← Chapters

ရွှေရောင်မီးတောက်များ

Vol. 60 Ch. 894

ရွှေရောင်မီးတောက်များ

Vol. 60 Ch. 894

“ဟမ့်”

ဝင်္ကပါထဲမှာရှိသော ကျင့်ကြံသူများက ကြောင်အ,မှင်တက်သွားကြလေသည်။

ဝူယွမ်၏ စကားအဆုံးတွင် စိတ်ဝိညာဉ်အသိစိတ် ထုတ်လွှင့်ပို့လွှတ်ခြင်းကို ပိတ်ဆို့တားဆီးနိုင်သော ငရဲမီးဝင်္ကပါ၏ အပြင်ဘက်ကနေ အသံတစ်သံက ထွက်ပေါ်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားပေ။

အဲဒါက အတော်လေးကို လွဲမှားနေလေသည်။

ဝင်ရောက်လာသူက သူတို့ဖက်မှ ဖြစ်ပုံရသည့်အတွက် နန်ကုန်းလင်တို့ အုပ်စုက ကျေနပ်နှစ်ခြိုက်သွားကြလေသည်။

ငရဲမီးဝင်္ကပါကို ထိန်းချုပ်ထားသူတစ်ယောက်အနေဖြင့် ဝူယွမ်သည် မဟူရာမီးခိုးများ၏ အပြင်ဘက်ကို မြင်နိုင်ပြီး အပြင်ဘက်မှာ ဖြစ်ပျက်နေသည့်အရာများကို သိရှိလေသည်။

သူက တစ်ချက်လှမ်းကြည့်ပြီးနောက်.. အဲဒါက လူတစ်ယောက်တည်းသာ ဖြစ်သည်ကို သူက တွေ့မြင်လိုက်ရလေသည်။

ထိုသူက နောက်ပိုင်းအဆင့် နိုးထဝိညာဉ်တစ်ယောက် ဖြစ်သည်ကို မြင်သောအခါ.. သူက စိတ်သက်သာရာ ရသွားခဲ့လေသည်။

ဘေးနားမှာရှိသော နိုးထဝိညာဉ်တစ်ယောက်သည် သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ပြသပြီး ဝူယွမ်ကို ကြောက်စရာကောင်းသော အမူအရာတစ်ခုဖြင့် လှမ်းကြည့်လိုက်လေသည်။ သူက အပြင်ဘက်မှလူကို ခေါင်းဖြတ်ချင်သည့် ပုံစံဖြင့် လက်ဟန်တစ်ခု လုပ်ပြလိုက်လေသည်။

ဝူယွမ်က ခေါင်းခါပြလိုက်၏။

ဘာကြောင့်ရယ်မသိသော်လည်း သူသည် ဝင်ရောက်လာသူအပေါ် ဖော်မပြတတ်သည့် အိုးတိုးအမ်းတမ်း ခံစားချက်တစ်ခုကို ရရှိနေလေသည်။

သူက မလိုအပ်သော ပြဿနာများကို ဖန်တီးလိုစိတ် မရှိဘဲ ထိုသူကို တတ်နိုင်သမျှ မြန်မြန်ထွက်သွားဖို့သာ ဆန္ဒရှိလေသည်။

“တာအိုရောင်းရင်း.. ခင်ဗျားကို အကြံတစ်ခု ပေးပါရစေ… စပ်စပ်စုစု ဝင်ပါတတ်တဲ့သူ မလုပ်ချင်စမ်းပါနဲ့.. ဒါက ခင်ဗျား ပါဝင်ပတ်သက်ဖို့ တတ်နိုင်တဲ့ တစ်စုံတစ်ရာ မဟုတ်ဘူး”

ဝူယွမ်က ခြိမ်းခြောက်သော လေသံဖြင့် အေးစက်စွာ ပြောလိုက်လေသည်။

“တာအိုရောင်းရင်း.. ကျုပ်တို့က အသွန်းတစ်ရာဂိုဏ်းက တပည့်တွေပဲ.. ကျေးဇူးပြုပြီး အသွန်းတစ်ရာဂိုဏ်းကို မြန်မြန်သွားပြီး အင်အားအကူ လွှတ်ပေးဖို့ ပြောပေးပါလား.. အဲဒါဆိုရင် ကျုပ်က ခင်ဗျားအပေါ် သေချာပေါက် အကြွေးတင်သွားမှာ ဖြစ်တဲ့အတွက် အနာဂတ်မှာ ကျုပ်က ထိုက်ထိုက်တန်တန် ပြန်ပေးဆပ်ပါ့မယ်”

