သမာဓိ တာအိုမီး
Vol. 60 Ch. 891
သားရဲတစ်ထောင်တောင်ကြားအတွင်းတွင် သွေးနီရောင်ဆံပင်နှင့် အစိမ်းရောင်ဝတ် လူတစ်ယောက်သည် တဝုန်းဝုန်းထနေသော သားရဲချီများနှင့်အတူ ပြေးလွှားနေလေသည်။ သူ၏ မျက်လုံးများက မိုးကြိုးလျှပ်စီးများနှင့် ဆင်တူလေသည်။ သူကတော့ လရောင်ငိုကြွေးတောင်ကနေ ထွက်ခွာလာခဲ့သော ဆူဇီမိုပင် ဖြစ်လေသည်။
အပေါ်ယံကြည့်လျှင်တော့.. ဆူဇီမိုသည် ခရီးသွားနေစဉ်အတွင်း တောအုပ်အတွင်းမှာရှိသည့် လှုပ်ရှားမှုများ အားလုံးအပေါ် သူ၏ မျက်လုံးများနှင့် နားများကို အပြည့်အဝ အာရုံစိုက်ထားသည်ဟု ထင်ရလေသည်။
သို့သော်လည်း တကယ်တမ်းမှာတော့ သူ၏အသိစိတ်အတွင်းတွင် ကျင့်ကြံနေသော နောက်ထပ် အမြုတေစိတ်ဝိညာဉ်တစ်ခု ရှိနေသေးလေသည်။
အဲဒါက အလုပ်များစွာ ပြုလုပ်ခြင်းထက် များစွာပို၍ အဆင့်မြင့်လေသည်။
အလုပ်များစွာ ပြုလုပ်ခြင်းမှာဆိုလျှင် ကျင့်ကြံသူတစ်ယောက်၏ အာရုံကို အညီအမျှ ခွဲဝေပေးထားရလေသည်။
သို့သော်လည်း ဆူဇီမို၏ ယင်စိတ်ဝိညာဉ်နှင့် အမြုတေစိတ်ဝိညာဉ်သည် တစ်ဦးအပေါ်တစ်ဦး နှောင့်ယှက်သက်ရောက်ခြင်း မရှိဘဲ သူတို့၏ ကိုယ်ပိုင်ပြုမူလှုပ်ရှားမှုအပေါ် အပြည့်အဝ အာရုံစိုက်ထားနိုင်ကြလေသည်။
ထိုအခိုက်အတန့်တွင် သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်က ခရီးသွားနေပြီး အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်က ကျင့်ကြံနေလေသည်။
အဲဒါက အတိတ်ကာလက သင်ယူခဲ့ဖူးသော တစ်စုံတစ်ရာကို ကျင့်ကြံနေခြင်း မဟုတ်ဘဲ အသစ်စက်စက် ကျင့်ကြံခြင်း နည်းစနစ်တစ်ခုဖြစ်သည့် သွေးနီရောင်မီးတောက်မနောသုတ္တန်ကို ကျင့်ကြံနေခြင်း ဖြစ်လေသည်။
လရောင်ငိုကြွေးတောင်ကနေ ထွက်ခွာလာပြီးနောက်.. တာအိုအရှင်အဆုံးစွန်မီးက ဤကျင့်ကြံခြင်း နည်းစနစ်ကို ဆူဇီမိုအား သင်ကြားပေးခဲ့ခြင်း ဖြစ်လေသည်။
တာအိုအရှင်အဆုံးစွန်မီး၏ အဆိုအရ သူသည် ဤကျင့်ကြံခြင်း နည်းစနစ်ကို ရှေးဟောင်း အပျက်အစီးနယ်မြေတစ်ခုကနေ ရရှိလာခဲ့ခြင်း ဖြစ်လေသည်။ သူက ၎င်း၏အဆင့်ကို မသိရသော်လည်း အဲဒါက အလွန်တရာ စွမ်းအားကြီးပြီး မီးကို ယဉ်ပါးထိန်းချုပ်ခြင်းမှာ နံပါတ်တစ် နည်းစနစ်တစ်ခုဖြစ်သည်ဟု ဆိုနိုင်လေသည်။
ဆူဇီမိုသည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း လမ်းခရီးမှာ ရှိနေသော်လည်း သွေးနီရောင်မီးတောက် မနောသုတ္တန်အပေါ် သူ၏ကျင့်ကြံမှုက လျော့ကျသွားခြင်း မရှိပေ။
