ကြယ်ဂြိုလ်ဆင်းသက်ခြင်း… သွေးနဲ့တူသော ဆံခြည်မျှင်
Vol. 65 Ch. 1018
လောကကြီးသည် ဝုန်းခနဲ မြည်ဟိန်းလာပြီး လေသည် တဟူးဟူး တိုက်ခတ်လာသည်။
ကောင်းကင်ပေါ်မှ အလင်းပင်လယ်သည် တအိအိလှုပ်ခတ်လာသည်။ လူတိုင်း၏ အကြည့်အောက်မှာ အစဉ်မပြတ် ပုံရိပ်ဖွဲ့စည်းနေသော သံချောင်းသည် အပြည့်အဝ ဒြပ်ထည်မဖွဲ့စည်းသွားခဲ့ပေ။ ယင်းက အတိုင်းအတာတစ်ခုထိ တောက်ပပြီးသွားသောအခါ စတင်ပြန့်ကျဲသွားသည်။
နောက်ဖေးခန်းထဲတွင် ရွှီချင်းသည် တင်ပျဉ်ခွေလျက် တရားထိုင်နေသည်။ သက်တံ့အလင်းရောင်နှင့် ဝိညာဉ်နတ်သူငယ်သည် ရွှီချင်း၏ အရှေ့မှာ မျောလွင့်နေသည်။
အဆုံးမဲ့သော ကျောက်ရှာအလင်းသည် သက်တံ့အလင်းရောင်ဝိညာဉ်နတ်သူငယ်ထံမှ ပျံ့နှံ့ထွက်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ဖြန့်ကြက်သွားကာ အလင်းပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသည်။
ရွှီချင်းသည် ညာလက်ကို မြှောက်လိုက်ပြီး ဝိညာဉ်နတ်သူငယ်၏ လက်ကို ထိလိုက်သည်။
ရွှီချင်း၏ ညာလက်ပေါ်မှာ သံချောင်းတစ်ချောင်း၏ အကြမ်းဖျဉ်းပုံရိပ်ကို မည်သူမဆို မြင်နိုင်လိမ့်မည်။ ဤအခိုက်အတန့်မှာ သံချောင်းပုံရိပ်သည် လွင့်ပြယ်လာနေပြီး စတင်ဝေဝါးလာနေသည်။
သာမန်ကာလျှံကာ ကြည့်မည်ဆိုလျှင် ရွှီချင်း၏ ညာလက်ပေါ်မှ အရေပြားသည် တခြားအစိတ်အပိုင်းများနှင့် အတူတူသာ ဖြစ်သည်။ သို့သော်လည်း သေချာဂရုတစိုက် စစ်ဆေးကြည့်မည်ဆိုလျှင် အနည်းငယ် ကွဲပြားနေကြောင်း မြင်နိုင်လိမ့်ပေမည်။ ဤသည်မှာ သူ၏ ညာလက်မှ အရေပြားသည် အထူးသဖြင့် လက်ဖဝါးသည် တခြားအစိတ်အပိုင်းများထက် အနည်းငယ် ပိုဖြူဖွေးနေသည်။
ဤသည်မှာ သူ၏ လက်က ရေပူစမ်းထဲမှာ နှစ်ပေါင်းများစွာကြာအောင် စိမ်ထားသည့်အလားပင်။ ယင်းက သန့်စင်သော ခံစားမှုကို ပေးသည်။
တစ်ခဏကြာပြီးနောက် ရွှီချင်း၏ ညာလက်ဖဝါးပေါ်မှ သံချောင်းပုံရိပ်သည် လုံးဝပျောက်ကွယ်သွားသည်။ အပြင်လောကရှိ အလင်းပင်လယ်မှ ဖွဲ့စည်းဖြစ်ပေါ်လာသော သံချောင်းသည်လည်း ပြိုကွဲသွားပြီး လွင့်ပြယ်သွားသည်။
ရွှီချင်းသည် မျက်လုံးပြန်ဖွင့်လိုက်သည်။
ချက်ချင်းပင် ဘေးပတ်ဝန်းကျင်မှာရှိသော ကျောက်ရှာအလင်းသည် တလိပ်လိပ် မြှောက်တတ်လာပြီး သူ၏ ကျောက်ရှာအလင်းဝိညာဉ်နတ်သူငယ်ထံမှာ စုစည်းသွားသည်။ ရွှီချင်းက မျက်လုံးပြန်ဖွင့်လိုက်သည့်အခိုက် ဝိညာဉ်နတ်သူငယ်သည် သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွားသည်။
ရွှီချင်းသည် နူးညံ့စွာ သက်ပြင်းချလိုက်သည်။
“ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ အတိတ်မှာ ငါမြင်ခဲ့တဲ့ မန္တန်တွေကို မတုပနိုင်သေးဘူး… ဒါ့အပြင် ငါ့ရဲ့ အသွင်ပြောင်းလဲခြင်းအတတ်ပညာမှာ ကန့်သတ်ချက်တွေရှိတယ်… အနာဂတ်မှာ ငါမြင်တွေ့သမျှ မန္တန်အားလုံးကို တုပနိုင်လိမ့်မှာ မဟုတ်ဘူး ”
ရွှီချင်းသည် ခေါင်းခါလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ သူက နောင်တရစွာဖြင့် အခန်းအပြင်သို့ ထွက်လျှောက်သွားသည်။
သူက အပြင်ထွက်လာသည့်အခိုက် အဓိကခန်းမထဲမှာ လူတိုင်းကို မြင်သွားသည်။
နင်ယန်သည် ရွှီချင်းကို မွန်းစတားအလား ကြည့်လိုက်သည်။ သူက တစ်စုံတစ်ခုပြောချင်သော်လည်း တုံ့ဆိုင်းနေသည်။
တစ်ဖက်တွင်တော့ ဝူကျန်းဝူသည် ဆွံ့အနေသည်။ အတိတ်တွင် ရွှီချင်းကို တားမြစ်ပင်လယ်ထဲမှာ ပထမဆုံးအကြိမ် သူမြင်တွေ့ခဲ့ချိန်ကို ပြန်သတိရသွားသည်။ ထိုအချိန်တုန်းက သူသည် တစ်ဖက်လူနှင့် ဆန့်ကျင်တိုက်ခိုက်နိုင်ခဲ့သည်။ သူတို့၏ တိုက်ပွဲကို အခြေခံအားဖြင့် သရေကျခဲ့သည်ဟု သတ်မှတ်နိုင်ပေသည်။
သို့သော်လည်း ယခုတော့…
ဝူကျန်းဝူသည် စိတ်ပျက်သွားသည်။ ချက်ချင်းပင် သူ၏ မျက်လုံးသည် နီရဲလာသည်။ ဤအတောအတွင်းမှာ သူက အပျင်းကြီးနေခဲ့ခြင်း ဖြစ်သည်။ သူ၏ သွေးမျိုးစက်ကို ဆက်လက် ပျိုးထောင်ပေးရလိမ့်မည်။
ကြက်တူရွေးလေးသည် ပခုံးတွန့်လိုက်သည်။ ၎င်းက မည်သည့်စကားမှ မပြောဝံ့ချေ။
လီယိုဖေးသည် ဦးညွတ်လိုက်ပြီး ရိုသေလေးစားစွာ အရိုအသေပေးလိုက်သည်။ ဝိညာဉ်သခင်မယုံကျင်းသည် ရွှီချင်းကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။ ဘိုးဘေးမိုကွေ့သည်တော့ ဤသည်မှာ သူ့အတွက် ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်လေးယောက်အပြင် တခြားတစ်စုံတစ်ယောက်ကို ပထမဆုံးအကြိမ် အာရုံစိုက်လာခြင်း ဖြစ်သည်။
ရွှီချင်း၏ စောစောက မြင်ကွင်းသည် သူက မည်မျှထူးခြားကြောင်း သူ့ကို ပြောပြနေသည်။ ထိုစွမ်းအားသည် ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူတစ်ယောက် ထုတ်ဖော်နိုင်သောအရာ မဟုတ်ပေ။ အမှန်မှာ ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူအများစုသည်ပင် ထိုသို့မလုပ်ဆောင်နိုင်ပေ။
ယင်းသည် နောက်ဖေးခန်းထဲမှ ထွက်လျှောက်လာသော ထိုကောင်လေးက မည်သို့ကြောင့် ဤဆေးဆိုင်၏ အခရာဖြစ်ပြီး ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်များဖြင့် အတူတကွ ထိုင်နိုင်ကြောင်း သူ့အား ရုတ်တရက် နားလည်သွားစေသည်။
သူတို့နှင့်နှိုင်းယှဉ်လျှင် လင်းအာသည် အံ့ဩသွားသော်လည်း ပိုပြီးဂုဏ်ယူဝင့်ကြွားမိသည်။