နန်ကုန်းလင်က အလောတကြီး အော်ပြောလိုက်လေသည်။

ဝူယွမ်က လှောင်ရယ်လိုက်၏။

“ငါ မင်းကို ပြောခဲ့ပြီးပြီလေ.. မင်းရဲ့အသံကို အပြင်ဘက်က မကြားနိုင်ဘူး.. သူက မင်းပြောတာကို ဘယ်လိုမှ ကြားရမှာ မဟုတ်ဘူး”

“ငါ ကြားရပါတယ်ဟ”

လှောင်ပြောင်မှု တစ်စွန်းတစ်စနှင့်အတူ အပြင်ဘက်မှ အသံက တစ်ဖန်ထပ်၍ ထွက်ပေါ်လာခဲ့လေသည်။

“မဖြစ်နိုင်တာ”

ဝူယွမ်၏ အမူအရာက ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်လိုက်၏။

ဤလူက ဝင်္ကပါထဲသို့ သူ၏အသံကို ပို့လွှတ်နိုင်ရုံသာမက.. သူက အထဲမှာ ဖြစ်ပျက်နေသော အရာများကိုလည်း ကြားရနိုင်သည်လား..။

ထိုသို့ဆိုလျှင် ငရဲမီးဝင်္ကပါက ဤလူအပေါ် သက်ရောက်မှု မရှိတော့ဘူးပေါ့။

ထိုစဉ်မှာပင် အပြင်ဘက်မှ ဝင်ရောက်လာသူက ညင်သာစွာပြုံး၍ ဂရုမထားဟန်ဖြင့် ပြောလိုက်လေသည်။

“ဝင်္ကပါလို့ မင်းခေါ်တဲ့ ဒီဟာက ဟာကွက်တွေနဲ့ ပြည့်နေတယ်.. ငါ့အတွက်တော့ အဲဒါက ဒီတိုင်း တွေ့နေမြင်နေရတာနဲ့ ဘာမှမခြားနားဘူး”

ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် ဝင်ရောက်လာသူက မြေပြင်ပေါ်တွင် စိုက်ထားသော အလံတစ်ခုကို ဖမ်းဆွဲလိုက်လေသည်။ သူက ခွန်အားအနည်းငယ် စိုက်ထုတ်၍ အဲဒါကို ချက်ချင်း ဆွဲနုတ်ပစ်လိုက်လေသည်။

အလံများစွာကို‌ ပုံစံတစ်ခုဖြင့် စိုက်ထူထားပြီး ဝင်္ကပါတစ်ခုကို ဖန်တီးထားခြင်း ဖြစ်လေသည်။

သူတို့ထဲမှ တစ်ခုကို ဖယ်ရှားခံလိုက်ရသည့်အတွက် ဝင်္ကပါက ပျက်ပြယ်သွားတော့ပေမည်။

လေတစ်ချက်နှင့်အတူ မကြာခင်မှာပင် တဝုန်းဝုန်းထနေသော မီးလုံးများက ပျောက်ကွယ်သွားခဲ့လေသည်။

နန်ကုန်းလင်နှင့်‌ အခြားသူများက လှမ်းကြည့်လိုက်သောအခါ.. မလှမ်းမကမ်းတွင် လူတစ်ယောက်ကို မြင်လိုက်ရ၏။ သူက အနက်ရောင်ဆံပင်၊ အစိမ်းရောင်ဝတ်ရုံနှင့် ရွက်ကြမ်းရေကျို ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားပြီး သူက အခုလေးတင် ခရီးရှည်ကြီးတစ်ခုကို ဖြတ်သန်းလာရသည့်အလား.. ခရီးပန်းနေသည့်ပုံပေါက်လေသည်။

အစိမ်းရောင်ဝတ် ဗလတောင့်တောင့်လူက နောက်ပိုင်းအဆင့် နိုးထဝိညာဉ်တစ်ယောက်သာလျှင် ဖြစ်လေသည်။ သူက ထူးခြားသည့်ပုံစံ မရှိဘဲ သူ၏ အင်္ကျီလက်စပေါ်တွင်လည်း မည်သည့်ဂိုဏ်း သို့မဟုတ် မည်သည့်အဖွဲ့အစည်း၏ အမှတ်တံဆိပ်မှ ရှိမနေပေ။

