ကျောက်ရှာအလင်း၏ အသင်္ချေပညာရပ်များ… ချန်းအားညို၏ ကိစ္စကြီး(ဃ)
Vol. 65 Ch. 1016
“ မှတ်တမ်းတင်ကျောက်စိမ်းပြားက အရာအားလုံးကို မှတ်တမ်းတင်နိုင်တယ်… အဲ့ဒါရဲ့ အခြေခံသဘောတရားက အလင်းနဲ့ ပတ်သက်နေတယ် ”
“ ပြီးတော့ အတိတ်တုန်းက ကမ္ဘာငယ်ထဲမှာ စီနီယာအကိုကြီးက လက်ဝါးရာကို လူသားအရေပြားပေါ်မှာ ကူးယူခဲ့တယ်… အဲ့ဒါရဲ့ နောက်ကွယ်က သဘောတရားကလည်း အလင်းစုစည်းခြင်းနဲ့ ပတ်သက်နေတယ်… ”
ထိုသို့တွေးမိသောအခါ ရွှီချင်းသည် အံ့အားသင့်စွာ သက်ပြင်းချလိုက်သည်။
“ စီနီယာမင်မိန်က တကယ့်ပညာရှင်ပဲ… သူ့ရဲ့ ညွှန်ကြားပေးမှုက အရမ်းတိကျတယ်… ငါက အရမ်းတုံးလို့ အဲ့ဒီအချိန်တုန်းက ကျောက်ရှာအလင်းကို မစဉ်းစားမိခဲ့တာ ”
“ တကယ်လို့ ငါက ပုံတူကူးဖို့ ကျောက်ရှာအလင်းကို အသုံးပြုမယ်ဆိုရင် ပထမဆုံး လိုအပ်တာက အကူပစ္စည်းပဲ ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ပထမဆုံး သူတွေးမိသော အရာသည် ကျောက်စိမ်းပြား ဖြစ်သည်။ ထို့ကြောင့် သူက ကျောက်စိမ်းပြားကို ထုတ်ယူလိုက်ပြီး လေ့လာကြည့်လိုက်သည်။
ထိုညတွင် ရွှီချင်းက သူ၏ ဆင်ခြင်သုံးသပ်မှုမှာ ဉာဏ်အလင်းတချို့ရရှိလာစဉ် ခေါင်းဆောင်သည် ထူးဆန်းသော အမူအရာဖြင့် သူ့ကို လာရှာသည်။
“ ချင်းလေး… မကြာခင် ငါတို့တွေ ကိစ္စကြီးတစ်ခု လုပ်ရတော့မယ် ”
ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။
“ မကြာခင်လား ”
ခေါင်းဆောင်က ကိစ္စကြီးတစ်ခုလုပ်ဆောင်ရန် ဘဝကံကြမ္မာဆိုးတောင်တန်းသို့ ရောက်လာခြင်းဖြစ်ကြောင်း သူသိသည်။ သို့သော်လည်း အသေးစိတ် အကြောင်းအရာကိုတော့ သူမသိပေ။
“ ချင်းလေး… ငါတို့တွေ ဘဝကံကြမ္မာဆိုးတောင်တန်းမှာ ကိစ္စကြီးလုပ်ဆောင်ရမယ့်အချိန်က မကြာခင် ရောက်ရှိလာတော့မယ်… မိုးကုပ်စက်ဝိုင်းမှာ သွေးနီရောင်အလင်းတင်မကဘဲ အနီရောင်လရဲ့ ကြယ်ဂြိုလ်ကို မြင်နိုင်တဲ့အခါကျရင် ငါတို့ စထွက်ခွာကြမယ် ”
“ ငါ ဒီရက်တွေမှာ တွက်ချက်မှုတချို့ ပြုလုပ်ခဲ့တယ်… အဲ့ဒါက မကြာခင် ရောက်လာတော့မယ်… ဒီတစ်ခေါက် ငါတို့လုပ်မယ့် ကိစ္စကြီးက အရင်တုန်းကဟာတွေနဲ့ ခြားနားတယ် ”
ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။ သူက ရွှီချင်း၏ အရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး တိုးတိုးလေး ပြောသည်။
