← Chapters

ထိုးချက်တစ်ချက်၏ စွမ်းအား

Vol. 60 Ch. 895

ထိုးချက်တစ်ချက်၏ စွမ်းအား

Vol. 60 Ch. 895

ဧရာမလှံတံပေါ်ရှိ ငရဲမီးများသည် ရွှေရောင်မီးတောက်များကြောင့် ငြိမ်းသေသွားပြီဖြစ်သော်လည်း အလံပေါင်းများစွာဖြင့် ဖန်တီးထားသော လှံ၏စွမ်းအားက ကျန်ရှိနေဆဲဖြစ်ပြီး ရှေသို့တိုးဝင်လာခဲ့လေသည်။

ဤဧရာမလှံတံဖြင့် ထိခတ်ခံရသူ မည်သူမဆို အလောင်းတောင်မကျန်ဘဲ ချက်ချင်း အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားမည် ဖြစ်လေသည်။

အစိမ်းရောင်ဝတ် ဗလတောင့်တောင့်လူသည် ကြောက်ရွံ့ခြင်း၊ ထိတ်ပျာသွားခြင်း လုံးဝမရှိပေ။ သူက သူ၏လက်ချောင်းများကို ဆန့်ထုတ်ပြီး ဓမ္မစွမ်းအားများကို တလိပ်လိပ်တက်လာစေကာ ဝင်ရောက်လာသော လှံတံကို ဖမ်းဆွဲလိုက်လေသည်။

ဘုန်း

အဲဒီမှာ ကျယ်လောင်သော အသံတစ်သံက ထွက်ပေါ်လာခဲ့၏။

လောကက တိတ်ဆိတ်ငြိမ်သက်သွားသည်ဟု ထင်ရလေသည်။

အစိမ်းရောင်ဝတ် ဗလတောင့်တောင့်လူသည် သူ့ခန္ဓာကိုယ်ထက် ပို၍ကြီးမားသော လှံတံကို တစ်လက်မမျှ ရွေ့လျားခြင်းမရှိဘဲ သူ၏ လက်ချည်းသက်သက်ဖြင့် လေထဲမှာ ဖမ်းတားလိုက်နိုင်လေသည်။

ဝူယွမ်၏ အမူအရာက ယခုအခါ အလွန်တရာ ပျက်ယွင်းနေခဲ့လေပြီ။

အမျိုးသမီးကျင့်ကြံသူနှစ်ယောက်သည် ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသားနှင့် ငေးကြည့်နေလေသည်။ သူတို့က သူတို့၏ဣန္ဒြေ ပျက်ယွင်းနေသည်ကိုပင် သတိမထားမိနိုင်တော့ပေ။

အဲဒါက ပကတိနိုးထဝိညာဉ်တစ်ယောက်၏ စွမ်းအားအပြည့် တိုက်ခိုက်မှု ဖြစ်လေသည်။

ဒါ့အပြင်.. မရေမတွက်နိုင်သော အင်းကွက်ကျမ်းစာများ၏ စွမ်းအားများကလည်း အလံပေါင်းများစွာထဲမှာ ပါဝင်လေသည်။

နန်းကုန်လင်းသည် အဆင့်တူချင်းမှာ အခြားသူများကို ဖိနှိမ်နိုင်သော တိုက်ခိုက်ရည်ခွန်အားရှိပြီး မျက်မှောက်ခေတ်၏ ပြိုင်စံရှားတစ်ယောက်ဟု သူ့ကိုယ်သူ ခံယူထားလေသည်။ သို့သော်လည်း သူက ဤတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိဘဲ အဲဒါကို ရှောင်ရှားရမည်သာ ဖြစ်လေသည်။

ယခု ဘယ်ဆီဘယ်ဝယ်ကရယ် မသိရသော အစိမ်းရောင်ဝတ် ဗလတောင့်တောင့်လူက မီးလုံးတစ်လုံးကို အလွယ်တကူ ပစ်ထုတ်လိုက်ခြင်းဖြင့် လှံတံပေါ်ရှိ ငရဲမီးကို ဝါးမျိုနိုင်ခဲ့လေသည်။

အဲဒီနောက်.. သူက သက်သောင့်သက်သာ ပုံစံနှင့်ပင် ဧရာမလှံတံကို ဖမ်းထားခဲ့လေသည်။ သူက သူ၏ ခွန်အားအပြည့်ကို ထုတ်သုံးထားသည့်ပုံပင် မပေါ်ပေ။

