နှုတ်ဆက်ခွဲခွာကြခြင်း
Vol. 60 Ch. 890
အတန်ကြာတိတ်ဆိတ်နေပြီးနောက် ဆူဇီမိုက နောက်ဆုံးစကားပြောလိုက်လေသည်။
“ငါက ဒီတစ်ခေါက် ကျင့်ကြံရေးလောကကို တစ်ယောက်တည်းပြန်မှာ မင်းတို့တွေဘယ်သူမှ ငါ့နောက်ကို မလိုက်ရဘူး”
မျောက် ၊ စိတ်ဝိညာဥ်ကျားနှင့် လူတိုင်းက စကားပြောတော့မည် ပြင်လိုက်စဥ်မှာပင် ဆူဇီမိုက လက်ကာပြပြီး ဆက်ပြောလိုက်လေသည်။
“ငါပြောတာကို အရင်နားထောင်ကြဦး”
“ငါ့ရဲ့ မိတ်ဆွေဟောင်းတွေဆီကို အလည်သွားဖို့အပြင် ကျင့်ကြံရေးလောကမှာ ငါမဖြစ်မနေလုပ်ရမယ့် အရေးကြီးကိစ္စတစ်ခုရှိသေးတယ် ၊ ငါ့ရဲ့ သရုပ်မှန်ကို ထုတ်ဖော်ပြမိတာပဲ ဖြစ်ဖြစ် မင်းတို့တွေနဲ့ ခရီးသွားတာပဲဖြစ်ဖြစ် အဲ့ဒါက ငါ့အတွက် မသင့်တော်ဘူး”
မည်သို့ပင်ဆိုစေ ဆူဇီမို၏ သရုပ်သကန်က ဆတ်ဆတ်ထိမခံ ဖြစ်နေဆဲပင်။
အသွန်းတစ်ရာဂိုဏ်းက အလယ်ပိုင်းတိုက်အတွင်းမှာ တည်ရှိလေသည်။
အလယ်ပိုင်းတိုက်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ကျင့်ကြံရေးယဥ်ကျေးမှု အထွန်းကားဆုံးနေရာဖြစ်သော မဟာနယ်မြေတစ်ခုဖြစ်လေသည်။ အဲ့ဒီမှာ မရေမတွက်နိုင်သော ဂိုဏ်းများနှင့် ကျင့်ကြံသူများ ရှိကြလေသည်။
ရှောင်းနင်သည် ယန်ဆေးဂိုဏ်းမှာဖြစ်ပြီး လမ့်ရိုက ကြိုးကြာတစ်ထောင်ဂိုဏ်းမှာဖြစ်ကာ တစ်သီးပုဂ္ဂလ လေးအုပ်စုလုံးသည်လည်း အလယ်ပိုင်းတိုက်မှာဖြစ်လေသည်။
ဆူဇီမိုသည် ကစဉ့်ကလျားအမြုတေဂိုဏ်း ၊ မိုးကြိုးလေပြည်နန်းတော်တို့နှင့် နက်ရှိုင်းသော ရန်ငြိုးရန်စရှိပြီး သူတို့နှစ်ဂိုဏ်းစလုံးကလည်း အလယ်ပိုင်းတိုက်မှာ တည်ရှိလေသည်။
ထိပ်သီးဂိုဏ်းကြီးများသည် သန်မာအကောင်းသော အခြေခံအုတ်မြစ်ရှိပြီး မျက်စိပေါင်းများစွာ နားပေါင်းများစွာ ရှိကြလေသည်။
ဆူဇီမိုသည် အလယ်ပိုင်းတိုက်သို့ သူတစ်ယောက်တည်းပြန်ရမည်ဆိုလျှင် ထိုထိပ်သီးဂိုဏ်းကြီးများ၏ ပစ်မှတ်ထားခံရမှာကို စိတ်ထဲမှာ ထည့်မထားပေ။ သို့သော်လည်း တာအိုအရှင်အဆုံးစွန်မီးကပါ ရောပါ ဒုက္ခရောက်မည်ဆိုလျှင် သူက နောက်ကျမှ နောင်တရမိပေလိမ့်မည်။