ခေါင်းဆောင်သည် အံ့အားသင့်စွာ မျက်တောင်ခတ်လိုက်သည်။
အဌမသားတော်သည် ပြုံးလိုက်ပြီး ရွှီချင်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
ထူးဆန်းသော အလင်းတန်းသည် ပဉ္စမညီမတော်၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ အိမ်ရှေ့စံမင်းသားနှင့် တတိယအမတော်၏ ရွှီချင်းအား ညွှန်ကြားပေးခြင်းတွင် သူက မပါဝင်ခဲ့သော်လည်း ယခု သဲလွန်စတချို့ကို မှန်းဆကြည့်နိုင်ပေသည်။
အိမ်ရှေ့စံမင်းသားသည် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ အထင်ကြီးသော အမူအရာသည် သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ယခု သူ၏ အမူအရာသည် ရွှီချင်း၏ ဆရာ သတ္တမသခင်ကြီး၏ အမူအရာနှင့် တစ်ပုံစံတည်းတူညီနေကြောင်း အိမ်ရှေ့စံမင်းသားက သတိမပြုမိပေ။
မင်းသမီးမင်မိန်သည် ရွှီချင်းကို အမူအရာကင်းမဲ့စွာ ကြည့်နေသည်။
ရွှီချင်းသည် နင်ယန်နှင့် တခြားလူများကို ကြည့်လိုက်သည်။ မည်သို့ကြောင့် သူတို့က ထိုသို့ဖြစ်နေရကြောင်း သူနားလည်နိုင်သည်။ မည်သို့ဖြစ်ပါစေ သူက အုပ်ချုပ်သူ၏ သံချောင်းကို ပုံရိပ်ဖွဲ့စည်းခဲ့ခြင်းမဟုတ်ပါလော။ ယင်းက ထုံးစံအားဖြင့် သူတို့ကို ထိတ်လန့်သွားစေလိမ့်မည်။
သို့သော်လည်း အမှန်မှာ ရွှီချင်းသည် သူ၏ ကျရှုံးမှုကို မကျေနပ်ပေ။ အထူးသဖြင့် မင်းသမီးမင်မိန်နှင့် အိမ်ရှေ့စံမင်းသား၏ အမူအရာကို သူမြင်လိုက်သောအခါ ဖြစ်သည်။ ယင်းက သူ့ကို ပိုပြီးစိတ်ဓာတ်ကျသွားစေသည်။ သို့ဖြစ်၍ သူက အရှေ့သို့ လျှောက်သွားပြီး ခေါင်းငုံ့လိုက်ကာ ပြောသည်။
“ စီနီယာ… ငါကျရှုံးသွားခဲ့တယ် ”
အိမ်ရှေ့စံမင်းသား၏ အမူအရာသည် မသိမသာ ရှုံ့မဲ့သွားသည်။ ထို့နောက် သူ၏ မျက်နှာပေါ်မှာ စိတ်ပျက်သော အမူအရာ ချက်ချင်း ထွက်ပေါ်လာသည်။
“ ငါမြင်တယ် ”
အိမ်ရှေ့စံမင်းသားက ဆက်ပြောသည်။
“ ဒါပေမဲ့ မင်းက ငယ်ပါသေးတယ်… တစ်ခါတစ်လေ ကျရှုံးမှုနဲ့ ရင်ဆိုင်ရတာ ပုံမှန်ပါပဲ ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ သူက ဆက်ပြောတော့မည့်အချိန် မင်းသမီးမင်မိန်က ရုတ်တရက် ပြောသည်။
“ မင်းရဲ့ ညာလက်ကို ဖွင့်လိုက်ပါ ”
ဤသည်ကို ရွှီချင်းကြားသောအခါ သူက ညာလက်ကို ဆန့်ထုတ်လိုက်သည်။
နောက်အခိုက်အတန့်မှာ မင်းသမီးမင်မိန်၊ အိမ်ရှေ့စံမင်းသားနှင့် ပဉ္စမညီမတော်သည် သူတို့၏ နတ်ဘုရားအသိစိတ်ကို ရွှီချင်း၏ ညာလက်ဖဝါးပေါ်သို့ ပို့လွှတ်လိုက်ကြသည်။ သူတို့၏ အမူအရာသည် ထူးဆန်းမှုသို့ ပြောင်းလဲသွားသည်။ ထို့နောက် အိမ်ရှေ့စံမင်းသားသည် ရုတ်တရက် လက်မြှောက်လိုက်သည်။
