အတိတ်တုန်းက မျက်နှာ
Vol. 65 Ch. 1021
တောက်ပသော လောကကြီးထဲဝယ် ဆေဘာဓားသဖွယ် တောင်တန်းပေါ်မှာ အုပ်စုတစ်စုသည် မြန်ဆန်စွာ ရွေ့လျားနေကြသည်။
ခေါင်းဆောင်သည် အရှေ့ဆုံးမှာဖြစ်ပြီး ရွှီချင်းသည် ခေါင်းဆောင်၏ အနောက်မှာ ရှိသည်။ သူ့အနောက်တွင် ဝူကျန်းဝူ၊ ဝိညာဉ်သခင်မယုံကျင်း၊ လီယိုဖေးနှင့် နင်ယန်က အစဉ်လိုက် လိုက်ပါလာကြသည်။
သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ပေတစ်ရာစီခွာ၍ လျှောက်လှမ်းနေကြသည်။ ထူထဲသော အနက်ရောင်မြူခိုးသည် သူတို့တစ်ဦးချင်းစီကို လွှမ်းခြုံထားသည်။ သို့ဖြစ်၍ သူတို့သည် အပြင်လောကကို အာရုံမခံနိုင်ကြသလို တစ်ယောက်နှင့်တစ်ယောက်လည်း မမြင်နိုင်ကြပေ။
ရွှီချင်းသည် မီးထွန်းထားသော အပြာရောင်ဖယောင်းတိုင်ကို ကိုင်ထားလျက် ဖယောင်းတိုင်မှ ထုတ်လွှတ်နေသော အနက်ရောင်မြူခိုးထဲမှာ ရှိနေသည်။ သူက သတိကြီးစွာထား၍ အရှေ့သို့ ဖြေးဖြေးမှန်မှန် လျှောက်သွားနေသည်။
အကယ်၍ ခေါင်းဆောင်သာ သူ့ကို ဖယောင်းတိုင်က မီးငြိမ်းသွား၍မဖြစ်ကြောင်း သတိမပေးခဲ့လျှင် အဆင်ပြေလိမ့်မည်။ သို့သော်လည်း ထိုသို့သတိပေးမှုကြောင့် ရွှီချင်းသည် အတိတ်တုန်းက အတွေ့အကြုံဟောင်းများကို ပြန်အမှတ်ရသွားသည်။
သို့ဖြစ်၍ သူက ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းအခြေခံကို အမြန်လှည့်ပတ်လိုက်သည်။ ဤအခိုက်အတန့်မှာ ရွှီချင်းသည် အနီရောင်လအခွင့်အာဏာအား အသုံးမပြုရဘူးဟူသော အိမ်ရှေ့စံမင်းသားနှင့် သူ၏ သဘောတူညီမှုကို လျစ်လျူရှုထားလိုက်သည်။
အနီရောင်လအခွင့်အာဏာကို သူ၏ တစ်ကိုယ်လုံးမှာ ဖြန့်ကြက်ထားရုံသာမက ရွှီချင်းသည် တားမြစ်အဆိပ်ကို သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ ထုတ်လွှတ်ထားသည်။
ထို့ပြင် ကျောက်ရှာအလင်းသည်လည်း သူ၏ ဘေးပတ်ပတ်လည်မှာ စီးဆင်းနေသည်။
သူက မည်သည့်အချိန်၌မဆို ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကို ရင်ဆိုင်ရန် အသင့်ပြင်ထားသည်။
ဤအခိုက်အတန့်မှာ သူ၏ ကော်လံအောက်မှာရှိသော လင်းအာသည် ခန္ဓာကိုယ်ကို လှုပ်ယမ်းလိုက်သည်။ သူက ဂရုတစိုက် ခေါင်းတိုးထွက်လာပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။
“ အကိုရွှီချင်း… ဒီနေရာက ရှေးဟောင်းဝိညာဉ်လောကနဲ့ နည်းနည်း ဆင်တယ်… ဒီမှာ ဝိညာဉ်တွေ အများကြီးပဲ ရှိတယ်… ဒါပေမဲ့ ရှေးဟောင်းဝိညာဉ်လောကထဲက ဝိညာဉ်အများစုက သီးခြားသက်ရှိတွေ ဖြစ်ကြတယ်… ဒီနေရာက ဥပဒေသတချို့ကို ပိုင်ဆိုင်ထားတဲ့ပုံပဲ… ဒီက မရေမတွက်နိုင်တဲ့ ဝိညာဉ်တွေက အတူတကွ ပေါင်းစပ်နိုင်ကြတယ် ”
“ သူတို့တွေ တီးတိုးပြောနေတာကို ညီမ မသဲမကွဲ ကြားနေရတယ်… သူတို့က တစ်ခုခုပြောနေတဲ့ပုံပဲ… ဒါပေမဲ့ အသေးစိတ်ကိုတော့ ညီမ မကြားရဘူး… ဒါပေမဲ့ သူတို့တွေက ညီမတို့ကို စောင့်ကြည့်နေတယ်လို့ ခံစားမိတယ် ”