နန်ကုန်းလင်တို့ အုပ်စုက အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားကြလေသည်။

အမျိုးသမီးတစ်ယောက်က အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး သူက ဝင်ရောက်လာသော ဓားပျံများနှင့် ဓမ္မလက်နက်များကို ခုခံရင်း လှမ်းအော်ပြောလိုက်လေသည်။

“ငါ့နာမည်က ရူရွှမ်.. အဲဒါကို သေချာမှတ်ထား.. ပြီးရင် အသွန်းတစ်ရာဂိုဏ်းကို မြန်မြန်သွားပြီး အကူအညီသွားတောင်းပေးစမ်းပါ”

အစိမ်းရောင်ဝတ် ဗလတောင့်တောင့်လူက မလှုပ်မယှက်ရပ်နေသည်ကို သူမက မြင်သောအခါ.. သူမက ထပ်မံ၍ လောဆော်လိုက်လေသည်။

“မြန်မြန်သွားလေ.. အဲဒီမှာ ဘာလို့ အရူးတစ်ယောက်လို ရပ်နေတာလဲ.. နောက်ထပ်နည်းနည်းကြာရင် နင်ကပါ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”

ဝူယွမ်၏ အမူအရာက သုန်မှုန်နေလေသည်။ ယခု ငရဲမီးဝင်္ကပါက ပျက်ပြယ်သွားပြီဖြစ်ပြီး နန်ကုန်းလင်တို့ အုပ်စုက ဝင်္ကပါကနေ လွတ်မြောက်သွားခဲ့လေပြီ။ အခြေအနေအပေါ် အပြောင်းအလဲများစွာက ဖြစ်ပေါ်လာနိုင်လေသည်။

“သူတို့ကို မြန်မြန်ကိုင်တွယ်လိုက်… သေသေရှင်ရှင် ရတယ်”

ဝူယွမ်၏ မျက်လုံးများထဲတွင် ပြတ်သားသော အလင်းတစ်ခုက ဖျပ်ခနဲ လက်သွားခဲ့လေသည်။ တစ်ချိန်တည်းမှာပင် သူသည် မလှမ်းမကမ်းတွင်ရှိသော အစိမ်းရောင်ဝတ် ဗလတောင့်တောင့်လူကို ပိတ်ဆို့တားဆီးဖို့အတွက် နိုးထဝိညာဉ်များထဲမှ တစ်ယောက်ဆီသို့ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခု ထုတ်လွှင့်ပို့လွှတ် စေခိုင်းလိုက်လေသည်။

“သတ်”

ဝူယွမ်သည် နိုးထဝိညာဉ် ၈ယောက်ကို ဦးဆောင်ပြီး နန်ကုန်းလင်တို့ အုပ်စုကို ဝန်းရံကာ သူတို့ ၃ယောက်ကို တတ်နိုင်သမျှ မြန်မြန် သတ်ဖြတ်ဖို့အတွက် ပြင်ဆင်လိုက်လေသည်။

အခြားတစ်ဘက်မှာတော့ နိုးထဝိညာဉ်တစ်ယောက်သည် အစိမ်းရောင်ဝတ် ဗလတောင့်တောင့်လူဆီသို့ အမူအရာ ကင်းမဲ့စွာဖြင့် လျှောက်လှမ်းသွားလေသည်။ သူက လက်ဟန်ချိပ်စည်းများကို တိတ်တဆိတ် ဖော်ထုတ်လိုက်ပြီး အစိမ်းရောင်ဝတ် ဗလတောင့်တောင့်လူကို ချက်ချင်းပင် သတ်ဖြတ်ဖို့ ပြင်ဆင်လိုက်လေသည်။

အစိမ်းရောင်ဝတ် ဗလတောင့်တောင့်လူက ထိုလူကို ညင်သာစွာ ပြုံး၍ ကြည့်နေလေသည်။

ထိုလူက တိုက်ခိုက်တော့မည့်ဆဲဆဲမှာပင် သူ၏ အမြင်အာရုံက ဝေဝါးသွားပြီး အစိမ်းရောင်အရိပ်တစ်ခုက ဖျတ်ခနဲ လက်သွားလေသည်။ မွန်းကျပ်ဖွယ်ရာ အော်ရာတစ်ခုက သူ့ဆီသို့ တလိပ်လိပ် တက်လာခဲ့လေသည်။

“မင်း..”