တာအိုအရှင်အဆုံးစွန်မီးကဲ့သို့သော ဓမ္မဝိသေသပညာရှင်တစ်ယောက် ဘေးမှာရှိနေသည့်အတွက် ဆူဇီမိုသည် သံသယတစ်စုံတစ်ရာ ရှိလာလျှင် အဖြေကို ချက်ချင်းလက်ငင်း ရရှိနိုင်လေသည်။
ဒါ့အပြင် ဆူဇီမိုသည် အစကတည်းက နတ်ပန်းပဲဆရာတစ်ယောက်ဖြစ်ပြီး မီးတောက်တာအိုနှင့် နီးစပ်မှု ရှိလေသည်။
ဗုဒ္ဓဂိုဏ်းများ၏ အထွတ်အမြတ်ပစ္စည်းဖြစ်သော အာသောကပန်းသည် အစကတည်းက မီးဒြပ်စင်တစ်မျိုးဖြစ်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်နှင့်အတူ ပေါင်းစပ်ခဲ့ပြီး ဖြစ်လေသည်။ ထိုသို့ဖြင့် သူသည် မီးတောက်တာအိုအပေါ် အထုံဝါသနာ ပို၍ကြီးမားစွာ ရှိလာခဲ့လေသည်။
အားသာချက် ၃ရပ်နှင့်အတူ ဆူဇီမိုသည် သဘောတရားကို ခြုံငုံမိဖို့ တစ်လပင် မကြာလိုက်ဘဲ သွေးနီရောင်မီးတောက် မနောသုတ္တန်အပေါ် သူ၏ အခြေခံအုတ်မြစ်ကို တည်ဆောက်ခဲ့ပြီးလေပြီ။
အဲဒီနောက် သူက တစိုက်မတ်မတ် ကျင့်ကြံပြီး ဤကျင့်ကြံခြင်း နည်းစနစ်အပေါ် အဆင့်မြင့်ကျွမ်းကျင်မှုကို ရရှိသည်နှင့် သူက ၎င်း၏စွမ်းအားကို ထုတ်ဖော်လာနိုင်လိမ့်မည် ဖြစ်လေသည်။
တာအိုအရှင်အဆုံးစွန်မီးသည် ဆူဇီမိုက လမ်းကြောင်းမှန်အပေါ် ရောက်ရှိနေသည်ကို မြင်သောအခါ စိတ်သက်သာရာ ရသွားခဲ့လေသည်။
သူသည် သွေးနီရောင်မီးတောက် မနောသုတ္တန်ကို ရရှိခဲ့စဉ်က ထိုကျင့်ကြံခြင်း နည်းစနစ်၏ ပထမဆုံးအခန်းတွင် စာကြောင်းတစ်ကြောင်းသာလျှင် ပါရှိလေသည်။
‘ဤနည်းစနစ်ကို ကျင့်ကြံခြင်းသည် အလွန်တရာ အန္တရာယ်များပြီး ခြေလှမ်းတစ်ချက် မှားသွားသည်နှင့် ချီသွေဖယ်ခြင်းကို ဦးတည်ကာ သူတို့၏ အတွင်းမီးတောက်များ ထကြွခြင်းဖြင့် သေဆုံးသည်အထိ ဖြစ်နိုင်လေသည်။’
နောက်ပိုင်းမှာ သူသည် ဤကျင့်ကြံခြင်း နည်းစနစ်ကို သူ၏ တပည့်အချို့အား သင်ကြားပေးဖို့ ကြိုးစားခဲ့လေသည်။ သို့သော်လည်း သူတို့ထဲမှ တစ်ယောက်သာလျှင် စဦးကျွမ်းကျင်မှုကို ရရှိခဲ့ပြီး သေလုမတတ် ဖြစ်သူဖြစ်ကာ အချို့က သူတို့၏ ကျင့်ကြံမှုမှာ ချို့ယွင်းပျက်စီးကုန်ကြလေသည်။
“ဇီမို.. အရင်ဆုံး ခဏနားလိုက်ဦး”
တာအိုအရှင်အဆုံးစွန်မီး၏ အသံက ထွက်ပေါ်လာခဲ့လေသည်။
“ငါ ဒီနေ့ မင်းကို တခြားအရာတွေ သင်ကြားပေးဖို့ရှိတယ်”
ဆူဇီမိုက ခေါင်းညိတ်လိုက်ပြီး သူ၏ အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ် ကျင့်ကြံနေခြင်းကို ရပ်တန့်လိုက်လေသည်။ သူက သူ့မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး အာရုံစိုက်၍ နားစွင့်ထားလေသည်။