လင်းအာသည် တိုးတိုးလေးပြောသည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး ခပ်မြန်မြန် လျှောက်လိုက်သည်။ သို့သော်လည်း ဖယောင်းတိုင်မှ ထုတ်လွှတ်နေသော အနက်ရောင်မြူခိုးက သူ၏ အမြင်အာရုံကို ပိတ်ဆို့ထားသောကြောင့် သူ့အရှေ့မှ ခေါင်းဆောင်ကို သူမမြင်နိုင်ပေ။
သူ့အနောက်မှ တခြားလူများကိုလည်း သူအာရုံမခံနိုင်ပေ။
အရိပ်လေးသည် ဤနေရာမှာ ဖိနှိပ်ခံထားရပြီး အပြင်သို့ မဖြန့်ကြက်နိုင်ပေ။
လင်းအာသည်သာ ရှေးဟောင်းဝိညာဉ်မျိုးနွယ်၏ အထူးစွမ်းရည်ကြောင့် ဤနေရာကို အနည်းအကျဉ်း အာရုံခံနိုင်ဟန် ရသည်။
“ လင်းအာ… ငါ အပြင်ဘက်ကို အာရုံမခံနိုင်ဘူး… ငါ့ခြေထောက်အောက်က လမ်းကြောင်းကိုပဲ မသဲမကွဲ မြင်နိုင်တယ်… ဒီတော့ ဘေးပတ်ဝန်းကျင်ကို မင်း အာရုံခံပေးနိုင်မလား ”
ရွှီချင်းသည် စိတ်ထဲမှ ပြောလိုက်သည်။
“ အင်း… အဲ့ဒါက ဝေဝါးနေတယ်ဆိုရင်တောင် ဘေးပတ်ဝန်းကျင်မှာ အားလုံးက ပုံမှန်အတိုင်းပဲ ရှိနေတယ်ဆိုတာ ညီမ အာရုံခံနိုင်တယ်… အားလုံးက သက်ဆိုင်ရာ မြူခိုးတွေထဲကနေ အရှေ့ကို ဦးတည်သွားနေကြတယ်… အကို့ရဲ့ အရှေ့ပေတစ်ရာအကွာမှာ စီနီယာအကိုအားညိုရှိတယ်… အကို့ရဲ့ အနောက်မှာတော့ ကျန်းကျန်းကြီး ရှိတယ် ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး တောင်တန်းတစ်လျှောက် အရှိန်တင်လိုက်သည်။
ထိုသို့ဖြင့် သူတို့ခြောက်ယောက်၏ အလျင်သည် တဖြည်းဖြည်း မြန်ဆန်လာသည်။ သူတို့တစ်ဦးချင်းစီသည် အာရုံစိုက်ထားကြပြီး အလွန်အမင်း သတိထားနေကြသည်။ ဝိညာဉ်သခင်မယုံကျင်းသည် ကျင့်ကြံခြင်းအဆင့် မြင့်မားသော်လည်း ဤအခိုက်အတန့်မှာ လုံးဝသတိမပေါ့ဆဝံ့ချေ။
ဤထူးဆန်းသော လောကကြီးထဲမှာ လေထဲမှ လူသားအရေပြားမီးအိမ်များနှင့် အသူရာချောက်နက်ထဲမှ ဟိန်းသံများအပြင် ပြင်းထန်သော တောင်လေတိုက်ခတ်ခြင်းလည်း ရှိသေး၏။
ထိုလေသည် အံ့ဖွယ်ကောင်းပြီး ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒပါရှိသည်။ ယင်းက တစ်စုံတစ်ယောက်ကို ဦးရေပြား စပ်ဖျင်းဖျင်း ခံစားမိသွားစေလိမ့်မည်။
လေသည် တောင်တန်းတစ်လျှောက် ဖြတ်သန်းတိုက်ခတ်နေပြီး လူတိုင်း၏ မြူခိုးပေါ်သို့ ကျရောက်လာသည်။ မြူခိုးက ပရမ်းပတာ လှုပ်ယမ်းလာသည့်အခါ အဆုံးမဲ့သော အေးစက်မှုသည် လူတိုင်း၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ ဤသည်မှာ ရှည်လျားသော ဆေဘာဓားများက သူတို့အနားမှ ဖြတ်သန်းသွားသည့်အလား ခံစားရမိသည်။
လေတိုးဝှေ့လာသည့်အခါတိုင်း ပြင်းထန်သော အန္တရာယ်အရှိန်အဝါသည် လေထဲမှာ ကိန်းဝပ်နေလေ့ ရှိသည်။ ယင်းက တစ်စုံတစ်ယောက်၏ အသိစိတ်ကို မတည်မငြိမ်ဖြစ်စေသည်။ ဤသည်မှာ လေက တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းကို လျစ်လျူရှုနိုင်ပြီး ဝိညာဉ်ကို တိုက်ရိုက် သုတ်သင်ပစ်နိုင်ဟန် ရသည်။
