← Chapters

ဘယ်သူများ မှတ်မိသေးလဲ

Vol. 60 Ch. 898

ဘယ်သူများ မှတ်မိသေးလဲ

Vol. 60 Ch. 898

ရူရွှမ်က အူမြူးအားရစွာဖြင့် ဆက်ပြောလိုက်လေသည်။

“ငါ နင့်ကို ပြောပြမယ်.. အဲဒါက စီနီယာအစ်ကို နန်းကုန်တင် မဟုတ်ဘူး.. စီနီယာအစ်မ ဟန်ယန်နဲ့ ငါကလည်း ရှေးဟောင်းတိုက်ပွဲမြေထဲကို ဝင်ရောက်ခဲ့ကြတယ်.. ငါတို့က အသ‌င်္ချေနယ်မြေမြို့တော်ကို ရောက်ရှိသွားပြီးတော့ အဲဒီမှာ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်အတွက် အံ့မခန်းတိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ခဲ့ကြတယ်”

ထိုကဲ့သို့သော အတွေ့အကြုံက တကယ့်ကို ရှားရှားပါးပါးဖြစ်ပြီး ကြွားလုံးထုတ်ဖို့ ထိုက်တန်သော တစ်စုံတစ်ရာ ဖြစ်လေသည်။

ဘာပဲပြောပြော ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်ခွင့်ရသော ရွှေအမြုတေများက ရှားရှားပါးပါး ဖြစ်လေသည်။

နောက်ဆုံးမှာတော့.. အသင်္ချေနယ်မြေမြို့တော်သို့ ရောက်ရှိနိုင်သောသူများက ပို၍တောင် နည်းပါးသေးလေသည်။

ဆူဇီမိုက စိတ်ထဲကနေ သက်ပြင်းချလိုက်၏။

ယခင် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက် တိုက်ပွဲသည် အသင်္ချေနယ်မြေမြို့တော်မှာရှိသော ပြိုင်စံရှားများအတွက် ဂုဏ်ယူဖွယ်ရာတစ်ခု မဟုတ်ဘဲ ကပ်ဘေးတစ်ခု ဖြစ်ခဲ့သည်မှာ သနားစရာပင်။

ရူရွှမ်က ဆက်ပြောလိုက်လေသည်။

“ဒီတစ်ခေါက် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်က အရမ်းကို အထင်ကြီးစရာကောင်းတယ်.. သူက ပြိုင်ဘက်ကင်းစွမ်းအားနဲ့အတူ သူ့ရဲ့ပြိုင်ဘက်တွေ အကုန်လုံးကို လှဲချနိုင်တဲ့ အံ့မခန်း ရွှေအမြုတေနယ်မြေတစ်ခုကို ဖန်တီးနိုင်ခဲ့တယ်… သူက တကယ့်ကို မကြုံစဖူး အံ့မခန်း ပြန်ဝင်စားမွန်းစတားတစ်ယောက်ပဲ”

“အဲဒါအမှန်ပဲ.. သူက သူ့ရဲ့နာမည်ကိုတောင် ရှေးဟောင်းအသင်္ချေနယ်မြေ ကျောက်စာတိုင်မှာ ချန်ထားခဲ့နိုင်တယ်”

အချိန်ဒီရေလှိုင်းများက အတောမသတ်နိုင်ဘဲ နှစ်တစ်ရာအတွင်းမှာ များစွာသော ပြိုင်စံရှားများက ပေါ်ထွက်တောက်ပလာခဲ့ပေလိမ့်မည်။

ဆူဇီမို၏အမူအရာက တည်ငြိမ်နေပြီး သူ၏မျက်လုံးများက အလင်းတစ်ခုဖြင့် ဖျပ်ခနဲလက်သွားလေသည်။

နှစ်တစ်ရာ ကုန်ဆုံးသွားပြီးနောက် သူ့ကို လူဘယ်လောက်များများ မှတ်မိဦးမလဲ သူက သိချင်မိလေသည်။

