငြိမ်စွာ ညွှန်ကြားလိုက်သည်။ သူသည် ကိုယ်တိုင် ဆေးဝါး ထုတ်လိုက်နိုင်သော်လည်း အရည်အတွက်က အနည်းငယ်သာ ဖြစ်သည်။ ဆေးရှိခြင်းက ပို၍ အဆင်ပြေလေသည်။
“ရတာပေါ့၊ ပြောပါ”
“ကျီချောင်၊ ဂျင်ဆင်းနီ၊ ပဒိုင်းညို ...”
ရဲ့လင်းချန် ဖုန်းချလိုက်သည်။ ထို့နောက် နတ်ဆေးဆရာဝိုင်၏ တရားဝင် အကောင့်ထဲ ဝင်၍ ပြောပြောင်တင်းတင်း ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်သည်။
[ခွေးရူးပြန်ရောဂါကို နှိမ်နင်းနိုင်တဲ့ ဆေးသစ်ကို ငါ အခုလေးတင် ထုတ်ဖော်နိုင်ခဲ့တယ်၊ မကြာခင် ပြည်တွင်းမှာ ဖြန့်ချိလိမ့်မယ်၊ နောက်ပိုင်းမှ တစ်ကမ္ဘာလုံးကို ရောင်းချမယ်၊ ဒါပေမဲ့ ကင်ဟျွန်းမင်က ငါတို့ တရုတ်လူမျိုးတွေကို အထင်သေးတယ်လို့ ငါ ကြားခဲ့တယ်၊ အဲ့လိုဆိုမှတော့ ဒီဆေးကို ကိုရီးယားနိုင်ငံကို ရောင်းမှာ မဟုတ်ဘူး]
၎င်းသည် ရိုးရှင်းသော ကြေညာချက်တစ်ခုသာ ဖြစ်ပြီး အစပိုင်း၌ လူစိတ်ဝင်စားမှုရရန် ခဲယဉ်းပေသည်။
နတ်ဆေးဆရာဝိုင်သည် လူမြင်ကွင်း သို့မဟုတ် အွန်လိုင်းပေါ်၌ ပေါ်လာခဲသည်။ ထို့ကြောင့် သူ့အကောင့်ကို follow လုပ်ထားသူများက အတော်လေး နည်းပါးလှသည်။
သို့သော် လူအများသည် တဖြည်းဖြည်း သတိထားမိလာပြီး တုံ့ပြန်မှုက ကြီးမားလာ၏။
မီးတောင်ပေါက်ကွဲမှုကဲ့သို့ ပြင်းထန်လွန်းသဖြင့် တုံ့ပြန်မှုများက နားကွဲလုမတတ် ကျယ်လောင်လှပေသည်။
လူတိုင်း မှင်တက် အံ့အားသင့်နေကြသည်။
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် နတ်ဆေးဆရာဝိုင်က ဤသို့ ခမ်းနားလှသော ကြေညာချက်တစ်ခုကို ဆိုင်းမဆင့် ဗုံမဆင့် ထုတ်ပြန်လာလိမ့်မည်ဟု ဘယ်သူမှ ထင်မှတ်မထားသဖြင့် သူတို့အားလုံး နှလုံးခုန်နှုန်း မြန်လာကြသည်။
[လခွမ်း၊ လခွမ်းပဲဟေ့]
[ဒါက အံ့ဩဖို့ကောင်းတာပဲ]
[အားးးးးး သိပ်မိုက်တယ်ဟေ့၊ နတ်ဆေးဆရာဝိုင်က ခွေးရူးပြန်ရောဂါအတွက် တကယ်ကြီး ဆေးဝါး ထုတ်ဖော်ခဲ့တာပဲ၊ မင်းအပေါ် ငါလေးစားမှုက နိုင်းမြစ်ရဲ့ အဆုံးမသတ်နိုင်တဲ့ ရေစီးကြောင်းလိုပဲ]
[ကျေးဇူးပြုပြီး ငါ ဒူးထောက်တာကို လက်ခံပေးပါ]
[ကြီးမြတ်လိုက်တဲ့ အလုပ်ပါလား၊ နတ်ဆေးဆရာဝိုင်က သိပ်တော်တဲ့ သမားတော်သက်သက်ပဲလို့ ငါ ထင်ခဲ့တာ၊ သူက ငါတို့နိုင်ငံသားတွေရဲ့ ကာကွယ်သူ ဖြစ်နေလိမ့်မယ်လို့ ငါ လုံးတ ထင်မထားမိဘူး]
[ဟုတ်တယ်၊ အဲ့ဒီ အမာခံ ပရိသတ်တွေက အသုံးမကျဘူး၊ ဒါပေမဲ့ ဆက်တိုက် မာနတွေကြီးပြီး သူတို့ကိုယ်သူတို့ သိပ်ဟုတ်လှပြီ ထင်နေတာ၊ တကယ်လို့ သူတို့က သနားစရာကောင်းလောက်အောင် ချာတဲ့ အမှိုက်တွေပဲ]
[ဟားဟားဟား၊ တအား မိုက်တယ်ဟေ့၊ မှတ်ထား၊ မင်းတို့ရဲ့ သောက်ရေးမပါတဲ့ ရှိုးကို ဆက်လုပ်ကြလေ၊ ငါတို့လူတွေမှာ မင်းတို့ကို ကိုင်တွယ်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်]
[ငါတို့နိုင်ငံက သန်မာလာနေတာကို ငါ တကယ် ခံစားမိတယ်၊ ဒါက အားတက်စရာကောင်းသလို ကြည်နူးဖို့ကောင်းတဲ့ မြင်ကွင်းပဲ၊ ဟင့်ဟင့်ဟင့် ...]
[နတ်ဆေးဆရာဝိုင်တောင်မှ ရန်လိုလာပြီ၊ ဒီတစ်ခါတော့ ကိုရီးယားနိုင်ငံ အကြီးအကျယ် နစ်နာတော့မှာပဲ]
...
ထိုသတင်းက အင်တာနက်တစ်ခွင်၌ ပျံ့နှံ့သွားသည်။ ယင်းသည် ရိုးရှင်းသော ကြေညာချက်တစ်ခု ဖြစ်သော်လည်း Weibo, TikTok, Toutiao နှင့် အခြားသော မီဒီယာကွန်ရက်များပေါ်၌ နာမည်ကြီးသွားခဲ့သည်။ ပြောရမည်ဆိုလျင် ယင်းက ပြည်ပ မီဒီယာများကိုပါ သတိထားမိသွားစေခဲ့သည်။
ကိုရီးယားနိုင်ငံမှ လူများသည်လည်း ဤသတင်းကို ကြားသွားကြသည်။
*ရုတ်တရက်ကြီး ထပ်ပြီး ပိတ်ပင်ပြန်တာလား*
ထိုသတင်းကြောင့် သူတို့ အထင်အမြင်သေးစွာ ရယ်မောကြလေသည်။
“နတ်ဆေးဆရာဝိုင်တဲ့လား၊ သူက ဘယ်သူလဲ”