← Chapters

လေအစောင့်အရှောက်မျိုးနွယ်၏ ဇစ်မြစ်

Vol. 65 Ch. 1019

လေအစောင့်အရှောက်မျိုးနွယ်၏ ဇစ်မြစ်

Vol. 65 Ch. 1019

ကောင်းကင်ယံ၌ အနီရောင်လထွက်ပေါ်လာသည့် ညအချိန်တွင် အနက်ရောင်ဖြစ်လုနီးပါးရှိသော လေသည် အစိမ်းရောင်သဲကန္တာရထဲမှာ တိုက်ခတ်နေသည်။

ယင်းက အစိမ်းရောင်သဲကန္တာရထဲမှ ဒဏ္ဍာရီတချို့နှင့် အနည်းငယ် တူညီသည်။ ယင်းသည် မူလအစိမ်းရောင်လေက မြေပြင်ပေါ်မှ အနီရောင်ဖြင့် ပေါင်းစပ်သွားပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

သို့သော်လည်း အနီးကပ်သေချာကြည့်မည်ဆိုလျှင် ယင်းက ခရမ်းရောင်ဘက်သို့ ဦးတည်ပြောင်းသွားနေကြောင်း မြင်နိုင်လိမ့်မည်။

သဲမုန်တိုင်းထဲတွင် ရွှီချင်းနှင့် တခြားလူများသည် ဆေးဆိုင်ထဲမှ ထွက်ခွာလာကြသည်။

နင်ယန်နှင့် ဝူကျန်းဝူအပြင် လင်းအာ၊ ဝိညာဉ်သခင်မယုံကျင်းနှင့် လီယိုဖေးသည်လည်း သူတို့နှင့်အတူ လိုက်ပါလာကြသည်။

သူတို့ထဲတွင် ခေါ်ဆောင်ရအခက်ခဲဆုံးလူသည် ဝိညာဉ်သခင်မယုံကျင်းဖြစ်သည်။ ခေါင်းဆောင်က တစ်ဖက်လူကို မည်သို့မည်ပုံပြောလိုက်မှန်း မသိရသော်လည်း ယင်းက ခေါင်းဆောင်ကို အမြဲမုန်းတီးနေသော ဝိညာဉ်သခင်မယုံကျင်းကို သူတို့နောက်လိုက်ရန် အမှန်တကယ် သဘောတူစေခဲ့သည်။

ကြက်တူရွေးလေးသည်လည်း မလွတ်မြောက်ခဲ့ပေ။ ရွှီချင်းက ၎င်းကို အိမ်ရှေ့စံမင်းသားထံမှ ငှားယူခဲ့သည်။

ကြက်တူရွေးလေးသည် အစက ရွှီချင်းကို ငြင်းဆန်ချင်သည်။ သို့သော်လည် ရွှီချင်း၏ ညာလက်ကို မြင်တွေ့ပြီးနောက် ၎င်းက ထူးဆန်းစွာ သဘောတူလိုက်သည်။

အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည်တော့ ခေါင်းဆောင်၏ အစီအစဉ်တွင် မပါဝင်ကြပေ။ သူတို့ကိုသာ ထွက်သွားခွင့်ပြုကြသည်။

တစ်ချိန်တည်းမှာ ကောင်းကင်ပေါ်မှ အနီရောင်လက မြင်သာလာသည်နှင့်အမျှ ဓာတ်ငွေ့ထုစွမ်းအင်သက်ရောက်မှုသည် ပိုပြီးအားကောင်းလာသည်။ ယင်းက လဝတ်ပြုဒေသကြီးထဲမှ သက်ရှိအားလုံးကို ဖော်မပြနိုင်သော ဆင်းရဲဒုက္ခများကို တွေ့ကြုံခံစားရစေသည်။

မရေမတွက်နိုင်သော တောင်တန်းများသည် အစဉ်အမြဲ ပြိုကျပျက်စီးသွားကြသည်။ မြစ်ချောင်းများနှင့် ရေကန်များသည် ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားကြပြီး လေထဲမှာ မျောလွင့်နေကြသည်။

အထူးသဖြင့် သေမျိုးများ၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာလှုံ့ဆော်မှုသည် အဆမတန် ပိုပြီးအားကောင်းလာသည်။