“ယဲ့ထျန်းချန်က စွမ်းအားကြီးတယ်ဆိုရင်တောင် သူက တကယ့် အံ့မခန်းပြိုင်စံရှားတော့ မဟုတ်သေးဘူး”

လျှိုဟာယန်က ခေါင်းခါလိုက်လေသည်။

“ငါကြားတာ ယခင် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်နဲ့ နံပါတ်နှစ်က အမြုတေနယ်မြေအသစ်တစ်ခုစီကို ဖန်တီးနိုင်ခဲ့ကြတယ်”

“နောက်ပြီးတော့ အဲဒီမှာ ယခင် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်နဲ့ ပတ်သတ်ပြီး ဒဏ္ဍာရီများစွာလည်း ရှိခဲ့တယ်.. သူက ယဲ့ထျန်းချန်ထက် ပိုပြီးတော့ သန်မာတဲ့ပုံပဲ”

“ကျွတ်..”

ရူရွှမ်က အထင်သေးစွာဖြင့် နှုတ်ခမ်းထော်လိုက်လေသည်။

“အစ်မ.. အဲဒါက နင့်ဘာသာနင် ပြောတာပဲလေ.. ယခင် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်က ဒဏ္ဍာရီတစ်ခုဆို အဲဒါက ဘယ်လိုဒဏ္ဍာရီလဲ.. အဲဒါက အတုပဲ.. ကောလာဟလတွေက ပိုပြီးတော့ ပျံ့နှံ့လာလေလေ.. အဲဒါက အတုအယောင်ဖြစ်တယ်ဆိုတာ ပိုပြီးတော့ သိသာလာလေပဲ”

နန်းကုန်လင်းကလည်း ခေါင်းညိတ်လိုက်လေသည်။

“ငါတို့က ယခင် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးက လူက ဘယ်လိုပုံရှိတယ်ဆိုတာကို မြင်ဖူးတာ မဟုတ်ဘူး.. သူနဲ့ပတ်သတ်တဲ့ ဇာတ်လမ်းတွေက အတုလား အစစ်လားဆိုတာလဲ ငါတို့မသိရဘူး”

“ဒါပေမဲ့လို့ ယဲ့ထျန်းချန်ရဲ့ တိုက်ခိုက်ရည်ခွန်အားကိုတော့ ငါတို့မျက်စိနဲ့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်.. အဲဒါက တကယ့်ကို မကြုံစဖူး အံ့မခန်းပဲ”

“ငါတို့အားလုံးက နိုးထဝိညာဉ်အဆင့်ကို ဝင်ရောက်လာပြီဆိုတော့ သူကလည်း နိုးထဝိညာဉ်အဆင့်ကို ဝင်ရောက်သွားတာ ကြာနေလောက်ပြီ”

“သူ့ရဲ့ တိုက်ခိုက်ရေးခွန်အားနဲ့ဆို နိုးထဝိညာဉ်အဆင့်မှာ သူက ပြိုင်ဘက်ကင်းနေလောက်ပြီ”

ကြည့်ရသည်မှာ နန်းကုန်လင်းနှင့် အခြားနှစ်ယောက်သည် လွန်ခဲ့သည့်နှစ်တစ်ရာက အသင်္ချေနယ်မြေမြို့တော်မှာ ဖြစ်ပွားခဲ့သည့် အကြောင်းအရာများနှင့် ပတ်သတ်၍ ဘာမှ ရေရေရာရာ မသိရှိသည်မှာ သိသာလေသည်။

အဲဒါထက်… သူတို့က သိခဲ့လျှင်တောင် သူတို့သိနိုင်သည့် အတိုင်းအတာက အကန့်အသတ်ရှိပြီး အဲဒါက ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်သည်ဟု တွေးထင်မိကြပေလိမ့်မည်။