တာအိုအရှင်အဆုံးစွန်မီးက ပြောလိုက်လေသည်။
“ငါ့ကို အဆုံးစွန်မီးလို့ ခေါ်ကြရတဲ့ အကြောင်းရင်းက.. ငါက မီးတောက်တာအိုမှာ အောင်မြင်မှုအနည်းငယ် ရရှိခဲ့လို့ပဲ”
တကယ်တမ်းမှာတော့ တာအိုအရှင်အဆုံးစွန်မီးက အရမ်းကို နှိမ့်ချ၍ ပြောဆိုနေခြင်း ဖြစ်လေသည်။
လွန်ခဲ့သည့် နှစ်ငါးသောင်းက တာအိုအရှင်အဆုံးစွန်မီး၏ နာမည်ဂုဏ်သတင်းက ဘယ်လောက်တောင် ကျော်စောခဲ့သလဲ ဆူဇီမို သိမည်ဆိုလျှင် သူက တုန်လှုပ်မှုဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားနိုင်လေသည်။
တာအိုအရှင်အဆုံးစွန်မီးက ဆက်ပြောလိုက်၏။
“ငါ့ရဲ့ အဆုံးစွန်မီး တာအိုဘွဲ့ကို ရရှိခဲ့ရတဲ့ အကြောင်းရင်းက သွေးနီရောင်မီးတောက် မနောသုတ္တန်ကြောင့်ပဲ.. ဒါပေမဲ့လို့ အရေးကြီးဆုံး အချက်က မီးကို ဘယ်လို ယဉ်ပါးထိန်းချုပ်ရမလဲ သိအောင်လုပ်ဖို့နဲ့ မီးတောက်တာအိုရဲ့ စွမ်းအားကို အဲဒါရဲ့ အကန့်အသတ်အထိ ထုတ်ဖော်နိုင်ဖို့ပဲ”
“ငါ့ရဲ့ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ဖြစ်တဲ့ မိုးပျံမြွေနဂါး မီးတောက်နတ်ဘုရားကို ကျင့်ကြံဖို့ နည်းလမ်းကို သွေးနီရောင်မီးတောက် မနောသုတ္တန်အတွင်းမှာ တွေ့ရှိရလိမ့်မယ်.. မင်းက နောက်ပိုင်းကျရင် အဲဒါကို မင်းကိုယ်ပိုင်အဖြစ် ကျင့်ကြံလာနိုင်လိမ့်မယ်”
တာအိုအရှင်အဆုံးစွန်မီးက ဆက်ပြောလိုက်လေသည်။
“အခုတော့ ငါက မင်းကို မီးတောက်ကို ယဉ်ပါးထိန်းချုပ်ခြင်းအပေါ် ငါ့ရဲ့အမြင်အချို့နဲ့ ငါ့ရဲ့ အဆုံးစွန်သတ်ဖြတ်ကွက်ကို သင်ကြားပေးမယ်”
လူတစ်ယောက်ရဲ့ တာအိုက အလွယ်တကူ သင်ကြားပေးသင့်သောအရာ မဟုတ်ပေ။ ကျင့်ကြံခြင်းအပေါ် သူ၏အမြင်ဖြစ်စေ၊ အဆုံးစွန် သတ်ဖြတ်ကွက်များဖြစ်စေ၊ လူတစ်ယောက်က အခြားသူများကို အလွယ်တကူ သင်ကြားပေးလေ့ မရှိပေ။
သို့သော် ယခုအခါမှာတော့ တာအိုအရှင်အဆုံးစွန်မီးက ဘာကိုမှ ထိန်ချန်မထားပေ။
ဆူဇီမိုက သားရဲမျိုးနွယ်မှ အမြုတေစိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်ထားပြီး များစွာသော ထိပ်သီးဂိုဏ်းကြီးများနှင့် နက်ရှိုင်းသော ရန်ငြိုးရန်စ ရှိသည်ကို သူက သိထားသော်လည်း.. တာအိုအရှင်အဆုံးစွန်မီးက အဲဒါကို နည်းနည်းလေးမှ အရေးမလုပ်ပေ။
“စီနီယာ.. ကျုပ်က ခင်ဗျားအပေါ် အကြွေးတွေ အများကြီး တင်နေပြီ.. ကျုပ်အတွက်တော့ ခင်ဗျားက ကျုပ်ရဲ့ဆရာတစ်ယောက်နဲ့ ဘာမှမခြားပါဘူး”