အဲ့ဒါကြောင့် တာအိုအရှင်အဆုံးစွန်မီးကို အသွန်းတစ်ရာဂိုဏ်းသို့ ဘေးကင်းလုံခြုံစွာ ပြန်မပို့နိုင်ခင်အထိ သူ၏ သရုပ်မှန်က ပေါက်ကြားသွားလို့ လုံးဝမဖြစ်ပေ။
အသင်္ချေနယ်မြေမြို့တော်မှတိုက်ပွဲသည် ကျင့်ကြံရေးလောကတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပြီး သူက မျောက်နှင့်အခြားသူများနှင့် သွေးသောက်မောင်နှမဖွဲ့ထားသည်မှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်တော့ပေ။
သူက မျောက်နှင့် အခြားသူများနှင့် ခရီးသွားမည်ဆိုလျှင် သူတို့၏ တည်ရှိမှုက ပေါ်လွင်ထင်ရှားနေပေလိမ့်မည်။ သူတို့၏ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲထားသည်ဆိုလျှင်တောင် သေချာစစ်ဆေးကြည့်ရှုပါက သူတို့၏ သရုပ်မှန်များကို ဖော်ထုတ်ခံရဖို့က လွယ်ကူလေသည်။
“သခင်... ကျုပ်က ခင်းဗျားနောက်ကို လိုက်ခဲ့မယ်”
တစ်ကိုယ်တော်တိမ်စိုင်က ပြောလိုက်လေသည်။
“အပြင်လောကမှာရှိတဲ့ လူသားကျင့်ကြံသူတွေက ကျုပ်ကို တစ်ခါမှ မြင်ဖူးတာမဟုတ်ဘူး.. ကျုပ်က ခင်ဗျားနားမှာရှိနေမယ်ဆိုရင် ခင်ဗျားရဲ့ ဘေးကင်းလုံခြုံမှုကို စိတ်ချရစေဖို့ ကူညီပေးနိုင်တယ်”
“ငါကအဆင်ပြေပါတယ်”
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
“ငါက ထွက်ခွာပြီးရင် ဒီမှာရှိတဲ့ကိစ္စတွေကို စိုးရိမ်ပူပန်နေရတုန်းပဲ.. မင်းက ဒီမှာနေခဲ့ပြီးတော့ ကိစ္စအဝဝကို ထိန်းကျောင်းပေးရလိမ့်မယ်”
မျောက်နှင့်အခြားသူများက အဆင့်နိမ့်မိစ္ဆာသားရဲများ ဖြစ်နေကြဆဲဖြစ်ပြီး ပိုင်နက်အရှင်ဆိုသော သူတို့၏နေရာများကို ရယူလိုသော အခြားသူများ ရှိနေကြလေသည်။
သူတို့က မျောက်ဝံမြူးထူးတောင်ရိုးအရှင်သခင်၏ နောက်ခံရှိသည်ဆိုသော်လည်း အန္တရာယ်ကိုစွန့်စား၍ ရူးမိုက်သောအရာများကို ပြုလုပ်မည့် မိုက်ရူးရဲများက လုံးဝမရှိသည်တော့မဟုတ်ပေ။
ဘာပဲပြောပြော ပြီးခဲ့သည့်နှစ်တစ်ရာအတွင်း လရောင်ငိုကြွေးတောင်သည် လျင်မြန်စွာ ကျယ်ပြန့်လာခဲ့ပြီး များစွာသောသားရဲများကလည်း သေဆုံးခဲ့ကြရလေသည်။ သူတို့မှာ ရန်သူများစွာရှိသည်မှာ ပုံမှန်သာဖြစ်လေသည်။
တစ်ကိုယ်တော်တိမ်စိုင်၏ မျက်လုံးများက စိတ်ပျက်လက်ပျက်မှုတစ်စွန်းတစ်စဖြင့် မှေးမှိန်သွားလေသည်။