“ လေက ခပ်ကြမ်းကြမ်း တိုက်နေပြီ… မင်းတို့တွေ ဖယောင်းတိုင်ကို သေချာဆုပ်ကိုင်ထားကြပါ… မင်းတို့ရဲ့ ဝိညာဉ်စွမ်းအားကို အာရုံစိုက်ထားပါ ”
ခေါင်းဆောင်၏ နက်ရှိုင်းသော အသံသည် လေနှင့်အတူ မြည်ဟိန်းထွက်လာပြီး သူ့အနောက်မှ မြူခိုးဘောလုံးများဆီသို့ ကျရောက်သွားသည်။
“ လေက အသူရာချောက်နက်ထဲက ဟိန်းသံတွေကို ပိုပြီးရှင်းရှင်းလင်းလင်း ကြားနိုင်စေလိမ့်မယ်… အဲ့ဒီအသံတွေက အတိုင်းအတာတစ်ခုထိ စုဝေးသွားရင် ရင်းနှီးကျွမ်းဝင်တဲ့ အသံတွေအဖြစ် ပြောင်းလဲသွားလိမ့်မယ် ”
“ ဒီနေရာက မှတ်ဉာဏ်တွေထဲမှာ ဖုံးကွယ်ခံထားရတဲ့နေရာပဲ… ဒါကြောင့် ဒီနေရာထဲကို ငါတို့ဝင်ရောက်လာတာနဲ့ချက်ချင်း ဒီနေရာက ငါတို့မှတ်ဉာဏ်တွေထဲက တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မယ် ”
“ အပြန်အလှန်အနေနဲ့ ငါတို့ရဲ့ တည်ရှိမှုတွေကို ဒီလောကကြီးက မှတ်မိနေလိမ့်မယ် ”
“ ပြီးတော့ လမ်းတစ်လျှောက်မှာ ငါတို့ရဲ့ ကိုယ်ပိုင်မှတ်ဉာဏ်တွေက ဒီနေရာနဲ့ တကယ်ပေါင်းစပ်သွားလိမ့်မယ်… ဒီတော့ ကြားရတဲ့ အသံတွေက တစ်ယောက်နဲ့တစ်ယောက် တူညီကြမှာ မဟုတ်ဘူး… အဲ့ဒီအသံတွေက လူတစ်ယောက်ရဲ့ ကိုယ်ပိုင်နှလုံးသားထဲက ဆန္ဒတွေကနေ ဖြစ်ပေါ်လာတာပဲ ”
“ မှတ်ထားပါ… အသံအားလုံးက အလိမ်အညာတွေပါ… အဲ့ဒါတွေကို မယုံကြည်နဲ့… ပြီးတော့ ဘယ်တော့မှ နောက်လှည့်မကြည့်နဲ့ ”
ခေါင်းဆောင်က ထိုစကားများကို ပြောလိုက်သည့်အခါ သူ၏ အသံသည် ပြတ်တောင်းပြတ်တောင်း ဖြစ်လာပြီး တဖြည်းဖြည်း တိုးညင်းသွားသည်။ ထိုစဉ် လေးပတ်ဝန်းကျင်မှ လေသည် အပြင်းအထန် တိုက်ခတ်လာသည်။ တစ်ချိန်တည်းမှာ အသူရာချောက်နက်ထဲမှ ဟိန်းဟောက်သံများသည် ပိုပြီးကျယ်လောင်လာသည်။
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး သူ့အရှေ့မှ မြူခိုးထုကို ကြည့်လိုက်သည်။ သူက မေးခွန်းတစ်ခုကို စဉ်းစားနေခြင်း ဖြစ်သည်။
ခေါင်းဆောင်သည် လေထဲမှာ ဖြစ်ပေါ်လာသော အသံများကို မယုံကြည်ရန် မှာကြားသွားခဲ့သည်။ သို့ဆိုလျှင် ခေါင်းဆောင်၏ စကားများကိုရော ယုံကြည်နိုင်ပါ့မလား။
အကယ်၍ ယင်းက တကယ်ပဲ ခေါင်းဆောင်၏ စကားများဆိုလျှင် မည်သို့ကြောင့် သူက အစောကြီးကတည်းက ကြိုမပြောခဲ့သနည်း။
ထပ်ပေါင်းဆိုရလျှင် အကယ်၍ ယင်းက တကယ်ပဲ ခေါင်းဆောင်၏ စကားများဆိုလျှင် ယခုအချိန်ကျမှ သူတို့ကို ပြောကြားရခြင်းသည် သတိပေးခြင်းသက်သက်မဟုတ်ဘဲ တခြားအကြောင်းအရင်းများ ရှိနေမည်လော။
ရွှီချင်းက စကားပြောရန် ပြင်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ထိုအတွေးကို သူက ပယ်ဖျောက်လိုက်သည်။ ထိုအသံက အတုဖြစ်သည် အစစ်ဖြစ်သည် အရေးမကြီးပေ။ အကယ်၍ သူက ထိုအသံကို တုံ့ပြန်လိုက်မည်ဆိုလျှင် ယင်းက ကမ္မတစ်ခု ဖြစ်လာလိမ့်မည်။
