← Chapters

ကျောက်ရှာအလင်း၏ အသင်္ချေပညာရပ်များ… ချန်းအားညို၏ ကိစ္စကြီး(က)

Vol. 65 Ch. 1013

ကျောက်ရှာအလင်း၏ အသင်္ချေပညာရပ်များ… ချန်းအားညို၏ ကိစ္စကြီး(က)

Vol. 65 Ch. 1013

ဘဝကံကြမ္မာဆိုးတောင်တန်းထဲဝယ်…

မိုးကုပ်စက်ဝိုင်းပေါ်မှ သွေးနီအလင်းရောင်၏ ပျံ့ပွားလာမှုနှင့် အနီရောင်လရောက်ရှိလာတော့မည့် ကြိုသတိပေးမှုကြောင့် သက်ရှိအားလုံး၏ နှလုံးသားထဲမှ မကောင်းသော စိတ်ဆန္ဒများသည် အထိန်းအကွပ်မဲ့စွာ ပေါ်လျှိုးလာကြသည်။ သို့ဖြစ်၍ နေရာတိုင်းမှာ ပရမ်းပတာဖြစ်နေပြီး သတ်ဖြတ်ခြင်းက နိစ္စဓူဝကိစ္စတစ်ခု ဖြစ်လာသည်။

ဘဝကံကြမ္မာဆိုးတောင်တန်း၏ အစွန်အဖျားရှိ မြို့ငယ်လေးတစ်မြို့သည်သာ ပုံမှန်အတိုင်း လည်ပတ်နေပြီး နွေးထွေးနေဆဲပင်။

ဤမြို့ထဲမှ လူသားများသည် အမြဲပြုံးရွှင်နေကြပြီး တစ်ယောက်နှင့်တစ်ယောက် အမုန်းတရားမထားကြချေ။ သူတို့က မိတ်ဆွေရင်းချာများသဖွယ် ခင်မင်ကြသည်။

မြို့ထဲမှ ဒေသခံတစ်ဝက်သည် လီယိုဖေးတပည့်၏ လက်အောက်ငယ်သားများ ဖြစ်ကြသည်။ သူတို့က အိမ်ရှေ့စံမင်းသား၏ ကြင်နာမှုကို အာရုံခံမိသဖြင့် ဤနေရာမှာ နေထိုင်ရန် ဆန္ဒရှိကြသည်။ ကျန်ဒေသခံတစ်ဝက်သည်တော့ ဤအတောအတွင်း မြို့ထဲသို့ ရောက်ရှိလာကြသော အပြင်လောကမှ ကျင့်ကြံသူများ ဖြစ်ကြသည်။

ထိုအပြင်လူများသည် မြို့ထဲသို့ မဝင်ရောက်ခင် သူတို့၏ နှလုံးသားထဲမှာ ရူးသွပ်မှုဖြင့် ပြည့်နှက်နေကြသည်။ မြို့ထဲသို့ ဝင်ရောက်ပြီးသောအခါ ဤနေရာမှ နွေးထွေးမှုကို သူတို့ခံစားမိသွားကြသည်။ သို့ဖြစ်၍ သူတို့က မကောင်းသော အတွေးအားလုံးကို ဖယ်ရှားပစ်လိုက်ပြီး နွေးထွေးမှုကို ကြိုဆိုလက်ခံလိုက်ကြသည်။

“ ဒီနေရာက နွေးထွေးမှုက ခမည်းတော် အသက်ရှင်ခဲ့တုန်းက အချိန်ကို ပြန်အောက်မေ့သတိရစေတယ်… အဲ့ဒါက မျိုးနွယ်အသီးသီးကို ပျော်ရွှင်စေပြီး အချင်းချင်း သဟဇာတဖြစ်စေတယ် ”

အိမ်ရှေ့စံမင်းသားသည် လူစည်ကားနေသော လမ်းမပေါ်တွင် လမ်းလျှောက်နေရင်း သက်ပြင်းချလိုက်လေသည်။

ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော မင်းသမီးမင်မိန်သည် ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ အိမ်ရှေ့စံမင်းသားက ဤနေရာကို အမှန်တကယ် သဘောကျကြောင်း သူသိသည်။

အတိတ်တုန်းက မှတ်ဉာဏ်များသည် ပဉ္စမညီမတော်၏ မျက်လုံးထဲမှာ ထင်ပေါ်လာသည်။ နှစ်ပေါင်းမြောက်များစွာကြာအောင် ချိပ်ပိတ်ခံထားခဲ့ရပြီး ယခု လူသားလောကဆီသို့ ပြန်ရောက်ရှိလာသောအခါ ဤမြို့လေးက သေးငယ်လျှင်ပင် နွေးထွေးမှုကို သူ၏ အေးစက်သော နှလုံးသားက ခံစားမိပေသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူတို့၏ အနောက်မှ ထွားကြိုင်းသန်မာသော လူငယ်က မပြောဘဲမနေနိုင်ပေ။

