နဂါးမှာ သားတော်ကိုးယောက်ရှိတယ်(က)
Vol. 65 Ch. 1011
‘ အရာအားလုံးကို ပြန်လည်ကောင်းမွန်စေနိုင်တယ် ’ဟု ဝတ်ရုံနက်အဖွားအိုက မထူးမခြားနားလေသံဖြင့် ပြောခဲ့သော်လည်း ထိုထဲမှာ အားကောင်းသော စိတ်ခံစားမှုပါရှိကြောင်း ရွှီချင်း ခံစားမိသည်။
အထူးသဖြင့် ကိုယ့်ကိုယ်ကို ပြန်မကောင်းမွန်စေနိုင်ကြောင်း ပြောသည့်အပိုင်းတွင် ဝမ်းနည်းဖွယ်ကောင်းသော အရိပ်အမြွက်တချို့ ပါရှိသည်။
အုပ်ချုပ်သူ၏ အငယ်ဆုံးသမီးသည် အခွင့်အာဏာဖြင့် မွေးဖွားလာခဲ့သည်။ သို့သော်လည်း ထိုစွမ်းအားက သူ့အတွက် ကောင်းချီးပေးမှုမဟုတ်ပေ။
သူက အရာအားလုံးကို ပြန်လည်ကောင်းမွန်စေရန် သူ၏ အသက်စွမ်းအင်ကို အသုံးပြုရသည်။
ထိုစွမ်းရည်သည် အစွမ်းထက်သော်လည်း အလွန်ရက်စက်ပေသည်။ ထို့ပြင် ကန့်သတ်ချက်လည်း ရှိသေးသည်။
အိမ်ရှေ့စံမင်းသားသည် ရုတ်တရက် လက်မြှောက်လိုက်ပြီး ပဉ္စမညီမတော်၏ အရှေ့မှာ ချထားလိုက်သည်။
သူသည် ငယ်စဉ်ကတည်းက အမြဲတမ်း ထိုသို့လုပ်ဆောင်ခဲ့သည်။ သူတစ်ယောက်တည်းမဟုတ်ပေ။ သူ၏ ညီအကိုမောင်နှမအားလုံး အတူတူပင်။
မင်းသမီးမင်မိန်သည်လည်း တူညီစွာ လုပ်ဆောင်သည်။
“ မလိုပါဘူး… ငါက အချိန်ကြာကြာ အသက်ရှင်တော့မှာမှ မဟုတ်တာ ”
ဝတ်ရုံနက်အဖွားအိုက တည်ငြိမ်စွာ ပြောသည်။
“ တကယ်လို့ မင်းမှာ အသက်ရှင်ဖို့ အချိန်အကြာကြီး မရတော့ရင်တောင် မင်းအသက်ရှင်ရမယ် ”
အိမ်ရှေ့စံမင်းသားသည် မျက်မှောင်ကြုတ်လိုက်ပြီး ဂုဏ်သိက္ခာကြီးမားသော အမူအရာကို ထုတ်ဖော်လိုက်သည်။ ဤသည်မှာ ပဉ္စမညီမတော်ကို ထိုသို့လွှမ်းမိုးဖိနှိပ်သော ဟန်ပန်ဖြင့် ပထမဆုံးအကြိမ် သူပြောခြင်း ဖြစ်သည်။
သူက လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်လေရာ သူ၏ ကိုယ်ထဲမှ အသက်အမျှင်တန်းတစ်ခုသည် ဝတ်ရုံနက်အဖွားအိုထံသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ယင်းက ဝတ်ရုံနက်အဖွားအိုနှင့် အတင်းအကျပ် ပေါင်းစည်းသွားသည်။
နောက်အခိုက်အတန့်မှာ ဝတ်ရုံနက်အဖွားအို၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး သူ၏ အရှိန်အဝါသည် ယခင်ကထက် သိသာထင်ရှားလာသည်။ သူက သူ့အရှေ့မှ အကိုကြီးကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။
မင်းသမီးမင်မိန်သည်လည်း ထိုသို့လုပ်ဆောင်ခဲ့သည်။ ရွှီချင်းသည် တစ်ခဏတွေးတောပြီးနောက် ခရမ်းလသွေးတစ်စက်ကို ထုတ်လွှတ်လိုက်သည်။
“ မင်းဟာကို မလိုပါဘူး ”
အိမ်ရှေ့စံမင်းသားသည် သွေးစက်ကို ရွှီချင်းထံသို့ ပြန်ပို့ပေးလိုက်သည်။ ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်လေရာ အားလုံး၏ ပုံရိပ်များသည် အဖြူအနက်တံခါးနှင့်အတူ ပျောက်ကွယ်သွားသည်။