သူက ဆူဇီမို၏ အစီးအနင်းဖြစ်ဖို့ စိတ်လိုလက်ရ သဘောတူခဲ့ပြီး ထိုသူနှင့်အတူ ကြီးပြင်းကာ အစစ်အမှန်နဂါးတစ်ကောင်အဖြစ်သို့ ဆင့်ကဲပြောင်းလဲချင်မိလေသည်။
သို့သော် ယခုအခါဆူဇီမို ထွက်ခွာသွားမည်ဆိုပါက သူ၏ကျင့်ကြံမှုက ရှေ့ဆက်တက်နိုင်ဖို့ ခဲယဥ်းသွားပေတော့မည်။
ဆူဇီမိုသည် တစ်ကိုယ်တော်တိမ်စိုင်၏ အမူအရာကို သတိထားမိသောအခါ ခဏမျှတိတ်ဆိတ်နေပြီးနောက် ပြောလိုက်လေသည်။
“မျောက်နဲ့အခြားသူတွေက အလယ်အလတ်အဆင့် မိစ္ဆာသားရဲတွေအဖြစ် အဆင့်ချိုးဖြတ်တက်လှမ်းပြီး ပိုင်နက်အရှင်ဆိုတဲ့ သူတို့ရဲ့နေရာတွေမှာ အခြေခိုင်အောင်လုပ်ပြီးတာနဲ့ မင်းက ဆန္ဒရှိနေဦးမယ်ဆို အဲ့ဒီအချိန်မှာ ငါ့ကိုလာရှာလို့ရတယ်”
တစ်ကယ်တော့ ဆူဇီမို၏ ဆုံးဖြတ်ချက်သည် တစ်ကိုယ်တော်တိမ်စိုင်အနေဖြင့် ထွက်သွားချင်လျှင်လည်း ထွက်သွားလို့ရအောင် ရွေးချယ်ခွင့်ပေးထားခြင်း ဖြစ်လေသည်။
ဘာပဲပြောပြော သူက အစစ်အမှန်နဂါးတစ်ကောင်မဟုတ်ပေ။
တစ်ကိုယ်တော်တိမ်စိုင်သည် သူ၏ ဂုဏ်အဆင့်အတန်းကို နှိမ့်ချ၍ ဆူဇီမို၏ နောက်သို့ လိုက်ပါလာခဲ့သော်လည်း သူက အစစ်အမှန်နဂါးတစ်ကောင်အဖြစ်သို့ ဆင့်ကဲပြောင်းလဲနိုင်ပါ့မလားဆိုတာ အာမခံချက်မရှိပေ။
တစ်ကိုယ်တော်တိမ်စိုင်သည် ဆူဇီမိုဆိုလိုသည့်အရာကို နားလည်ပြီး သူ့ဘာသူ အတွေးနက်သွားလေသည်။
နောက်ဆုံးမှာတော့ ဆူဇီမိုသည် ညွှန်ကြားချက်နှင့် သတိပေးချက်များစွာကို ပြောဆိုပြီးနောက် မတ်တတ်ထရပ်လိုက်လေသည်။
“ငါက အခုပဲ သွားတော့မယ်... ဘယ်သူမှ ငါ့ကို လိုက်ပို့ပေးစရာမလိုဘူး”
သူ့စကားဆုံးသွားသော်လည်း သူက တစ်စုံတစ်ရာကို စောင့်ဆိုင်းနေသည့်အလား နေရာမှာပင် မလှုပ်မယှက်ရပ်နေလေသည်။
အတန်ကြာပြီးနောက် အဲ့ဒီမှာ လှုပ်ရှားမှုရှိမလာသေးပေ။
ဆူဇီမိုက ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး သူ့ရင်ဘတ်ရှေ့ဝတ်ရုံအောက်တွင် တိုးဝင်နေသော ဦးခေါင်းလေးကို ညင်သာစွာပွတ်သပ်လိုက်လေသည်။
“မင်းက ဘယ်အချိန်ထိ အိပ်ချင်ယောင်ဆောင်နေဦးမှာလဲ... မင်း အခုထိ ထွက်မလာသေးဘူလား”
“ဟွန့်...”