“ အကိုကြီး… ဒီနေရာကို နွေးထွေးတယ်လို့ မင်းပြောတာလား… ဒီနေရာက သစ်ပင်တွေနဲ့ မြက်ပင်တွေမှာတောင် မင်းရဲ့ အစွမ်းတွေ ကိန်းအောင်းနေတယ်… လေတိုက်တာပဲဖြစ်ဖြစ် မြက်ပင်တွေ လှုပ်ယမ်းတာပဲဖြစ်ဖြစ် အားလုံးက မင်းရဲ့စိတ်ခံစားမှုပေါ် မူတည်… ”

အိမ်ရှေ့စံမင်းသား၏ မျက်နှာသည် မည်းမှောင်သွားပြီး သူ၏ အဌမညီတော်ကို မပျော်ရွှင်စွာ ကြည့်လိုက်သည်။

မင်းသမီးမင်မိန်သည် ခေါင်းလှည့်လိုက်သည်။ သူ၏ အကြည့်သည် အေးစက်နေသည်။

ပဉ္စမညီမတော်သည် မျက်မှောင်ကြုတ်လိုက်ပြီး အနောက်လှည့်ကြည့်လိုက်သည်။

မောင်နှမသုံးယောက်၏ စိုက်ကြည့်ခံလိုက်ရသောအခါ လူထွားကြီး၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ သူက ချက်ချင်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် သူ၏ မျက်နှာပေါ်မှာ ဖော်လံဖားသော အမူအရာ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်က လှုပ်ယမ်းသွားကာ အဖိုးအိုပုံစံသို့ ပြောင်းလဲသွားသည်။

“ ဘယ်လောက် ကောင်းလိုက်တဲ့နေရာလဲ… အရမ်းနွေးထွေးတာပဲ… ဒီလိုနေရာမျိုးကို ငါအကြိုက်ဆုံးပဲ ”

အိမ်ရှေ့စံမင်းသားသည် အမူအရာကင်းမဲ့စွာဖြင့် အရှေ့သို့ ဆက်လျှောက်သွားသည်။

မင်းသမီးမင်မိန်နှင့် ပဉ္စမညီမတော်သည် အကြည့်ပြန်ရုပ်လိုက်ကြသည်။

အဌမညီတော်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

ရွှီချင်းသည် အတွေးနက်သွားသည်။ ထိုမောင်နှမများကြားမှ အဆင့်အတန်းကို သူပြောနိုင်သည်။

‘ မင်းသမီးမင်မိန်က အာဏာအရှိဆုံးဖြစ်ပြီး အိမ်ရှေ့စံမင်းသားက မင်းသမီးမင်မိန်နဲ့ မတိမ်းမယိမ်းမှာ ရှိတယ်… ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးက ပဉ္စမညီမတော်ကို မျက်နှာသာပေးကြတယ်… အဌမညီတော်ကတော့… ’

ရွှီချင်းသည် သဲကန္တာရထဲမှာ တစ်ဖက်လူ၏ အရိုက်ခံရပုံကို သူ၏ နတ်ဘုရားအသိစိတ်ဖြင့် မြင်တွေ့ခဲ့ကြောင်း ပြန်အမှတ်ရသွားသည်။

‘ သူ့ရဲ့ အဆင့်အတန်းက နင်ယန်နဲ့ အတူတူလောက်ပဲ ’

ရွှီချင်းသည် မင်းသမီးမင်မိန်နှင့် ပဉ္စမသမီးတော်နောက်မှလိုက်၍ ဆေးဆိုင်ဆီသို့ လျှောက်သွားသည်။

မကြာမီ ဝူကျန်းဝူနှင့် ဘိုးဘေးမိုကွေ့သည် ရွှီချင်း၏ မြင်ကွင်းထဲမှာ ထွက်ပေါ်လာသည်။ တစ်ဖက်လူ၏ ကဗျာအသစ်တစ်ပုဒ်သည်လည်း ထိုအခိုက်အတန့်မှာ သူ၏ နားထဲသို့ ဝင်ရောက်လာသည်။

“ ကောင်းကင်ဆယ်ခု၊ ကုန်းမြေကိုးခု၊ လေပြေရှစ်ခု၊ ပင်လယ်ခုနစ်စင်း၊ လမ်းစဉ်ခြောက်သွယ်၊ ဒြပ်စင်ငါးမျိုးနဲ့ တခြားအရာတွေ… မြန်မြန်လာဝယ်ကြပါ… တစ် နှစ် သုံး လေး ဈေးမဆစ်ကြပါနဲ့… ဆေးလုံးလာဝယ်ကြပါ ”

