လန့်သွားတာလား
Vol. 60 Ch. 897
အစိမ်းရောင်ဝတ်လူက သူ၏ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲထားသော ဆူဇီမိုပင်ဖြစ်လေသည်။
တစ်ဖက်လူ၏ စိတ်ဝိညာဥ်အသိစိတ်က သူ့ထက် သိသိသာသာ သာလွန်ခြင်းမရှိလျှင် သူ၏ အစစ်အမှန်သွင်ပြင်ကို မြင်ရဖို့နေနေသာ သူက ရုပ်ဖျက်ထားသည်ဆိုတာကိုပင် ထောက်လှမ်းသိရှိနိုင်လိမ့်မည်မဟုတ်ပေ။
ဝူယွမ်ကို အသက်ရှင်လျက် လိုချင်သည်မှာ တာအိုအရှင်အဆုံးစွန်မီးဖြစ်လေသည်။
တာအိုအရှင်အဆုံးစွန်မီးသည် သူတိုက်ခိုက်နေစဥ်ကတည်းက စကားတစ်ခွန်းသာပြောခဲ့သော်လည်း ဆူဇီမိုက သူ၏ လေသံမှ အမျက်ဒေါသကို ခံစားမိနိုင်လေသည်။
နှစ်ငါးထောင်ကြာပြီးနောက် အသွန်းတစ်ရာဂိုဏ်းက အနိုင်ကျင့်ခံနေရပြီး အဲ့ဒါက တာအိုအရှင်အဆုံးစွန်မီး၏ မျက်စိရှေ့မှောက်မှာပင် ဖြစ်ပျက်ခဲ့လေသည်။ သူက ဤကိစ္စ၏ အကြောင်းရင်းကို သိရှိရမှဖြစ်ပေမည်။
ရူရွှမ်က ဝူယွမ်၏ အမြုတေစိတ်ဝိညာဥ်ကို ဆူဇီမိုထက်အရင် ဖမ်းဆွဲဖို့ကြိုးစားလိုက်လေသည်။
ရုတ်တရက်ဆိုသလို...
ဆူဇီမိုက တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး ရူရွှမ်ကို ပြန်၍ဆွဲထားလိုက်လေသည်။
“ရှင်ကဘာ...”
ရူရွှမ်သည် မျက်မှောင်ကြုတ်၍ အော်ဟစ်လိုက်၏။ သူမစကားမဆုံးသေးခင်မှာပင် သူမက ရပ်တန့်လိုက်လေသည်။
ဝူယွမ်၏ အမြုတေစိတ်ဝိညာဥ်သည် နက်မှောင်နေသော မီးတောက်တစ်စနှင့်အတူ မကောင်းဆိုးဝါးဆန်ဆန် တောက်လောင်လာသည်ကို သူမက မြင်လိုက်ရလေသည်။ ရူရွှမ်၏ မျက်နှာအမူအရာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့လေသည်။
ဆူဇီမိုက သူမကို စောစောက မတားဆီးခဲ့ဘူးဆိုလျှင် သူမ၏ လက်က ငရဲမီးဖြင့် စွန်းထင်းသွားမည်မှာ သိသာလေသည်။
အဆိုးဆုံးအကျိူးဆက်အနေဖြင့် သူမ၏ လက်တစ်ဖက်ကို ဖြတ်တောက်ရတာ သို့မဟုတ် အသက်ပင်သေရနိုင်လေသည်။
“မပူပါနဲ့... ငါက အလဟဿ သေသွားရမှာမဟုတ်ဘူး.. ငရဲမီးစံအိမ်က ပညာရှင်တွေက ငါ့အတွက် သေချာပေါက်လာပြီး လက်စားချေပေးလိမ့်မယ်”
ဝူယွမ်၏ အသံက အဆုံးမဲ့အမုန်းတရားများနှင့်အတူ တောက်လောင်နေသော မီးတောက်များကြားကနေ ထွက်ပေါ်လာခဲ့၏။
“ကျွတ်...ကျွတ် မင်းတို့တွေ ဘယ်သူကမှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး... မင်းတို့ရဲ့ အသွန်းတစ်ရာဂိုဏ်းက ငါတို့လက်စားချေတာကို ထိုင်စောင့်နေရလိမ့်မယ်”
ဖောင်း!