“ အရင်တုန်းကဆိုရင် ကိစ္စကြီးလုပ်တဲ့အခါ တိုးတိုးတိတ်တိတ်လုပ်ပြီး ပြီးသွားရင် အမြန် ထွက်ပြေးခဲ့ကြတယ်… ငါတို့က ဘာခြေရာလက်ရာမှ မကျန်ခဲ့အောင် သတိထားကြရတယ်… ဒါပေမဲ့ ဒီတစ်ကြိမ်တော့… ”
“ လဝတ်ပြုဒေသကြီးက သက်ရှိအားလုံးက ငါတို့ကို မြင်ရလိမ့်မယ် ”
ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ပြောသည်။
“ ဒီဟာကို ငါတို့ထင်ပေါ်ကျော်ကြားဖို့ အခွင့်အရေးလို့ မင်းသဘောထားနိုင်တယ်… လဝတ်ပြုဒေသကြီးထဲက သက်ရှိအားလုံးက ငါတို့ရဲ့ အောင်မြင်မှုကို မျက်စိနဲ့ ကိုယ်တိုင်မြင်နိုင်ကြလိမ့်မယ် ”
“ ပြီးတော့ ဒီတစ်ခေါက် ကျန်းကျန်းကြီး၊ နင်နင်လေးနဲ့ လင်းအာလည်း ပါဝင်ရမယ်… ငါတို့အားလုံး ထွက်ခွာကြမယ် ”
“ ဒီရက်တွေမှာ စီနီယာတွေကို ငါတို့နဲ့အတူ လိုက်ခဲ့ဖို့ ငါသွားပြောခဲ့တယ်… ဒီနည်းနဲ့ဆိုရင် ငါတို့မှာ အခက်အခဲနည်းပါးသွားလိမ့်မယ်… ဒါပေမဲ့ သူတို့က မလိုက်ဘူးတဲ့ ”
ထိုနေရာသို့ ရောက်သောအခါ ခေါင်းဆောင်သည် ရွှီချင်းကို တိုက်တွန်းလိုက်သည်။
“ ငါဒီကိုရောက်လာတာ ကိစ္စကြီးလုပ်ဖို့ မင်းကို လာအသိပေးတာအပြင် သူတို့တွေကို မင်းပြောကြည့်ပါလားလို့ လာပြောတာ… ”
ရွှီချင်းက တုံ့ဆိုင်းနေပြီး လက်ခံတော့မည့်အချိန် အိမ်ရှေ့စံမင်းသား၏ အေးစက်စက် နှာခေါင်းရှုံ့သံသည် သူ၏ စိတ်ထဲမှာ မြည်ဟိန်းလာသည်။
‘ မသွားဘူး ’
ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။
“ စီနီယာအကိုကြီး… ငါတို့က ပိုပြီးသန်မာချင်တယ်ဆိုရင် ကိုယ့်အားကိုယ်ကိုးရမယ်လို့ ငါထင်တယ် ”
ခေါင်းဆောင်သည် မျက်တောင်ခတ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ ကောင်းပြီ… ”
ခေါင်းဆောင်သည် စိတ်ထဲမှာ တဒင်္ဂရုန်းကန်ပြီးနောက် အကူအညီမဲ့စွာ ပြန်ထွက်သွားသည်။ လာမည့်သုံးရက်အတောအတွင်းမှာ ခေါင်းဆောင်၏ အော်ဟစ်ညည်းညူသံများသည် ညတိုင်း ဝူကျန်းဝူ၏ အခန်းထဲမှ ပျံ့လွင့်လာသည်။ ခေါင်းဆောင်က နင်ယန်ကိုပင် တစ်ရက်ခေါ်ခဲ့သည်။
ခေါင်းဆောင်က မည်သည့်အရာကို လုပ်ဆောင်နေကြောင်း ရွှီချင်းမသိပေ။
နံနက်ရောက်တိုင်း ဝူကျန်းဝူသည် ဖြူဖျော့နေသော မျက်နှာဖြင့် အခန်းထဲမှ ပြန်ထွက်လာလေ့ ရှိသည်။ သူ၏ ပုံစံက အလွန်ပင်ပန်းနေပုံပေါ်သည်။ နင်ယန်သည်တော့ အထဲဝင်သွားပြီးနောက် နောက်တစ်နေ့နံနက်တွင် ဝူကျန်းဝူနည်းတူ ဖြူဖျော့သော မျက်နှာဖြင့် ပြန်ထွက်လာသည်။
