← Chapters

အသတ်ခံစမ်း

Vol. 42 Ch. 620

အသတ်ခံစမ်း

Vol. 42 Ch. 620

စီချွမ်ဒေသနှင့် တိဘက်တို့သည် တရုတ်နိုင်ငံတွင်း၌ ကျေးလက်ဒေသများဟု သတ်မှတ်နိုင်ပေသည်။ ထို့အပြင် ၎င်းတို့သည် နယ်စပ်များကြား၌ တည်ရှိသဖြင့် ပို၍ပင် လူသူကင်းမဲ့လေသည်။

သို့သော် တန်ဖိုးကြီးကားများ ဖြတ်သန်းသွားမှုက ရပ်မသွားချေ။ ထို့အတူ တိုးပွားနေသော သိုင်းပညာရှင် အရေအတွက်ကြောင့် ရဲ့လင်းချန် စိတ်ဝင်စားလာသည်။

*ဒီလူတွေအားလုံး ဒီမှာ ဘာလာလုပ်နေတာလဲ*

ဤသည်က နိုင်ငံတကာ ဆေးပညာအဖွဲ့အစည်းတစ်ခုတည်းကြောင့် မဟုတ်မှန်း သူ သေချာပေါက် ပြောနိုင်သည်။

“ဟဲလို တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်မက စုချင်းရွှယ်ပါ”

ရဲ့လင်းချန်၏ ထူးခြားသော ဝတ်စားပုံနှင့် ထူးဆန်းသော အပြုအမူကြောင့် လူတိုင်းက သူ့အား ဥပေက္ခာ ပြုထားကြသည်။ သို့သော် တစ်စုံတစ်ယောက်က အများနှင့် မတူချေ။ ထို့အပြင် ထိုသူသည် သူ့ဘေး၌ ထိုင်နေသောသူပင်။

သူသည် ဘတ်စ်ကား၏ အလယ်၌ ထိုင်နေသည်။ သူ၏ ညာဘက်တွင် အသက် နှစ်ဆယ်ဝန်းကျင် မိန်းမပျိုတစ်ဦး ရှိသည်။

သူမသည် ပန်းဆီရောင် ဂျက်ကတ်ကို ဝတ်ဆင်ထားပြီး အနက်ရောင် မျက်မှန်တစ်လက်ကို တပ်ဆင်ထားကာ လှပ၍ ဝတ်တတ်စားတတ်သော ပုံစံ ရှိသည်။ သူမသည် ကျန်းယွင်ရှီနှင့် ရှောင်ဖေးဖေးထပ် မနိမ့်သော အလှတရားကို ပိုင်ဆိုင်ထားသည့် မိန်းမလှလေးတစ်ဦး ဖြစ်ပေသည်။

ရဲ့လင်းချန်သည် သတိမမူမိဘဲ ဤမျှ လှပသော မိန်းမပျိုလေး၏ ဘေး၌ ထိုင်မိသွားခဲ့လေသည်။ ထို့အပြင် တည်ငြိမ်၍ ကျက်သရေ ရှိသော မိန်းမပျိုက သူ့အား အရင် စကားစပြောလာ၍ သူ အံ့ဩသွားခဲ့ရသည်။

သူသာ mask မတပ်ထားခဲ့ပါက ချောမောသော သူ၏ ရုပ်ရည်ကြောင့် စကားစခြင်း ဖြစ်နိုင်လောက်သော်လည်း ယခုအခါတွင်မူ …

“ဟဲလို ငါက ရဲ့လင်းချန်ပါ”

ရဲ့လင်းချန် အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

သူ၏အသံကို ကြားသောအခါ စုချင်းရွှယ်သည် သူ၏ အသက်ကို အကြမ်းဖျင်း ခန့်မှန်းမိသွားပြီး အလွယ်တကူ စကားပြောလာသည်။ သူမသည် ချက်ချင်းဆိုသလိုပင် ပို၍ ပွင့်လင်းလာပြီး ရဲ့လင်းချန်နှင့် မည်သည့်အရာကိုမဆို စတင်၍ ပြောဆိုလာလေသည်။