ဆူဇီမိုက သူ၏ အင်္ကျီလက်စကို လှုပ်ခါ၍ ဓမ္မစွမ်းအားချိပ်စည်းတစ်ခုကို ပစ်ထုတ်လိုက်ပြီး ဝူယွမ်၏ အမြုတေစိတ်ဝိညာဥ်ကို ကြေမွပျက်စီးသွားစေလေသည်။
ဝူယွမ်က သူ့ကိုယ်သူ ဖျက်ဆီးတော့မည်ဖြစ်ပြီး သူ့ကိုတားဆီးနိုင်စရာ အကြောင်းမရှိတော့သည်မှာ သိသာလေသည်။ သူက ဝူယွမ်ကို သတ်ဖြတ်၍ အခြားသူများကို စိတ်သက်သာရာရစေမည် ဖြစ်လေသည်။
ဆူဇီမိုသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်နှင့်အတူ ဝူယွမ်နှင့် အခြားသူများ၏ သိုလှောင်အိတ်များကို သိမ်းဆည်းလိုက်လေသည်။ သူက တစ်ချက်မျှ ကြည့်ပြီးနောက် အထဲမှာ အဖိုးတန်သော တစ်စုံတစ်ရာ ဘာကိုမှ ရှာမတွေ့ပေ။
ဆူဇီမိုသည် မဟုရာဒိုင်းကာကိုလည်း တစ်ဖန်ကောက်ယူလိုက်လေသည်။
မဟူရာဒိုင်းကာက သူ၏ ခွန်အားကို ကွဲကြေခြင်းမရှိပဲ ခုခံနိုင်ခဲ့လေသည်။ အဲ့ဒါက ရတနာတစ်ခုဟု သတ်မှတ်၍ ရနိုင်လေသည်။
တစ်ကယ်တော့ ဆူဇီမိုအတွက် အဲ့ဒါက စိတ်ဝင်စားစရာသိပ်မရှိပေ။
သူသည် သားရဲတစ်ထောင်တွေ့ဆုံပွဲတိုက်ပွဲမှာတုန်းက ပစ္စည်းကောင်းတော်တော်များများကို ရရှိခဲ့လေသည်။
သူသည် ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်၏ သိုလှောင်အိတ်ကိုပင် ရရှိခဲ့လေသည်။
ထိုစဥ်မှာပင် လျှိုဟန်ယန်က ဆူဇီမို၏ ရှေ့သို့ရောက်ရှိလာပြီး အလေးအနက်ဦးညွတ်ကာ စိတ်ရင်းမှန်ဖြင့် ပြောလိုက်လေသည်။
“ကျွန်မက အသွန်းတစ်ရာဂိုဏ်းက လျှိုဟန်ယန်ပါ... ကျွန်မတို့ရဲ့ အသက်တွေကို ကယ်တင်ပေးခဲ့တဲ့အတွက် ရှင့်ကို ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း”
နန်းကုန်လင်းသည် လျှိုဟန်ယန်က ဆူဇီမိုကို တစ်နည်းတစ်ဖုံ အဓိပ္ပါယ်ဖြင့် ကြည့်ရှုနေသည်ကို ခံစားမိလိုက်လေသည်။ သူက အနည်းငယ်မနာလိုစိတ် ဖြစ်ပေါ်သွားပြီး အသံတစ်ခုကို အလောတကြီး ထုတ်လွင့်ပို့လွှတ်လိုက်လေသည်။
“ဟန်ယန်... သတိထားဦး ဒီလူရဲ့ သရုပ်သကန်က သိရသေးတာမဟုတ်ဘူး... သူက သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်ကိုလည်း သိနေတဲ့ပုံပဲ ငါတို့ သူ့ရဲ့နောက်ခံကို အရင်မေးကြည့်ရအောင်”
“အဲ့ဒါက နောက်မှပေါ့...”