ပို၍ပြောစရာရှိသည်မှာ ဤလူက နောက်ပိုင်းအဆင့် နိုးထဝိညာဉ်တစ်ယောက်သာလျှင် ဖြစ်လေသည်။

ထိုစဉ်မှာပင် အစိမ်းရောင်ဝတ် ဗလတောင့်တောင့်လူက ဝူယွမ်ကို ညင်သာစွာ ပြုံးပြလိုက်၏။

“ငါ့ဆီက တိုက်ခိုက်မှုကို မင်း ပြန်ယူရတော့မယ့်အချိန်ပဲ”

သူ့စကား မဆုံးသေးခင်မှာပင် အစိမ်းရောင်ဝတ် ဗလတောင့်တောင့်လူက သူ၏ဝတ်ရုံစကို လှုပ်ရှား၍ လေထဲရှိ လှံတံကို ရစ်ပတ်ပြီး ဝူယွမ်တို့ အုပ်စုဘက်သို့ ပစ်ထုတ်လိုက်လေသည်။

လှံတံက သူ့လက်ထဲကနေ ထွက်ခွာလာသည့် ခဏမှာပင် အဲဒါက အလံပေါင်းများစွာအဖြစ် ပြန်လည်ပြိုကွဲသွားခဲ့လေသည်။

ဝှစ်.. ဝှစ်..

အလံများက လေထဲကနေ ဖြတ်သန်းလာပြီး အနက်ရောင် အလင်းတန်းများစွာအဖြစ် ပြောင်းလဲသွားကာ တုန်လှုပ်ချောက်ချားဖွယ်ရာ ပုံစံဖြင့် လေခွင်းသံက ထွက်ပေါ်လာခဲ့လေသည်။

ဝူယွမ်နှင့် သူ့နောက်ဘက်ရှိ နိုးထဝိညာဉ် ၈ယောက်၏ အမူအရာက ပြောင်းလဲသွားပြီး သူတို့၏ မျက်လုံးများက ကြောက်ရွံ့တုန်လှုပ်မှုဖြင့် ပြည့်နှက်လာခဲ့လေသည်။

အလံပေါင်းများစွာ ဖြတ်သန်းသွားရာတစ်လျှောက်.. မြေခဲများသည် ကပြောင်းကပြန်လန်ပြီး ကျောက်စရစ်ခဲများနှင့် သဲများက လွင့်ပျံထွက်လာခဲ့လေသည်။

အလံပေါင်းများစွာက တစ်ချိန်တည်းမှာ ပျံသန်းလာကြပြီး ကြောက်မက်ဖွယ်ရာကောင်းကာ ရာသီဥတုကပင် ပြောင်းလဲသွားရလေသည်။

ဝူယွမ်တို့ အုပ်စုသည် ချက်ချင်းပင် သူတို့အပေါ်သို့ အရိပ်များက အုပ်မိုးလာသည်ဟု ခံစားလိုက်ရလေသည်။

သူတို့၏ မြင်ကွင်းသည် အနက်ရောင် အလင်းတန်းများဖြင့် ပြည့်နှက်သွားပြီး ဘယ်လိုမှ ရှောင်လွှဲ၍ မရနိုင်တော့ပေ။

“ဘုရားရေ..”

ရူရွှမ်၏ ချယ်ရီနီရောင် နှုတ်ခမ်းက ပွင့်ဟသွားပြီး သူမက မယုံကြည်နိုင်စွာဖြင့် တီးတိုးရေရွတ်လိုက်လေသည်။

“အဲဒါက လူတစ်ယောက် လုပ်လိုက်တာရော ဟုတ်ရဲ့လား”

အစိမ်းရောင်ဝတ် ဗလတောင့်တောင့်လူက လှံတံကို သာမန်ကာလျှံကာပုံစံဖြင့် ပစ်ထုတ်လိုက်သည်ကို လူတိုင်းက တွေ့မြင်ခဲ့လေသည်။

သူက မည်သည့်ဓမ္မပညာရပ် သို့မဟုတ် လျှို့ဝှက်အတတ်ကိုမှ မထုတ်ဖော်ခဲ့ပေ။ အဲဒါက စစ်မှန်သော ကိုယ်ကာယခွန်အားသက်သက်သာ ဖြစ်လေသည်။