အကယ်၍ တစ်စုံတစ်ယောက်က လဝတ်ပြုဒေသကြီးတစ်ခုလုံးကို ခြုံငုံကြည့်နိုင်မည်ဆိုလျှင် ရွာတိုင်းနှင့် မြို့တိုင်းမှာ သေခြင်းတရားနှင့် အဆုံးမဲ့သော အော်ဟစ်ညည်းတွားသံများဖြင့် ပြည့်နှက်နေကြောင်း မြင်နိုင်ကြားနိုင်လိမ့်ပေမည်။

သေဆုံးသွားကြသော ထိုသက်ရှိများ၏ ဝိညာဉ်များသည် လဝတ်ပြုဒေသကြီးထဲမှ မထွက်ခွာနိုင်ကြပေ။ သူတို့က ဘုရားကျောင်းထဲ၌ ပြန်စုဝေးသွားပြီး ဤကြေးချွန်သန့်စင်ဘုံထဲမှာ ထာဝရ အပြစ်ပေးခြင်းခံရလိမ့်ပေမည်။

အဆုံးမှာတော့ ရူးသွပ်မှုသည် ယာယီမျှသာ ဖြစ်သည်။ ဒေါသစိတ်ကုန်သွားသော စိတ်ပျက်အားငယ်မှုသည် ဝဲကတော့ကြီးတစ်ခုနှယ် အရာအားလုံးကို လျှပ်တစ်ပြက်အတွင်း ဝါးမျိုပစ်လိမ့်မည်။

ယင်းက မျိုးနွယ်စုတိုင်း၊ ဂိုဏ်းများနှင့် ကျင့်ကြံသူများအတွက်လည်း အတူတူပင်။

သူတို့အားလုံးသည် နီလာနတ်သမီး ဆင်းသက်လာမည့်အချိန်မှာ မွေးဖွားလာကြသည့် ကံဆိုးရှာသူများ ဖြစ်ကြသည်။

မည်သို့ဖြစ်ပါစေ နီလာနတ်သမီးသည် နှစ်ပေါင်းရာထောင်ချီကြာမြင့်ပြီးမှ တစ်ခါဆင်းသက်လာလေ့ ရှိသည်။ ယင်းက အတိအကျ ရက်စွဲမရှိပေ။ တစ်ခါတစ်ရံ အချိန်ပိုကြာမြင့်တတ်ပြီး တစ်ခါတစ်ရံ အချိန်ပိုတိုတောင်းတတ်သည်။ သို့ဖြစ်၍ နီလာနတ်သမီးကို မျက်မြင်တွေ့ရန် ထိုကာလတစ်လျှောက်လုံး အသက်ရှင်သန်နိုင်သူသည် များများစားစား မရှိပေ။

သူတို့ချည်းသာ စိတ်ပျက်အားငယ်နေကြခြင်းမဟုတ်ပေ။ အနီရောင်လဗိမာန်ကို မှီခိုအားထားနေကြသော အင်အားစုများပင် ရင်တမမဖြစ်နေကြသည်။

အဘယ့်ကြောင့်ဆိုသော် သမိုင်းမှတ်တမ်းများအရ ထိုအင်အားစုများ အသက်ရှင်သန်နိုင်ခြင်း မရှင်သန်နိုင်ခြင်းသည် နီလာနတ်သမီး၏ ဆာလောင်မှုအတိုင်းအတာပေါ်မှာ မူတည်နေသည်။

သို့ဖြစ်၍ အနီရောင်လထွက်ပေါ်လာသည့်အခိုက် စိတ်ပျက်အားငယ်မှုသည် ရူးသွပ်မှုအပေါ် အစားထိုးဝင်ရောက်လာပြီး လဝတ်ပြုဒေသကြီး၏ အဓိက တေးသွားတစ်ခုဖြစ်လာသည်။ ယင်းက လောကကြီးနှင့် ပေါင်းစပ်သွားပြီး အစိမ်းရောင်သဲကန္တာရထဲမှ လေထဲမှာ ပြန့်ကျဲသွားသည်။ ကန္တာရထဲမှ လေသည် တအင့်အင့်ညည်းသံနှင့်အတူ သက်ရှိများ၏ အပူပင်သောကများကို သယ်ဆောင်လျက် ရွှီချင်းနှင့် တခြားလူများ၏ နားထဲသို့ ပဲ့တင်ထပ်သွားသည်။

သဲကန္တာရထဲတွင် လောကကြီးသည် ဝေဝါးနေပြီး ရွှီချင်းနှင့် တခြားလူများ၏ ပုံရိပ်များကို မသဲမကွဲသာ မြင်နိုင်ပေသည်။