ချက်ချင်းပင် ရှည်လျားသော အနက်ရောင်ဆံခြည်မျှင်အထုံးသည် သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ ဆံချည်မျှင်အထုံးသည် ဆက်လက်ကျုံ့သွားပြီး ကျယ်ပြောလာသည်။ ဆံခြည်မျှင်အထုံးထဲတွင် မရေမတွက်နိုင်သော ဝိညာဉ်တစ္ဆေများက ဝေဝေဝါးဝါး ထွက်ပေါ်နေကြပြီး ဝိညာဉ်လှုပ်ခတ်စေနိုင်သော စွမ်းအင်ကို ထုတ်လွှတ်နေသည်။
“ အဲ့ဒါကို ပုံတူကူးကြည့်ပါ ”
အိမ်ရှေ့စံမင်းသားက ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းသည် တုံ့ဆိုင်းမနေပေ။ ကျောက်ရှာအလင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ချက်ချင်း ပေါ်လျှိုးထွက်လာသည်။ ယင်းက ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီးနောက် ရောင်ခြည်တန်းတစ်ခုအသွင် မြန်ဆန်စွာ စုစည်းသွားပြီး အနက်ရောင်ဆံခြည်မျှင်အထုံးပေါ်သို့ ကျရောက်သွားသည်။ တစ်ချိန်တည်းမှာ သူ၏ ညာဘက်လက်သည် အနက်ရောင်ဆံခြင်မျှင်အထုံးကို ဖမ်းဆုပ်လိုက်သည်။
ချက်ချင်းပင် အနက်ရောင်အလင်းသည် သူ၏ အဖြူရောင်လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။ ယင်းက တဖြည်းဖြည်း အနက်ရောင်ဘောလုံးသို့ ပြောင်းလဲသွားပြီး ဝေဝါးလာသည်။
နောက်အခိုက်အတန့်မှာ တူညီသော ဆံခြည်မျှင်အထုံးသည် ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။ သို့သော်လည်း ယင်းက အစစ်အမှန်မဟုတ်သေးဘဲ ဝေဝါးနေသည်။
ထို့ပြင် ယင်း၏ စွမ်းအားသည် အစစ်အမှန် ဆံခြင်မျှင်အထုံးထက် အများကြီး အားနည်းပေသည်။
ဤသည်မှာ ယင်းက ပုံသဏ္ဍာန်သာ ဖွဲ့စည်းထားပြီး မည်သည့်နတ်ဘုရားအစွမ်းမှ မပိုင်ဆိုင်ထားဟန် ရသည်။
သို့သော်လည်း ထိုမြင်ကွင်းသည် ဝိညာဉ်သခင်မယုံကျင်းနှင့် ဘိုးဘေးမိုကွေ့ကို နှလုံးခုန်မြန်သွားစေသည်။
အိမ်ရှေ့စံမင်းသားသည် နှုတ်ဆိတ်သွားသည်။ သူက အနည်းငယ် ပင်ပန်းသွားဟန် ရသည်။
ရွှီချင်းက ကျောက်ရှာအလင်းကို အသုံးပြုပြီး သူ၏ နတ်ဘုရားအတတ်ပညာကို အမှန်တကယ် ပုံတူကူးနိုင်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
ထိုနှစ်ခုကြားတွင် စွမ်းအားကွာခြားမှုရှိပြီး နှိုင်းယှဉ်ရန် မဖြစ်နိုင်ပေ။
ယင်းက ပုံသဏ္ဍာန်ကိုသာ တုပနိုင်ခြင်းဖြစ်ပြီး နတ်ဘုရားအစွမ်းမပါရှိသလို ထိုထဲမှာ အခွင့်အာဏာနှင့် မည်သည့်ဥပဒေသမှ မပါရှိပေ။
သို့သော် မည်သို့ပင်ဆိုစေကာမူ သူက ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်မဟုတ်ပါလော။ ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူတစ်ယောက်က ထိုသို့လုပ်ဆောင်နိုင်ခြင်းကို တစ်ခါမှ သူမကြားဖူးချေ။