သူ၏ အသိစိတ်အတွင်းကနေ ဆူဇီမိုသည် တပည့်အဖြစ်ခံယူခြင်း ဓလေ့ထုံးတမ်းကို ပြုမူပြီး လေးလေးနက်နက် ဦးညွတ်လိုက်လေသည်။
ဤအချိန်အတောအတွင်း တာအိုအရှင်အဆုံးစွန်မီးက ဆူဇီမိုကို သူ၏ လက်ရင်းတပည့်တစ်ယောက်ကဲ့သို့ ပြုမူဆက်ဆံခဲ့ပြီး သူ၏ တစ်သက်တာ လေ့လာထားသမျှကို ထိုသူအား မချွင်းမချန် သင်ကြားပေးနေခဲ့လေသည်။
အဲဒါက ကျင့်ကြံခြင်းနှင့် ပတ်သက်ဆက်နွယ်သည့် ကိစ္စများသာလျှင် မဟုတ်ဘဲ များစွာသော လက်နက်သန့်စင်ခြင်း နည်းစနစ်များကိုပါ သူက အသေးစိတ် ဂရုတစိုက် ရှင်းပြပေးခဲ့လေသည်။
ဆူဇီမိုက တပည့်အဖြစ် ခံယူခြင်း ဓလေ့ထုံးတမ်းကို ပြုမူလိုက်သည်ကို သူမြင်သောအခါ.. တာအိုအရှင်အဆုံးစွန်မီးသည် ပူဆွေးဝမ်းနည်းမှု တစ်စွန်းတစ်စနှင့်အတူ အတိတ်ကာလကို ပြန်ပြောင်းတွေးတောမိသွားလေသည်။
“ငါ့မှာ တစ်ခါတုန်းက တပည့်ခုနှစ်ယောက် ရှိခဲ့ဖူးတယ်.. သူတို့အားလုံးက ရှားရှားပါးပါး ပြိုင်စံရှားတွေပဲ.. အခု နှစ်ငါးထောင်တောင် ကြာခဲ့ပြီဆိုတော့ သူတို့က ဘယ်လိုနေကြမလဲ.. အဆင်ပြေကြရဲ့လား ငါသိချင်လိုက်တာ”
ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေလေသည်။
နှစ်ငါးထောင်သည် အလွန်တရာ ကြာမြင့်သော အချိန်တစ်ခုဖြစ်ပြီး ကျင့်ကြံရေးလောကတွင် ဘာတွေပြောင်းလဲကုန်မလဲ မည်သူကမှ မခန့်မှန်းနိုင်ပေ။
ခဏနေပြီးနောက် တာအိုအရှင်အဆုံးစွန်မီးက သူ့ကိုယ်သူ ဣန္ဒြေဆည်ကာ ပြောလိုက်လေသည်။
“ဇီမို.. တကယ်တော့ မင်းရဲ့ ပါရမီအလားအလာနဲ့ စိတ်ဓာတ်ခံယူချက်အရဆို.. အနာဂတ်မှာ မင်းရဲ့ အောင်မြင်မှုက ငါ့ကို သေချာပေါက် ကျော်တက်သွားလိမ့်မယ်”
“ဒီနေ့ ငါက မင်းကို တပည့်အဖြစ် လက်ခံခဲ့တယ်.. ဒါပေမဲ့လို့ နောက်ကျရင် မင်းရဲ့ နာမည်ဂုဏ်သတင်းကြောင့် အကျိုးအမြတ်ရမယ့်လူက ငါဖြစ်ချင်ဖြစ်နေလိမ့်မယ်”
ဆူဇီမိုက ဂရုမထားဟန်ဖြင့် ပြန်ပြောလိုက်လေသည်။
“နာမည်ဂုဏ်သတင်းတွေက ဘာလုပ်ဖို့လဲ.. အချိန်ကာလရဲ့ တိုက်စားမှုဒဏ်ကို ဘယ်အရာကများ ခံနိုင်လို့လဲ.. နောက်ဆုံးမှာတော့ အရာရာတိုင်းက သေခြင်းတရားနဲ့အတူ ချုပ်ငြိမ်းသွားရမှာပဲ မဟုတ်လား”
“ပြောတာ ကောင်းတယ်ဟေ့”
တာအိုအရှင်အဆုံးစွန်မီးက ချီးကျူးလိုက်လေသည်။
“မင်းရဲ့ အသက်အရွယ်နဲ့ ဒီလောက်အထိ တည်ငြိမ်ရင့်ကျက်နိုင်တာ တကယ့်ကို ရှားရှားပါးပါးပဲ”
သူက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ပြောလိုက်လေသည်။
“အတိတ်ကာလတုန်းက ငါရရှိပိုင်ဆိုင်ခဲ့တဲ့ စွမ်းအားအကြီးဆုံး ဓမ္မပညာရပ်က သမာဓိတာအိုမီးပဲ”