ယခုအချိန်မှာ အရေးကြီးဆုံးသည် သူ့ခြေထောက်အောက်မှ လမ်းကြောင်းအတိုင်း ဆက်လျှောက်သွားရန် ဖြစ်သည်။
ထိုသို့အတွေးကြောင့် ရွှီချင်း၏ အကြည့်သည် တည်ငြိမ်သည်။ သူက ယခင် ခြေလှမ်းများအတိုင်း တောင်တန်းပေါ်သို့ ဆက်လက် လျှောက်သွားသည်။
မကြာမီ ဆယ့်ငါးမိနစ် ကုန်ဆုံးသွားသည်။ သူတို့အုပ်စုသည် ခရီးတစ်ဝက်ကျိုးလာပြီ ဖြစ်သည်။ ထို့အတူ အစောနက ခေါင်းဆောင်၏ သတိပေးမှုသည် အမှန်တကယ် ဖြစ်ပေါ်လာသည်။
မတူညီသော အသံများသည် သူတို့၏ နားထဲမှာ ထွက်ပေါ်လာကြသည်။
ရွှီချင်းသည် ခေါင်းဆောင်လဲ့၏ အသံကို ကြားသည်။ ထို့အတူ ဆရာသခင်ပိုင်၊ သတ္တမသခင်ကြီးနှင့် နတ်မိမယ်ကျစ်ရွှမ်း၏ အသံများကိုလည်း သူကြားမိသည်။ သူ့မိဘများ၏ အသံနှင့် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ အော်ခေါ်သံကိုပင် သူကြားရသည်။
ရွှီချင်းသည် တည်တည်ငြိမ်ငြိမ် ဆက်ရှိနေဆဲပင်။ ဤကဲ့သို့ အခြေအနေမျိုးမှာ မည်သူမှ နောက်လှည့်ကြည့်ရန် ရွေးချယ်လိမ့်မည်မဟုတ်ကြောင်း သူတွေးမိသည်။ သူက အရှေ့သို့ ဆက်လျှောက်သွားနေစဉ် လင်းအာ၏ လည်ပင်းကို ညင်သာစွာ ဖိပေးလိုက်ပြီး စိတ်မပျံ့လွင့်အောင် ပြုလုပ်ပေးလိုက်သည်။
ဝိညာဉ်သခင်မယုံကျင်းက မည်သည့်အသံကို ကြားနေရမှန်း မသိနိုင်သော်လည်း သူက အမူအရာကင်းမဲ့စွာ ဆက်ရှိနေဆဲပင်။ သူ၏ ခြေလှမ်းသည် နည်းနည်းလေးမှ နှေးကွေးမသွားခဲ့ပေ။
လီယိုဖေးသည် သူ၏ အသက်အရွယ်ကြောင့် အတွေ့အကြုံများစွာရှိသူ ဖြစ်သည်။ အတိတ်တွင် သူက ရွှီချင်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ် ဉာဏ်နီဉာဏ်နက်များကို အသုံးပြုခဲ့သည်။ သို့ဖြစ်၍ ထုံးစံအားဖြင့် သူက ဉာဏ်များသူ ဖြစ်သည်။ သူက သူ့နှလုံးသားထဲမှ လိုအင်ဆန္ဒများကို ဖိနှိပ်ထားနိုင်ပြီး ထိုအသံများကို လျစ်လျူရှုထားနိုင်သည်။
ဝူကျန်းဝူသည်တော့ လေထဲမှာ ယွင်ရှ၏ အော်ခေါ်သံကို ကြားနေရသည်။ ဤသည်မှာ ယွင်ရှက သူ၏ အနောက်မှာ ထွက်ပေါ်လာပြီး သူ့ကို လှမ်းခေါ်နေဟန် ရသည်။
ထိုရုတ်တရက် အဖြစ်အပျက်က ဝူကျန်းဝူကို အံ့ဩသွားစေသည်။ သို့သော်လည်း အတိတ်တွင် တစ်ဖက်လူက သူ့အား စိတ်ဓာတ်ပြတ်သားစွာ လျစ်လျူရှုခဲ့ကြောင်း ပြန်အမှတ်ရသွားသောအခါ သူက နှာခေါင်းရှုံ့လိုက်ပြီး ထိုအသံကို လျစ်လျူရှုထားလိုက်သည်။ ထို့နောက် သူက ခပ်မြန်မြန် လျှောက်လိုက်သည်။
ထို့နောက် သူက ဂုဏ်သိက္ခာကြီးမားပြီး အလွန်နက်ရှိုင်းသော အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။ ထိုအသံက ရှေးခေတ်ကာလမှ ဆင်းသက်လာဟန်ရပြီး ရှေးဘုရင်ရွှမ်ယုံအပေါ် သူ၏ နားလည်သဘောပေါက်မှုနှင့် လုံးဝ လိုက်ဖက်ညီနေသည်။