ရဲ့လင်းချန်ကဲ့သို့ပင် သူမသည် နန်ကျင်းမြို့မှ တက္ကသိုလ်ကျောင်းသူတစ်ဦး ဖြစ်သည်။ သူမသည် ဆောင်းရာသီ အားလပ်ရက်များကို အသုံးချရန် အပန်းဖြေခရီး ထွက်လာခြင်း ဖြစ်သည်။ ပို၍ လူသူကင်းမဲ့သော နေရာဖြစ်လေ ရှုခင်းက ပိုလှပလေဖြစ်၍ ခရီးသွားများအတွက် အသင့်တော်ဆုံးပင်။ ဤဧရိယာအား တောင်တန်းများက ဝန်းရံထားသဖြင့် တောအုပ်မြို့လေးဟုပင် နာမည်ပြောင် ရထားလေသည်။

“အဲ့ဒီ လူထွားကြီးက နင့်မိတ်ဆွေလား၊ သူက အရမ်း လူကောင်ကြီးတာပဲ၊ ငါ NBA ပွဲတွေ ကြည့်ဖူးတယ်၊ ဒါပေမဲ့ သူက တာဇံနဲ့ အိုနီထက်တောင် ပိုထွားသေးတယ်”

ရှုချင်ရွှယ်က အလီကို လက်ညှိုးထိုး၍ တီးတိုးပြောလာသည်။

“အင်း၊ သူက လက်ဝှေ့ထိုးကျင့်တာလေ”

“ဪ အံ့ဩစရာ မရှိတော့ပါဘူး”

စုချင်းရွှယ်က ကြောက်လန့်သွားပုံမပေါ်ဘဲ ရဲ့လင်းချန်နှင့် ပို၍ စိတ်ပါဝင်စားစွာ စကားပြောလာသည်။

မိန်းမပျိုလေးသည် အတော်လေး လှပသော်လည်း အလွန် ယုံကြည်လွယ်ပြီး အန္တရာယ်ကို သတိထားမိတတ်ပုံ မရချေ။ ထိုသို့မဟုတ်ပါက … သူမ၌ လျှို့ဝှက် အကြံအစည်များ ရှိနေလောက်သည်။

ရဲ့လင်းချန် သေချာ အာရုံစိုက်ကြည့်သောအခါ သူမသည် သိုင်းပညာရှင်တစ်ဦး မဟုတ်ဘဲ သာမန် မိန်းကလေးတစ်ဦးသာ ဖြစ်ကြောင်း တွေ့ရှိရသည်။ သာမန် ယောက်ျားသားတစ်ဦးတောင်မှ ရဲ့လင်းချန်နှင့် အလီတို့ကို လာရောရဲသည့် သတ္တိရှိမည် မဟုတ်ပါ။

“လင်းချန်၊ နင်က နိုင်ငံတကာ ဆေးပညာ အဖွဲံအစည်းကို သွားနေတာ ဟုတ်တယ်မလား”

စုချင်းရွှယ်က ရုတ်တရက် မေးလာသည်။

*ငါ ထင်ထားတဲ့အတိုင်းပါလား*

နောက်ဆုံး၌ ရဲ့လင်းချန် အကြောင်းရင်းကို သိသွားလေသည်။

ရဲ့လင်းချန်က ငြိမ်နေသည်ကို သတိထားမိပြီးနောက် စုချင်းရွှယ်က အလျင်အမြန် ရှင်းပြလာသည်။

“အထင်မလွဲပါနဲ့၊ လူတော်တော်များများက နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်းရဲ့ အကဲဖြတ်တာကို ခံယူဖို့ ဒီနေရာကို လာကြတယ်လို့ အခြားသူတွေ ပြောတာကို ငါ ကြားဖူးလို့ပါ၊ ပြီးတော့ မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားဖို့ သူတို့က သူတို့ပုံစံကို ဖုံးကွယ်ထားတတ်တယ်တဲ့”

တစ်ခဏမျှ ငြိမ်နေပြီးနောက် ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်သည်။