သူတို့၏ အနောက်တွင် ကျန်ရစ်နေခဲ့သော ခြေရာများသည် သဲလေဖြင့် မြန်ဆန်စွာ ပြန်ပြည့်သွားပြီး သဲလွန်စများက ဖျောက်ဖျက်ခံလိုက်ရသည်။

ခေါင်းဆောင်သည် အရှေ့ဆုံးမှ လျှောက်နေပြီး လမ်းပြနေသည်။

ရွှီချင်း၏ တည်နေရာသည် ခေါင်းဆောင်၏ အနောက်မှာ ဖြစ်သည်။

သူက အရှေ့သို့ ရွေ့လျားသွားနေစဉ် သူ၏ ဘေးပတ်ဝန်းကျင်မှ မြင်ကွင်းများကို အလိုအလျောက် စစ်ဆေးကြည့်ရှုနေသည်။ သူသည် ယခင်က ဤနေရာကို ရောက်ဖူးသည်။

အတိတ်တွင် အရိပ်လေးကို သူသွားကယ်ခဲ့စဉ်က ရွှီချင်းသည် ဤဧရိယာကို ဖြတ်ကျော်သွားခဲ့သည်။ အရှေ့သို့ နည်းနည်းဆက်သွားမည်ဆိုလျှင် လေအစောင့်အရှောက်မျိုးနွယ်ဝင်များနှင့် ပထမဆုံးအကြိမ် သူတွေ့ဆုံခဲ့သော နေရာဆီသို့ ရောက်ရှိသွားလိမ့်မည်ဖြစ်ကြောင်း သူမှတ်မိသည်။

“ ငါတို့လမ်းလျှောက်နေတာ လေးနာရီရှိသွားပြီ… နောက်ဆယ့်ငါးမိနစ်နေရင် ငါတို့ရဲ့ ဦးတည်ရာဆီ ရောက်လိမ့်မယ် ”

ခေါင်းဆောင်၏ အသံသည် လေနှင့်အတူ ပျံ့လွင့်လာပြီး သူ့အနောက်မှ ရွှီချင်းနှင့် တခြားလူများ၏ နားထဲသို့ ဝင်ရောက်သွားသည်။

“ လေအစောင့်အရှောက်မျိုးနွယ်လား ”

ရွှီချင်းက ရုတ်တရက် ပြောသည်။

ခေါင်းဆောင်သည် အနောက်လှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ မှောင်ရီနေသော သဲမုန်တိုင်းထဲမှာ ခေါင်းဆောင်၏ အမူအရာကို ရှင်းလင်းစွာ မမြင်နိုင်သော်လည်း သူ၏ မျက်လုံးထဲမှ အလင်းရောင်သည် အလွန်တောက်ပသည်။

“ ဟုတ်တယ်… ဂျူနီယာညီလေး… မင်းက ငါ့ကို ကောင်းကောင်းနားလည်တာပဲ… အခု ငါတို့သွားမယ့်နေရာက လေအစောင့်အရှောက်မျိုးနွယ်ရဲ့ ဧရိယာပဲ ”

“ ဂျူနီယာညီလေး… လေအစောင့်အရှောက်မျိုးနွယ်ရဲ့ ဒဏ္ဍာရီကို မင်းသိထားတယ်မလား ”

ခေါင်းဆောင်၏ လေးနက်သော အကြည့်သည် ရွှီချင်းအပေါ်သို့ ကျရောက်လာသည်။ ထို့နောက် သူက ရွှီချင်း၏ အနောက်မှ နင်ယန်နှင့် တခြားလူများကို ကြည့်လိုက်သည်။

နင်ယန်၊ ဝူကျန်းဝူနှင့် တခြားလူများသည် အဝတ်အစားများကို ထူထူထဲထဲ ဝတ်ဆင်ထားကြပြီး သူတို့၏ မျက်နှာနှင့် ဦးခေါင်းကို ဖုံးကွယ်ထားကြသည်။ သို့ဖြစ်၍ သူတို့သည် စိတ်ခံစားချက်မကောင်းကြပေ။

တကယ်တော့ သူတို့က လိုက်မလာချင်ကြပေ။ ဤတစ်ကြိမ် သူတို့သွားမည့် ဦးတည်ရာကိုပင် မသိထားကြပေ။

ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ လေအစောင့်အရှောက်မျိုးနွယ်၏ တာဝန်သည် ဤကန္တာရထဲမှ လေကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။ ယင်းက ဤမျိုးနွယ်၏ ထူးခြားမှုလည်း ဖြစ်သည်။