ဆူဇီမို၏ မျက်လုံးများက လှောင်ပြောင်သရော်လိုမှုဖြင့် ဖျပ်ခနဲလက်သွားလေသည်။

သူက အဲဒါကို နားလည်နိုင်လေသည်။

ဘာပဲပြောပြော လွန်ခဲ့သည့် နှစ်တစ်ရာက အသင်္ချေနယ်မြေမြို့တော်မှာ ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများမှ ကျင့်ကြံသူများသည် ပြင်ပမျိုးနွယ်များ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ရလေသည်။ မရေမတွက်နိုင်သော ပြိုင်စံရှားများက အသတ်ခံခဲ့ရပြီး သူတို့အားလုံးက ရှင်းထုတ်ခံရလုနီးပါးပင်။

နောက်ဆုံးမှာတော့ လူတိုင်းကို ကယ်တင်ခဲ့သူမှာ သူသာလျှင် ဖြစ်လေသည်။

ဒါ့အပြင်.. လူတိုင်း၏ မျက်လုံးထဲမှာ သူကလည်း ပြင်ပမျိုးနွယ်မှ တစ်စုံတစ်ယောက် ဖြစ်လေသည်။

အဲဒါက ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများအတွက် ဂုဏ်သိက္ခာညိုးနွမ်းရသော ကိစ္စတစ်ရပ် ဖြစ်လေသည်။

ပြောရလျှင် ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများသည် ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်၏ ရှေ့မှောက်မှာ အရှက်တကွဲ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ရသည်ဟု ဆိုနိုင်လေသည်။

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးသို့ ပြန်ရောက်လာပြီးနောက်.. သူတို့က အဲဒါကို လျှို့ဝှက်ချက်တစ်ခုအနေဖြင့် ထားရှိကြမည်မှာ ယုတ္တိတန်လေသည်။

ထိုကြောင့်ပင်လျှင် အမှန်တရားက ဖုံးကွယ်ခြင်း ခံခဲ့ရလေသည်။

အဲဒါက နှစ်တစ်ရာမျှသာ‌ ရှိသေးလေသည်။

အဲဒါက နောက်ထပ် နှစ်ငါးရာ သို့မဟုတ် နှစ်တစ်ထောင်ကြာပြီးလျှင် အသင်္ချေနယ်မြေမြို့တော်မှာ လူသားမျိုးနွယ်၏ နောက်ဆုံးဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် အသေအကြေ ခုခံတိုက်ခိုက်ပေးခဲ့သော လူပုဂ္ဂိုလ်တစ်ယောက်ကို ဘယ်သူကများ မှတ်မိနိုင်ပါဦးမလဲ..။

အဲဒီမှာ တစ်ခါတုန်းက.. တိုက်ပွဲဒီရေကို တစ်ယောက်တည်းဖြင့် အလှည့်အပြောင်း ဖြစ်စေနိုင်ခဲ့သောသူကို ဘယ်သူကများ မှတ်မိနိုင်ပါဦးမလဲ..။

အဲဒီမှာ တစ်ခါတုန်းက.. ပြိုင်ဘက်ကင်းအော်ရာတစ်ခုနှင့်အတူ ပြင်ပမျိုးနွယ်များ၏ အလောင်းပုံများအပေါ်မှာ မတ်တတ်ရပ်ပြီး သူရဲကောင်းဆန်ဆန် ဟိန်းဟောက်ခဲ့သော လူပုဂ္ဂိုလ်တစ်ယောက်ကို ဘယ်သူကများ မှတ်မိနိုင်ပါဦးမလဲ..။ ‘ဧကရာဇ်တွေက ဒီနေရာမှာ မရှိဘူး။ ဒါပေမဲ့လို့ ငါရှိတယ်။’

အချိန်ကြာလာသည်နှင့်အမျှ အရာရာတိုင်းသည် နောက်ဆုံးမှာတော့ တစ်စွန်းတစ်စမကျန် နစ်မြုပ်ပျောက်ကွယ်သွားပေလိမ့်မည်။

ဆူဇီမိုက အသက်တစ်ချက်လျှိုက်ပြီး သာမန်ကာလျှံကာ ပုံစံဖြင့် မေးမြန်းလိုက်လေသည်။

“မင်းတို့တွေက ယခင် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာကသူကို အထင်သေးနေကြတဲ့ပုံပဲ”

“အဲဒါက ဖြစ်သင့်တယ်လေ”