မြေခွေးလေးက မကျေမနပ်ဖြင့် နှာတစ်ချက်မှုတ်ပြီး သူမ၏ ခေါင်းကိုပုကာ ဆူဇီမိုကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်လေသည်။
“သခင်လေး... ကျွန်မက ရှင့်နောက်ကို လိုက်မှာပဲ... ဒီပုံစံနဲ့ဆို ကျွန်မကို ဘယ်သူမှ မမှတ်မိဘူးဆိုတာ အာမခံနိုင်တယ်”
“မရဘူး... ထွက်လာခဲ့”
ဆူဇီမိုက ပြုံး၍ခေါင်းခါလိုက်လေသည်။ သူ၏လေသံက ပြတ်သားနေ၏။
မကျေမနပ်မှုဖြင့် ပြည့်နှက်နေပြီး မြေခွေးလေးသည် ဆူဇီမို၏ ဝတ်ရုံထဲကနေ အင်တင်တင်ဖြင့် အလွန်တရာနှေးကွေးစွာ ထွက်လာခဲ့လေသည်။
ဆူဇိမိုက မျက်တောင်ခတ်ပြီး ပြောလိုက်လေသည်။
“မြန်မြန်ထွက်လာခဲ့... ငါ့မှာ မင်းအတွက်လက်ဆောင်တစ်ခုရှိတယ်”
“အဲ့ဒါဘာလဲ...”
သူမက ဆူဇီမိုအနားမှာမနေနိုင်တော့ဘူးဆိုတာ သိလိုက်ပြီး မြေခွေးလေးသည် ဝမ်နည်းပူဆွေးနေကာ စိတ်မပါတပါဖြင့် မေးလိုက်လေသည်။
ဆူဇီမိုက သူ၏သိုလှောင်အိတ်ကိုပုတ်ပြီး သူ့လက်ထဲတွင် တောကောင်သားရေတစ်ခုက ပေါ်လာခဲ့လေသည်။
တောကောင်သားရေကို လိပ်ထားပြီး အဲ့ဒါက အိုဟောင်းနေပုံပေါ်လေသည်။ ၎င်း၏မျက်နှာပြင်ပေါ်တွင် သားမွေးများနှင့်အတူ အဲ့ဒါက မပြည့်မစုံဖြစ်နေလေသည်။
“အဲ့ဒါက ဘာပါလိမ့်...”
သူမ၏ သိချင်စိတ်ကို မချုပ်တည်းနိုင်တော့ပဲ မြေခွေးလေးသည် ချည်းကပ်လာပြီး သူမ၏ လက်ဖဝါးလေးများဖြင့် သတိထား၍ အဲ့ဒါကို ထိကြည့်လိုက်လေသည်။
အစက လိပ်ထားသော တောကောင်သားရေသည် ဖြည်းဖြည်းချင်း ပြန့်သွားလေသည်။ အဲ့ဒီမှာ လျှို့ဝှက်ဆန်းကြယ်သော အမှတ်သင်္ကေတများကို ခတ်နှိပ်ထားပြီး ကြည့်မိသူတိုင်း၏ အမြင်အာရုံကို ရှုပ်ထွေးနောက်ကျိသွားစေလေသည်။
တောကောင်သားရေက ပြန့်သွားသည့်ခဏမှာပင် တစ်မူထူးခြားသော အော်ရာတစ်ခုက ချက်ချင်းထွက်ပေါ်လာခဲ့လေသည်။
တစ်ကိုယ်တော်တိမ်စိုင်အပါအဝင် လူတိုင်းသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်မျိုးဖြင့် ကန့်သတ်ချုပ်နှောင်ခြင်းကို ခံလိုက်ရပြီး လုံးဝလှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။
“ အဲ့ဒါက ဟိုဓမ္မလက်နက် သားရဲချိပ်စည်းကားချပ်ပဲ”
တစ်ကိုယ်တော်တိမ်စိုင်က ကမ္ဘာဖျက်တိုက်ပွဲကို ပြန်လည်အမှတ်ရသွားပြီး အံ့အားတသင့်ရေရွတ်လိုက်လေသည်။
“ဟုတ်တယ်... အဲ့ဒါက အဲ့ဒီကားချပ်ပဲ”