“ ကောင်းကင်ဘုံကိုးခုက အတိတ်ကို ပြန်လည်သတိရတယ်… အသူရာချောက်နက်ဆယ်ခုထဲက မြူခိုးတွေက အတိတ်နဲ့ ပစ္စုပ္ပန်ကို လွှမ်းခြုံပစ်လိုက်တယ် ”
ဝူကျန်းဝူသည် နှလုံးခုန်မြန်လာသည်။ သူက ချက်ချင်း အနောက်လှည့်ပြီး ကြည့်ချင်လာသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ တစ်စုံတစ်ခု လွဲမှားနေကြောင်း သူခံစားမိလာသည်။ ထိုကဗျာက အဓိပ္ပာယ်မရှိကြောင်း သူခံစားမိသည်။ ကာရံသည်လည်း လုံးဝမှားယွင်းနေသည်။ ကဗျာသည် ကြီးကျယ်ခမ်းနားပြီး အစွမ်းကြီးမားဟန် အောက်မေ့ရသော်လည်း အမှန်မှာ ယင်းက ပေါက်ကရကဗျာသာ ဖြစ်သည်။
သို့ဖြစ်၍ သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားသည်။
နောက်ဆုံးမှာတော့ နင်ယန်၏ အလှည့်ဖြစ်သည်။ သူက အသံများစွာကို ကြားခဲ့ရသော်လည်း မည်သည့်အပြောင်းအလဲမှ မဖြစ်ပေါ်ခဲ့ပေ။ ယင်းက နောက်ဆုံးအသံကို မကြားရခင်အထိ ဖြစ်သည်။
“ သားတော်… ”
နင်ယန်၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။ သို့သော်လည်း ခေါင်းဆောင်၏ စကားသံများကို ပြန်တွေးမိသွားသောအခါ သူက အသက်ရှူချိန်အနည်းငယ်ကြာ ရပ်နေပြီးနောက် အရှေ့သို့ ဆက်လျှောက်သွားသည်။
တောင်တန်းပေါ်တွင် မြူခိုးဘောလုံးများသည် မြန်ဆန်စွာ ရွေ့လျားနေကြသည်။ ယခုအချိန်ထိ မည်သည့်မတော်တဆမှုမှ ဖြစ်ပေါ်မလာခဲ့ပေ။
ရွှီချင်းသည် ထိုအရာအားလုံးကို လင်းအာထံမှတဆင့် ကြားသိပြီးနောက် ယခင်ကထက် ပိုပြီးသတိထားလာသည်။ ဤထူးဆန်းသော လောကကြီးက လုံးဝမရိုးရှင်းကြောင်း သူ၏ မသိစိတ်ထဲမှ ခံစားနေမိသည်။
သို့ဖြစ်၍ သူက တည်ငြိမ်စွာ ဆက်လက် ရှိနေသည်။ သူက အရှေ့သို့ ဆက်လျှောက်သွားနေစဉ် အချိန်ကုန်ဆုံးသွားသည့်အတိုင်းအတာနှင့် သူ၏ အမြန်နှုန်းကို တွက်ချက်လိုက်ပြီး ဦးတည်ရာသို့ရောက်ရန် မည်မျှဝေးကွာနေသေးကြောင်း မှန်းဆကြည့်လိုက်သည်။
သူ၏ လက်ထဲမှ ဖယောင်းတိုင်သည်တော့ ဤနေရာမှာ ယခင်ကထက် ပိုမိုမြန်ဆန်စွာ လောင်ကျွမ်းလာသည်။ ယခု ဖယောင်းတိုင် အပိုင်းအစတိုလေးသာ ကျန်ရှိတော့သည်။
“ ရောက်ခါနီးနေပြီ ”
ရွှီချင်းသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်ပြီး ဆက်လက် လျှောက်သွားသည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ လင်းအာ၏ ကြောက်လန့်နေသော အသံသည် သူ၏ စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
“ အကိုရွှီချင်း… ငါတို့အုပ်စုရဲ့ မြူခိုးဘောလုံးတွေက ခြောက်ခုမဟုတ်တော့ဘူး… ခုနစ်ခု ဖြစ်သွားပြီ ”
“ အပိုတစ်ခုက လျှပ်တစ်ပြက်အတွင်း ထွက်ပေါ်လာတာ… ပြီးတော့ တခြားလူတွေရှိနေတဲ့ မြူခိုးဘောလုံးတွေရဲ့ တည်နေရာတွေက ပြောင်းလဲခံလိုက်ရတယ်… အခု ဘယ်သူက ဘယ်နေရာမှာရှိနေတယ်ဆိုတာ ညီမ မပြောနိုင်ဘူး ”