‘ ဒီကောင်လေးရဲ့ နားလည်နိုင်စွမ်းက တကယ်မွန်းစတားဆန်တာပဲ ’
အိမ်ရှေ့စံမင်းသားသည် မည်သည့်စကားမှ ထပ်မပြောချင်တော့ပေ။
မင်းသမီးမင်မိန်သည်လည်း လက်မြှောက်လိုက်ပြီး ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းဆိုသလို သူ၏ ဘေးမှ ထိုင်ခုံသည် အဖြူရောင်ဝက်တစ်ကောင်သို့ ပြောင်းလဲသွားပြီး သူ၏ အရှေ့မှာ မျောလွင့်နေသည်။
ထိုဝက်သည် သာမန်ဖြစ်သည်ဟု ထင်မှတ်ရသော်လည်း ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်တစ်ဦး၏ လက်ထဲမှာ ဖြစ်ပေါ်လာလေရာ မည်သို့ကြောင့် သာမန်ဖြစ်မည်နည်း။ ထိုဝက်၏ မျက်လုံးထဲမှာ နေ၊ လနှင့် ကြယ်ကလေးများ ရှိသည်။ ဤသည်မှာ ထိုဝက်က ရှေးခေတ်ကာလမှ လက်ရှိအချိန်သို့ ခုန်ကူးလာသည့်အလားပင်။
“ ပုံတူကူးကြည့်ပါ ”
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အစောနက နည်းလမ်းအတိုင်း ဝက်ကို ပုံတူကူးရန် ကြိုးစားလိုက်သည်။ ထို့နောက် သူက လက်ကို မြှောက်လိုက်ပြီး ဘေးမှ ထိုင်ခုံတစ်လုံးပေါ်သို့ ဖိချလိုက်သည်။
ထိုင်ခုံသည် ချက်ချင်း ဖရိုဖရဲဖြစ်လာပြီး ထူးဆန်းသော အမွှေးများ ထွက်ပေါ်လာသည်။ သို့သော်လည်း ယင်းက ဝက်တစ်ကောင်သို့ အသွင်မပြောင်းလဲသွားခဲ့ပေ။ ယင်းအစား အမွှေးများက ပရမ်းပတာ ထွက်ပေါ်လာကြပြီး နောက်ဆုံးမှာတော့ ယင်းက တိုက်ရိုက် ပေါက်ကွဲထွက်သွားသည်။
ထိုမြင်ကွင်းသည် နင်ယန်နှင့် တခြားလူများကို ထိတ်လန့်သွားစေသည်။ ကြက်တူရွေးလေးသည်တော့ ချက်ချင်း မျက်လုံးပြူးကျယ်လာပြီး အသက်ရှူမြန်လာသည်။ ၎င်း၏ မျက်လုံးထဲမှာ ပြင်းထန်သော အလင်းရောင် ထွက်ပေါ်လာသည်။
ရွှီချင်းသည် နောင်တရသွားပြီး တိုးညင်းစွာ ပြောသည်။
“ ငါမလုပ်နိုင်ဘူး ”
ဘေးမှ ကြည့်ရှုနေသော အဌမသားတော်၏ စိတ်ဝင်စားမှုသည် မြင့်တတ်လာသည်။ ဒေါသထွက်သော စိတ်ခံစားချက်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါ်လျှိုးလာပြီး ဘေးပတ်ဝန်းကျင်တစ်လျှောက် ရိုက်ခတ်သွားသည်။ အရာအားလုံးက ပုံပျက်တွန့်လိမ်လာသောအခါ ၎င်းသည် ဒိုင်နိုဆောတစ်ကောင်သို့ အသွင်ပြောင်းလဲသွားသည်။
ထိုသားရဲ၏ တစ်ကိုယ်လုံးကို မီးတောက်များက လွှမ်းခြုံထားပြီး အကြေးခွံတစ်ခုစီမှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများ ထုတ်လွှတ်နေသည်။ ၎င်း၏ ခန္ဓာကိုယ်က တစ်ချက်လှုပ်ယမ်းသွားတိုင်း ဘဝကံကြမ္မာဆိုးတောင်တန်းက တုန်လှုပ်သွားသည်။ ၎င်းက ပါးစပ်ဟလိုက်ပြီး ရက်စက်ကြမ်းကြုတ်သော အမူအရာကို ထုတ်ဖော်လိုက်သည်။ ၎င်း၏ အသံသည် ဆေးဆိုင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