ရူရွှမ်က ပခုံးတွန့်ပြလိုက်၏။

“နှစ်တစ်ရာကြာပြီးတာတောင် အဲဒီလူရဲ့ သတင်းအစအန ထွက်ပေါ်မလာတာက ဖြစ်နိုင်ခြေ နှစ်ခုပဲရှိတယ်”

“ပထမတစ်ခု.. သူက သေပြီးသွားလောက်ပြီ.. ဒါ့အပြင် သူက တိတ်တဆိတ်နဲ့ သေသွားခဲ့ရတာ.. အဲဒါဆို သူက ဘာမှမဟုတ်တာ ရှင်းနေတာပဲ”

အချိန်မတိုင်ခင် သေဆုံးသွားခဲ့သော ပြိုင်စံရှားများသည် နောက်ဆုံးမှာတော့ ခြွင်းချက်မရှိ မေ့လျော့ခြင်း ခံရပေလိမ့်မည်။

ဆူဇီမိုက မေးမြန်းလိုက်လေသည်။

“ဒုတိယဖြစ်နိုင်ခြေကရော ဘာလဲ”

ရူရွှမ်က ပြောလိုက်လေသည်။

“ဒုတိယတစ်ခုကတော့ သူက ကြွက်တစ်ကောင်လို အကြောက်လွန်ပြီးတော့ တစ်ချိန်လုံး ပုန်းကွယ်နေခဲ့တာပဲ”

ဆူဇီမိုက သူမ ပြောချင်သည့် အဓိပ္ပာယ်ကို တကယ်ပဲ နားမလည်နိုင်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။

ရူရွှမ်က ဆက်ပြောလိုက်၏။

“လွန်ခဲ့တဲ့ ၈နှစ်က ယခင် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ နံပါတ်နှစ် နေရာကို ရရှိခဲ့တဲ့ သီယင်းက အဲဒီလူနဲ့ အသေအကြေ တိုက်ပွဲတစ်ပွဲ ဆင်နွှဲချင်တယ်လို့ ကြေညာခဲ့တယ်.. ဒါပေမဲ့လို့ သူ့ဘက်ကနေ တုံ့ပြန်မှု လုံးဝမရှိခဲ့ဘူး”

“အဲဒီနောက်တော့ သီယင်းက လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့တယ်.. ငါကြားတာ သူက အဲဒီလူရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေကို သေလုမတတ် ရိုက်နှက်ခဲ့တယ် ပြောတယ်.. အဲဒါတောင် အဲဒီလူက ရုပ်လုံးထွက်မပြခဲ့ဘူး.. သူက ကြွက်တစ်ကောင်လို သတ္တိကြောင်တာ မဟုတ်ရင်.. သူက ဘာ… “

သူမသည် ပြောနေရင်းနှင့် ဆတ်ခနဲ တုန်ယင်သွားပြီး ဆက်မပြောနိုင်တော့ပေ။

သူမသည် အလိုလိုမော့ကြည့်လိုက်ပြီး ဆူဇီမို၏ မျက်နှာပေါ်တွင် အေးစက်စက်အကြည့်တစ်ခုနှင့် ခက်ထန်သော အမူအရာကို မြင်လိုက်ရလေသည်။ သူက ဖော်မပြတတ်အောင် ကြောက်စရာကောင်းသော တုန်လှုပ်ချောက်ချားဖွယ်ရာ အော်ရာတစ်ခုကို ထုတ်ပေးလာလေသည်။

ဆူဇီမို၏လက်များက ပြိုင်စံရှားများ၊ ပြန်ဝင်စားမွန်းစတားများ၏ သွေးများဖြင့် စွန်းထင်းနေခဲ့လေသည်။

လမ်းတစ်လျှောက် သူနင်းဖြတ်ခဲ့ရသော အလောင်းများက သာမန်အညတရများ မဟုတ်ကြပေ။

သူက အရှင်သခင်တစ်ပါးကိုပင် သတ်ဖြတ်ရဲလေသည်။

ရူရွှမ်ကဲ့သို့ တစ်စုံတစ်ယောက်က သူ၏အမျက်ဒေါသကို မည်သို့ ခံနိုင်ရည်ရှိပါမည်လဲ။

လူသား၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒက ထွက်ပေါ်လာသည့်အခါ.. ကောင်းကင်နှင့် မြေကြီးက ပြိုကျလာရပေလိမ့်မည်။

“အား..”