ရွှီချင်း၏ အကြည့်သည် အေးခဲသွားသည်။ သူက ခေါင်းငုံ့လိုက်ပြီး လင်းအာကို ကြည့်လိုက်သည်။ လင်းအာ၏ မျက်လုံးထဲမှ ကြောက်လန့်မှုကို သူသတိပြုမိသည်။ ထိုအသံက လင်းအာ၏ အစစ်အမှန်အသံဖြစ်ကြောင်း သူပြောနိုင်သည်။
သို့သော် တစ်ဖက်လူ၏ စကားများက သူ၏ မျှော်လင့်ထားမှုထက် မကျော်လွန်နေပေ။
ဤလောကကြီး၏ ထူးဆန်းမှုများသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာနေပြီ ဖြစ်သည်။ စိတ်ပျံ့လွင့်စေသည့် အသံများဖြစ်စေ သို့မဟုတ် အစောနက လင်းအာပြောသွားခဲ့သော အပိုမြူခိုးဘောလုံးဖြစ်စေ ထိုအရာအားလုံးသည် ဤလောကကြီး၏ ထူးဆန်းမှုများ ဖြစ်သည်။
“ ဆက်မကြည့်နဲ့တော့… အရှေ့ပဲ ဆက်လျှောက်သွားရအောင် ”
ရွှီချင်းက စိတ်ထဲမှာ ပြောလိုက်သည်။ တစ်ချိန်တည်းမှာ ခေါင်းဆောင်၏ အသံသည် ထပ်မံပျံ့လွင့်လာပြီး လူတိုင်း၏ နားထဲသို့ ဝင်ရောက်သွားသည်။
“ ငါတို့က အဆုံးကို ရောက်ရှိကြတော့မယ်… နောက်ဆုံးမှာ ငါတို့တွေ ဒီအဆင့်ကို ဖြတ်ကျော်နိုင်တော့မယ်… ဒါပေမဲ့ ငါတို့တွေ စိတ်အေးလက်အေးနေလို့ မရသေးဘူး… ဘာလို့လဲဆိုတော့ ဒီနေရာမှာ ဖယောင်းတိုင်က တခြားနေရာတွေထက် ပိုပြီးမြန်မြန် လောင်ကျွမ်းလာမှာမို့လို့ပဲ… ဆိုလိုချင်တာက ငါတို့က ဒီနေရာရဲ့ စိတ်အာရုံကို ဆွဲဆောင်ထားနှင့်ပြီးပြီ ”
“ ဒီတော့ ငါတို့အားလုံး အရှေ့ကို အလျင်ကုန်သုံးပြီး လျှောက်ရမယ်… ဖယောင်းတိုင်မီးမငြိမ်းခင်မှာ ကောင်းကင်နဲ့ ထိစပ်နေတဲ့ တောင်တန်းပေါ်ကို ငါတို့ရောက်ရမယ် ”
“ အခု အားလုံးပဲ အရှိန်တင်ကြတော့ ”
ခေါင်းဆောင်၏ အသံက ပဲ့တင်ထပ်လာသည်။ တောင်တန်းပေါ်တွင် မြူခိုးဘောလုံးခုနစ်ခုသည် တစ်ယောက်နှင့်တစ်ယောက် မမြင်နိုင်ကြပေ။ သူတို့ဆီမှာ မတူညီသော ကိုယ်စီအတွေးများ ရှိသည်။
နင်ယန်သည် အံ့ဩသွားပြီး ဝူကျန်းဝူသည်လည်း အံ့ဩသွားသည်။ သူတို့၏ လက်ထဲမှ ဖယောင်းတိုင်က လောင်ကျွမ်းကုန်ဆုံးတော့မည်ဖြစ်ကြောင်း မြင်လိုက်ရသောအခါ အတိတ်တွင် ခေါင်းဆောင်က ဖယောင်းတိုင်အများအပြားကို ပြုလုပ်ခဲ့ကြောင်း သူတို့ ပြန်အမှတ်ရသွားကြသည်။
ယေဘုယျအားဖြင့်ဆိုရလျှင် ဖယောင်းတိုင်တစ်တိုင်က မလုံလောက်လျှင် သူတို့တစ်ယောက်စီကို အစောကြီးကတည်းက နှစ်တိုင်ပေးထားသင့်သည် မဟုတ်ပါလော။
လီယိုဖေးသည် တုံ့ဆိုင်းနေသည်။ ထိုအသံက အစစ်အမှန်လော အတုအယောင်လော သူမပြောနိုင်သလို တခြားလူများကိုလည်း သူမမြင်နိုင်ပေ။ ထိုအသံကို ယုံကြည့်သင့်သလား သူမသိပေ။
ဝိညာဉ်သခင်မယုံကျင်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အရှေ့သို့ နှေးကွေးစွာ ဆက်လျှောက်သွားသည်။
ထူးဆန်းစွာပင် အရှေ့ဆုံးမှ လျှောက်နေသော ခေါင်းဆောင်သည် ပုံမှန်ခြေလှမ်းအတိုင်းဖြင့်သာ ဆက်လျှောက်နေလေသည်။