လျှိုဟန်ယန်က သူမ၏ခေါင်းကိုအနည်းငယ် ခါပြီး အသံတစ်ခုကို ထုတ်လွင့်ပို့လွှတ်လိုက်လေသည်။
“ဘာပဲပြောပြော ဒီကတာအိုရောင်းရင်းက ငါတို့ကို ကယ်တင်ပေးခဲ့တဲ့သူပဲ”
“သူ့ကြောင့်သာမဟုတ်ရင် ငါတို့သုံးယောက်က အခုဆို ဝူယွမ်တို့ရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး ဘယ်လောက်တောင် အရှက်တကွဲ နှိပ်စက်ခံရမလဲ စဥ်းစားကြည့်လို့တောင်မရဘူး”
နန်းကုန်လင်းက သူမ၏ စကားကို မငြင်းဆန်နိုင်ပေ။
လျှိုဟန်ယန်သည် ရူရွှမ်ကို တံတောင်ဖြင့် ညင်သာစွာ တွတ်ပြီး အသံတစ်ခုကို ထုတ်လွင့်ပို့လွှတ်လိုက်လေသည်။
“သူ့ကို မြန်မြန်သွားပြီး ကျေးဇူးတင်လိုက်လေ... သူက နင့်အသက်ကို နှစ်ခါတောင် ကယ်ပေးခဲ့တာ”
ရူရွှမ်က နှုတ်ခမ်းထော်ပြီး ဆူဇီမိုဘက်သို့ လှည့်ကာ ဦးညွတ်လိုက်လေသည်။
“လူကြမ်းကြီး... ငါ့နာမည်က ရူရွှမ် ငါကလည်း အသွန်းတစ်ရာဂိုဏ်းကပဲ... ဒီနေ့ကိစ္စအတွက် ကျေးဇူးတင်ပါတယ်”
နန်းကုန်လင်းသည် အနည်းငယ် အင်တင်တင်ဖြစ်နေလေသည်။ သို့သော်လည်း သူက လက်သီးနှစ်ဖက်ကို ဆုပ်ပြီး ဆူဇီမိုဆီသို့ ဦးညွတ်ကာ အလေးအနက် ပြောလိုက်လေသည်။
“ကျုပ်က အသွန်းတစ်ရာဂိုဏ်းက နန်းကုန်လင်းပါ... တာအိုရောင်းရင်းကို ကျေးဇူးတင်ပါတယ်”
ဆူဇီမိုက ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
သူတို့သုံးယောက်သည် ဂိုဏ်းတစ်ဂိုဏ်းတည်းမှ ဖြစ်သော်လည်း သူတို့သုံးယောက်၏ စိတ်ဓာတ်က မတူကွဲပြားကြလေသည်။
လျှိုဟန်ယန်က တည်ငြိမ်၍ ယဥ်ကျေးမှုရှိလေသည်။ သူမက ဂိုဏ်းကြီးတစ်ဂိုဏ်းမှ တပည့်တစ်ယောက်၏ ဟန်ပန်သွင်ပြင်ရှိလေသည်။
ရူရွှမ်က ပေါ့ပေါ့ပါးပါးနေတတ်ပုံရပြီး ဟန်မဆောင်တတ်ပေ။
နန်းကုန်လင်းကတော့ ဂိုဏ်းကြီးတစ်ဂိုဏ်း၏ အော်ရာအပြင် သူသည် အံ့မခန်းထူးခြားသော နောက်ခံတစ်ခုကနေ ဆင်းသက်လာသည့်အလား သူ၏ အရိုးထဲထိ စိမ့်ဝင်နေသော မာန်မာနတစ်ခုရှိလေသည်။
သူတို့သုံးယောက်သည် ဆူဇီမိုအတွက် ကောင်းမွန်သော စိတ်ခံစားချက်တစ်ခုကို ပေးနေလေသည်။ အနည်းဆုံးတော့ သူတို့မှာ ဆိုးယုတ်သော စိတ်နေစရိုက်မရှိပဲ အားမာန်သတ္တိများဖြင့် ပြည့်နှက်နေကြလေသည်။
“ဟေး... ရှင်က စီနီယာအစ်ကို နန်းကုန်ရဲ့ နာမည်ကိုတောင် မကြားဖူးဘူးလား”
နန်းကုန်လင်းမိတ်ဆက်ပြီးနောက် ဆူဇီမိုထံမှ မည်သည့်တုံ့ပြန်မှုကိုမှ မမြင်ရသောအခါ ရူရွှမ်က မနေနိုင်ပဲ မေးလိုက်လေသည်။ ဆူဇီမိုက သေချာပြန်စဥ်းစားကြည့်ပြီးနောက် ခေါင်းခါပြလိုက်လေသည်။
“ငါ အဲ့နာမည်ကို တစ်ခါမှ မကြားခဲ့ဖူးဘူးထင်တယ်”
ရူရွှမ်က ချက်ချင်းပင် အထင်အမြင်သေးသည့် အမူအရာတစ်ခု ထုတ်ပြလိုက်လေသည်။