“ ဒီသဲကန္တာရမဖြစ်ပေါ်လာခင်မှာ အဲ့ဒီမျိုးနွယ်က မရှိခဲ့ဘူး ”

ခေါင်းဆောင်သည် လမ်းလျှောက်နေရင်း ပြောသည်။

“ တစ်ခါတုန်းက တည်ရှိမှုတစ်ခုနဲ့ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးက သဘောတူညီမှုတစ်ခုပေါ်မှာ အခြေခံပြီး ဒီမျိုးနွယ်ကို ဖန်တီးခဲ့တယ် ”

“ သူတို့က ဒီမျိုးနွယ်ကို ဖန်တီးခဲ့တဲ့အချိန်မှာ လေကို စောင့်ရှောက်ဖို့ တာဝန်ကိုပါ တစ်ခါတည်း ပေးအပ်ခဲ့တယ် ”

“ ဒါပေမဲ့ အဓိကဆိုရရင် ဒီမျိုးနွယ်ရဲ့ တာဝန်က တကယ်တော့ သော့တစ်ချောင်းပဲ ”

ထိုနေရာသို့ ရောက်သည့်အခါ ခေါင်းဆောင်သည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ရွှီချင်းကို လှည့်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ အတိတ်ကို လွမ်းဆွတ်သတိရခြင်းဖြင့် ပြည့်နှက်နေသည်။

“ အုပ်ချုပ်သူက နတ်ဘုရားကို သတ်ဖြတ်ခဲ့တဲ့ နေရာကို ဖွင့်လှစ်ဖို့ သော့တစ်ချောင်းပဲ ”

ရွှီချင်း၏ အကြည့်သည် အေးခဲသွားသည်။ တခြားလူများသည်လည်း ခေါင်းဆောင်၏ စကားကို ကြားသောအခါ အံ့ဩသွားကြသည်။

“ ချင်းလေး… နီလာနတ်သမီးက နတ်ဘုရားမဖြစ်လာခင် အုပ်ချုပ်သူရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတယ်လို့ ငါမင်းကို ပြောခဲ့ဖူးတယ်မလား ”

“ အဲ့ဒီအချိန်တုန်းက အုပ်ချုပ်သူက ကောင်းကင်ကို ဆေဘာဓားအဖြစ် အသုံးပြုပြီး မြေပြင်ကို ကွပ်မျက်စင်အဖြစ် အသုံးပြုခဲ့တယ်… သူက နီလာနတ်သမီးကို သတ်ဖြတ်ဖို့ နေနဲ့လရဲ့ ဆက်သွယ်မှုကို အသုံးပြုပြီး နတ်ဘုရားကွပ်မျက်စင်ကို ဖန်တီးခဲ့တယ် ”

သဲလေသည် တဟူးဟူး တိုက်ခတ်လာပြီး ခေါင်းဆောင်၏ ဝတ်ရုံကို တဖျပ်ဖျပ်လှုပ်ခါသွားစေသည်။ သူက မြေပြင်ကို လက်ညှိုးညွှန်ပြလိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။

“ ကွပ်မျက်စင်က ငါတို့ခြေဖဝါးအောက်မှာပဲ… အဲ့ဒါက အစိမ်းရောင်သဲကန္တာရရဲ့ အစားထိုးခံလိုက်ရတယ် ”

သူ၏ စကားဆုံးသွားသည်နှင့် လူတိုင်း၏ နှလုံးသည် တုန်လှုပ်လာသည်။ ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး သူ့ခြေဖဝါးအောက်မှ မြေပြင်ကို ကြည့်လိုက်သည်။

သဲလေသည် တဟူးဟူး တိုက်ခတ်နေပြီး တအင့်အင့်ညည်းသံသည် ပိုပြီးကျယ်လောင်လာသည်။ ခေါင်းဆောင်၏ အသံသည် လေနှင့်အတူ ရောထွေးနေပြီး ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာသည်။

“ နောက်ကျတော့ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်နဲ့ သူ့ရဲ့ အပေါင်းအဖော်က ပျက်စီးနေပြီဖြစ်တဲ့ နတ်ဘုရားကွပ်မျက်စင်နေရာကို ရှာတွေ့သွားကြတယ်… သူတို့က ဆန်းကြယ်တဲ့ အတတ်ပညာတစ်ခုကို အသုံးပြုလိုက်တဲ့အခါ နတ်ဘုရားကွပ်မျက်စင်က ပြန်ကောင်းမွန်လာနေတဲ့ လက္ခဏာတွေ ပြလာတယ်… တစ်ချိန်တည်းမှာ အဲ့ဒါက သဲမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေပြီး နတ်ဘုရားကွပ်မျက်စင်ကို ဖုံးကွယ်ဖို့အတွက် အရာအားလုံးကို ဝါးမျိုပစ်လိုက်ပြီး ချိပ်ပိတ်ပစ်လိုက်တယ် ”