“ဝါး … ဒါဆို ရှင်က ဆေးသစ်တစ်မျိုးကို ဖန်တီးလိုက်နိုင်တယ်ဆိုတဲ့ သဘောလား၊ အံ့ဩဖို့ကောင်းလိုက်တာ”

စုချင်းရွှယ်က တအံ့တဩ ပြော၍ ရဲ့လင်းချန်အား မျက်လုံးအပြူးသားနှင့် ကြည့်နေသည်။

“ငါက ဆေးပညာနယ်ပယ်ကလေ၊ ပြီးတော့ ဆေးပညာကို သိပ်စိတ်ဝင်စားတာ၊ နင်က ဆေးပညာမှာ သိပ်ထူးချွန်တာပဲ ဖြစ်မယ်၊ ဟုတ်တယ်မလား”

“သိပ်အများကြီး မဟုတ်ပါဘူး၊ ကံကောင်းသွားရုံလေးပါ”

ရဲ့လင်းချန်က ထိုအကြောင်းကို ထပ်တလဲလဲ မပြောချင်ပေ။

စုချင်းရွှယ် ပို၍ စိတ်လှုပ်ရှားလာသည်။ သူမ တစ်ခုခု ပြောရန် ဟန်ပြင်နေစဉ်မှာပင် ဘတ်စ်ကားက ရုတ်တရပ် ရပ်တန့်သွားသည်။

လက်မောင်းတွင် တက်တူးများ ထိုးထားပြီး ကြောက်စရာကောင်းသော မျက်နှာနှင့် လူငယ်တစ်ယောက်က ကားပေါ် တက်လာသည်။ သူသည် အင်္ကျီဗလာနှင့် ရွှေဆွဲကြိုးအား ဝတ်ဆင်ထားသည်။

ထိုလူငယ်၏ ပါးစပ်၌ စီးကရက်တစ်လိပ်အား ခဲထားသည်။ ယာဉ်မောင်းသည် သူ့အား မတားရဲသလို ကားခလည်း မကောက်ရဲချေ။ ထိုအစား သူက နှုတ်ဆက်လိုက်သည်။

“အစ်ကို လီယို”

အစ်ကိုလီယိုသည် လူကောင်ထွား၏။ သူ၏ ခန္ဓာကိုယ်က လမ်းလျှောက်လိုက်တိုင်း ယိမ်းထိုးနေသည်။ သူသည် ခရီးသည်များအားလုံးကို မာန်တက်နေသော အကြည့်ဖြင့် တစ်ချက်ဝေ့ကြည့်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် သူ့မျက်လုံးများက ဝင်းလက်သွားပြီး ရဲ့လင်းချန်ရှိရာအရပ်သို့ ခပ်မြန်မြန် လျှောက်လာသည်။

“မင်း၊ အနောက်မှာ သွားထိုင်စမ်း”

သူသည် ရဲ့လင်းချန်ဘေး၌ ရပ်နေသည်။ သူ့လေသံက ညှိနှိုင်းခွင့်မပေးချေ။

ထိုအတောအတွင်း သူ၏ အကြည့်က စုချင်းရွှယ်ထံတွင်သာ ကျရောက်နေပြီး သူ့မျက်လုံးများက တလက်လက် တောက်ပနေ၏။

စုချင်းရွှယ် မသိမသာ မျက်မှောင်ကြုတ်သွားပြီးနောက် တစ်ဖက်လှည့်၍ ပြတင်းပေါက်နား ပိုတိုးသွားသည်။

သူသည် တစ်ခဏမျှ စောင့်နေပြီးနောက် ရဲ့လင်းချန်က ဘာမှပြန်မပြောသဖြင့် မျက်နှာ သုန်မှုန်သွားသည်။ သူသည် ရဲ့လင်းချန်အား ခြိမ်းခြောက်သော အကြည့်ဖြင့် ကြည့်ကာ အမိန့်ပေးသည်။

“အနောက်ကို သွားစမ်း”

ထိုအခါတွင်မှ ရဲ့လင်းချန်က မော့ကြည့်လိုက်သည်။

“ငါ့ကို ပြောနေတာလား”