ပုံမှန်အခြေအနေမှာဆိုလျှင် ကျင့်ကြံသူများသည် ပေါင်းစည်းခန္ဓာအဆင့်သို့ မရောက်မချင်း သူတို့၏ ခန္ဓာကိုယ်က အတော်လေး အားနည်းကြလေသည်။

ရူရွှမ်သည် ထိုကဲ့သို့ ကြောက်စရာကောင်းသည့် ကိုယ်ကာယခွန်အားကို တစ်ခါမှ မတွေ့ဖူးခဲ့ပေ။

သူမတို့ ဂိုဏ်းမှာရှိသော နိုးထဝိညာဉ်များကို မပြောနှင့်၊ မူလနတ္ထိပညာရှင်များပင်လျှင် ထိုအဆင့်သို့ ရောက်နိုင်ချင်မှ ရောက်နိုင်ပေလိမ့်မည်။

တစ်ခဏအတွင်းမှာပင် ဝန်းကျင်တစ်ခွင်၏ အရောင်က ပြောင်းလဲသွားခဲ့လေသည်။

ကြောက်စရာကောင်းသော ရုန်းကန်ပေါက်ကွဲ စွမ်းအားများအပြင် အစိမ်းရောင်ဝတ် ဗလတောင့်တောင့်လူ၏ တိုက်ခိုက်မှုမှ ပို၍ပင် ကြောက်စရာကောင်းသည့် တစ်စုံတစ်ရာကို နန်းကုန်လင်းက သတိထားမိလိုက်လေသည်။

ပျံသန်းရာ လမ်းကြောင်းနှင့် ပစ်မှတ်များက တိကျမှု ရှိနေလေသည်။

အလံပေါင်းများစွာကို ဒီအတိုင်း ကြုံရာကျပန်း ပစ်ထုတ်လိုက်ခြင်း မဟုတ်ပေ။

သေချာအာရုံစိုက်ကြည့်မည်ဆိုလျှင်.. သူတို့၏ ပျံသန်းရာလမ်းကြောင်းများနှင့် ပစ်မှတ်များက အလွန်တရာ တိကျမှုရှိနေသည်ကို တွေ့မြင်နိုင်လေသည်။

သူတို့ကို တစ်ချိန်တည်းမှာ ပစ်လွှတ်လိုက်သော်လည်း.. သူတို့က အတူတကွ ရွေ့လျားမလာဘဲ သူတို့၏ အရှိန်အဟုန်က အမျိုးမျိုး ကွဲပြားနေလေသည်။

ဒါ့အပြင် သူတို့က နန်းကုန်လင်းတို့ သုံးယောက်အုပ်စုကို လွတ်လွတ်ကျွတ်ကျွတ် ရှောင်လွှဲသွားရုံသာမက လှံတံများသည် ဝူယွမ်တို့ အုပ်စု၏ ရှောင်ရှားမည့် လမ်းကြောင်းများကို အပြည့်အဝ ပိတ်ဆို့ထားလေသည်။

နန်းကုန်လင်းက ထိုတိုက်ခိုက်မှုကို ပြုလုပ်ရသည့်သူဆိုလျှင် သူက ဤကဲ့သို့ စွမ်းဆောင်ရည်ကို ထုတ်ဖော်ဖို့အတွက် လေ့လာအကဲဖြတ်ဖို့ အချိန်တစ်ခု ယူရပေလိမ့်မည်။

သို့သော်လည်း အစိမ်းရောင်ဝတ် ဗလတောင့်တောင့်လူ၏ တိုက်ပွဲအလယ်မှာ ချက်ချင်းလက်ငင်း ဆုံးဖြတ်ပိုင်းခြားနိုင်မှုသည် နန်းကုန်လင်း မျှော်လင့်ထားသည်ထက် အပြတ်အသတ် ကျော်လွန်နေခဲ့လေသည်။

အဲဒါက ထူးထူးခြားခြား တိုက်ဆိုင်မှုတစ်ခုပေပဲလား..။

အဲဒါက တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူးဆိုလျှင်.. သူ့ရဲ့ အကဲဖြတ်ပိုင်းခြားနိုင်စွမ်းက ဘယ်လောက်တောင် တိကျမှု ရှိလိုက်သလဲ..။