ထိုလူက အသံတစ်ချက်သာ ထွက်လိုက်နိုင်ပြီး သူ၏ အမြင်အာရုံက မှောင်မိုက်သွားခဲ့လေသည်။ သူက သူ၏စိတ်ထဲမှာ စူးစူးရှရှ နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ၏ အသိစိတ်အာရုံက နစ်မြုပ်ကာ ပျောက်ကွယ်သွားခဲ့လေသည်။

ဘုန်းခနဲမြည်သံနှင့်အတူ အသက်မဲ့အလောင်းတစ်လောင်းက သွေးအိုင်ထဲသို့ လဲပြိုကျသွားခဲ့လေသည်။

“အား..”

အမျိုးသမီးကျင့်ကြံသူများထဲမှ တစ်ယောက်က ထိုသည်ကို မြင်သောအခါ စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။

ဝူယွမ်က ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ပြီး မြေပြင်ပေါ်တွင် လဲကျနေသော အလောင်းကို မြင်သောအခါ.. သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားခဲ့လေသည်။ အဲဒါက အရမ်းမြန်လွန်းလှ၏။

သူတို့က နန်ကုန်းလင်တို့ အုပ်စုကို ဝန်းရံထားကာစဖြစ်ပြီး တိုက်ခိုက်မှု မပြုလုပ်ရသေးခင်မှာပင် တစ်ဘက်တွင်ရှိသော တိုက်ပွဲက အဆုံးသတ်သွားခဲ့လေပြီ။

အဲဒီမှာ ရှုပ်ထွေးပွေလီသော လှုပ်ရှားကွက်များ ရှိမနေခဲ့ပေ။

အစိမ်းရောင်ဝတ် ဗလတောင့်တောင့်လူက ရှေ့သို့လှမ်းဝင်ပြီး တစ်ဘက်လူ၏ ဦးခေါင်းကို လက်ဝါးတစ်ချက်ဖြင့် ရိုက်ချလိုက်ရုံသာ ဖြစ်လေသည်။

အဲဒါက ရိုးရှင်းပြီး သေသပ်နေလေသည်။

ဝင်ရောက်လာသူက အတော်လေး ကိုင်တွယ်ရခက်ခဲမည့် သူတစ်ယောက်ဖြစ်ကြောင်း ဝူယွမ်က ရုတ်တရက် နားလည်လာခဲ့လေသည်။

သူက ဤကိစ္စကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ဘူးဆိုလျှင် သူတို့က ကြီးမားစွာ နစ်နာဆုံးရှုံးရဖို့ ဖြစ်လာနိုင်လေသည်။

သူက ခေါင်းကို အနည်းငယ်မော့ပြီး ကျန်ရှိနေသော နိုးထဝိညာဉ် ၈ယောက်ကို နန်ကုန်းလင်တို့ အုပ်စုကို ဝန်းရံပြီး တတ်နိုင်သမျှ မြန်မြန် လက်စဖြတ်ဖို့ အချက်ပြလိုက်လေသည်။

သူ၏ စိတ်ဝိညာဉ်အသိစိတ်၏ အတွေးတစ်ချက်နှင့်အတူ သူက မြေပြင်ပေါ်တွင် စိုက်ထူထားသော အလံများကို ပြန်ရုတ်သိမ်းလိုက်လေသည်။

“မိစ္ဆာကောင်.. မင်းက သေမင်းတံခါးကို လာခေါက်မှတော့ ငါ့ကို အပြစ်တင်မနေနဲ့တော့”

ဝူယွမ်၏ နဖူးက တောက်ပသွားပြီး သူ၏ ကြီးမားသည့် စိတ်ဝိညာဉ်အသိစိတ်က အလံများဆီသို့ စီးဝင်သွားကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်လေသည်။

အလံများစွာက လေထဲမှာ ယှက်ဖြာသွားပြီး သူတို့အပေါ်ရှိ အင်းကွက်ကျမ်းစာများက လျှို့ဝှက်ဆန်းကြယ်သော ပုံစံဖြင့် မကောင်းဆိုးရွားဆန်ဆန် တောက်ပလာခဲ့လေသည်။ ရွှစ်ခနဲ မြည်သံနှင့်တူ အလံတိုင်များကို မီးတောက်များက လွှမ်းခြုံလာခဲ့လေသည်။

