မိုးပေါ်က ပြုတ်ကျလာသော ဆရာဦးလေးတစ်ယောက်
Vol. 61 Ch. 902
“အခုချိန်မှာ ငါပြန်လာတာကို မပေါက်ကြားစေချင်ဘူး”
တာအိုအရှင်အဆုံးစွန်မီးက လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
“ဂိုဏ်းမှာရှိတဲ့ အဲဒီ အဖိုးကြီး အချို့ကလွဲရင် အခြား ဘယ်သူ့ကိုမှမပြောနဲ့.. မင်းရဲ့ တပည့်သုံးယောက် အပါအဝင်ပေါ့”
“စိတ်ချပါ ဆရာဖိုးဖိုး”
တာအိုအရှင်ကြယ်သွေးနီက သူ၏ရင်ဘတ်ကိုပုတ်ပြီး အာမခံလိုက်လေသည်။
“အားလုံးထဲမှာ ကျုပ်က နှုတ်အလုံဆုံးပဲ”
ထိုသည်ကို နန်းကုန်လင်းနှင့် အခြားနှစ်ယောက် မြင်တွေ့ရမည်ဆိုလျှင် သူတို့၏ အောက်မေးရိုးများက ပြုတ်ကျသွားလောက်ပေမည်။
ပုံမှန်အားဖြင့် ပြုံးလေ့မရှိသော မျက်နှာထား တင်းမာသည့် သူတို့၏ဆရာသည် တာအိုအရှင်အဆုံးစွန်မီး၏ ရှေ့တွင် ကလေးတစ်ယောက်လို ပြုမူနေလေသည်။
တာအိုအရှင်အဆုံးစွန်မီးက ခဏမျှ တွေးတောပြီးနောက် မေးလိုက်လေသည်။
“စောစောက အသွန်းတစ်ရာဂိုဏ်းက ငရဲမီးစံအိမ်နဲ့ လက်နက်သွန်းလုပ်ခြင်း ပြိုင်ပွဲတစ်ခု ပြုလုပ်ရမယ်လို့ ငါကြားမိပါတယ်.. အဲဒါက ဘယ်တော့လဲ”
“နောက်သုံးလနေရင် ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာပါ”
ထိုစကားကို ပြောချိန်တွင် တာအိုအရှင်ကြယ်သွေးနီက စိုးရိမ်ပူပန်သော အမူအရာတစ်ခုကို ထုတ်ပြလိုက်လေသည်။
တာအိုအရှင်အဆုံးစွန်မီးက ထပ်မေးလိုက်လေသည်။
“ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲက ဘာလဲ.. ငါ အရင်က အဲဒါကို ဘာလို့ မကြားဖူးရတာလဲ”
တာအိုအရှင်ကြယ်သွေးနီက ပြန်ဖြေလိုက်လေသည်။
“လွန်ခဲ့တဲ့ နှစ်သုံးရာလောက်က ကြိုးကြာတစ်ထောင်ဂိုဏ်းရဲ့ အုပ်ချုပ်မှုအောက်က တောင်ကြားတစ်ခုမှာ ဂမ္ဘီရလက်ဖက်ရည်ပင်တစ်ပင်ကို ရှာဖွေတွေ့ရှိခဲ့ကြတယ်”
ထိုစကားကို ကြားရချိန်တွင် ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။
နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေရှိ ရှေးဟောင်းစာအုပ်များထဲမှာ ဂမ္ဘီရလက်ဖက်ပင်နှင့် ပတ်သက်သည့် မှတ်တမ်းတချို့ ပါရှိလေသည်။
ဂမ္ဘီရသစ်ပင်က ကမ္ဘာဦးခေတ်မှ မျိုးကွဲတစ်ခုဖြစ်ပြီး ဆိတ်သုဉ်းပျောက်ကွယ်သွားသည်မှာ ကြာခဲ့လေပြီ။
