တုန်လှုပ်ဖွယ်ရာ အမှန်တရား
Vol. 60 Ch. 887
မဟာသားရဲ ၃ပါးက ဤမျှအထိ မြန်မြန်ဆန်ဆန် လိုက်မီလာလိမ့်မည်ဟု ဆူဇီမိုက ထင်မှတ်မထားခဲ့ပေ။
သို့သော်လည်း ပြန်စဉ်းစားကြည့်မည်ဆိုလျှင် တည်နေရာရွှေ့ပြောင်းအဆောင်၏ ဆုတ်ဖြဲမှုကနေ အော်ရာတစ်စွန်းတစ်စက ကျန်ရစ်ခဲ့နိုင်လေသည်။
မဟာသားရဲများ၏ အစွမ်းအစအရ သူတို့သည် ဤနေရာမှာ ကြွင်းကျန်ရစ်ခဲ့သော အော်ရာမှတစ်ဆင့် ခြေရာကောက်နိုင်သည်မှာ ယုတ္တိတန်လေသည်။
ယခင်က သူသည် လင်းရွှမ်ကျီနှင့်အတူ နဂါးအရိုးတောင်ကြားကနေ ထွက်ပြေးလွတ်မြောက်လာခဲ့စဉ်က သူတို့သည် နတ်နဂါးတစ်ကောင်၏ အမဲလိုက်ခြင်းကို ခံခဲ့ရလေသည်။
ကံကောင်းထောက်မစွာနှင့်.. ပဟေဠိနန်းတော်မှ လျှို့ဝှက်ဆန်းကြယ်သော အကြီးအကဲတစ်ယောက်က ထွက်ပေါ်လာခဲ့လေသည်။ မဟုတ်ပါက သူသည် သတ်ဖြတ်ခြင်း ခံခဲ့ရနိုင်လေသည်။
မဟာသားရဲတစ်ပါး၏ စိတ်ဝိညာဉ်အသိစိတ်က ဤမျှအထိ မြန်မြန်ဆန်ဆန် လိုက်မီလာခဲ့ခြင်းမှာ နားလည်လက်ခံ၍ ရနိုင်လေသည်။
နိုးထဝိညာဉ်များအတွက်တော့ သူတို့၏ စိတ်ဝိညာဉ်အသိစိတ် ဖြန့်ကြက်နိုင်မှု အတိုင်းအတာက ၅ကီလိုမီတာမှ ကီလိုမီတာ ၅၀အထိ ဖြစ်လေသည်။
မူလနတ္ထိအဆင့်တစ်ယောက်၏ စိတ်ဝိညာဉ်အသိစိတ် ဖြန့်ကြက်နိုင်မှု အတိုင်းအတာက အနည်းဆုံး ကီလိုမီတာ ၅၀က စလေသည်။
ဓမ္မဝိသေသအဆင့်တစ်ယောက်၏ စိတ်ဝိညာဉ်အသိစိတ် ဖြန့်ကြက်နိုင်မှု အတိုင်းအတာက အနည်းဆုံး ကီလိုမီတာ ၅၀၀ ရှိလေသည်။
ပေါင်းစည်းခန္ဓာအဆင့်များနှင့် ဆင်တူသော မဟာသားရဲများအတွက်တော့ သူတို့၏ စိတ်ဝိညာဉ်အသိစိတ်သည် ကီလိုမီတာ ၅၀၀၀ အထိ ဖြန့်ကြက်နိုင်လေသည်။
တစ်နည်းအားဖြင့် ပြောရလျှင် ဆူဇီမိုသည် တည်နေရာရွှေ့ပြောင်းအဆောင်ကို ချိုးဖျက်ပြီး ကီလိုမီတာ ၅၀၀၀ အဝေးထိ ရောက်ရှိလာခဲ့သော်လည်း မဟာသားရဲများက သူတို့၏ စိတ်ဝိညာဉ်အသိစိတ်နှင့်အတူ ချက်ချင်းပင် ရောက်ရှိလာနိုင်လေသည်။
ဆူဇီမိုသည် အဲဒါအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီဖြစ်ပြီး သူက တည်ငြိမ်သော အမူအရာနှင့်အတူ တောအုပ်ထဲမှာ သာမန်ကာလျှံကာ ပုံစံဖြင့် လျှောက်လှမ်းနေလေသည်။