“ အဲ့ဒါကို ဖွင့်လှစ်ဖို့ဆိုရင် အခြေအနေတချို့ လိုအပ်တယ်… ပထမ အခြေအနေကတော့ အနီရောင်လက ကောင်းကင်ပေါ်မှာ မြင်သာအောင် ထွက်ပေါ်လာပြီး အစိမ်းရောင်သဲကန္တာရက သွေးနီရောင် ပြောင်းသွားရမယ် ”

ခေါင်းဆောင်၏ အကြည့်သည် နက်ရှိုင်းပြီး သူ၏ လေးနက်သော အသံထဲမှာ လိုချင်တပ်မက်မှုဖြင့် ပြည့်နှက်နေသည်။

“ ဒုတိယ အခြေအနေကတော့ အစိမ်းရောင်သဲကန္တာရထဲက လေက အစိမ်းရောင်ကနေ အနက်ရောင်ကို ပြောင်းလဲသွားရမယ်… အဲ့ဒါက သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ဖြစ်ရမယ်… အတိအကျဆိုရရင် အနက်ရောင်လေ စတင်တိုက်ခတ်ပြီး ရှစ်နာရီအကြာမှာ ဖြစ်ရမယ် ”

“ အခု လေက ခရမ်းရောင်ဖြစ်နေတယ် ”

ခေါင်းဆောင်က ညာလက်ကို မြှောက်လိုက်လေရာ အဝါရောင်အလင်းသည် သူ၏ လက်ဖဝါးပေါ်ရှိ ပစ္စည်းတစ်ခုထံမှ ပေါ်လျှိုးလာသည်။ ယင်းက ခေါင်းဆောင်၏ ပေါက်စီလေးဖြစ်သည်။

အတုယောင်နေလုံးမှ ထုတ်လွှတ်နေသော အလင်းရောင်သည် အဝါရောင်ဖြစ်သည်။

နေလုံးသည် လေထဲသို့ မြှောက်တတ်သွားပြီး ကောင်းကင်ပေါ်ထိ ရောက်ရှိသွားသည်။ အဝါရောင်အလင်းသည် မြေပြင်ပေါ်သို့ ဖြာဆင်းကျလာပြီး အစိမ်းရောင်သဲလေနှင့် အနီရောင်သဲမြေဖြင့် ပေါင်းစပ်သွားသည်။

အရောင်သုံးရောင်၏ ထပ်ဆင့်လွှမ်းခြုံမှုက အနက်ရောင်ကို ဖြစ်ပေါ်လာစေသည်။

ချက်ချင်းပင် ဤဧရိယာတစ်ဝိုက်သည် အနက်ရောင်သို့ ပြောင်းလဲသွားပြီး အနက်ရောင်လေသည် အရပ်မျက်နှာအသီးသီးသို့ တိုက်ခတ်သွားသည်။

ဤအခိုက်အတန့်မှာ သေခြင်းအရှိန်အဝါသည် ပေါ်လျှိုးလာပြီး အလွန်သိပ်သည်းလာသည်။

နင်ယန်နှင့် တခြားလူများသည် အံ့ဩသွားကြသည်။ ဤတစ်ကြိမ် ခေါင်းဆောင်၏ စကားနှင့် အပြုအမူများမှတဆင့် သူသည် အလွန်အံ့ဖွယ်ကောင်းသော ကိစ္စကြီးတစ်ခုကို ပြုလုပ်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သူတို့ အာရုံခံမိကြသည်။

ရွှီချင်းသည် တည်ကြည်လေးနက်သော အမူအရာဖြင့် ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“ အခြေအနေက နှစ်ခုထက် ပိုတယ်မလား ”

ခေါင်းဆောင်သည် ရယ်မောလိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ သူက ကြေးနီဓားမြှောင်ရှစ်ချောင်းကို သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်ပြီး အရပ်မျက်နှာအသီးသီးသို့ ပစ်လွှတ်လိုက်သည်။