သုံးရက်ကြာပြီးနောက်…
အစိမ်းရောင်သဲကန္တာရထဲတွင် မြေပြင်ပေါ်၌ သဲဝဲကတော့တစ်ခု ရှိသည်။ ရွှီချင်းသည် ဝဲကတော့၏ အပေါ်သို့ တွယ်တတ်ရန် အကောင်းဆုံး ကြိုးစားနေသည်။
နေလုံး၏ အလေးချိန်သည် သူ့အား သဲကန္တာရထဲမှာ ရွေ့လျားရန် အခက်တွေ့စေပြန်သည်။
ဤတစ်ကြိမ်တွင် မင်းသမီးမင်မိန်သည် သူ့ကို ဆွဲမထုတ်ပေးတော့ပေ။ သူက အိမ်ရှေ့စံမင်းသားနှင့် ပဉ္စမညီမတော်ဖြင့် ကောင်းကင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ အဖြူအနက်ဧရာမတံခါးသည် သူတို့သုံးယောက်၏ အရှေ့မှာ ရှိသည်။
တံခါးကို ဖွင့်လှစ်ခြင်းသည် လျှပ်တစ်ပြက်အတွင်း လုပ်ဆောင်နိုင်သောအရာ မဟုတ်ချေ။ ထိုသို့လုပ်ဆောင်ရန် သူတို့သုံးယောက်သည် သူတို့၏ စွမ်းအင်များကို တံခါးထဲသို့ အစဉ်အမြဲ ပို့လွှတ်ပေးနေရလိမ့်မည်။ ထို့ကြောင့် ဤနေရာသို့ ပြန်ရောက်လာပြီးသောအခါ ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်သုံးယောက်သည် မန္တန်များကို စတင်ရွတ်ဖတ်လိုက်ကြသည်။
ရွှီချင်းကိုတော့ မည်သူမှ ဂရုမစိုက်ကြချေ။ ထို့ကြောင့် သူက သူ့ဘာသာ ကျင့်ကြံရန် ရွေးချယ်ခဲ့သည်။
“ သဲကန္တာရက နေလုံးနဲ့ လိုက်လျောညီထွေဖြစ်ဖို့ အကောင်းဆုံးနေရာပဲ ”
“ တကယ်လို့ ငါသာ သဲကန္တာရထဲမှာ မနစ်မြုပ်သွားဘဲ ပုံမှန်အတိုင်း လမ်းလျှောက်နိုင်မယ်ဆိုရင် ဘဝကံကြမ္မာဆိုးတောင်တန်းကို ပြန်ရောက်တဲ့အခါ ပိုပြီးလွယ်ကူလာလိမ့်မယ် ”
“ တကယ်လို့ အဲ့လိုငါလုပ်နိုင်မယ်ဆိုရင် ပျံသန်းနိုင်အောင် ကြိုးစားကြည့်လို့ရပြီ ”
“ ငါပျံသန်းနိုင်တာနဲ့ ငါ့ရဲ့ တခြားဝိညာဉ်နတ်သူငယ်တွေက ပိုပြီးအားကောင်းလာလိမ့်မယ် ”
ရွှီချင်းသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။
ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူမှ ဖြစ်ပေါ်လာသော သစ်သီးသည် သူ့အတွက် ကျင့်ကြံခြင်းအဆင့်တတ်ရန် အလွန်အသုံးဝင်သည်။
ထိုသစ်သီးကို မင်းသမီးမင်မိန်က လက်ဆောင်ပေးခဲ့သော်လည်း အိမ်ရှေ့စံမင်းသားက ရွှီချင်းကို သစ်သီးအား ချက်ချင်း မစားပစ်ရန် သတိပေးခဲ့သည်။
နေလုံး၏ ဖိအားဖြင့် တခြားဝိညာဉ်နတ်သူငယ်များက လိုက်လျောညီထွေဖြစ်မလာခင် သစ်သီးကို စားသုံးခြင်းသည် ဝိညာဉ်နတ်သူငယ်၏ ကြီးထွားမှုကို အမှန်တကယ် တိုးမြှင့်ပေးနိုင်သော်လည်း ယင်းက ထုဆစ်ပုံသွင်းနိုင်သော အခွင့်အရေးကို ဆုံးရှုံးသွားစေလိမ့်မည်။