ရွှီချင်း၏ အနောက်မှ ဝူကျန်းဝူသည်သာ အကြောင်းအရင်းတချို့ကြောင့် ရုတ်တရက် အရှိန်တင်လိုက်ပြီး အဆုံးဆီသို့ မြန်ဆန်စွာ ဦးတည်သွားနေသည်။
ယခု သူက ပေ(၂၀၀)ကွာဝေးနေသေးသည်။
သူက မြန်ဆန်စွာ အရှိန်တင်လိုက်လေရာ ရွှီချင်းနှင့် ခေါင်းဆောင်ကို ခဏလေးအတွင်း ဖြတ်ကျော်သွားပြီး အဆုံးနှင့် တဖြည်းဖြည်း နီးကပ်လာသည်။
ထိုအခိုက်အတန့်မှာ သူ၏ အရှေ့မှ လေသည် အကြမ်းပတမ်း တိုက်ခတ်လာသည်။ တစ်ချိန်တည်းမှာ သူ၏ လက်ထဲမှ ဖယောင်းတိုင်သည် ရုတ်တရက် ပိုမိုမြန်ဆန်စွာ လောင်ကျွမ်းလာနေသည်။
နောက်ဆုံးမှာတော့ အဆုံးသို့ရောက်ရန် ပေ(၁၀၀)အလိုတွင် ဝူကျန်းဝူ၏ လက်ထဲမှ ဖယောင်းတိုင်သည် လုံးဝလောင်ကျွမ်းကုန်ဆုံးသွားသည်။ ဖယောင်းတိုင် မီးငြိမ်းသွားသည်နှင့်ချက်ချင်း သူ၏ ဘေးပတ်ဝန်းကျင်မှ မြူခိုးထုသည် လျှပ်တစ်ပြက်အတွင်း လွင့်ပြယ်သွားသည်။ တစ်ချိန်တည်းမှာ ချောက်ချားနေသော ပုံရိပ်တစ်ခုသည် မြူခိုးထဲမှ ထွက်ပေါ်လာသည်။
သူက အဆုံးသို့ရောက်ရန် ပေတစ်ရာကွာဝေးနေသေးကြောင်း မြင်လိုက်ရသောအခါ ဝူကျန်းဝူသည် စိုးရိမ်ကြောင့်ကြလာသည်။ အထူးသဖြင့် သူ့အနောက်မှ အနက်ရောင်မြူခိုးဘောလုံးခြောက်ခုက ဖြည်းညင်းစွာ ရွေ့လျားနေဆဲဖြစ်ကြောင်း မြင်လိုက်ရသည့်အခါတွင် ဖြစ်သည်။ သူတစ်ယောက်တည်း အလျင်စလို ပြေးထွက်လာခဲ့ကြောင်း နားလည်သွားသည်။ ယင်းက သူ့ကို အံ့အားသင့်သွားစေသည်။
သူလှည့်စားခံလိုက်ရပြီဖြစ်ကြောင်း နားလည်လိုက်သည်။ သို့သော်လည်း သူ့မှာ တခြားရွေးချယ်စရာမရှိပေ။ သူက အံတင်းတင်းကြိတ်လိုက်ပြီး ပေတစ်ရာအဝေးမှာရှိနေသော အဆုံးဆီသို့ အမြန်ပြေးသွားသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ လောကကြီး၏ အရောင်သည် ပြောင်းလဲသွားသည်။
အပြာရောင်အလင်းတန်းများသည် ကောင်းကင်ယံမှာ ထွက်ပေါ်လာကြသည်။ မရေမတွက်နိုင်သော လူသားအရေပြားမီးအိမ်များသည် တစ်ပြိုင်နက် ခေါင်းလှည့်လိုက်ကြသည်။ သူတို့က ဝူကျန်းဝူကို မြင်လိုက်သည့်အခိုက် သူ့ဆီသို့ တစ်ဟုန်ထိုး ပြေးသွားကြသည်။ သူတို့၏ အလျင်သည် အလွန်အံ့ဩဖွယ်ကောင်းသည်။ ဤသည်မှာ သူတို့က တည်နေရာကူးပြောင်းခြင်းစွမ်းအင်ကို အသုံးပြုနေကြသည့်အလားပင်။
တောင်တန်း၏ ဘေးဘက်မှာရှိသော အသူရာချောက်နက်ထဲမှ ချောက်ချားဖွယ်ရာ အသံများသည် ပိုမိုများပြားစွာ ထွက်ပေါ်လာကြသည်။ ဤသည်မှာ အသူရာချောက်နက်ထဲမှ ဧရာမသတ္တဝါများကြီးက တောင်တန်းပေါ်သို့ အမြန်အဆန် တွယ်ကုပ်တတ်လာနေကြဟန် ရသည်။
ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများ ပျံ့လွင့်ထွက်လာပြီး တောင်တန်းတစ်ခုလုံးသည် အပြင်းအထန် တုန်လှုပ်လာသည်။ လောကကြီးသည် ဖရိုဖရဲဖြစ်လာပြီး ဘေးပတ်ဝန်းကျင်သည် စတင်ဝေဝါးလာသည်။ ဤသည်မှာ နတ်ဘုရားတစ်ပါးက အသူရာချောက်နက်ထဲမှာ တည်ရှိနေသည့်အလားပင်။