သူသည် မဟာသားရဲတစ်ပါး၏ စိတ်ဝိညာဉ်အသိစိတ် ဆင်းသက်လာမှုကို အာရုံခံမိသောအခါ.. သူက ထိတ်လန့်ကြောက်ရွံ့သည့်ပုံစံ ဟန်ဆောင်လိုက်ပြီး သူ၏ခြေလှမ်းကို ရပ်တန့်လိုက်လေသည်။ သူက ကြောက်ရွံ့မှုကို ပြင်းထန်စွာ ခံစားလိုက်ရသည့်အလား အထိတ်တလန့် အော်ဟစ်ညည်းတွားလိုက်လေသည်။
သူ၏မျက်လုံးထဲရှိ ကြောက်ရွံ့မှုက တကယ်တမ်းမှာလည်း အတုအယောင် မဟုတ်ပေ။
ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို ယူဆောင်လာခဲ့သူက သူဖြစ်သည်ကို မဟာသားရဲသုံးပါးထဲမှ တစ်ယောက်ယောက်က ရှာဖွေတွေ့ရှိသွားမည်ဆိုလျှင် သူက သေချာပေါက် သတ်ဖြတ်ခံရမည်ဖြစ်ကြောင်း ရှင်းလင်းစွာ သိထားလေသည်။
စိတ်ဝိညာဉ်အသိစိတ် ၃ခုက အတန်ကြာသည်အထိ တောအုပ်ထဲမှာ ရှေ့နောက် ပြန်လှန်စစ်ဆေးနေလေသည်။
တောအုပ်အတွင်းတွင် လေထုက အလွန်တရာ ဖိနှိမ်တင်းကျပ်လာခဲ့လေသည်။ အဲဒီမှာ တိတ်ဆိတ်မှုနှင့် ကျောချမ်းစရာကောင်းမှုက ကြီးစိုးလာခဲ့လေသည်။
ပုရစ်အော်သံများပင်လျှင် လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့လေသည်။
ဆူဇီမိုက အသက်ကိုပင် ရဲရဲမရှူရဲပေ။
တာအိုအရှင်အဆုံးစွန်မီးကသာ စောစောက သူ့ကို အသိပေးခဲ့ခြင်းမရှိလျှင် သူက ယခုအချိန်မှာ ဖော်ထုတ်ခံနေရလေပြီ။
ထိုအခိုက်အတန့်တွင် တာအိုအရှင်အဆုံးစွန်မီးကလည်း တိတ်ဆိတ်ငြိမ်သက်နေလေသည်။ သူက မဟာသားရဲတစ်ပါး၏ စိတ်ဝိညာဉ်အသိစိတ် ဆင်းသက်လာပြီးနောက် ဘာစကားကိုမှ မပြောတော့ပေ။
သူ၏ အမြုတေစိတ်ဝိညာဉ်က မင်းဝမ်ဆုတောင်းပုတီး၏ အနက်ပိုင်းထဲမှာ ပုန်းကွယ်နေပြီး သူ၏အော်ရာကိုလည်း လုံးဝဖျောက်ထားလေသည်။
တာအိုအရှင်အဆုံးစွန်မီးက မဟာသားရဲတစ်ပါး၏ အစွမ်းအစကို ကောင်းကောင်းနားလည်ထားလေသည်။
သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံထုတ်လွှင့်ပို့လွှတ်ခြင်းကို မပြောနှင့်၊ သူ၏အော်ရာ တစ်စွန်းတစ်က စိမ့်ထွက်လာခဲ့လျှင်တောင် မဟာသားရဲများက သူ့ကို ရှာဖွေတွေ့ရှိနိုင်လေသည်။
စိတ်ဝိညာဉ်အသိစိတ် သုံးခုက ဆူဇီမိုအပေါ် ဆင်းသက်လာပြီး စစ်ဆေးကြည့်ရှုလိုက်သော်လည်း မည်သည်ကိုမှ ရှာမတွေ့နိုင်ပေ။
ယခုအချိန်တွင် ဆူဇီမို၏ဆံပင်က သွေးနီရောင်ဖြစ်နေပြီး သူက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူက ကြော့ရှင်းသော သွင်ပြင်ရှိပြီး ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို လုယူခဲ့တုန်းကပုံနှင့် မည်သို့မျှ ဆင်တူခြင်း မရှိတော့ပေ။