“ ငါ့ကို ပုံတူကူးဖို့ကြိုးစားကြည့် ”
နင်ယန်နှင့် ဝူကျန်းဝူသည် ခြေထောက်ပျော့ခွေသွားကြသည်။ တခြားလူများ၏ အခြေအနေသည်လည်း သူတို့ထက် မသာပေ။ ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ ထိုသို့ကြောက်စရာကောင်းသော ဖိအားအောက်မှာ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် တုန်လှုပ်နေသည်။
ထိုသို့အခြေအနေမျိုးမှာ သူက မည်ကဲ့သို့ ပုံတူကူးနိုင်မည်နည်း။
မင်းသမီးမင်မိန်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ ထွက်သွားစမ်း ”
သူက အော်ငေါက်လိုက်သည်နှင့်ချက်ချင်း အဌမသားတော်၏ ခန္ဓာကိုယ်နှင့် အပြင်ဘက်မှ ပုံရိပ်အားလုံးသည် ချက်ချင်း ပျောက်ကွယ်သွားကြသည်။
လောကကြီးသည် ပုံမှန်ပြန်ဖြစ်သွားပြီး အရာအားလုံးသည် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။
ရွှီချင်းသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ရိုသေလေးစားစွာ ခေါင်းငုံ့ထားလိုက်သည်။
မင်းသမီးမင်မိန်သည် အမူအရာပြောင်းလဲသွားခြင်း မရှိပေ။ သူက တည်ငြိမ်စွာ ပြောသည်။
“ မင်းမလုပ်နိုင်တာ မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်က မလုံလောက်သေးလို့ပဲ… မင်းမှာ ဥပဒေသတွေနဲ့ ဝှက်ဖဲကတ်တွေ နည်းပါးနေသေးတယ်… မင်းရဲ့ အခွင့်အာဏာက မဆိုးဘူးဆိုပေမဲ့ ပြိုင်ဘက်ကင်းတဲ့ဟာ မဟုတ်ဘူး ”
“ မင်းက ဝိညာဉ်သိုက်အဆင့်ကို တတ်လှမ်းသွားတဲ့အခါ အများစုကို ဆန္ဒရှိသလို ပြောင်းလဲနိုင်လိမ့်မယ် ”
“ ပြီးတော့ မင်းက ကျင့်ကြံတဲ့အခါမှာ… ”
မင်းသမီးမင်မိန်သည် ရွှီချင်းကို နားလည်သဘောပေါက်ခြင်းနှင့်ပတ်သက်ပြီး ညွှန်ကြားပေးရန် ပြင်လိုက်သည်။ ဤသည်မှာ အစောပိုင်းနှစ်များတွင် သူ၏ အလေ့အကျင့်တစ်ခု ဖြစ်သည်။ အတိတ်တွင် သူ၏ တပည့်အားလုံးကို ထိုအတိုင်း သူသင်ကြားပေးခဲ့သည်။
သို့သော်လည်း ဤတစ်ကြိမ်မှာတော့ သူက လမ်းတစ်ဝက်မှာ ရပ်တန့်လိုက်သည်။
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အလေးအနက် နားထောင်သည်။
မင်းသမီးမင်မိန်သည် တစ်ခဏကြာ နှုတ်ဆိတ်နေပြီးနောက် တည်ငြိမ်စွာ ဆက်ပြောသည်။
“ အဲ့ဒါကို အတွေ့အကြုံယူတယ်လို့ သဘောထားပါ ”
ဤသည်ကို ရွှီချင်းကြားသောအခါ သူက နက်နဲစွာ တွေးတောလိုက်သည်။