တစ်ချိန်တည်းမှာ တောင်တန်းပေါ်ရှိ ရွှီချင်းနှင့် တခြားလူများကြားထဲမှ မြူခိုးဘောလုံးတစ်ခုသည် လောဘစိတ်ဆန္ဒနှင့်အတူ ရုတ်တရက် ပြေးထွက်သွားသည်။ ၎င်း၏ အလျင်သည် အရာအားလုံးထက် ကျော်လွန်သွားသည်။
၎င်းက ဝူကျန်းဝူဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
တစ်ချိန်တည်းမှာ ၎င်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော မြူခိုးသည် အလျှင်အမြန် လွင့်ပြယ်သွားသည်။ မကြာမီ လူသားအရေပြားမီးအိမ်တစ်လုံးသည် မြူခိုးထုထဲမှ ပေါ်ထွက်လာသည်။
မီးအိမ်ပေါ်မှ မျက်နှာသည် ခေါင်းဆောင်နှင့် အတော်လေး တူညီသည်။
၎င်းက ရူးသွပ်သော အမူအရာဖြင့် မျက်စိတစ်မှိတ်အတွင်းမှာ ချဉ်းကပ်လာသည်။ ဝူကျန်းဝူက အဆုံးသို့ရောက်ရန် ဆယ်ပေခန့်သာ ကွာဝေးတော့သည့်အချိန် ၎င်းက သူ့ဆီသို့ တိုက်ရိုက် ခုန်အုပ်လာသည်။
မီးအိမ်ပေါ်မှ မျက်နှာသည် ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ဝူကျန်းဝူကို ဝါးမျိုရန် ပါးစပ်ဖြဲဟလိုက်သည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ဝူကျန်းဝူသည် အရှေ့သို့ ဆက်မပြေးသွားတော့ပေ။ သူက ညာလက်ကို မြှောက်လိုက်သည်။ သူ၏ ညာလက်က အပြာရောင်တောက်ပလာသည်နှင့် လူသားအရေပြားမီးအိမ်ကို ဖမ်းဆုပ်လိုက်သည်။
မီးအိမ်သည် တဒင်္ဂ ဆွံ့အသွားသည်။ ထို့နောက် ၎င်းက အသိပြန်ဝင်လာပြီး ရုန်းကန်သည်။ သို့သော်လည်း ယင်းက နောက်ကျသွားချေ၏။ ၎င်းက ဝူကျန်းဝူ၏ ဖမ်းဆုပ်ခံလိုက်ရပြီး အဆုံးမှာရှိသော ယဇ်ပလ္လင်ဆီသို့ ခေါ်ဆောင်သွားခြင်းခံလိုက်ရသည်။
ထိုအခိုက်အတန့်မှာ မရေမတွက်နိုင်သော လူသားအရေပြားမီးအိမ်များသည် တစ်ပြိုင်နက် ရပ်တန့်သွားကြသည်။ ဤသည်မှာ သူတို့၏ ပစ်မှတ်က ပျောက်ဆုံးသွားသည့်အလားပင်။ ထို့နောက် သူတို့သည် ယခင်အတိုင်း ပြန်တိတ်ဆိတ်သွားပြီး ဘေးပတ်ဝန်းကျင်မှာ မျောလွင့်သွားကြသည်။
အသူရာချောက်နက်ထဲမှ ဟိန်းဟောက်သံများသည် ရပ်တန့်သွားသည်။ ကျောက်ဆောင်ကျောက်တုံးများကို ထုရိုက်နေသော အသံများသည်လည်း တဖြည်းဖြည်း တိုးညင်းသွားသည်။
ရှင်းလင်းစွာပင် ခရီးသည်များက တောင်တန်းကို ဖြတ်ကျော်သွားပြီး ယဇ်ပလ္လင်ဆီသို့ ရောက်ရှိသွားလျှင် သူတို့ကို ပစ်မှတ်မထားနိုင်တော့ပေ။
ဤအခိုက်အတန့်မှာ ဝူကျန်းဝူသည် မီးအိမ်ကို လက်ထဲမှာ ကိုင်ထားလျက် ယဇ်ပလ္လင်ပေါ်မှာ ရပ်နေသည်။ သူက ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်သည်။
“ ဟား ဟား… နောက်ဆုံးတော့ ဒီကောင်ကို ငါမျှားခေါ်နိုင်ခဲ့ပြီ ”
သူ၏ ရယ်မောသံနှင့်အတူ ဝူကျန်းဝူ၏ မျက်နှာနှင့် အသွင်အပြင်သည် ပြောင်းလဲသွားသည်။ အနက်ရောင်အရည်သည် သူ၏ ခန္ဓာကိုယ်ပေါ်မှ စီးကျလာပြီး ခေါင်းဆောင်၏ အသွင်အပြင်က ထွက်ပေါ်လာသည်။
သူက ရုပ်ဖျက်ထားသော ခေါင်းဆောင်သာ ဖြစ်သည်။