တစ်ခုတည်းသော ဆင်တူသည့်အချက်မှာ သူတို့နှစ်ယောက်စလုံးက လူသားပုံစံ ဖြစ်နေခြင်းပင်။
သို့သော်လည်း ဤတောအုပ်အတွင်းတွင် လူသားပုံစံဖြင့် သွားလာကြသော မိစ္ဆာသားရဲများစွာရှိပြီး ဆူဇီမိုက ထင်ရှားပေါ်လွင်နေခြင်း မရှိပေ။
အတန်ကြာပြီးနောက်.. ကြောက်စရာကောင်းသော စိတ်ဝိညာဉ်အသိစိတ်သုံးခုက ရှေ့သို့ဆက်တက်သွားပြီး ပျောက်ကွယ်သွားခဲ့လေသည်။
ဆူဇီမိုသည် စိတ်သက်သာစွာ သက်ပြင်းချလိုက်ပြီး ပုံမှန်အမြန်နှုန်းဖြင့် ရှေ့သို့ လျှောက်လှမ်းလိုက်လေသည်။
သူ၏စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေသော်လည်း သူက တာအိုအရှင်အဆုံးစွန်မီးကို တကူးတက လှမ်းခေါ်ခြင်း မရှိပေ။
တာအိုအရှင်အဆုံးစွန်မီးကလည်း စကားပြောဆိုခြင်း မရှိပေ။
ဆူဇီမိုသည် အိုးတိုးအမ်းတမ်း အမူအရာတစ်ခု ရှိနေလေသည်။
အပေါ်ယံမှာကြည့်လျှင်တော့ မဟာသားရဲသုံးပါးသည် ထွက်ခွာသွားခဲ့ပြီး ဖြစ်ပုံရလေသည်။ သို့သော်လည်း ဆူဇီမိုသည် သူ၏ အာရုံခံသတိစိတ်ထဲမှာ စပ်ဖျဉ်းဖျဉ်း ခံစားချက်တစ်ခုကို ရရှိနေလေသည်။
မလှမ်းမကမ်းတွင် ပုံရိပ်တစ်ခုက လေထဲသို့ ခုန်တက်၍ အလောတကြီးနိုင်သော အမူအရာဖြင့် ရှေ့သို့ ပျံသန်းလိုက်လေသည်။
ထိုပုံရိပ်က လှုပ်ရှားလိုက်သည့် ခဏမှာပင် ၎င်းက သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားပြီး သူ၏ခန္ဓာကိုယ်နှင့် အမြုတေစိတ်ဝိညာဉ်က လုံးဝဖျက်ဆီးခြင်း ခံလိုက်ရလေသည်။
ထိုအလယ်အလတ်အဆင့် မိစ္ဆာသားရဲ၏ သိုလှောင်အိတ်သည် ပွင့်ဟသွားပြီး များစွာသော ရတနာများက မြေပြင်ပေါ်သို့ ထွက်ပေါ်ပြုတ်ကျလာခဲ့လေသည်။
ကြောက်စရာကောင်းသော စိတ်ဝိညာဉ်အသိစိတ်သုံးခုက ချက်ချင်းပင် ပြန်လည်ရောက်ရှိလာခဲ့လေသည်။
မှန်လေသည်။
မဟာသားရဲသုံးပါးသည် ထွက်ခွာချင်ယောင် ဟန်ဆောင်ခဲ့ကြပြီး တကယ်တမ်းမှာတော့ သူတို့သည် လေထဲကနေ စဉ်းလဲစွာဖြင့် စောင့်ကြည့်နေကြဆဲ ဖြစ်လေသည်။
စောစောက သေဆုံးသွားခဲ့သော အလယ်အလတ်အဆင့် မိစ္ဆာသားရဲသည် မှားယွင်းစွာဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်လေသည်။
စောစောက ဆူဇီမိုသည် တာအိုအရှင်အဆုံးစွန်မီးနှင့် ဆက်သွယ်ခြင်း ပြုလုပ်ခဲ့လျှင် သူက မဟာသားရဲသုံးပါး၏ ချက်ချင်း ရှာဖွေတွေ့ရှိခြင်းကို ခံရပြီး သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။