ဤကာလအတောအတွင်း ဆေးဆိုင်၏ အပြင်ဘက်တွင် ဝူကျန်းဝူ၏ ကဗျာသည် စည်းမျဉ်းများစွာ ပြောင်းလဲသွားခဲ့သည်။ ယခု သူက စမ်းသစ်တီထွင်မှုများကို ပြုလုပ်လာလေရာ လူအုပ်ကြီးကို ထိတ်လန့်သွားစေပြီး ဖောက်သည်အများအပြားကို ဆွဲဆောင်နိုင်လာသည်။

သူ၏ ဘေးမှ ဘိုးဘွေးမိုကွေ့သည် သူ၏ ကံကြမ္မာကို လက်လျော့လိုက်ဟန်ရပြီး ပျင်းရိနေပုံပေါ်သည်။ သို့သော်လည်း အမှန်မှာ သူက ဤနေရာမှ လွတ်မြောက်နိုင်မည့်နည်းလမ်းကို စဉ်းစားနေခြင်း ဖြစ်သည်။

သူက အလွန်သတိကြီးသည်။ သို့ဖြစ်၍ သူက ဤရက်များတွင် အလျင်စလို မလုပ်ဆောင်ဘဲ အားလုံးကို တိတ်တဆိတ် လေ့လာစောင့်ကြည့်နေခဲ့သည်။

ယခု သူ၏ ခေါင်းထဲမှာ အကြံတချို့ ရရှိလာပြီ ဖြစ်သည်။ သူက ထိုအကြံကို သူ၏ စိတ်ထဲမှာ ထပ်ခါထပ်ခါ ဆင်ခြင်သုံးသပ်နေစဉ် လမ်းထောင့်ချိုးမှ လူအုပ်စုကို ရုတ်တရက် မြင်တွေ့သွားသည်။ သူက ချက်ချင်း တုန်ယင်လာပြီး မျက်နှာချိုသွေးသော အမူအရာကို ထုတ်ဖော်လိုက်သည်။ သူက ဝူကျန်းဝူ၏ ကဗျာကို လိုက်ရွတ်တော့မည့်အချိန် နောက်အခိုက်အတန့်မှာ…

သူက အိမ်ရှေ့စံမင်းသား၏ ဘေးမှ အဖြူရောင်ဝတ်စုံနှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကြသော အဖွားအိုနှစ်ယောက်ကို မြင်သွားသည်။

အဖြူရောင်ဝတ်စုံဖြင့် အဖွားအိုကို မြင်သွားသောအခါ ဘိုးဘေးမိုကွေ့၏ အသိစိတ်သည် ပရမ်းပတာ လှုပ်ခတ်သွားသည်။

‘ နောက်ထပ် ဝိညာဉ်စုစည်းခြင်းအဆင့်လား ’

သူ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သူ၏ နှလုံးသားထဲမှာ မယုံကြည်နိုင်မှုဖြင့် ပြည့်လျှံလာသည်။ ထို့နောက် သူ၏ အကြည့်က အနက်ရောင်ဝတ်စုံဖြင့် အဖွားအိုထံသို့ ကျရောက်သွားသောအခါ သူ၏ အသိစိတ်သည် ပိုပြီး ပရမ်းပတာ လှုပ်ခတ်လာသည်။

‘ အဲ့ဒါလည်း ဝိညာဉ်စုစည်းခြင်းအဆင့်ပဲ ’

ဘိုးဘေးမိုကွေ့သည် အသိစိတ်ကင်းမဲ့သွားကာ သူတို့အနောက်မှ ထွားကြိုင်းသန်မာသော အဖိုးအိုကို ကြည့်လိုက်သည်။

‘ နောက်ထပ်… ’

ဘိုးဘေးမိုကွေ့သည် တစ်ခဏမျှ အသက်ရှူရပ်တန့်သွားသည်။ အားလုံးက ယုတ္တိမရှိကြောင်း သူခံစားမိသည်။ ဤသည်မှာ သူက အိမ်မက်မက်နေသည့်အလားပင်။ ယင်းက အိမ်မက်တစ်ခုဖြစ်လျှင်ပင် ထိုမျှအထိ ယုတ္တိမဆန်နိုင်ကြောင်း သူတွေးမိသည်။

ထိုကြောင့် သူ၏ ခန္ဓာကိုယ်သည် အားအင်မရှိတော့သည့်အလား ပျော့ခွေလာပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။