ချက်ချင်းပင် ဓားမြှောင်ရှစ်ချောင်းသည် ပြန့်ကျဲထွက်သွားကြသည်။ သို့သော်လည်း ယင်းတို့က သဲမြေထဲသို့ စိုက်မဝင်သွားကြပေ။ ယင်းအစား ဓားမြှောင်၏ ထိပ်ဖျားသည် အောက်ဘက်သို့ ညွှန်ပြနေလျက် လေထဲမှာ မျောလွင့်နေကြသည်။

ယင်းတို့က အနက်ရောင်လျှပ်စီးတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး မြန်ဆန်စွာ လှည့်ပတ်သွားကြသည်။ သို့သော်လည်း ယင်းတို့၏ လှည့်ပတ်မှုက မပြည့်စုံသော စက်ဝိုင်းတစ်ခုကိုသာ ဖြစ်ပေါ်လာစေသည်။

ထိုဓားမြှောင်များသည် လေအစောင့်အရှောက်မျိုးနွယ်၏ မြင့်မြတ်ရတနာများ ဖြစ်ကြသည်။ အတိတ်တွင် ယင်းတို့ကို ဆေးဆိုင်ဆီသို့ ပေးပို့လာပြီး အိမ်ရှေ့စံမင်းသား၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။ သိသာစွာပင် ခေါင်းဆောင်က ယင်းတို့ကို အိမ်ရှေ့စံမင်းသားထံမှ ငှားယူလာခဲ့ခြင်း ဖြစ်သည်။

ထိုသို့လုပ်ဆောင်ပြီးနောက် ခေါင်းဆောင်သည် ရွှီချင်းထံသို့ လက်ဖြန့်လိုက်သည်။

“ ချင်းလေး… အတိတ်တုန်းက လေအစောင့်အရှောက်မျိုးနွယ်ဆီကနေ မင်းယူသွားခဲ့တဲ့ ဓားမြှောင်ကို ငါ့ကို ငှားပါ ”

ရွှီချင်းသည် တုံ့ဆိုင်းခြင်းမရှိပေ။ သူက သိုလှောင်အိတ်ထဲမှ ဓားမြှောင်ကို ထုတ်ယူလိုက်ပြီး ခေါင်းဆောင်ဆီသို့ ပစ်ပေးလိုက်သည်။ ခေါင်းဆောင်သည် ချိပ်တံဆိပ်လက်သင်္ကေတများကို တရစပ် ဖွဲ့စည်းလိုက်ပြီး အရှေ့သို့ ညွှန်လိုက်သည်။

ချက်ချင်းပင် ဓားမြှောင်သည် မပြည့်စုံ‌သော စက်ဝိုင်းဆီသို့ ဦးတည်ပျံသန်းသွားသည်။ ယင်းက လစ်ဟနေသော နေရာဆီသို့ ကျရောက်သွားသည့်အခိုက် အနက်ရောင်လျှပ်စီးသည် ပျံ့လွင့်ထွက်လာပြီး ပေတစ်သောင်းကျယ်ဝန်းသော စက်ဝိုင်းကြီးတစ်ခုက ဓားမြှောင်များကို ဗဟိုပြု၍ လေထဲမှာ ထွက်ပေါ်လာသည်။

အနက်ရောင်လျှပ်စီးထဲမှာ မရေမတွက်နိုင်သော မှော်သင်္ကေတများဖြင့် ပြည့်နှက်နေသည်။ ယင်းတို့က စာလုံးများနှင့် ဆင်တူသော်လည်း လူအနည်းစုသာလျှင် ယင်းတို့ကို မှတ်မိကြလိမ့်မည်။

“ လေအစောင့်အရှောက်မျိုးနွယ်… သွေးမျိုးစက်သဘောတူညီမှုကို နာခံပြီး ထွက်လာကြစမ်း… ”

ခေါင်းဆောင်သည် မြေပြင်ကို ကြမ်းတမ်းစွာ ဖနောင့်ပေါက်လိုက်သည်။

အနက်ရောင်လေသည် တဟူးဟူး တိုက်ခတ်လာပြီး မြင့်မြတ်ရတနာ ဓားမြှောင်ကိုးချောင်းသည် တဝီဝီမြည်လာကြသည်။ ယင်းက ခေါင်းဆောင်၏ အသံကို ပိုပြီးကျယ်လောင်သွားစေပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားစေသည်။ ယင်းက သဲကန္တာရ၏ အောက်ခြေထိပင် ရောက်ရှိသွားသည်။