လင်းအာသည် စူးစမ်းသိချင်လာပြီး မေးသည်။
ဝူကျန်းဝူသည် နှုတ်ဆိတ်နေပြီး နင်ယန်သည် သက်ပြင်းချလိုက်သည်။
“ ကိစ္စမရှိပါဘူး… အဆင်ပြေပါတယ်… ဒါက ပထမဆုံးအကြိမ်မဟုတ်ဘူး… ”
လင်းအာသည် ပိုပြီးစူးစမ်းချင်လာသည်။
သို့သော်လည်း ထိုသို့အော်ဟစ်ညည်းတွားခြင်းသည် သုံးရက်သာကြာမြင့်ခဲ့သည်။ ခေါင်းဆောင်က ပြန်ထွက်ပေါ်သောအခါ သူ၏ မျက်နှာသည်လည်း ဖြူဖျော့နေသည်။ သူက လက်ဖက်ရည်သောက်နေကြသော အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကို မကျေနပ်စွာ ကြည့်လိုက်ပြီး ရွှီချင်းကို ရှာရန် နောက်ဖေးခန်းဆီသို့ ဝင်သွားသည်။
“ ချင်းလေး… ဒီတစ်ခေါက် ငါတို့ကိုယ်ငါတို့ အားကိုးရလိမ့်မယ်… လိုအပ်တဲ့ ပစ္စည်းတွေကို ငါပြင်ဆင်ပြီးသွားပြီ… နောက်တစ်ဆင့်အနေနဲ့ မင်းရဲ့ လက်နက်ဝိညာဉ်ကို ငါ့ကိုငှားပါ ”
ခေါင်းဆောင်သည် အမောတကော အသက်ရှူနေရသည်။ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ပေါ်လွင်သည်။
“ ဒီတစ်ခေါက်လုပ်မယ့် ကိစ္စကြီးက ဘာလဲ ”
ရွှီချင်းသည် ကျောက်စိမ်းပြားထံမှ သူ၏ အတွေးကို ပြန်ရုပ်သိမ်းလိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး နတ်ငါးအရိုးဆူးချွန်ကို ထုတ်လိုက်သည်။ ထို့နောက် သူက ယင်းကို ခေါင်းဆောင်ဆီသို့ ပစ်ပေးလိုက်သည်။
“ သရုပ်ဆောင်တာ ”
ခေါင်းဆောင်သည် နတ်ငါးအရိုးဆူးချွန်ကို ဖမ်းယူလိုက်သည်။ ကျင်းကန်းဂိုဏ်းဘိုးဘေးသည် မသိမသာ တုန်ယင်လာသည်။
“ သူက လက်နက်ဝိညာဉ်ပဲ… သူက ရှေးခေတ်တုန်းက စာအုပ်တွေနဲ့ ရင်းနှီးတယ်လို့ ပြောဖူးတာကို ငါမှတ်မိတယ်… ဒီလိုဆိုမှတော့ သူက ဝတ္ထုရေးတာကို အတွေ့အကြုံရှိမှာပဲ… သူ့ကို ငါ့အတွက် ဇာတ်ညွှန်းတစ်ခု ရေးခိုင်းမယ် ”
“ ပြီးသွားရင် ရှေးခေတ်အဝတ်အစားတွေကို ငါတို့လိုအပ်တယ်… အဲ့ဒါ ခေါင်းကိုက်စရာပဲ… ရှေးဘုရင်ရွှမ်ယုံခေတ်တုန်းက အဝတ်အစားတွေက အရမ်းခမ်းနားထည်ဝါပြီး တန်ဖိုးကြီးမားတယ်… ဒါပေမဲ့ အဆင်ပြေပါတယ်… ဖင်ကြီးမက အဲ့ဒီဟာတွေကို အများကြီး သိမ်းဆည်းထားမယ်လို့ ငါယုံကြည်တယ် ”
ထိုကိစ္စကြီးကို ပြောလိုက်သည့်အခါတိုင်း ခေါင်းဆောင်သည် စိတ်ဓာတ်တတ်ကြွလာသည်။
“ ချင်းလေး… ဒီတစ်ခေါက် ကိစ္စကြီးက အရင်တုန်းကဟာတွေနဲ့ လုံးဝခြားနားနေလိမ့်မယ် ”