ဆူဇီမိုက အတွေးတစ်ချက်နှင့်အတူ သားရဲချိပ်စည်းကားချပ်ကို တစ်ဖန်ပြန်လိပ်ပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကလည်း ချက်ချင်းပျောက်ကွယ်သွားလေသည်။
သူက သားရဲချိပ်စည်းကားချပ်ကို မြေခွေးလေး၏ရင်ခွင်ထဲသို့ ထိုးထည့်ပြီး ပြုံးလိုက်လေသည်။
“ထပ်ပြီးတော့ စိတ်ဆိုးမနေနဲ့တော့ အဲ့ဒါက မင်းအတွက်ပဲ”
တစ်ကိုယ်တော်တိမ်စိုင်၏ မျက်လုံးများက အားကျမှုဖြင့် ပြည့်နှက်သွားလေသည်။
လက်ရှိသားရဲများအားလုံးသည် ကမ္ဘာဖျက်ထိုတိုက်ပွဲမှာ ဤကားချပ်၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ခဲ့ကြလေသည်။
ဆူဇီမိုက ထိုကဲ့သို့သော ရတနာတစ်ခုကို ဒီတိုင်းအလွယ်တကူပေးပစ်လိုက်သည်ဆိုတော့...။
“အဲ့..အဲ့လိုလုပ်လို့မရဘူးလေ”
မြေခွေးလေးက ခဏနေပြီးနောက် သူမ၏ ငူငိုင်နေရာကနေ နိုးထလာပြီး သူမ၏ ခေါင်းကိုသွင်သွင်ခါလိုက်လေသည်။
“သခင်လေး... ရှင်က အဲ့ဒီအံ့မခန်းရတနာကို ရှင်ကိုယ်တိုင်သုံးဖို့ သိမ်းထားရမယ်... ကျွန်မမှာ ကျွန်မကို ကာကွယ်ပေးမယ့် အစ်ကိုမျောက်လည်းရှိတယ်.. အစ်ကိုကျားလည်းရှိတယ်.. အစ်မချင်ချင်လည်း ရှိတယ်... ကျွန်မက အဆင်ပြေပါတယ်”
ဆူဇီမိုက ပြုံးလိုက်လေသည်။
“အဲ့ဒါကို သိမ်းထားလိုက်... ဒီပစ္စည်းက ငါ့အတွက် အသုံးမတည့်တော့ဘူး... ငါက မိစ္ဆာသားရဲများများစားစား မရှိတဲ့ ကျင့်ကြံရေးလောကကိုပြန်မှာလေ... ငါက အဲ့ဒါကို ဘယ်လိုသွားသုံးရမှာလဲ”
“နောက်ပြီးတော့ ငါက အဆင့်တူချင်းမှာဆိုရင် အသန်မာဆုံး မိစ္ဆာသားရဲပဲ... ဘယ်မိစ္ဆာသားရဲကများ ငါ့ကိုယှဥ်နိုင်ပါ့မလဲ”
ဆူဇီမိုက ချဲ့ကားပြောဆိုနေခြင်းမဟုတ်ပေ။ သူ၏ ကိုယ်ကာယအရ ဓမ္မစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို အသုံးမပြုဘူးဆိုလျှင်တောင် သားရဲများအားလုံးကြားမှာ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိလေသည်။
တစ်ကယ်တော့ အဲ့ဒါအပြင် ဆူဇီမိုမှာ နောက်ထပ်ရည်ရွယ်ချက်တစ်ခုလည်းရှိလေသည်။
ယခင်က မဟာချွမ်နန်းတော်အောက်ခြေမှာရှိသော မြေခွေးအိုသည် မြေခွေးလေးအတွက် တစ်စုံတစ်ရာကို ချန်ထားပေးခဲ့လေသည်။ သို့သော်လည်း မြေခွေးလေးက ဆူဇီမိုကို ကယ်တင်ဖို့ကြိုးစားရင်း ထိုပစ္စည်းသည် တာအိုသက်ရှိရွှမ်ယီနောက်သို့ ပါသွားခဲ့လေသည်။
ထိုအတွက်ကြောင့် ဆူဇီမိုသည် အမြဲတမ်း မလုံမလဲ ခံစားခဲ့ရလေသည်။