“ရှင်က ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ကိုရော ကြားဖူးရဲ့လား”
ရူရွှမ်က မေးလိုက်လေသည်။
“အင်း”
ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။
ရူရွှမ်က သူမ၏ရင်ဘတ်ကိုဖိပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်လေသည်။
“တော်သေးတာပေါ့... ရှင်က ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ကိုတော့ သိသေးလို့... အဲ့ဒါဆိုရင် ကျွန်မရှင်းပြရတာ နည်းနည်းပိုလွယ်သွားတာပေါ့”
ခဏမျှရပ်တန့်ပြီးနောက် ရူရွှမ်က အသက်တစ်ချက်ရှုကာ ဖြည်းဖြည်းချင်းပြောလိုက်လေသည်။
“သေချာနားထောင်... စီနီယာအစ်ကို နန်းကုန်က ဒီတစ်ခေါက် ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်မှာ အဆင့် ၈၃ ဝင်ထားတာပဲ”
ဆူဇီမိုက မှင်တက်သွားခဲ့လေသည်။
အဲ့ဒါသည် သူက တုန်လှုပ်သွားသောကြောင့်မဟုတ်ပေ။ သူသည် တစ်ခါက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးနေရာတွင် ရပ်တည်ခဲ့ပြီး အဆင့် ၈၃ က သူ၏မျက်လုံးထဲမှာ ဘာမှမဟုတ်ပေ။
သူ မှင်တက်သွားရသည့်အကြောင်းရင်းမှာ အချိန်ကာလ၏ အလျင်အမြန်ကုန်ဆုံးမှုကြောင့်ဖြစ်လေသည်။ နှစ်တစ်ရာက ကုန်ဆုံးသွားခဲ့ပြီး အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ကလည်း ပြောင်းလဲသွားခဲ့လေပြီ။ တစ်ဖက်မှာတော့ သူသည် လွန်ခဲ့သည့်နှစ်တစ်ရာက ရှေးဟောင်းတိုက်ပွဲမြေမှာ ဖြစ်သမျှအရာအားလုံးကို ပြန်လည်အမှတ်ရသွားပြီး စိတ်ခံစားချက်များ မြင့်တက်လာခြင်းဖြစ်လေသည်။
ဘေးမှာရပ်နေသော နန်းကုန်လင်းသည် သူ၏ မျက်လုံးထဲတွင် ဂုဏ်ယူဝင့်ကြွားမှု တစ်စွန်းတစ်စနှင့်အတူ မျက်နှာကို မော့ထားလေသည်။
သူက သူ့ကိုယ်သူ တိတ်တဆိတ် ကြွားလုံးထုတ်ပြနေသည့်အလား လျှိုဟန်ယန်ကို မကြာမကြာ လှမ်းကြည့်နေလေသည်။
သူက အပေါ်ယံမှာ တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း သူ့စိတ်ထဲမှ ကျေနပ်နှစ်ခြိုက် သဘောကျမှုကို ကောင်းကောင်း ဖုံးဖိမထားနိုင်ပေ။
ဆူဇီမို၏ တုံ့ပြန်မှုမှာ သူက အလွန်ကျေနပ်သွားလေသည်။
အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ အဆင့် ၈၃ မှာရှိသော ကျင့်ကြံသူတစ်ယောက်ကို တွေ့မြင်ရသည့် မည်သူမဆို ဤကဲ့သို့ တုန်လှုပ်၍ ကြောက်ရွံ့သွားရပေလိမ့်မည်။
ထိုအခိုက်အတန့်၌ နန်းကုန်လင်းသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပဝင်းထိန်လာသည်ဟု ခံစားမိလာလေသည်။
လျှိုဟန်ယန်က သူမ၏ နဖူးကို ကူကယ်ရာမဲ့စွာဖြင့် သပ်လိုက်လေသည်။
“ဟီးဟီးဟီးဟီး...”