တစ်ခါမှမဖြစ်ပေါ်ဖူးသော ထာဝရ လက်လျော့ခြင်းသည် သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်မှာ သူက ထွက်ပြေးရန် မည်သည့်အတွေးမှ မရှိတော့ပေ။ လဝတ်ပြုဒေသကြီးထဲမှာ အနီရောင်လဗိမာန်ဌာနချုပ်က အားအင်အကုန်သုံးခြင်း သို့မဟုတ် နီလာနတ်သမီး ဆင်းသက်လာခြင်းမှလွဲ၍ မည်သူမှ သူ့ကို မကယ်တင်နိုင်တော့ကြောင်း သူသိလိုက်သည်။

ဝူကျန်းဝူသည် အံ့ဩသွားသည်။ သူက ဘိုးဘေးမိုကွေ့၏ အကြည့်နောက်သို့လိုက်၍ လမ်းမပေါ်သို့ ကြည့်လိုက်သည်။ ထိုအခါ သူက ရွှီချင်းနှင့် အိမ်ရှေ့စံမင်းသားကို သတိထားမိသွားသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူက အဖွားအိုနှစ်ယောက်နှင့် သူတို့အနောက်မှ ထွားကြိုင်းသန်မာသော အဖိုးအိုတစ်ယောက်ကို သတိထားမိသွားသည်။

အဖိုးအိုနှစ်ယောက်နှင့် အဖွားအိုနှစ်ယောက်၏ အတူတကွ လမ်းလျှောက်လာနေသော မြင်ကွင်းသည် ဝူကျန်းဝူကို ဆွံ့အသွားစေသည်။ သူက ချက်ချင်း မျက်လုံးပွတ်သပ်လိုက်ပြီး သူအမြင်မှားသွားခြင်းမဟုတ်ရန် အတည်ပြုလိုက်သည်။ သူ၏ အမြင်က မမှားယွင်းကြောင်း အတည်ပြုပြီးသွားသောအခါ မိုးခြိမ်းသံသည် သူ၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

‘ မဖြစ်နိုင်တာ… နောက်ထပ် သုံးယောက်လား ’

ဝူကျန်းဝူသည် ထိတ်လန့်သွားသည်။ သူ၏ ခန့်မှန်းမှုက အမှန်ဟုတ်မဟုတ် သူမသေချာပေ။ သို့သော်လည်း ပြင်းထန်သော လှိုင်းလုံးများက သူ၏ အသိစိတ်ထဲမှာ ပေါ်လျှိုးလာနေဆဲပင်။

သူက မိန်းမောတွေဝေစွာ မတ်တတ်ရပ်နေစဉ် ရွှီချင်းနှင့် တခြားလူများသည် သူ့ကို ဖြတ်ကျော်သွားကြသည်။

ယင်းက အဌမသားတော် သူ၏ ဘေးမှ ဖြတ်လျှောက်သွားချိန်အထိ ကြာမြင့်ခဲ့သည်။ သူက ဝူကျန်းဝူကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

“ ကောင်လေး… မင်းရဲ့ ကဗျာက မဆိုးဘူး ”

ထိုစကားများက ဝူကျန်းဝူ၏ နားထဲသို့ ဝင်ရောက်သွားသောအခါ ယင်းတို့က သူ၏ စိတ်ထဲမှာ မိုးခြိမ်းသံများအဖြစ် ပြောင်းလဲသွားသည်။ သူ၏ ခန္ဓာကိုယ်သည် ပျော့ခွေသွားပြီး ဒူးထောက်ကျသွားသည်။ သူက ဆေးဆိုင်ထဲသို့ ဝင်ရောက်သွားကြသော ပုံရိပ်များကို မျက်တောင်မခတ်ဘဲ ကြည့်နေမိသည်။

ယခုအချိန်ထိပင် သူက မယုံကြည်နိုင်သေးပေ။ သူက လျှာကိုက်ပစ်လိုက်ပြီး နာကျင်မှုကြောင့် သတိပြန်ဝင်လာစေသည်။ သူက နာကျင်မှုကို လျစ်လျူရှုထားပြီး တီးတိုးရေရွတ်လိုက်သည်။

“ ငါက အသက်ရှင်နေတဲ့ ဝိညာဉ်စုစည်းခြင်းပုဂ္ဂိုလ်လေးယောက်ကို တကယ်ကြီး မြင်လိုက်တာပဲ ”

ထိုမြင်ကွင်းသည် ဝူကျန်းဝူ၏ မှတ်ဉာဏ်များထဲမှာ နက်ရှိုင်းစွာ တံဆိပ်ရိုက်နှိပ်ခံလိုက်ရသည်။ သူက ထိုမြင်ကွင်းကို သူ့ဘဝတစ်လျှောက်တွင် မည်သည့်အခါမှ မေ့သွားလိမ့်မည်မဟုတ်ဟု ခံစားမိသည်။

All Chapters