ပြောကြသည်မှာ ထိုသစ်ပင်က အရမ်းကို မှော်ဆန်ပြီး ၎င်း၏အရွက်များက နှစ်တစ်ထောင်ကြာမှ တစ်ကြိမ်သာလျှင် ဖူးပွင့်ဝေဆာတတ်လေသည်။
ဒါ့အပြင် ဖူးပွင့်ဝေဆာပြီး တစ်ရက်အတွင်းမှာပင် ထိုအရွက်များက ညှိုးခြောက်သွားပေလိမ့်မည်။
ထိုလက်ဖက်ရွက်ကို တစ်ရက်အတွင်းမှာ စိတ်ဝိညာဉ်စိမ့်စမ်းရေဖြင့် ကျိုချက်ပြီး သောက်သုံးရမည်ဆိုလျှင် နိုးထဝိညာဉ်တစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်က မမျှော်မှန်းနိုင်လောက်သော အားအင်ဖြည့်တင်းမှုကို လက်ခံရရှိပေလိမ့်မည်။
ဂမ္ဘီရလက်ဖက်ရည်တစ်ခွက်ကို သောက်သုံးရခြင်းက သူတို့၏ အမြုတေစိတ်ဝိညာဉ်များထဲရှိ အညစ်အကြေးများကို ဖယ်ရှားရှင်းလင်းပစ်နိုင်ပြီး သူတို့ကို မူလနတ္ထိအဆင့်သို့ မြန်မြန်ဆန်ဆန် ရောက်ရှိနိုင်အောင် ကူညီပေးပေလိမ့်မည်။ အဲဒီအကျိုးသက်ရောက်မှုက တုန်လှုပ်စရာကောင်းလေသည်။
“ဂမ္ဘီရလက်ဖက်ရွက်က သိုလှောင်ထားလို့ မရတဲ့အတွက် အဲဒါကို ဒီတိုင်းထားရင် အလဟဿဖြစ်သွားမှာပဲ.. ကြိုးကြာတစ်ထောင်ဂိုဏ်းမှာ နိုးထဝိညာဉ် များများစားစားလည်း မရှိဘူး”
တာအိုအရှင်ကြယ်သွေးနီက ပြောလိုက်လေသည်။
“အဲဒါကြောင့်မို့လို့ အဲဒီနေ့ကျရင် ကြိုးကြာတစ်ထောင်ဂိုဏ်းက အလယ်ပိုင်းတိုက်မှာရှိတဲ့ နိုးထဝိညာဉ်တွေကို ရင်းနှီးဖော်ရွေစွာ စကားပြောဆိုဖို့အတွက် ဖိတ်ခေါ်လိမ့်မယ်”
“ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲကို နှစ်တစ်ထောင်တိုင်းမှာ တစ်ကြိမ်ကျင်းပပြီးတော့ အဲဒါက ရှားရှားပါးပါး အခွင့်အရေးတစ်ခုပဲ.. အင်မော်တယ်နဲ့ ဗုဒ္ဓဂိုဏ်းတွေအပြင် အဆင့်မြင့်ဂိုဏ်းတွေနဲ့ တော်ဝင်မိသားစုတွေကပါ သူတို့ရဲ့ ကျင့်ကြံသူတွေကို စေလွှတ်ကြလိမ့်မယ်”
ငါက ဂမ္ဘီရလက်ဖက်ရည်တစ်ခွက်ကို ရရှိမယ်ဆိုရင် နှစ်တစ်ရာလောက် တံခါးပိတ်ကျင့်ကြံတာထက် ပိုပြီးတော့ ထိရောက်မှုရှိမှာပဲ။
ဆူဇီမိုက နားလည်သဘောပေါက်သွားလေသည်။
တစ်နည်းအားဖြင့် ပြောရလျှင် ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲသည် ကျင့်ကြံရေးလောကမှာ ရှားရှားပါးပါး ပွဲတော်တစ်ခု ဖြစ်လေသည်။ အဲဒါက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက် တိုက်ပွဲနှင့် မနှိုင်းယှဉ်နိုင်သော်လည်း အဲဒါက အတော်လေး မက်မောစရာကောင်းလေသည်။