ရူရွှမ်က ဆူဇီမို၏ ငေးငိုင်နေသော အမူအရာကို မြင်သောအခါ သူမက မနေနိုင်ပဲ ရယ်မောလိုက်လေသည်။ သူမက ဆူဇီမို၏ မျက်လုံးရှေ့မှာ သူမ၏ လက်ဝါးကို ဝှေ့ယမ်းပြလိုက်လေသည်။
“ရှင်က လိပ်ပြာလွင့်သွားတာလား... ဟေး ထစမ်းပါဦး”
“အင်း”
ဆူဇီမိုသည် ငေးငိုင်နေရာကနေ နိုးထလာပြီး ပိုမိုလေးနက်သော အဓိပ္ပါယ်တစ်ခုနှင့်အတူ ရယ်မောလိုက်လေသည်။
သို့သော်လည်း ထိုအခိုက်အတန့်၌ နန်းကုန်လင်းရော ရူရွှမ်ပါ သူရယ်လိုက်သည့် အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။
ဆူဇီမို့အပြုံး၏ နောက်ကွယ်က အဓိပ္ပါယ်ကို သူတို့အမှန်တစ်ကယ် နားလည်သွားမည်ဆိုလျှင် သူတို့က ရှက်ရွံ့လွန်းသောကြောင့် တွင်းတစ်တွင်းတူးကာ ပုန်းနေမိလိမ့်ပေမည်။
“ရှင်က ဘာကို အရူးတစ်ယောက်လို ရယ်နေတာလဲ...”
ရူရွှမ်က ဆူဇီမို၏ရင်ဘတ်ကို မနာကျင်အောင် ထုရိုက်လိုက်လေသည်။
“ရူရွှမ်... အရူးလိုလုပ်မနေနဲ့”
လျှိုဟန်ယန်က ဒီတိုင်းမနေနိုင်တော့ပဲ ပြောလိုက်လေသည်။
“အဲ့ဒီမှာ နင့်ထက်ပိုတော်တဲ့ တစ်စုံတစ်ယောက်က အမြဲတမ်းရှိတယ်... ငါက စီနီယာအစ်ကိုနန်းကုန်ရဲ့ ခွန်အားကို အထင်ကြီးလေးစားပါတယ်.. ဒါပေမယ့်လို့ သူ့ရဲ့ ရှေ့မှာ ပြိုင်စံရှား ၈၂ ယောက်ရှိနေသေးတယ်”
“နောက်ပြီး ယခင်အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ ပြိုင်စံရှားတွေလည်း ရှိသေးတယ်... အဲ့ဒီ့ အရင့်အရင် အဆင့်သတ်မှတ်ချက်မှာလည်း ပြိုင်စံရှားတွေရှိသေးတယ်”
ရူရွှမ်က သူမ၏ ခေါင်းကိုခါလိုက်လေသည်။
“နင်အဲ့လိုတော့ ပြောလို့မရဘူးလေ... ငါတို့က တစ်သီးပုဂ္ဂလလေးအုပ်စုထဲက အသွန်းတစ်ရာဂိုဏ်းရဲ့ ကျင့်ကြံသူတွေပဲ... ငါတို့က အင်မော်တယ် ၊ မိစ္ဆာနဲ့ ဗုဒ္ဓဂိုဏ်းက လူတွေနဲ့တော့ ဘယ်သွားယှဥ်လို့ရမလဲ”