သူ၏ အမူအရာသည် အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်ကို တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိစေသည်။ သူတို့က ဆက်လက် စကားပြောတော့မည့်အချိန် မင်းသမီးမင်မိန်နှင့် အိမ်ရှေ့စံမင်းသား၏ အမူအရာသည် တစ်ချိန်တည်းမှာ ပြောင်းလဲသွားသည်။ သူတို့၏ ပုံရိပ်က ရုတ်ချည်း ပျောက်ကွယ်သွားပြီး ကောင်းကင်ထက်မှာ ပြန်ပေါ်လာကြသည်။
တစ်ချိန်တည်းမှာ အဌမသားတော်သည် ပြန်ရောက်လာပြီး ပဉ္စမညီမတော်သည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။
သူတို့အားလုံးသည် မိုးကုပ်စက်ဝိုင်းဆီသို့ ကြည့်လိုက်ကြသည်။
အဝေးမှ ကောင်းကင်ယံတွင် သွေးကဲ့သို့ စေးပျစ်သော အနီရောင်အလင်းသည် လွန်ခဲ့သော လဝက်အတွင်းမှာ သတ်မှတ်ထားသော နှုန်းထားအတိုင်း ဆက်လက် ပျံ့နှံ့နေခဲ့သည်။ သို့သော်လည်း ယခု အနီရောင်အလင်းသည် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
မိုးကုပ်စက်ဝိုင်းထဲမှ အနီရောင်အလင်းသည် ချက်ချင်းပင် နှစ်ဆပိုတောက်ပလာသည်။ ယင်းက အလွန်ထွန်းလင်းတောက်ပလေရာ သစ်ပင်များ၊ တောင်တန်းများ၊ မြစ်များနှင့် ကန္တာရများ အစရှိသော အရာအားလုံးကို အနီရောင်စွန်းထင်သွားစေသည်။
အဆုံးမဲ့သော အနီရောင်အလင်း၏ ဇစ်မြစ်သည် မိုးကုပ်စက်ဝိုင်းထဲမှာ ပေါ်ထွက်လာပြီ ဖြစ်သည်။ ချက်ချင်းဆိုသလို ကြယ်နှင့်ဆင်တူသော ဧရာမအလုံးကြီးသည် မိုးကုပ်စက်ဝိုင်းထဲမှာ ထွက်ပေါ်လာသည်။
ယင်းက အမှန်တကယ်ပင် ကြယ်ဂြိုလ်တစ်ခု ဖြစ်သည်။
ကြယ်ဂြိုလ်တစ်ခုလုံးသည် အနီရောင်ဖြစ်သည်။ ဤသည်မှာ ယင်းကို သွေးဖြင့် ဖန်တီးထားသည့်အလားပင်။ ယင်းက အလွန်အမင်း ကြီးမားကျယ်ပြောပြီး ဘေးပတ်ဝန်းကျင်ကို လှုပ်ခါသွားစေသည်။
အမှန်မှာ ထိုကြယ်ဂြိုလ်ပေါ်တွင် တောင်တန်းများနှင့် ချိုင့်ခွက်များရှိကြောင်း မည်သူမဆို ဝေဝေဝါးဝါး မြင်တွေ့နိုင်ပေသည်။
ယင်းက အနီရောင်လဖြစ်သည်။
အနီရောင်လသည် မြန်ဆန်သော အလျင်ဖြင့် လဝတ်ပြုဒေသကြီးဆီသို့ ပျံသန်းလာနေခြင်း ဖြစ်သည်။
လဝတ်ပြုဒေသကြီးထဲမှ တောင်တန်းများသည် တစ်တောင်ပြီးတစ်တောင် ပြိုကျပျက်စီးသွားကြသည်။ ကျောက်တုံးအပိုင်းအစများ၊ သစ်ပင်အကျိုးများ၊ အရာအားလုံးနှင့် အလောင်းတချို့သည်ပင် လေထဲသို့ အတိုင်းအတာတစ်ခုထိ မြှောက်တတ်သွားကြသည်။
ယခုအချိန်မှစ၍ သူတို့သည် ကောင်းကင်နှင့် မြေပြင်ကြားမှာ မျောလွင့်နေတော့လိမ့်မည်။
ဤသည်မှာ အနီရောင်လ၏ ဓာတ်ငွေ့ထုသက်ရောက်မှု ဖြစ်သည်။
ကြယ်ဂြိုလ်မှ ထုတ်လွှတ်နေသော ဓာတ်ငွေ့ထုသက်ရောက်မှုနှင့်အတူ ကြောက်စရာကောင်းသော ဖိနှိပ်အားသည် သက်ဆင်းလာသည်။ ယင်းက လဝတ်ပြုဒေသကြီးထဲမှ သက်ရှိအားလုံးကို အော်ဟစ်ညည်းညူသွားစေသည်။ သေမျိုးများ၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာများသည် ပေါ်လျှိုးထွက်လာကြသည်။ ကျင့်ကြံသူများသည်ပင် ယင်းကို မရှောင်လွှဲနိုင်ကြပေ။ ပြင်းထန်သော နာကျင်မှုကြောင့် သူတို့၏ အမူအရာသည် ရှုံ့မဲ့လာကြသည်။