များမကြာမီ အရေအတွက်များပြားသော ဝဲကတော့များသည် ပေတစ်သောင်းစက်ဝိုင်းကြီး၏ အပြင်ဘက် သဲကန္တာရထဲမှာ ထွက်ပေါ်လာကြသည်။

ဝဲကတော့များသည် အရွယ်အစားစုံလင်ပြီး အရေအတွက် တစ်ထောင်ထက်မနည်းပေ။ ယင်းတို့က ပေတစ်သောင်းစက်ဝိုင်းကြီးကို ဘေးပတ်ပတ်လည်မှ ဝိုင်းရံထားကြသည်။ ဝဲကတော့များက လှည့်ပတ်လာသည့်အခါ လေအစောင့်အရှောက်မျိုးနွယ်ဝင်များသည် ဝဲကတော့ထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။

တူညီသော စက်ဝိုင်းသည် မျိုးနွယ်ဝင်တိုင်း၏ နဖူးပေါ်မှာ ထွက်ပေါ်လာကြသည်။ ယင်းက လေထဲမှ စက်ဝိုင်းကြီးကို တုံ့ပြန်နေပြီး တလက်လက် တောက်ပနေသည်။

ပေတစ်သောင်းစက်ဝိုင်းကြီးနှင့် အနီးဆုံးမှာရှိသော ပုဂ္ဂိုလ်သည် လေအစောင့်အရှောက်မျိုးနွယ်ဘိုးဘေးမှလွဲ၍ တခြားလူမဟုတ်ပေ။ သူက ရွှီချင်းနှင့် တခြားလူများကို အထူးအဆန်းသဖွယ် ကြည့်နေသည်။ တစ်ချိန်တည်းမှာ သူ၏ အမူအရာသည်လည်း အစဉ်အမြဲ ပြောင်းလဲနေသည်။

တခြားမျိုးနွယ်ဝင်များသည်လည်း ထို့အတူပင်။ မျိုးနွယ်ဝင်တိုင်းသည် လေထဲမှ ပေတစ်သောင်းစက်ဝိုင်းကြီးကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။ ဤအခိုက်အတန့်မှာ သူတို့၏ နှလုံးသည် ပရမ်းပတာ လှုပ်ခါလာသည်။

“ ဒီရိုးရာဓလေ့က… ”

လေအစောင့်အရှောက်မျိုးနွယ်ဘိုးဘေး၏ နှလုံးသည် တုန်လှုပ်လာသည်။

ထိုရိုးရာဓလေ့သည် သူတို့မျိုးနွယ်၏ သွေးမျိုးစက်မှတ်တမ်းထဲမှာ အဆင့်အမြင့်ဆုံး ရိုးရာဓလေ့ ဖြစ်သည်။ ယင်းက အပြင်လူများ မသိကြသော သူတို့မျိုးနွယ်၏ အဓိကတာဝန်လည်း ဖြစ်သည်။

လေကို ကာကွယ်… ကန္တာရကို စောင့်ရှောက်… အနက်ရောင်လေထဲမှာ လူတစ်ယောက်ထွက်ပေါ်လာမယ့်နေ့ကို စောင့်ဆိုင်း…

ထိုလူထွက်ပေါ်လာသည့်အခိုက် စက်ဝိုင်းတစ်ခုသည် မြေပြင်ထက်မှာ ထွက်ပေါ်လာလိမ့်မည်။ ထိုအခါ သူတို့၏ သွေးမျိုးစက်သည် တုံ့ပြန်လာပြီး သူတို့၏ နဖူးပေါ်မှာ ရိုးရာအစီအရင်တစ်ခု ထွက်ပေါ်လာလိမ့်မည်။

ယင်းက သူတို့မျိုးနွယ် တည်ရှိနေရသော အဓိပ္ပာယ်ဖြစ်သည်။

သို့သော်လည်း သူ၏ အိမ်မက်ထဲမှာပင် လေအစောင့်အရှောက်မျိုးနွယ်ဘိုးဘေးသည် နှစ်ပေါင်းမြောက်များစွာကြာအောင် စောင့်ဆိုင်းနေခဲ့သော မျိုးနွယ်တာဝန်က ယနေ့မှာ ထွက်ပေါ်လာလိမ့်မည်ဟု လုံးဝ သူမမျှော်လင့်ထားခဲ့ပေ။