တိုက်ပွဲအခြေအနေအပေါ် သူ၏ ထိန်းချုပ်မှုက အလွန်တရာ စေ့စပ်သေချာမှုရှိပြီး အံ့မခန်း အဆင့်တစ်ခုသို့ ရောက်ရှိနေခဲ့လေပြီ။

လူတိုင်းက အတွေးများစွာဖြင့် ယောက်ယက်ခတ်နေကြလေသည်။

ဖျတ်ခနဲဆို အလံပေါင်းများစွာက ကမ္ဘာဖျက်အော်ရာများနှင့်အတူ ရောက်ရှိလာခဲ့လေပြီ။

ပြေး…။

ဝူယွမ်အပါအဝင် လူတိုင်း၏ စိတ်အာရုံထဲသို့ ဝင်ရောက်လာသည်မှာ ထိုအတွေးတစ်ခုသာလျှင် ဖြစ်လေသည်။

ထိုကဲ့သို့သော ကြောက်စရာကောင်းသည့် တိုက်ခိုက်မှုကို ကျော်လွှားနိုင်ဖို့အတွက် တစ်ခုတည်းသော အရာမှာ နောက်ဆုတ်ထွက်ပြေးဖို့ပင်။

လျင်မြန်စွာ တုံ့ပြန်နိုင်သော နိုးထဝိညာဉ်များသည် သူတို့၏ မူလနေရာကနေ ချက်ချင်း လှည့်ထွက်ပြေးလိုက်ကြ၏။

တုံ့ပြန်မှု နှေးကွေးသောသူများ၏ ခန္ဓာကိုယ်များကတော့ အလံတိုင်များ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရလေသည်။

အလွန်ကြီးမားသော စွမ်းအားပမာဏက သူတို့၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး သူတို့ကို အပိုင်းပိုင်း ကွဲထွက်သွားစေလေသည်။

စစချင်းထွက်ပြေးသော နိုးထဝိညာဉ်များသည် အလံတိုင်များကို ပွတ်ကာသီကာ ရှောင်လွှဲလိုက်နိုင်လေသည်။ သို့သော်လည်း သူတို့က ဝမ်းမသာနိုင်ခင်မှာပင် သူတို့၏ ခန္ဓာကိုယ်များကို စူးရှသော တစ်စုံတစ်ရာက ထိုးဖောက်သွားပြီး သူတို့သည် နေရာကနေ ဆတ်ခနဲ အဝေးသို့ လွင့်ထွက်သွားလေသည်။

ဖောက်.. ဖောက်.. ဖောက်..

အလံဝင်္ကပါသည်​ ကောင်းကင်တစ်ခွင် လွှမ်းခြုံသွားပြီး နေရာတိုင်းမှာ သွေးမြူများက ပြန့်ကျဲ၍ ဆင်းသက်လာခဲ့လေသည်။

တစ်ခဏအတွင်းမှာပင် နိုးထဝိညာဉ် ၈ယောက်က သေဆုံးသွားခဲ့လေပြီ။

နိုးထဝိညာဉ်အဆင့်မှာ အမြုတေစိတ်ဝိညာဉ်များက အလွန်တရာ နုနယ်လေသည်။

အမြုတေစိတ်ဝိညာဉ်တစ်ခုက ခန္ဓာကိုယ်ကနေ လွတ်မြောက်လာနိုင်ခဲ့မည်ဆိုလျှင်တောင်.. အဲဒါက အပြင်ဘက်သို့ ထွက်လိုက်သည့် ခဏမှာပင် ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခု သို့မဟုတ် လေပြင်းတစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ အမြုတေစိတ်ဝိညာဉ်များက လေထဲမှာ ပျက်စီးသွားဖို့ သိပ်ကြာလိုက်မည် မဟုတ်ပေ။

ရှင်သန်ကျန်ရစ်ခဲ့သော တစ်ဦးတည်းသောသူမှာ ဝူယွမ်သာလျှင် ဖြစ်လေသည်။ ထိုသူက တိုက်ပွဲနယ်မြေတွင် အမြင့်ဆုံးကျင့်ကြံမှု အဆင့်ရှိသည့်သူ ဖြစ်လေသည်။

သူသည် အရင်ဦးစွာ တုံ့ပြန်၍ လှုပ်ရှားမှု နည်းစနစ်များကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်လေသည်။ ယခုအခါ သူက အလံတိုင်သုံးခုကို ရှောင်ရှားနိုင်ခဲ့လေပြီ။