အချိန်ခဏအတွင်းမှာပင် သူတို့နှစ်ယောက်သည် အလွန်တရာကြီးမားသည့် အန္တရာယ်များကို ဖြတ်ကျော်နေရလေသည်။
ဆူဇီမိုနှင့် တာအိုအရှင်အဆုံးစွန်မီးသည် မဟာသားရဲသုံးပါးနှင့်အတူ စိတ်ဓာတ်စစ်ဆင်ရေးတစ်ခုကို ဆင်နွှဲနေရလေသည်။
မဟာသားရဲသုံးပါး၏ စိတ်ဝိညာဉ်အသိစိတ်များသည် တောအုပ်ထဲသို့ နောက်တဖန် စစ်ဆေးကြည့်ရှုလိုက်သော်လည်း ဘာကိုမှ မတွေ့ရှိရပေ။ နောက်ဆုံးမှာတော့ သူတို့က အင်တင်တင်နှင့်ပင် ဆုတ်ခွာသွားခဲ့လေသည်။
သူ၏ စပ်ဖျဉ်းဖျဉ်း ခံစားချက်ကလည်း ပျောက်ကွယ်သွားခဲ့လေသည်။
“အခုတော့ အဆင်ပြေသွားပြီ”
တာအိုအရှင်အဆုံးစွန်မီးက စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက်ချပြီး အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်လေသည်။
“သူတို့သုံးယောက် နောက်တစ်ခေါက် ပြန်မလာတော့ဘူးမလား”
ဆူဇီမိုက စိုးရိမ်ပူပန်နေဆဲ ဖြစ်လေသည်။
“မလာတော့ဘူး”
တာအိုအရှင်အဆုံးစွန်မီးက ပြန်ပြောလိုက်၏။
“တကယ်တော့ မဟာသားရဲသုံးပါးက ဒီနားတစ်ဝိုက်မှာ မင်းရှိနေတယ် ဆိုတာကိုတောင် သေချာအတည်ပြုနိုင်တာ မဟုတ်ဘူး”
“ဘာပဲပြောပြော မင်းက တည်နေရာရွှေ့ပြောင်းအဆောင်တစ်ခုကို သုံးခဲ့တယ်လို့ပဲ သူတို့က ကောက်ချက်ချနိုင်တာ.. ဒါပေမဲ့လို့ မင်းက တည်နေရာရွှေ့ပြောင်းအဆောင် အသေးကို သုံးခဲ့တာလား.. အကြီးကို သုံးခဲ့တာလား.. သူတို့က မပြောနိုင်ဘူး”
ဆူဇီမိုက တိတ်တဆိတ် ခေါင်းညိတ်လိုက်လေသည်။
တည်နေရာရွှေ့ပြောင်းအဆောင် အကြီးနှင့်အသေးက ကွဲပြားခြားနားပြီး သူတို့ ပို့ဆောင်နိုင်သည့် အကွာအဝေးကလည်း မိုးနှင့်မြေလို ကွာခြားလေသည်။
ဆူဇီမိုသည် သူတို့ ထွက်ခွာလာရာဘက်သို့ ပြန်လှည့်ကြည့်ပြီး ပြောလိုက်လေသည်။
“မဟာသားရဲတွေ ရောက်ရှိလာပြီဆိုတော့ သားရဲတစ်ထောင်တောင်ကြားထဲကို စွန့်စားဝင်ရောက်လာတဲ့ တာအိုအရှင်သုံးပါးက ကျဆုံးသွားခဲ့ပြီမလား”
“အဲဒီ တာအိုအရှင်သုံးပါးက တိုက်ခိုက်ရေးခွန်အားမှာ အရမ်းကို ကြောက်စရာကောင်းပြီး.. သူတို့ အကုန်လုံးက ခံ့ညားထည်ဝါတဲ့ ဂုဏ်အဆင့်အတန်းနဲ့ မည်ကာမတ္တတပည့်တွေပဲ.. သူတို့က ခြေလှမ်းတစ်ချက် မှားသွားရုံနဲ့ သားရဲနယ်မြေတစ်ခုမှာ ကျဆုံးသွားခဲ့ရတယ်ဆိုတော့…”