ရူရွှမ်က တုန်လှုပ်မှုဖြင့် စူးခနဲ အော်ဟစ်လိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်လေသည်။

နန်းကုန်လင်းနှင့် လျှိုဟန်ယန်၏ အမူအရာများကလည်း ရုတ်ချည်း ပြောင်းလဲသွားခဲ့ကြလေသည်။ သူတို့သည် ကပ်ဘေးတစ်ခုက သူတို့အပေါ် ကျရောက်တော့မည့်အလား.. ရင်ထဲမှာ တဒိန်းဒိန်း ခုန်လာခဲ့ကြလေသည်။

နန်းကုန်လင်းက သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး ‌ဆေဘာရှည်တစ်လက်ကို ဆွဲထုတ်ကာ မမှိတ်မသုန် စိုက်ကြည့်၍ စောင့်ဆိုင်းနေလေသည်။

ဆူဇီမိုက သူ၏ ငူငိုင်နေရာကနေ နိုးထလာပြီး သူက ဣ​န္ဒြေပျက်ယွင်းသွားခဲ့သည် ဆိုတာကို သိရှိလိုက်လေသည်။ သူက သူ၏သတ်ဖြတ်လိုစိတ်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ချောက်ချားဖွယ်ရာ အော်ရာကလည်း ပျောက်ကွယ်သွားခဲ့လေသည်။

ရူရွှမ်နှင့် အခြားနှစ်ယောက်က ကြောင်အ,မှင်တက်သွားကြလေသည်။ တခဏအတွင်းမှာပင် အစိမ်းရောင်ဝတ်လူက ပုံမှန်အခြေအနေသို့ သူ့ဘာသာသူ ပြန်လည်ရောက်ရှိသွားပုံရလေသည်။

စောစောက တုန်လှုပ်ချောက်ချားဖွယ်ရာ ခံစားချက်က ထင်ယောင်ထင်မှားဖြစ်ခဲ့သည်ဟု ထင်ရလေသည်။

မကျေမချမ်း ခံစားချက်နှင့်အတူ ရူရွှမ်က ဆူဇီမိုရှေ့သို့ ပြန်ရောက်လာပြီး ငေါက်ငမ်းလိုက်လေသည်။

“နင်က ဘာလို့ ငါ့ကို အဲ့လိုစိုက်ကြည့်ခဲ့တာလဲ.. နင်က ဘာလို့ အဲ့လောက်ထိ ကြမ်းကြုတ်ခက်ထန်လာခဲ့ရတာလဲ”

ဆူဇီမိုက ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်လေသည်။

“ငါ တောင်းပန်ပါတယ်.. ငါက တခြားတစ်ခုခုကို အတွေးလွန်သွားပြီးတော့ ကျုပ်ရဲ့ ဣ​န္ဒြေကို ဆုံးရှုံးသွားခဲ့ရတယ်”

“ဟမ့်”

ရူရွှမ်က အဲဒါကို အသိအမှတ်မပြုသည့် ပုံစံဖြင့် မျက်လုံးစွေကြည့်လိုက်လေသည်။

ဆူဇီမိုက သူမကို နှစ်သိမ့်မနေတော့ဘဲ မေးမြန်းလိုက်လေသည်။

“သီယင်းက ဘယ်သူတွေကို ဒဏ်ရာရရှိစေခဲ့လဲ ငါသိလို့ရမလား”

“ငါ မသိဘူး”

ရူရွှမ်က ခပ်ပြတ်ပြတ်ပြောပြီး တစ်ဘက်သို့ လှည့်သွားလေသည်။

အခြေအနေက အနည်းငယ် တင်းမာနေသည်ကို မြင်သောအခါ.. လျှိုဟန်ယန်က အလောတကြီး ဝင်ပြောလိုက်လေသည်။