သို့သော်လည်း အဲဒီမှာ အလံပေါင်းများစွာ ကျန်ရှိနေသေးလေသည်။

သူ့အနေနှင့် အလံများ၏ သက်ရောက်မှုကနေ လွတ်မြောက်နိုင်ဖို့က မဖြစ်နိုင်တော့ပေ။

ချက်ချင်းပင် ဝူယွမ်ကလည်း ထိုအချက်ကို နားလည်သွားခဲ့လေသည်။

သူ၏အကြည့်က တလက်လက်ဖြစ်သွားပြီး သူ၏သိုလှောင်အိတ်ကို ပုတ်ကာ မဟူရာဒိုင်းကာတစ်ခုကို ဆွဲထုတ်လိုက်လေသည်။

ဝူယွမ်က သူ၏လျှာဖျားကို ကိုက်ပြီး အဆီအနှစ်သွေးတစ်လုတ်ကို ထွေးထုတ်လိုက်လေသည်။

သူ၏ အမူအရာက ချက်ချင်းပင် ဖြူဆုတ်သွားခဲ့လေသည်။

အဆီအနှစ်သွေးတစ်လုတ်သည် ကျင့်ကြံသူများအတွက် အလွန်တရာ အဖိုးတန်လေသည်။ လူတစ်ယောက်က အခြားရွေးချယ်မှု တစ်စုံတစ်ရာ မရှိသရွေ့ အဲဒါကို စွန့်လွှတ်စတေးလိမ့်မည် မဟုတ်ပေ။

အဆီအနှစ်သွေးက မဟူရာဒိုင်းကာပေါ်သို့ ကျဆင်းသွားပြီး ရှဲခနဲ မြည်သွားလေသည်။

ရွှစ်

ချက်ချင်းပင် မဟူရာဒိုင်းကာသည် ၎င်း၏ မျက်နှာပြင်ပေါ်တွင် တောက်လောင်နေသော နက်မှောင်အေးစက်နေသည့် မီးတောက်များနှင့်အတူ လျင်မြန်စွာ ပြန့်ကားလာခဲ့လေသည်။

ဝူယွမ်သည် အံကို တင်းတင်းကြိတ်ပြီး သူ့ကိုယ်သူ ဘောလုံးတစ်လုံးကဲ့သို့ ကွေးညွတ်ကာ မဟူရာဒိုင်းကာ၏နောက်မှာ ပုန်းကွယ်လိုက်လေသည်။

ထိုသို့ သူပြုလုပ်ပြီးသည့် ခဏမှာပင် အလံတစ်ခုက မဟူရာဒိုင်းကာပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာခဲ့လေသည်။

ဘုန်း

ဝူယွမ်၏နားထဲမှာ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံက ထွက်ပေါ်လာပြီး သူက ဆတ်ခနဲ တုန်ယင်သွားခဲ့လေသည်။

မဟူရာဒိုင်းကာပေါ်ရှိ မီးတောက်တစ်ဝက်ကျော်ကလည်း ငြိမ်းသေသွားခဲ့လေသည်။

ဒိုင်းကာကို ပင့်မြှောက်ခဲ့သော ဝူယွမ်၏ လက်နှစ်ဖက်သည် ယခုအခါ လုံးဝထုံကျင်နေခဲ့လေပြီ။

ရွှစ်

သူက စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်လေသည်။

မည်သို့ပင်ဆိုစေ သူက ထိုတိုက်ခိုက်မှုကို ကျော်လွှားနိုင်ခဲ့လေပြီ။

ငါ ဒီမှာ ဆက်နေလို့ မဖြစ်ဘူး၊ ငါ ဒီကနေ မြန်မြန်ထွက်ပြေးမှ ဖြစ်မယ်..။

ထိုအတွေးနှင့်အတူ ဝူယွမ်က ကျုံးထလိုက်လေသည်။ သူ၏ မျက်လုံးထောင့်စွန်းကနေ တစ်စုံတစ်ရာကို မြင်လိုက်ရသောအခါ သူက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့လေသည်။

မသိလိုက်မသိဘာသာနှင့်ပင်.. မလှမ်းမကမ်းမှာ ရှိခဲ့သော အစိမ်းရောင်ဝတ် ဗလတောင့်တောင့်လူက သူ့ရှေ့သို့ ရောက်နေခဲ့လေပြီ။