“ဒီမှာ တခြားသူကို မြင်လို့လား၊ ငါ ဒီနေ့ စိတ်ကြည်နေလို့ မင်း ကံကောင်းသွားတယ်၊ မဟုတ်လို့ကတော့ ငါ မင်းကို ပါးဖြတ်ရိုက်ပြီးနေပြီ”

အစ်ကိုလီယိုက ခနဲ့သည်။

ရဲ့လင်းချန်သည် သူ့အတွက် အသေးအဖွဲလေးသာ ဖြစ်ပြီး ဘာမှ စိုးရိမ်စရာ မရှိချေ။ သူသည် ဟန်လုပ်ချင်၍သာ mask တပ်ထားခြင်း ဖြစ်ပေသည်။

သူတို့အနားက ဘယ်သူမှ အသံမထွက်ရဲချေ။ လူမိုက်များနှင့် ဝေးနိုင်သမျှ ဝေးဝေးနေသည်က ပိုကောင်းပေသည်။

ရဲ့လင်းချန်က တည်ငြိမ်နေပြီး တုံ့ပြန်မှုမရှိသည်ကို မြင်သောအခါ သူသည် ဥပေက္ခာပြုခံရသလို ခံစားလိုက်ရသည်။ အစ်ကို လီယိုက မျက်မှောင်ကြုတ်၍ အော်ဟစ်တော့မည့်အချိန်၌ သူ့ခန္ဓာကိုယ်က အမခံလိုက်ရသလို ဖြစ်သွားသည်။

သူ့ခြေထောက်များက ကြမ်းပြင်နှင့် မထိတော့သဖြင့် သူ ရင်တုန်သွားရသည်။ သူ နောက်သို့ လှည့်ကြည့် လိုက်သည်နှင့် ချက်ချင်း ထိတ်လန့်သွားလေသည်။

သူ မြင်လိုက်ရသည်မှာ အလွန် ထွားကြိုင်းသော လူတစ်ယောက်က သူ့အား ကြက်ပေါက်ကဲ့သို့ မနေသည့် မြင်ကွင်းပင်။

သူ ပြောချင်သော စကားများက လည်ချောင်းထဲမှာပင် တစ်ဆို့သွားသည်။ သူ ခိုးပင် မကြည့်ရဲချေ။

အလီ၏ ခန္ဓာကိုယ်သည် ပုံမှန် အရွယ်ရောက်ပြီးသူများ၏ အရွယ်အစားထက် နှစ်ဆ ရှိပြီး အရပ်က နှစ်မီတာကျော် မြင့်လေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ကျောက်ဆောင်သဖွယ် မာကျောသော ကြွက်သားများက ဖုဖောင်းထနေပြီး တောင်များ ရွေ့နေသည်ဟုပင် ထင်မှတ်မှားရသည်။ သူ ထရပ်လိုက်သောအခါ ဘတ်စ်ကားက သေးငယ်သယောင် ဖြစ်သွားလေသည်။

“အစ်ကိုကြီး သနားပါဗျာ”

အစ်ကိုလီယို သတ္တိများ မရှိတော့ချေ။

အလီက ရယ်ပြလေသည်။ သူ့သွားများ ပေါ်လာပုံက ပို၍ ကြောက်စရာကောင်းပုံ ပေါ်သွားသည်။

“မင်းက သခင်လေးရဲ့ရဲ့ မျက်နှာကို ရိုက်ချင်နေတယ်လို့ ငါ ကြားလိုက်သလားလို့”

“ဖြောင်း”

အစ်ကိုလီယို၏ မျက်နှာပေါ်သို့ လက်ဝါးတစ်ချက် ကျရောက်လာသည်။

အလီ၏ လက်ဝါးက အစ်ကိုလီယို၏ မျက်နှာတစ်ခုလုံးကို ဖုံးအုပ်လုနီးပါးပင်။ ထိုရိုက်ချက်တစ်ချက်က သူ့အား သတိလစ်သွားစေသည်။ ထို့နောက် အလီသည် အစ်ကိုလီယိုအား တိရစ္ဆာန် အသေတစ်ကောင်ကဲ့သို့ မ၍ ကားပေါ်မှ ဆယ်မီတာကျော်သို့ ဘောလုံးသဖွယ် ပစ်ထုတ်လိုက်လေသည်။