မြေခွေးလေးက သားရဲချိပ်စည်းကားချပ်ကို ကိုင်ထားပြီး သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ကာ အတွေးနက်နေလေသည်။ သူမ၏ မျက်လုံးများက နီရဲလာပြီး သူမ၏ မျက်လုံးထဲတွင် မျက်ရည်များက စိုစွတ်လာလေသည်။
မြေခွေးလေးက သူမအမေပေးထားခဲ့သော ပစ္စည်းအကြောင်း စဥ်းစားတွေးတောနေသည် ဖြစ်ရမည်ကို ဆူဇီမိုက သိလိုက်လေသည်။
“ဘာမှမပူနဲ့.. ငါက အဲ့ဒီရတနာကို မင်းအတွက် ငါကိုယ်တိုင် သေချာပေါက် ရအောင်ပြန်ယူပေးမယ်”
ဆူဇီမို၏ လေသံက ပြတ်သားနေပြီး သတ်ဖြတ်လိုစိတ် တစ်စွန်းတစ်စကို သယ်ဆောင်ထားလေသည်။
ယခင်က သူသည် တာအိုသက်ရှိရွမ်ယီ၏ လိုက်လံဖမ်းဆီးမှုမှာ ကူကယ်ရာမဲ့ခဲ့ရလေသည်။ သူ၏လက်ကောက်ဝတ်က သွင်သွင်ကျိုးသွားပြီး သူ၏ ကျင့်ကြံမှုက ဖျက်ဆီးခံရကာ နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေသို့ ခုန်ချခဲ့ရလေသည်။
ယခုအခါ ဆူဇီမိုသည် တာအိုသက်ရှိရွှမ်ယီနှင့် တစ်ဖန်ပြန်တွေ့ရမည်ဆိုလျှင် သူက တိုက်ခိုက်နိုင်မည်ဟု ယုံကြည်လေသည်။
သူက တာအိုသက်ရှိရွှမ်ယီနှင့် တစ်ဖန်ပြန်တွေ့ရမည်ဆိုလျှင် ကြမ္မာငင်သော ထိုနေ့က ဖြစ်ပျက်ခဲ့သော အရာရာတိုင်းအတွက် သူက လက်စားပြန်ချေရပေလိမ့်မည်။
ဆူဇီမိုသည် မြေခွေးလေး၏ ခေါင်းကိုသပ်ပြီး ဘင်သာစွာပြောလိုက်လေသည်။
“ဘာမှမပူနဲ့... ဘယ်သူပြောနိုင်ပါ့မလဲ အဲ့ဒီသားရဲချိပ်စည်းကားချပ်နဲ့ဆို မင်းရဲ့အစ်ကိုမျောက် ၊ အစ်ကိုကျားနဲ့ အစ်မချင်ချင်တို့က သူတို့ကိုကာကွယ်ဖို့အတွက် မင်းရဲ့အကူအညီကိုတောင် လိုအပ်ချင်လိုအပ်လာမှာ”
သူ၏စကားတွင် မြေခွေးလေးက ပြုံးလိုက်မိလေသည်။ သူမက ရှက်ကိုးရှက်ကန်းဟန်ဖြင့် ပြောလိုက်၏။
“အဲ့လိုမျိုး ဖြစ်လာမှာမဟုတ်ပါဘူး...”
“ဟုတ်ပြီလေ ငါအခုပဲ သွားတော့မယ်”
ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်လေသည်။ သူက လှည့်ထွက်ကာ လူတိုင်းကို ကျောပေး၍ လက်ပြနှုတ်ဆက်ရင်း သိပ်မကြာမီ ညအမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
သူ၏ နားထဲတွင် လေသံများက တဝီဝီမြည်နေပြီး သစ်ပင်များ၏ ပုံရိပ်က လျင်မြန်စွာကျန်ရစ်ခဲ့လေသည်။ ဆူဇီမိုက ခိုင်မာပြတ်သားသော.အကြည့်နှင့်အတူ အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်ရင်း တီးတိုးရေရွတ်လိုက်လေသည်။
“ကျင့်ကြံရေးလောကရေ... ဆူဇီမိုပြန်လာနေပြီကွ.. ငါ့မိတ်ဆွေတွေ.. ငါ့ရဲ့ရန်သူတွေ... မင်းတို့တွေအားလုံး ဘာတွေများလုပ်နေကြပါလိမ့်”