ကျင့်ကြံခြင်းအဆင့်မြင့်မားသော ပုဂ္ဂိုလ်များနှင့် ကျိန်စာလျှော့ပေါ့ဆေးလုံးကို သောက်သုံးထားကြသော ကျင့်ကြံသူများသာလျှင် ဤအခိုက်အတန့်မှာ ကျိန်စာထကြွမှုကို ယာယီဖိနှိပ်ထားနိုင်ကြသည်။
ထို့ပြင် ယင်းက အစသာ ရှိသေး၏။
ကြယ်ဂြိုလ်က တဖြည်းဖြည်း ကြီးမားလာပြီး ကောင်းကင်တစ်ခွင်လုံး အစားထိုးသွားသည့်အခါ မြေပြင်သည် ပြိုကျပျက်စီးသွားပြီး အရာအားလုံးသည် လေထဲသို့ မြှောက်တတ်သွားလိမ့်မည်။ ထိုအခါကျလျှင် သက်ရှိအားလုံးသည် သေကျေပျက်စီးသွားကြလိမ့်မည်။
ရွှီချင်းနှင့် ခေါင်းဆောင်သည် လေထဲသို့ ပျံသန်းသွားကြပြီး မိုးကုပ်စက်ဝိုင်းဆီသို့ တည်ကြည်စွာ ကြည့်လိုက်ကြသည်။
သူတို့ချည်းသာ မဟုတ်ပေ။ ဤအခိုက်အတန့်မှာ လဝတ်ပြုဒေသကြီး၏ မျိုးနွယ်စုအသီးသီးမှ ပညာရှင်ကျင့်ကြံသူများသည် သူတို့၏ သက်ဆိုင်ရာ ဧရိယာများမှတဆင့် မိုးကုပ်စက်ဝိုင်းဆီသို့ ကြည့်ရှုနေကြသည်။
“ အနီရောင်လကို… သာမန်မျက်စိနဲ့ မြင်နိုင်တယ် ”
ရွှီချင်း၏ နှလုံးသည် လှုပ်ခါလာသည်။ သူ၏ အနီရောင်လအခွင့်အာဏာသည် ယခင်ကထက် သိသာစွာ ပိုအားကောင်းလာကြောင်း သူအာရုံခံမိသည်။
ဤသည်မှာ အနီရောင်လက အနားကပ်လာလေ သူ၏ အခွင့်အာဏာက ပိုပြီးအားကောင်းလာလေ ဖြစ်သည်။
“ ဂျူနီယာညီလး… ငါမင်းကို အရင်က ပြောထားတာ မှတ်မိလား… ကောင်းကင်ပေါ်မှာ အနီရောင်လကို ငါတို့မြင်နိုင်တဲ့အခါကျရင် ထွက်ခွာကြမယ်ဆိုတာလေ ”
“ ပုံမှန်ဆိုရင် ငါတို့ အခုသွားမယ့်နေရာကို မဝင်ရောက်နိုင်ဘူး… တကယ်လို့ အဲ့ဒါကို ငါတို့က ဖွင့်လှစ်ချင်တယ်ဆိုရင် အခြေအနေတချို့ လိုအပ်တယ်… အရေးကြီးဆုံးကတော့ အစိမ်းရောင်ဆံခြည်မျှင်က သွေးနီရောင်ပြောင်းလဲသွားရမယ် ”
“ ဒဏ္ဍာရီထဲမှာ ရေးထားတာက အစိမ်းရောင်သဲကန္တာရက ဆံခြည်မျှင်တစ်ပင်ကနေ ပြောင်းလဲဖြစ်ပေါ်လာတာတဲ့… အခုကြည့်စမ်း… အဲ့ဒါက သွေးနီရောင်မပြောင်းလဲသွားဘူးလား ”
လေထဲတွင် ခေါင်းဆောင်သည် သဲကန္တာရကို စိုက်ကြည့်နေလျက် လေးနက်သော လေသံဖြင့် ပြောသည်။
ရွှီချင်း၏ မျက်စိတစ်ဆုံးတွင် သူ့အောက်မှ သဲကန္တာရသည် အစိမ်းရောင်မဟုတ်တော့ပေ။ ယင်းက အနီရောင်လထံမှ သွေးနီရောင်အလင်း၏ သက်ရောက်မှုကြောင့် သွေးနီရောင်သို့ လုံးဝပြောင်းလဲသွားသည်။
“ ဒီညပဲ ထွက်ခွာကြရအောင် ”
ခေါင်းဆောင်သည် ရွှီချင်း၏ ပခုံးကို ပုတ်လိုက်ပြီး နူးညံ့စွာ ပြောသည်။