ထိုမီးတောက်များက ငရဲမှတက်လာသော ငရဲမီးများကဲ့သို့ နက်မှောင်တောက်ပနေလေသည်။ သူတို့က တောက်လောင်နေသော်လည်း အေးစက်နေသော အော်ရာတစ်ခုကို ထုတ်ပေးနေလေသည်။

“ငရဲမီး လှံတံ”

နန်ကုန်းလင်၏ အမူအရာက ပြောင်းလဲသွားပြီး အံ့အားတသင့် ရေရွတ်လိုက်၏။

တစ်ချိန်လုံး ဘာစကားမှ မပြောခဲ့သော နောက်ထပ် အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ညင်သာစွာ မျက်မှောင်ကြုတ်လိုက်လေသည်။ သူမက စိုးရိမ်ပူပန်သော အမူအရာတစ်ခုနှင့်အတူ အော်ဟစ်သတိပေးလိုက်လေသည်။

“တာအိုရောင်းရင်.. သတိထားနော်.. အဲဒီ ဓမ္မပညာရပ်က အရမ်းကို စွမ်းအားကြီးတယ်.. အဲဒါကို ထိပ်တိုက်ရင်ဆိုင်လို့ မဖြစ်ဘူး”

အမျိုးသမီး၏ အသံက အလွန်တရာ ချိုသာပြီး နှစ်လိုဖွယ်ရာ ကောင်းနေလေသည်။

“ဟီးဟီး.. သူ့ကို အခုမှ သတိပေးရင်တော့ နောက်ကျသွားပြီ”

ဝူယွမ်က လှောင်ရယ်လိုက်ပြီး သူ၏ ဓမ္မပညာရပ်ကို ဆင့်ခေါ်ကာ အော်ဟစ်လိုက်လေသည်။

“ပေါင်းစည်းစမ်း”

ရွှစ်..

အလံများစွာက အစိမ်းရောင်ဝတ် ဗလတောင့်တောင့်လူ၏ ရှေ့သို့ လျင်မြန်စွာ စုဆုံလာခဲ့လေသည်။ သူတို့က အတူတကွ ပေါင်းစည်းသွားသည့်အလား.. ငရဲမီးများဖြင့် တောက်လောင်နေသော ဧရာမလှံတစ်စင်းက လေထဲကနေ ဖြတ်သန်းလာခဲ့လေသည်။

အစိမ်းရောင်ဝတ်လူက ဝင်ရောက်လာသော လှံတံကို ငေးကြည့်နေပြီး သူ၏ခေါင်းကို အနည်းငယ် စောင်းငဲ့ထားလေသည်။ သူက တစ်စုံတစ်ရာကို စဉ်းစားတွေးတောနေသည့်အလား စိတ်အာရုံ အနည်းငယ် ပျက်ယွင်းနေပုံ ရလေသည်။

“သွားပြီ”

ထိုသည်ကို ကြည့်ပြီး နန်ကုန်းလင်၏ နှလုံးက လုံးဝ နစ်မြုပ်သွားခဲ့လေသည်။

သူတို့သည် နောက်ဆုံးမှာ ကျင့်ကြံသူတစ်ယောက်နှင့် ဆုံတွေ့ခဲ့ရသော်လည်း ထိုသူက ကျရောက်လာမည့် အန္တရာယ်ကိုပင် လုံးဝနားမလည်သော ထုံထုံထိုင်းထိုင်း လူတစ်ယောက် ဖြစ်နေခဲ့လေသည်။

“အဲဒီ ထုံပေပေနဲ့လူက အရမ်းကို နမော်နမဲ့နိုင်တာပဲ”

ရူရွှမ်က မကျေမနပ် ညည်းတွားရေရွတ်လိုက်လေသည်။

“တိုက်ခိုက်နေကြစဉ်မှာ ဘယ်သူက စိတ်အာရုံ ပျက်ယွင်းရဲလို့လဲ.. အဲဒီလူက နိုးထဝိညာဉ်အဆင့်ကို ဘယ်လိုများရောက်အောင် ကျင့်ကြံလာခဲ့လဲ မသိဘူး”

ဧရာမ ငရဲမီးလှံတံက အစိမ်းရောင်ဝတ် ဗလတောင့်တောင့်လူ၏ ဦးခေါင်းကို ထိုးဖောက်တော့မည့်ဆဲဆဲ ဖြစ်လာခဲ့လေသည်။

“အာ..”