“ငါတို့အသွန်းတစ်ရာဂိုဏ်းက ကျင့်ကြံသူတွေအနေနဲ့ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ နေရာတစ်ခုရဖို့က မဖြစ်နိုင်သလောက်ပဲ မဟုတ်လား... ဒီ့အရင် နောက်ဆုံးတစ်ခေါက် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ ငါတို့နေရာတစ်နေရာ ရခဲ့တာက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကပဲ”
ရူရွှမ်ပြောတာ မမှားပေ...။
တစ်သီးပုဂ္ဂလလေးအုပ်စုမှ တပည့်များအနေဖြင့် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် သူတို့၏ နာမည်များကို ချန်ခဲ့နိုင်ဖို့က အတော်လေးခက်ခဲလေသည်။
ယခင်အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် တစ်သီးပုဂ္ဂလလေးအုပ်စုကြားမှာ ယန်ဆေးဂိုဏ်း၏ ကျိချန်းရှန်တစ်ယောက်သာလျှင် အဆင့်ဝင်ခဲ့လေသည်။ ထိုသို့ဆိုလျှင်တောင် သူက အဆင့်တစ်ရာ၏ အောက်မှာဖြစ်လေသည်။
အဲ့ဒါကြောင့် နန်းကုန်လင်းသည် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ အဆင့် ၈၃ ဝင်ခဲ့ခြင်းက အတော်လေး ရှားရှားပါးပါး ဖြစ်လေသည်။
အဲ့ဒါက နားလည်ကြည့်နိုင်ဖို့ လွယ်ကူလေသည်။
အသွန်းတစ်ရာဂိုဏ်းဖြစ်စေ တစ်သီးပုဂ္ဂလလေးအုပ်စုမှ အခြားဂိုဏ်းများဖြစ်စေ သူတို့၏ ကျင့်ကြံခြင်းနည်းစနစ်များက အခြားဂိုဏ်းများနှင့်မတူ ကွဲပြားလေသည်။
ဥပမာအားဖြင့် အသွန်းတစ်ရာဂိုဏ်းသည် အခြားအရာများအားလုံးထက် လက်နက်သွန်းလုပ်ခြင်းအပေါ်တွင်သာ အလေးထားလေသည်။
သို့သော်လည်း လူတစ်ယောက်၏ စွမ်းရည်က အကန့်အသတ်ရှိလေသည်။ တစ်စုံတစ်ယောက်က လက်နက်သွန်းလုပ်ခြင်းတွင် အောင်မြင်မှုကို ရရှိချင်ပါက သူတို့သည် ထိုအပေါ်တွင် ကြိုးစားအားထုတ်မှုနှင့် စိတ်စွမ်းအင်အမြောက်အမြားကို သုံးစွဲရပေလိမ့်မည်။
ထိုသို့ဖြင့် သူတို့၏တိုက်ခိုက်ရည်ခွန်အားက အားနည်းလာပေလိမ့်မည်။
သမိုင်းတစ်လျှောက်မှာတောင် သူတို့၏လက်နက်သွန်းလုပ်ခြင်းနှင့် တိုက်ခိုက်ရည်ခွန်အား နှစ်ခုစလုံးမှာ နာမည်ကြီးကျော်ကြားခဲ့သော အသွန်တစ်ရာဂိုဏ်းမှ ကျင့်ကြံသူများက တစ်ကယ့်ကိုရှားရှားပါးပါး ဖြစ်လေသည်။