ထိုအချိန်မှာ ဂိုဏ်းကြီးများနှင့် ကလန်ကြီးများ အားလုံးက ပေါ်ထွက်လာပေလိမ့်မည်။
အသွန်းတစ်ရာဂိုဏ်းနှင့် ငရဲမီးစံအိမ်ကြား လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲက ဤလက်ဖက်ရည်ဧည့်ခံပွဲကို ပြီးပြည့်စုံစေပေလိမ့်မည်။ အဲဒါက မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စိတ်အာရုံကိုလည်း ဆွဲဆောင်နိုင်ပေလိမ့်မည်။
တာအိုအရှင်ကြယ်သွေးနီက စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်လေသည်။
“ကျုပ်တို့က အဲဒီပြိုင်ပွဲမှာ ရှုံးသွားမယ်ဆိုရင် ကျုပ်တို့ရဲ့ အသွန်းတစ်ရာဂိုဏ်းရဲ့ ဂုဏ်သတင်းကလည်း မှေးမှိန်သွားလိမ့်မယ်.. ငရဲမီးစံအိမ်က အဲဒီအခွင့်အရေးကို သေချာပေါက် လက်လွှတ်ခံမှာ မဟုတ်ဘူး”
“အဲဒီအချိန်ကျရင် ငရဲမီးစံအိမ်ကို နောက်ခံပေးထားတဲ့ ထိပ်သီးဂိုဏ်းက အဲဒီအခွင့်အရေးကို ဖမ်းဆုပ်ပြီး သူတို့ကို ထောက်ပံ့ပေးလာလိမ့်မယ်.. သူတို့က အသွန်းတစ်ရာဂိုဏ်းရဲ့ နေရာကိုတောင် အစားထိုးဝင်ရောက်လာနိုင်တယ်”
ဆူဇီမိုက လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲနှင့် ပတ်သက်၍ သိပ်ပြီးစိတ်မဝင်စားပေ။ ဘာပဲပြောပြော သူက အဲဒီကိစ္စမှာ အကူအညီများစွာ မပေးနိုင်ပေ။
သူ အာရုံစိုက်ထားသော တစ်ခုတည်းသော အရာမှာ ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲ ဖြစ်လေသည်။
ဤလက်ဖက်ရည်ဧည့်ခံပွဲတွင် အဖွဲ့အစည်းကြီးများ အားလုံးက စုဝေးလာကြမည်ဆိုမှတော့ သီယင်းကလည်း ပေါ်ထွက်ကောင်း ပေါ်ထွက်လာနိုင်လေသည်။
သီယင်းက ပေါ်ထွက်လာမည်ဆိုလျှင် သူက အနာဂတ်ပြဿနာများကို ဖြေရှင်းဖို့အတွက် သူ့ကို သတ်ဖြတ်ဖို့ အခွင့်အရေးတစ်ခုကို ရှာဖွေရပေလိမ့်မည်။
တာအိုအရှင်အဆုံးစွန်မီးက မျက်မှောင်ကြုတ်၍ မေးလိုက်လေသည်။
“အဲဒီ လက်နက်သွန်းလုပ်ခြင်းတိုက်ပွဲမှာ အနိုင်ရဖို့ မင်းက ယုံကြည်မှုရှိလား”
“ဟင့်အင်း”
တာအိုအရှင်ကြယ်သွေးနီက ခေါင်းခါပြလိုက်လေသည်။
“ကျုပ်ရဲ့ တပည့်သုံးယောက်ထဲမှာ လျှိုဟန်ယန်က လက်နက်သွန်းလုပ်ခြင်းမှာ အတော်ဆုံးပဲ.. ဒါပေမဲ့လို့ သူမက ငရဲမီးစံအိမ်က ပါရမီရှင်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် နည်းနည်းလေး နိမ့်ကျနေသေးတယ်”