“ကျွန်မ ကြားတာတော့ အုတ်ဂူဂိုဏ်းရဲ့ အရိုက်အရာဆက်ခံသူနဲ့ ယန်ဆေးဂိုဏ်းက မျိုးရိုးနာမည် ကျိနဲ့ တာအိုရောင်းရင်းတစ်ယောက်က ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောကြတယ်”

လျှိုဟန်ယန်က တစ်ချက်ခိုးကြည့်လိုက်လေသည်။ ဆူဇီမို၏မျက်နှာအမူအရာက ထူးခြားမှု သိပ်မရှိသည်ကို မြင်သောအခါ သူမက ဆက်ပြောလိုက်လေသည်။

“မျိုးရိုးနာမည် ကျိနဲ့ တာအိုရောင်းရင်းကို ယန်ဆေးဂိုဏ်းက ပညာရှင်တွေက ကယ်တင်ခဲ့တဲ့အတွက် သူက မသေခဲ့ဘူး.. ကျွန်မကြားတာ အုတ်ဂူဂိုဏ်းက တာအိုရောင်းရင်းကလည်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ပြောတယ်.. ဒါပေမဲ့လို့ သူက ဘယ်ဆီဘယ်ဝယ် ရောက်နေတယ်.. သူ့ရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်နေလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး”

လျှိုဟန်ယန်က ခဏမျှ တွေးတောပြီးနောက် အကဲစမ်းမေးလိုက်လေသည်။

“တာအိုရောင်းရင်း.. ရှင်က သူတို့ကို သိလို့လား”

ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေပြီး ပြန်မဖြေဖြစ်ပေ။

တာအိုအရှင်အဆုံးစွန်မီး၏ အသံက သူ၏စိတ်ထဲမှာ ထွက်ပေါ်လာခဲ့လေသည်။

“ဘာမှမပူနဲ့.. မင်းရဲ့ မိတ်ဆွေက အုတ်ဂူဂိုဏ်းရဲ့ အစစ်အမှန် အမွေအနှစ်ကို ရရှိထားတာဆိုတော့ သူက အလွယ်တကူ သေမှာမဟုတ်ဘူး”

“နောက်ပြီးတော့ အဲဒီဖြစ်ရပ်နှစ်ခု ပြီးတဲ့နောက်.. တခြားဂိုဏ်းတွေကလည်း သူတို့ရဲ့ တပည့်တွေကို အပြင်ထွက်ခွင့်ပေးမှာ မဟုတ်တော့ဘူး.. သီယင်းက ဘယ်လောက်ပဲ သန်မာပါစေ.. သူက ဂိုဏ်းကြီးတွေရဲ့ နယ်မြေထဲကိုတော့ ဝင်ပြီးတော့ သတ်ဖြတ်ရဲမှာ မဟုတ်ဘူး”

ဆူဇီမိုက ပြန်မဖြေသည်ကို လျှိုဟန်ယန် မြင်သောအခါ.. သူမက ဒေါသထွက်မသွားဘဲ ဆက်ပြောလိုက်လေသည်။

“ကျွန်မကြားတာ အစကတော့ သီယင်းက နောက်ထပ်လူအချို့ကို သတ်ဖြတ်ချင်သေးတယ်.. ဒါပေမဲ့လို့ တခြားဂိုဏ်းတွေက သူတို့ရဲ့ တပည့်တွေကို အပြင်ထွက်ခွင့် မပေးတော့တဲ့အတွက် သီယင်းက အဲဒီအခွင့်အရေးကို မရတော့ဘူး”

ဆူဇီမိုက နောက်ဆုံးမှာ စိတ်သက်သာရာ ရသွားခဲ့လေသည်။

သူ၏မိတ်ဆွေများက အဆင်ပြေနေသေးသည်နှင့်အမျှ သူ၏ ပြန်လာမှုက နောက်မကျနိုင်သေးပေ။

All Chapters