သူတို့နှစ်ယောက်၏ အကွာအဝေးက အလွန်တရာ နီးကပ်နေခဲ့ပြီ ဖြစ်လေသည်။

အစိမ်းရောင်ဝတ် ဗလတောင့်တောင့်လူက သူ့ကို ပြုံးစစစဖြင့် ကြည့်နေလေသည်။ ထိုသူက သူ့လက်ကို ဖြည်းဖြည်းချင်းမြှောက်ပြီး ထိုးချက်တစ်ချက်ကို ထုတ်ဖော်လိုက်လေသည်။

ဝူယွမ်၏စိတ်က ဗလာကျင်းသွားပြီး ဘာကိုမှ မစဉ်းစားနိုင်တော့ဘဲ ငရဲမီးများဖြင့် တောက်လောင်နေသော မဟူရာဒိုင်းကာကို ပင့်မြှောက်၍ သူ့ကိုယ်သူ တစ်ဖန်ကာကွယ်လိုက်ရလေသည်။

ဘုန်း..

အဲဒီမှာ စောစောကထက် ပို၍ပင် ကြောက်စရာကောင်းသော နောက်ထပ်ပေါက်ကွဲသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

မြေပြင်က တုန်ခါသွားခဲ့လေသည်။

နန်းကုန်လင်းတို့ အုပ်စုသည် ထိုပေါက်ကွဲသံကြောင့် ကြောက်ရွံ့မှုဖြင့် တဆတ်ဆတ် တုန်ယင်သွားကြလေသည်။

ပုံရိပ်တစ်ခုက ပေတစ်ရာကျော်အဝေးသို့ လွင့်စင်ထွက်သွားပြီး မြေပြင်ပေါ်သို့ လူးလိမ့်ကျဆင်းသွားလေသည်။ သူ၏ တစ်ကိုယ်လုံးက သွေးများ၊ ရွှံ့များဖြင့် လူးနေပြီး မလှုပ်မယှက် လဲကျသွားလေသည်။

ဝူယွမ်၏မျက်နှာသည် ကြောက်လန့်တကြား ဖြူဆုတ်နေပြီး သူက သွေးချောင်းများ အဆက်မပြတ်ဆိုးကာ သူ့အကြည့်က မှိန်ကျလာခဲ့လေသည်။ အဲဒါက တုန်လှုပ်ချောက်ချားဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်လေသည်။

မဟူရာဒိုင်းကာက ဘေးဘက်သို့ ပြုတ်ကျသွားပြီး ၎င်း၏မျက်နှာပြင်ပေါ်ရှိ မီးတောက်များကလည်း ငြိမ်းသေသွားခဲ့လေပြီ။

ဖျောက်.. ဖျောက်.. ဖျောက်..

ချောင်းတဟွတ်ဟွတ်ဆိုးသံအပြင် ဝူယွမ်၏ခန္ဓာကိုယ်မှ လူတစ်ယောက်ကို ကျောချမ်းသွားစေနိုင်သော ထူးဆန်းသည့်အသံများက ထွက်ပေါ်လာခဲ့လေသည်။

နန်းကုန်လင်းနှင့် အခြားသူများက တံတွေးကို အလျင်အမြန် မျိုချလိုက်ရ၏။

အရိုးများ ကျိုးပဲ့သည့်အသံကို သူတို့က ကြားလိုက်ရလေသည်။

မဟူရာဒိုင်းကာက ထိုးချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိခဲ့ပေ။

ထိုးချက်၏ စွမ်းအားက ဒိုင်းကာကို ဖောက်ဝင်ပြီး ဝူယွမ်၏ခန္ဓာကိုယ်ထဲရှိ အရိုးများ အားလုံးကို ကြေမွပျက်စီးသွားစေလေသည်။

ထိုးချက်တစ်ချက်က ဤမျှ ကြောက်စရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။

ဝူယွမ်သည် ယခုချိန်တွင် အသက်ရှူနေသေးသော်လည်း.. သူက သေချာပေါက် သေဆုံးရတော့မည်ဖြစ်ကြောင်း နန်းကုန်လင်းတို့ အုပ်စုက သိလိုက်ရလေသည်။

All Chapters