ဆူဇီမိုက ဝမ်းနည်းမှု တစ်စွန်းတစ်စနှင့်အတူ ရေရွတ်လိုက်လေသည်။
အရိုးသားဆုံးပြောရလျှင် သူ၏စိတ်ထဲမှာ သံသယအချို့ ရှိနေဆဲ ဖြစ်လေသည်။
သို့သော်လည်း သူက အချက်အလက် အတိအကျကို ထောက်ပြနိုင်ခြင်း မရှိချေ။ သူက တစ်ခုခု လွဲမှားနေသည်ဟု ခံစားမိရုံသာ ဖြစ်လေသည်။
“ဟီးဟီးဟီးဟီး”
ထိုစဉ်မှာပင် ဆူဇီမို၏စိတ်ကို ဖတ်မိသည့်အလား တာအိုအရှင်အဆုံးစွန်မီးက ထူးဆန်းစွာဖြင့် ရယ်မောလိုက်လေသည်။
သူက မေးလိုက်လေသည်။
“အဲ့လောက် နာမည်ကြီးကျော်ကြားတဲ့ တာအိုအရှင်သုံးပါးက အခုလိုမျိုး သေဆုံးသွားရတာ အရမ်းကို လွယ်ကူလွန်းနေတယ်လို့ မင်း မထင်မိဘူးလား”
ဆူဇီမိုက ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။
“တစ်ကယ်ပဲ ကျုပ်မှာ အဲ့လိုခံစားချက် ရှိတယ်.. ယုတ္တိကျကျပြောရရင် သူတို့သုံးယောက်က သူတို့ရဲ့ သက်ဆိုင်ရာဂိုဏ်းတွေမှာ အရေးပါဆုံး တပည့်တွေပဲ.. သူတို့က သားရဲတစ်ထောင်တောင်ကြားလို အန္တရာယ်များတဲ့ နေရာကို စွန့်စားဝင်ရောက်လာမှတော့.. သူတို့ကို ကာကွယ်ဖို့အတွက် သူတို့ဂိုဏ်းတွေက စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ဘာလို့ ထည့်မပေးလိုက်တာပါလိမ့်”
“နောက်ပြီးတော့ အဲဒီ တာအိုအရှင်သုံးယောက်က… “
ဆူဇီမိုက တုံ့ဆိုင်းနေပြီး ဆက်လက်ပြောဆိုခြင်း မရှိပေ။ တာအိုအရှင်အဆုံးစွန်မီးက ရယ်မော၍ ဆက်ပြောလိုက်၏။
“နောက်ပြီး သူတို့ရဲ့ အစွမ်းအစနဲ့ ရတနာတွေက သိပ်ပြီးတော့ အသက်မပါသလို မထင်ရဘူးလား”
“အင်း.. ကျုပ်ခံစားရတာ အဲ့လိုပဲ”
ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။
“အဲ့တာ ဘာလို့လဲဆိုတော့ မင်းမြင်ခဲ့ရတဲ့ တာအိုအရှင်သုံးပါးက သူတို့ကျင့်ကြံထားတဲ့ ပြင်ပကိုယ်ပွားတွေသာမို့လို့ပဲ”
တာအိုအရှင်အဆုံးစွန်မီး ပြောသောစကားက ရိုးရှင်းသော်လည်း အဲဒါက ကမ္ဘာတုန်လောက်လေသည်။
ဆူဇီမိုက နေရာမှာပင် ကြောင်အ,မှင်တက်နေလေသည်။
သူ၏မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေပြီး သူ၏စိတ်ထဲတွင် အတွေးတစ်ခုသာလျှင် ရှိတော့လေသည်။
အရှင်သခင် ခြောက်ပါးနှင့် မိစ္ဆာသားရဲများ အားလုံးကို ကြီးမားပြင်းထန်သည့် တိုက်ခိုက်ရေးခွန်အားနှင့် တိုက်ခိုက်ခဲ့ကြသော တာအိုအရှင်သုံးပါးက ကိုယ်ပွားတွေမျှသာတဲ့လား..။