“သမာဓိတာအိုမီးလား”
ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်ပြီး တီးတိုးရေရွတ်လိုက်လေသည်။
သူသည် သမာဓိအစစ်အမှန်မီးကို ကြားဖူးသော်လည်း သမာဓိတာအိုမီးကိုတော့ မသိရှိပေ။
ဆူဇီမို၏ တွေဝေရှုပ်ထွေးမှုကို နားလည်သည့်အလား တာအိုအရှင်အဆုံးစွန်မီးက ပြောလိုက်လေသည်။
“သမာဓိအစစ်အမှန်မီးက ရွှေအမြုတေတွေ ထိန်းချုပ်နိုင်တဲ့ မီးတောက်တစ်မျိုးပဲ”
“ဒါပေမဲ့လို့.. သမာဓိတာအိုမီးကတော့ အဲဒီအဆင့်ထက် ကျော်လွန်တယ်.. အဲဒါက မူလနတ္ထိအဆင့်နဲ့ ဓမ္မဝိသေသအဆင့်တွေသာ ထိန်းချုပ်နိုင်တဲ့ မီးတောက်တစ်မျိုးပဲ”
တာအိုအရှင်အဆုံးစွန်မီးက ဆက်ပြောလိုက်လေသည်။
“တကယ်တော့ မင်းရဲ့ လက်ရှိ အမြုတေစိတ်ဝိညာဉ်ရဲ့ ခွန်အားအရဆို မင်းကလည်း သမာဓိတာအိုမီးကို ကြိုးစားပြီးတော့ ဖော်ထုတ်နိုင်လောက်တယ်.. ဒါပေမဲ့လို့… “
သူက ခဏမျှ ရပ်တန့်လိုက်လေသည်။
“ဒါပေမဲ့လို့ ဘာဖြစ်လို့လဲ”
ဆူဇီမိုက မေးလိုက်လေသည်။
တာအိုအရှင်အဆုံးစွန်မီးက ရှင်းပြလိုက်လေသည်။
“သမာဓိက အမြုတေ၊ ချီနဲ့ စိတ်ဝိညာဉ်မီးဆိုတဲ့ တာအိုမီးသုံးခုကနေ ဖန်တီးထားခြင်းကို ဆိုလိုတာပဲ.. လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်အသိစိတ်ကနေ ဖန်တီးထားတဲ့ အမြုတေမီးကို ချီမီးနဲ့ စိတ်ဝိညာဉ်မီးနဲ့ အတူတကွ ပေါင်းစပ်လိုက်မယ်ဆိုရင် သမာဓိတာအိုမီး ဖြစ်ပေါ်လာလိမ့်မယ်”
ဆူဇီမိုက တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။
သွေးနီရောင်မီးတောက် မနောသုတ္တန်ကနေ ဖန်တီးထားသော တာအိုမီးသည် အစကတည်းက အလွန်တရာ ကြောက်စရာကောင်းနေခဲ့ပြီး ဖြစ်လေသည်။
သူက တာအိုမီးသုံးခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်မည်ဆိုလျှင် သမာဓိတာအိုမီး၏ သတ်ဖြတ်ခြင်းစွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းလာလိုက်မလဲ စဉ်းစားကြည့်ဖို့ပင် ခဲယဉ်းလေသည်။
တာအိုအရှင်အဆုံးစွန်မီးက ခေါင်းခါလိုက်၏။
“အဲဒီ ဓမ္မပညာရပ်က ငါ့ရဲ့ စွမ်းအားအကြီးဆုံး သတ်ဖြတ်ကွက်လို့ သတ်မှတ်လို့ရတယ်.. ဒါပေမဲ့လို့ အဲဒါကို ကျင့်ကြံဖို့က လွယ်ကူတာတော့ မဟုတ်ဘူး.. နှစ်တစ်ထောင်လောက် ကြိုးစားအားထုတ်မှု မရှိဘဲနဲ့ အမြုတေ၊ ချီနဲ့ စိတ်ဝိညာဉ်မီးတွေကို ကျင့်ကြံဖို့က မဖြစ်နိုင်သလောက်ပဲ”
ဆူဇီမိုက အတွေးနက်စွာဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။
“သမာဓိ.. သမာဓိ..”