ချိုသာသော အသံပိုင်ရှင် အမျိုးသမီးက ညင်သာစွာ သက်ပြင်းချပြီး အဲဒါကို ဆက်လက်၍ မကြည့်ရက်တော့သည့်အလား တစ်ဘက်သို့ လှည့်လိုက်လေသည်။

ထိုစဉ်မှာပင် အစိမ်းရောင်ဝတ် ဗလတောင့်တောင့်လူက သူ၏ ငူငိုင်နေရာကနေ နိုးထလာခဲ့ပုံရလေသည်။ သူက သူ၏လက်ဝါးကို ရုတ်တရက် ဆန့်ထုတ်ပြီး သူ၏ လက်ချောင်းများကို လှုပ်ရှားလိုက်လေသည်။

ရွှစ်..

အစိမ်းရောင်ဝတ် ဗလတောင့်တောင့်လူ၏ လက်ချောင်းထိပ်များကနေ ရွှေရောင်မီးတောက်လုံး တစ်လုံးက ထွက်ပေါ်လာခဲ့၏။

ရွှေရောင်မီးတောက်လုံးက လက်သီးဆုပ်အရွယ်မျှသာ ရှိလေသည်။

သို့သော်လည်း.. အဲဒါက အပြစ်ကင်းစင်သော နတ်ဘုရားဆန်ဆန် အော်ရာတစ်ခုကို ထုတ်ပေးနေလေသည်။ အဲဒါက ထွက်ပေါ်လာသည့် ခဏမှာပင် လေထဲရှိ အအေးဓာတ်များ အားလုံးကို ဖယ်ရှားပစ်လိုက်လေသည်။

အစိမ်းရောင်ဝတ်လူက သူ့လက်ချောင်းထိပ်များပေါ်ရှိ ရွှေရောင်မီးတောက်လုံးကို ကြည့်ပြီး ကျေနပ်နှစ်ခြိုက်သွားပုံရကာ သွားဖြီး၍ ညင်သာစွာ ခတ်ထုတ်လိုက်လေသည်။

ရွှေရောင်မီးတောက်လုံးက ရှေ့သို့ လွင့်မျောသွားပြီး ငရဲမီးလှံတံနှင့် တိုက်မိသွားလေသည်။

ရှဲ..

လှံတံပေါ်ရှိ ငရဲမီးတောက်များက ချက်ချင်းနီးပါးပင် ငြိမ်းသေသွားခဲ့လေသည်။

တကယ်တော့ ရွှေရောင်မီးတောက်များကလည်း ပျက်ပြယ်သွားခဲ့လေသည်။

ဝူယွမ်က တုန်လှုပ်သွားရ၏။

အဲဒါက ဘယ်လို မီးတောက်ပါလိမ့်..။ သေးငယ်တဲ့ မီးတောက်လေးက သူ့လှံတံပေါ်က တောက်လောင်နေတဲ့ မီးတောက်တွေကို ဘယ်လိုများ ငြှိမ်းသတ်လိုက်ပါလိမ့်..။

နန်ကုန်းလင်နှင့် အခြားနှစ်ယောက်၏ မျက်လုံးများထဲတွင်လည်း တုန်လှုပ်မှုနှင့် အံ့အားသင့်မှုများက ပြည့်နှက်လာခဲ့လေသည်။

အစိမ်းရောင်ဝတ် ဗလတောင့်တောင့်လူ၏ ရွှေရောင်မီးတောက်သည် အလွန်တရာ ဂမ္ဘီရဆန်ပြီး သူတို့ ကျင့်ကြံထားသော မီးတောက်များနှင့် သိသာစွာ ခြားနားနေလေသည်။ သို့သော်လည်း သူတို့က သူ၏ မီးတောက်ကနေ ပဲ့တင်ထပ်မှုတစ်ခုကို ခံစားနေရလေသည်။

အဲဒါက အသွန်းတစ်ရာဂိုဏ်းမှ ကျင့်ကြံခြင်းနည်းစနစ်များကို ကျင့်ကြံထားသူ အချင်းချင်းသာ ခံစားမိနိုင်သော ပဲ့တင်ထပ်မှုတစ်ခု ဖြစ်လေသည်။

သို့သော်လည်း.. အသွန်းတစ်ရာဂိုဏ်းမှ ကျင့်ကြံခြင်းနည်းစနစ်များမှ အပြင်လူများကို သင်ကြားပေးလို့ မရနိုင်ပေ။

All Chapters