နေလုံး၏ ဖိအားကို တောင့်ခံခြင်းသည် ဝိညာဉ်နတ်သူငယ်များ၏ အလားအလာကို အပြည့်အဝ တူးဖော်နိုင်စေပြီး ဝိညာဉ်နတ်သူငယ်များ၏ ကြီးထွားမှုကို အကန့်အသတ်ထိရောက်အောင် အရှိန်မြှင့်တင်ပေးနိုင်သည်။ ထိုအခြေအနေရောက်မှ သစ်သီးကို စားသုံးခြင်းသည် အကောင်းဆုံး ဖြစ်သည်။
မင်းသမီးမင်မိန်သည်လည်း အိမ်ရှေ့စံမင်းသား၏ အကြံကို မငြင်းဆန်ပေ။
ထိုအချက်များကို တွေးမိသွားသောအခါ ရွှီချင်းသည် နေလုံးနှင့် နေသားကျရန် အကောင်းဆုံး ကြိုးစားလိုက်သည်။
အချိန်သည် တရွေ့ရွေ့ စီးဆင်းသွားလေရာ မကြာမီ နောက်ထပ်သုံးရက် ကုန်လွန်သွားသည်။
ထိုသုံးရက်အတောအတွင်းမှာ ရွှီချင်းသည် သူ၏ ဝိညာဉ်နတ်သူငယ်များကို မမောမပန်းစွာ ထိန်းချုပ်ခဲ့ပြီး ၎င်းတို့ကို ထပ်ခါတလဲလဲ ပေါက်ကွဲထွက်လာစေသည်။ အကြိမ်တိုင်း သူက ဝိညာဉ်နတ်သူငယ်များကို အကန့်အသတ်ထိရောက်အောင် တွန်းအားပေးပြီး သူ၏ ခန္ဓာကိုယ်ကို သဲကန္တာရထဲမှာ နစ်မြုပ်သွားစေလိမ့်မည်။
သဲကန္တာရထဲမှာ အနားယူပြီးနောက် သူက ထိုသို့တဖန် ပြန်လေ့ကျင့်လိမ့်မည်။
ထိုကဲ့သို့ ထပ်ခါထပ်ခါ လေ့ကျင့်ပြီးသွားသောအခါ သူက သဲကန္တာရထဲမှာ တစ်ပေထက်ပိုမနစ်မြုပ်တော့ဘဲ လမ်းလျှောက်နိုင်သွားသည်။
“ ဒါက ငါ့ရဲ့ လက်ရှိအကန့်အသတ်ပဲ… သဲကန္တာရထဲမှာ နောက်ထပ် ငါနစ်မြုပ်တော့မှာ မဟုတ်ဘူး… ဒါပေမဲ့ နှစ်နာရီအထိပဲ ငါတောင့်ခံနိုင်လိမ့်မယ်… နှစ်နာရီကျော်သွားရင် ဝိညာဉ်နတ်သူငယ်တွေက အကန့်အသတ်ကို ရောက်ရှိသွားပြီး အားပြန်ဖြည့်တင်းပေးဖို့ လိုအပ်လာမယ် ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက နေလုံးနှင့် လိုက်လျောညီထွေဖြစ်ရန် တခြားနည်းလမ်းများရှိသေးသလားဟု စဉ်းစားတော့မည့်အချိန် ကောင်းကင်ယံမှ ကျယ်လောင်သော တံခါးခေါက်သံကို ရုတ်တရက် သူကြားလိုက်ရသည်။
ဤရက်များတွင် ရံဖန်ရံခါ တံခါးခေါက်သံများ ထွက်ပေါ်လာတတ်သော်လည်း ဤတစ်ကြိမ်ကဲ့သို့ ကျယ်လောင်ခြင်း မရှိပေ။ ယင်းက သူ၏ နှလုံးနှင့် ဝိညာဉ်ကိုပင် လှုပ်ခါသွားစေသည်။
ရွှီချင်းသည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ကောင်းကင်ပေါ်တွင် မောင်နှမသုံးယောက်သည် မျက်လုံးဖွင့်လိုက်ကြသည်။
“ အဌမညီတော်က အရင်ကလို ဒေါသကြီးနေတုန်းပဲ ”
အိမ်ရှေ့စံမင်းသားသည် မျက်မှောင်ကြုတ်လိုက်ပြီး မင်းသမီးမင်မိန်ကို ကြည့်လိုက်သည်။
“ အချိန်ကျပြီ ”
“ သူ့အသိစိတ်က အပြည့်အဝ မနိုးထသေးတဲ့ပုံပဲ ”
မင်းသမီးမင်မိန်သည် အမူအရာကင်းမဲ့စွာဖြင့် တည်ငြိမ်စွာ ပြောသည်။
“ ဒါဆိုလည်း ငါတို့ငယ်ငယ်တုန်းကလို သူ့ကို ကောင်းကောင်း ဆော်ပလော်တီးပေးရတာပေါ့… အဲ့ဒါဆို သူအသိပြန်ဝင်လာလိမ့်မယ် ”