သူတို့ရဲ့ ကိုယ်ပွားတွေက အဲ့လောက်ထိ ကြောက်စရာကောင်းနေမယ်ဆိုရင် အဲဒီ တာအိုအရှင်သုံးပါးကိုယ်တိုင်က ဘယ်လောက်တောင် သန်မာလိုက်မလဲ။
တာအိုအရှင် တိမ်လွှာမိုးစက်သည် မည်ကာမတ္တတပည့်တစ်ယောက်ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ငါးထောင်က ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်မှာ နံပါတ်နှစ်ဖြစ်သော်လည်း သူက ပကတိတာအိုအရှင် ဓမ္မလက်နက်တစ်ခုကိုသာလျှင် ထုတ်သုံးခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
တစ်ချိန်တည်းမှာပင်.. နတ်မိမယ်နှင်းပွင့်သည် တိုက်ပွဲတစ်လျှောက်လုံး မည်သည့်ဓမ္မလက်နက်ကိုမှ ထုတ်ဖော်အသုံးပြုခဲ့ခြင်း မရှိပေ။
ထိုသည်ကို တွေးကြည့်သောအခါ.. တာအိုအရှင် အင်မော်တယ်ဓားနှင့် တိမ်လွှာမိုးစက်သည် သူတို့၏ ကိုယ်ပွားများတွင် တာအိုအရှင် ဓမ္မလက်နက်တစ်ခုနှင့် သားရဲချိပ်စည်းကားချပ်လိုမျိုး ရတနာများကို ထည့်ပေးလိုက်နိုင်ခဲ့ခြင်းကပင် သူတို့၏ ကြွယ်ဝချမ်းသာမှုကို ပြသနေလေသည်။
“စီနီယာ.. ခင်ဗျားက အဲဒါကို ဘယ်လိုပြောနိုင်တာလဲ”
ဆူဇီမိုက မေးမြန်းလိုက်လေသည်။
တာအိုအရှင်အဆုံးစွန်မီးက ပြန်မဖြေဘဲ ပြန်လှန်မေးလိုက်လေသည်။
“ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို ဘာလို့ ဓမ္မဝိသေသအဆင့်လို့ ခေါ်ဆိုသမုတ်တာလဲ မင်းသိလား”
ဆူဇီမိုက လွှတ်ခနဲ ပြန်ပြောလိုက်လေသည်။
“ဘာလို့လဲဆိုတော့ အဲဒီအဆင့်မှာဆိုရင် ကျင့်ကြံသူတွေက ကောင်းကင်နဲ့ မြေကြီးရဲ့ အထွတ်အထိပ် ဓမ္မဝိသေသခန္ဓာကိုယ်တွေကို ဆင့်ခေါ်နိုင်လို့ပဲ.. အဲဒါနဲ့ဆိုရင် သူတို့က အဆင့်မြင့်မိစ္ဆာသားရဲတွေရဲ့ ပင်ကိုနတ်ဘုရားစွမ်းအားကို ဆန့်ကျင်တိုက်ခိုက်နိုင်ပြီးတော့.. အဲဒါက ဓမ္မဝိသေသအဆင့် ကျင့်ကြံသူတွေအတွက် ရရှိနိုင်တဲ့ အသန်မာဆုံးနည်းလမ်းလို့ သတ်မှတ်လို့…”
ရုတ်တရက် ဆူဇီမိုက စကားပြောနေခြင်းကို ရပ်တန့်လိုက်လေသည်။
ပြန်လည်စဉ်းစားကြည့်သောအခါ.. တာအိုအရှင်သုံးပါးသည် တစ်ချိန်လုံးမှာ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်များကို ထုတ်ဖော်အသုံးပြုခြင်း လုံးဝမရှိခဲ့ပေ။