ကားပေါ်၌ ပြန်လည်၍ အေးချမ်းသွားပြီး လူတိုင်းက အလီအား လေးစားစွာ ကြည့်လာသည်။ သူတို့၏ အသက်ရှူသံတောင်မှ မသိမသာ လေးလံလာသည်။

“ကျေးဇူးတင်ပါတယ်”

စုချင်းရွှယ်က ရဲ့လင်းချန်ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။

ရဲ့လင်းချန်က ခေါင်းသာ ညိတ်ပြလိုက်လေသည်။

ဘတ်စ်ကားက ဆက်လက်၍ ထွက်ခွာလာ၏။ ထိုစဉ် ယာဉ်မောင်းက မနေနိုင်ဘဲ သူတို့အား သတိပေးလာသည်။

“အစ်ကိုလေး၊ ခုနက လူက ဒီနယ်က လူမိုက်တစ်ယောက်ပါ၊ သူ့မှာ လူမိုက်အဖွဲ့ဝင်တွေ အများကြီး ရှိတယ်၊ ဒီကိစ္စက ကောင်းကောင်း မပြီးသွားမှာ ငါ စိုးရိမ်မိတယ်၊ မင်း ကားပေါ်ကဆင်းပြီး ထွက်ပြေးသင့်တယ်”

“အရေးမကြီးပါဘူး”

ရဲ့လင်းချန်က အေးအေးလူလူ ပြန်ပြောလိုက်သည်။

ယာဉ်မောင်းက ခေါင်းခါ၍ ဘာမှထပ်မပြောတော့ပေ။

စုချင်းရွှယ်က တစ်ခုခု ပြောချင်သော်လည်း ရဲ့လင်းချန်က မျက်လုံးမှိတ်၍ တရားထိုင်နေသည်ကို မြင်သောအခါ သူမ အနည်းငယ် စိတ်ညစ်သွားလေသည်။

ဆယ်မိနစ် ကြာပြီးနောက် …

“ဝူး ဝူး ဝူး …”

ရှိန်လောက်စရာကောင်းသော မော်တော်ဆိုင်ကယ် ငါးစီးက အရှိန်ဖြင့် မောင်းနှင်လာသည်။ မော်တော်ဆိုင်ကယ် တစ်စီးစီတွင် အနက်ရောင် လည်သာ အင်္ကျီနှင့် ဦးထုပ်ဆောင်းထားသည့် လူနှစ်ယောက် ပါရှိသည်။ သူတို့က အနောက်မှနေ၍ ဘတ်စ်ကားအား အရှိန်ဖြင့် လိုက်လာသည်။

မော်တော်ဆိုင်ကယ် ငါးစီးသည် ကားရှေ့၌ ရပ်လာပြီး ဆဲဆိုကြိမ်းမောင်းလာသည်။ လူဆယ်ယောက်က သူတို့အား အေးစက်စွာ စိုက်ကြည့်နေ၏။

ဘတ်စ်ကားက မတတ်သာဘဲ ရပ်သွားသည်။

ထိုလူဆယ်ယောက်က မော်တော်ဆိုင်ကယ်၏ အနောက်မှ ဘေ့စ်ဘောတုတ်များကို ထုတ်ယူ၍ လွှဲယမ်းလာသည်။

သူတို့ထဲက တစ်ယောက်က ဆိုင်ကယ်ဦးထုပ်ကို ချွတ်လာသည်။ ထိုလူမှာ အစောပိုင်းက ပစ်ထုတ်ခံလိုက်ရသည့် အစ်ကို လီယိုပင်။ လက်ရှိတွင် သူ့မျက်နှာက ဒဏ်ရာဒဏ်ချက်နှင့် ဖြစ်နေသော်လည်း မာန်တက်နေသော မျက်နှာထားမျိုး ရှိနေသေးသည်။

“ခုနက ငါ့ကို ဘယ်သူ ရိုက်တာလဲ၊ ဆင်းလာပြီး အသေခံစမ်း”

…

All Chapters