“ ကောင်းပြီ ”
အိမ်ရှေ့စံမင်းသားသည် ခေါင်းညိတ်လိုက်သည်။ သူက လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်လက်သင်္ကေတများကို ဖွဲ့စည်းလိုက်ပြီး တံခါးရှေ့သို့ လက်ညှိုးညွှန်လိုက်သည်။
မင်းသမီးမင်မိန်နှင့် ပဉ္စမညီမတော်လည်း တူညီစွာ ပြုလုပ်ကြသည်။
ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်သုံးယောက်၏ လုပ်ဆောင်ပုံကို မြင်သွားသောအခါ ရွှီချင်းသည် အဝေးသို့ ချက်ချင်း ပြေးသွားသည်။ သူတို့၏ စကားသံများကို သူကြားပြီးနောက် ဤနေရာမှာ ဆက်မနေဝံ့တော့ပေ။
ရွှီချင်း၏ ဆုံးဖြတ်ချက်က အမှန်တကယ် မှန်ကန်ခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သူက ငါးကီလိုမီတာအဝေးသို့ ပြေးသွားပြီးသည့်အခါ ကောင်းကင်ပေါ်မှ တံခါးခေါက်သံသည် အလွန်အမင်း ကျယ်လောင်လာသည်။ ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုက မိုးကောင်းကင်ကို စစ်ဗုံတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး ၎င်း၏ ခွန်အားအကုန်ဖြင့် တီးခတ်နေသည့်အလားပင်။
နားကွဲလုမတတ် ကျယ်လောင်သော မြည်ဟိန်းသံသည် မြေပြင်ကို လှုပ်ခါသွားစေပြီး အက်ကွဲသွားစေသည်။ ဟင်းလင်းပြင်သည်ပင် အက်ကွဲသွားတော့မည့် လက္ခဏာများ ပြသလာသည်။
သို့သော် အစိမ်းရောင်သဲကန္တာရသည် ထူးဆန်းသော အစွမ်းတစ်မျိုးကို ပိုင်ဆိုင်ထားဟန် ရသည်။ အပြင်လောကနှင့် ခြားနားသည်မှာ ဤနေရာမှာ ထွက်ပေါ်လာသော အားလှိုင်းအတတ်အကျများသည် သဲကန္တာရ၏ သဘာဝအလျောက် ဖုံးကွယ်ခြင်း ခံလိုက်ရသည်။
ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။ ထိုအကြောင်းအရင်းကြောင့် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများက ချိပ်တံဆိပ်ကို ဤနေရာမှာ ဖြေလျှော့ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သူနားလည်သွားသည်။
“ ငါးကီလိုမီတာက အရမ်းနီးနေသေးတယ်… ”
ခရမ်းလစွမ်းအားက ပေါက်ကွဲထွက်လာသည်။ သွေးစက်များက လေထဲမှာ ပြည့်နှက်သွားသည့်အခါ သူ၏ အလျင်သည် ရုတ်တရက် တစ်ဟုန်ထိုး မြင့်တတ်သွားသည်။
အိမ်ရှေ့စံမင်းသားသည် သူ့အား ခရမ်းလစွမ်းအားကို အသုံးမပြုရန် မှာကြားထားသော်လည်း ဤအခိုက်အတန့်မှာ အသုံးပြုခြင်းသည် ပြဿနာမရှိနိုင်ကြောင်း ရွှီချင်း ခံစားမိသည်။
ထိုသို့ဖြင့် အသက်ရှူချိန်အနည်းငယ်ကြာ ကုန်ဆုံးသွားသောအခါ ရွှီချင်းသည် ကီလိုမီတာ(၅၀)အကွာအဝေးသို့ ရောက်ရှိသွားသည်။ ထိုအခါမှသာ သူ၏ နှလုံးသည် တည်ငြိမ်သွားသည်။ သူက ခေါင်းမော့လိုက်ပြီး အဝေးမှ ကောင်းကင်ကို ကြည့်လိုက်သည်။