သူက တစ်စုံတစ်ရာကို အဖြေထုတ်ဖို့ ကြိုးစားရာမှာ အခက်တွေ့နေသည့်အလား ထပ်တလဲလဲ ရေရွတ်လိုက်လေသည်။
“ဘာလဲ.. အဲဒီမှာ ပြဿနာတစ်ခုခု ရှိလို့လား”
တာအိုအရှင်အဆုံးစွန်မီးက မေးလိုက်လေသည်။
ဆူဇီမိုက လေးနက်စွာဖြင့် ပြန်မေးလိုက်လေသည်။
“အမြုတေ၊ ချီနဲ့ စိတ်ဝိညာဉ်တွေအပြင် သမာဓိရဲ့ အဓိပ္ပာယ်ကို ဖော်ပြဖို့အတွက် တခြားဘာတွေကို သုံးလို့ရနိုင်သေးလဲ”
တာအိုအရှင်အဆုံးစွန်မီးက ခဏမျှ ကြောင်အသွားလေသည်။
“အဲဒီမှာ ဘာမှမရှိတော့ဘူးလေ.. သမိုင်းတစ်လျှောက်မှာတောင် သမာဓိကို ဖော်ပြဖို့အတွက်က အဲဒီနည်းလမ်းတစ်လမ်းပဲ ရှိတယ်”
အဲဒီနောက် တာအိုအရှင်အဆုံးစွန်မီးက ဟက်ခနဲ ရယ်မောလိုက်လေသည်။
“ဘာလဲ.. မင်းမှာ အဲဒါအတွက် အခြားနည်းလမ်းတစ်ခု ရှိနေသေးလို့လား”
တာအိုအရှင်အဆုံးစွန်မီးက ဒီတိုင်း သာမန်ကာလျှံကာ မေးလိုက်ခြင်းမျှသာ ဖြစ်လေသည်။ မမျှော်လင့်ထားစွာဖြင့် ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“သမာဓိက အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာတာအိုတွေကိုလည်း ရည်ညွန်းနိုင်မလား ကျုပ်သိချင်မိတယ်.. မတူညီတဲ့ တာအိုမီးသုံးခုကို ပေါင်းစည်းလိုက်မယ်ဆိုရင်ကော.. သမာဓိတာအိုမီး ဖြစ်လာနိုင်မလား”
ထိုစကားကို ကြားသောအခါ.. တာအိုအရှင်အဆုံးစွန်မီးသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ကြောင်အ,မှင်တက်သွားခဲ့လေသည်။
သူသည် နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံလာခဲ့သော ဓမ္မဝိသေသတစ်ယောက် ဖြစ်သော်လည်း သူက သမာဓိကို ထိုကဲ့သို့ ဖော်ပြခြင်းကို တစ်ခါမှ မကြားဖူးပေ။
ဒါ့အပြင် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများသည် အမြုတေ၊ ချီနှင့် စိတ်ဝိညာဉ်များထက် များစွာပို၍ အဆင့်အတန်းမြင့်မားကြောင်း တာအိုအရှင်အဆုံးစွန်မီးက လက်ခံရပေမည်။
ဤနည်းလမ်းကသာ အလုပ်ဖြစ်မည်ဆိုလျှင် သမာဓိတာအိုမီး၏ စွမ်းအားသည် မမျှော်မှန်းနိုင်သော နောက်ထပ်တစ်ဆင့်သို့ သေချာပေါက် ရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်း သူက သိလိုက်လေသည်။
ဆူဇီမိုက မီးတာအိုမှာ အသစ်စက်စက် အခန်းသစ်တစ်ခုကို ဖန်တီးနိုင်တော့မှာများလား…။