ထို့ပြင် ထွက်ပေါ်လာသည့် လူသည် ဆေးဆိုင်ထဲမှ ကျင့်ကြံသူဖြစ်နေသည်။

ယင်းက သူ၏ စိတ်ကို အကြီးအကျယ် လှုပ်ခါသွားစေသည်။

“ ချင်းလေး… အဲ့ဒီနေရာကို ဖွင့်လှစ်ဖို့ တတိယ အခြေအနေက လေအစောင့်အရှောက်မျိုးနွယ်ပဲ ”

“ ရှေးခေတ်ကနေ လက်ရှိအချိန်ထိ အနက်ရောင်လေတိုက်ခတ်တဲ့နေ့မှာ ထွက်ပေါ်လာဖူးတဲ့ ဒီမျိုးနွယ်က မျိုးနွယ်ဝင်တိုင်းကို လိုအပ်တယ် ”

ခေါင်းဆောင်သည် လေအစောင့်အရှောက်မျိုးနွယ်ဘိုးဘေးကို စိုက်ကြည့်နေလျက် တည်ငြိမ်စွာ ပြောသည်။

ဘိုးဘေးသည် ခန္ဓာကိုယ်တုန်ယင်လာသည်။ သူ့သွေးမျိုးစက်၏ ပရမ်းပတာ လှုပ်ခတ်မှုကြောင့် သူက ချက်ချင်း ခေါင်းငုံ့လိုက်ပြီး အမြန်ပြောသည်။

“ နတ်ဘုရားအမိန့်တော်ကို လိုက်နာပါတယ် ”

သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ ဝဲကတော့လေးခုသည် အဖြူရောင်သို့ ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာ မျိုးနွယ်ဝင်လေးယောက်သည် ဝဲကတော့ထဲမှ ထွက်ပေါ်လာကြသည်။

သူတို့သည် ယောင်္ကျားမိန်းမများဖြစ်ပြီး အသက်အရွယ် မတူညီကြချေ။ သို့သော်လည်း သူတို့၏ ဆံပင်၊ မျက်ခုံးနှင့် မျက်လုံးသည် တစ်ပုံစံတည်း တူညီကြသည်။ ထိုအရာအားလုံးသည် အဖြူရောင်ဖြစ်ကြသည်။

ထိုသို့မျိုးနွယ်ဝင်များသည် လေအစောင့်အရှောက်မျိုးနွယ်ထဲမှာ ထူးခြားသော အဆင့်အတန်း ရှိကြသည်။ သူတို့သည် မွေးဖွားလာသည့်အချိန်မှစ၍ သေဆုံးသွားသည်ထိတိုင်အောင် မျိုးနွယ်၏ ကာကွယ်စောင့်ရှောက်ပေးမှုကို ခံကြရလိမ့်မည်။

လေအစောင့်အရှောက်မျိုးနွယ်၏ တာဝန်ထဲမှာ မည်သည့်အချိန်၌မဆို ထိုသို့မျိုးနွယ်ဝင်များသည် သုံးယောက်ထက်မနည်း တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း ရှိနေရမည်။

“ ပြီးတော့ ဦးခေါင်းခွံတွေရောပဲ ”

ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် လေထဲသို့ မြှောက်တတ်သွားပြီး လေးနက်သော အသံဖြင့် ပြောသည်။

လေအစောင့်အရှောက်မျိုးနွယ်ဘိုးဘေးသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။ မကြာမီ အနက်ရောင်ဦးခေါင်းခွံကိုးခုကို သူတို့မျိုးနွယ်၏ နယ်မြေထဲမှ ဂရုတစိုက် သယ်ထုတ်လာကြသည်။ မျိုးနွယ်ဝင်ကိုးယောက်သည် ဦးခေါင်းခွံကိုးခုကို တစ်ယောက်တစ်ခုစီ သယ်ဆောင်လျက် လေထဲမှာ မျောလွင့်နေသော ဓားမြှောင်များအောက်တွင် ချထားလိုက်ကြသည်။

“ ချင်းလေး… အုပ်ချုပ်သူရဲ့ နတ်ဘုရားကွပ်မျက်စင်က အဲ့ဒီကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြောင့် ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားပြီး အစိမ်းရောင်သဲကန္တာရထဲက လေထဲမှာ ဖုံးကွယ်ခံထားရတယ်… လေအစောင့်အရှောက်မျိုးနွယ်ဝင်တွေရဲ့ မှတ်ဉာဏ်တွေကပဲ အဲ့ဒါကို ပြန်ဖွင့်လှစ်နိုင်တယ် ”

“ အခု ယဇ်ပူဇော်တာ စမယ် ”

All Chapters