တာအိုအရှင်အဆုံးစွန်မီးက မျက်မှောင်ကြုတ်လိုက်လေသည်။
သူက သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နိုင်လျှင် သူက ထိုနေရာသို့ လှမ်းဝင်ကာ မဟာဘိုးဘေး နတ်ပန်းပဲဆရာတစ်ယောက်အဖြစ် ပြိုင်ပွဲအသစ်တစ်ခုကို စတင်စိန်ခေါ်နိုင်ပေလိမ့်မည်။
သို့သော်လည်း သုံးလဆိုသောအချိန်က တိုတောင်းလှလေသည်။ သူက သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်၍ မပြီးနိုင်လောက်ပေ။
တာအိုအရှင်အဆုံးစွန်မီးက ဆူဇီမိုကို အလိုလိုလှည့်ကြည့်လိုက်လေသည်။
ထိုအချိန်တွင် ဆူဇီမိုက သီယင်းကို ဘယ်လိုသတ်ဖြတ်ရမလဲ အတွေးများဖြင့် ပြည့်နှက်နေပြီး သူက တာအိုအရှင်အဆုံးစွန်မီး၏ အကြည့်ကို သတိမထားမိခဲ့ပေ။
တာအိုအရှင်အဆုံးစွန်မီးက ဆူဇီမိုကို တစ်ချက်ကြည့်ပြီးနောက် သူ့ဘာသာသူ တွေးတောကာ ခါးသက်စွာပြုံးရင်း ခေါင်းခါလိုက်လေသည်။
“ဇီမိုက ဓမ္မလက်နက်တွေကို စပြီးသွန်းလုပ်ကြည့်တာ မကြာသေးဘူး.. သူက အခုချိန်ထိ ဓမ္မလက်နက်တစ်ခုကိုတောင် သွန်းလုပ်နိုင်သေးတာ မဟုတ်ဘူး.. သူက လျှိုဟန်ယန်ကို ဘယ်လိုလုပ် မီပါ့မလဲ”
တာအိုအရှင်အဆုံးစွန်မီးက ဆူဇီမိုကို ကြည့်နေစဉ်တွင် တာအိုအရှင်ကြယ်သွေးနီကလည်း သူ့ကို ချိန်ဆကြည့်ကာ သူ၏နောက်ခံကို ခန့်မှန်းဖို့ ကြိုးစားနေလေသည်။
အစကတော့ ဆူဇီမိုသည် သာမန်နိုးထဝိညာဉ်တစ်ယောက် ဖြစ်မည်ဟု သူက တွေးထင်ခဲ့လေသည်။
ယခု တာအိုအရှင်အဆုံးစွန်မီးက ဆူဇီမိုကို ဘယ်လောက်ယုံကြည်ထားသလဲ သူတွေ့မြင်ရသောအခါ.. သူက သူတို့၏ ပတ်သက်ဆက်နွယ်မှုကို သိချင်မိလာလေသည်။
တာအိုအရှင်အဆုံးစွန်မီးက ခဏမျှ စဉ်းစားပြီးနောက် အဖြေတစ်ခုကို ရှာမထုတ်နိုင်သေးဘဲ ပြောလိုက်လေသည်။
“ငါတို့က ဒီကိစ္စကို နောက်မှဆက်ပြောတာပေါ့.. အခု လက်ရှိဂိုဏ်းချုပ်က ဘယ်သူလဲ”
“အဲဒါက စီနီယာအစ်ကို အဖြူရောင်မီးတောက်ပဲ”
တာအိုအရှင်ကြယ်သွေးနီက ပြန်ဖြေလိုက်လေသည်။
တာအိုအရှင်အဆုံးစွန်မီးက ခပ်ယဲ့ယဲ့ ပြုံးလိုက်လေသည်။
“ဪ.. သူကိုး.. ငါ ထွက်သွားတုန်းက သူက ကောင်ဆိုးလေးတစ်ကောင်ပဲ”
“ငါ ဂိုဏ်းကို ပြန်ပြီးတော့ တစ်ချက်သွားကြည့်မယ်.. အရင်ဆုံး မိုလင်းကို ကောင်းကောင်းဂရုစိုက်လိုက်ဦး”
တာအိုအရှင်အဆုံးစွန်မီးက သူ့ကို သတိပေးပြီးနောက် ဆူဇီမိုဘက်သို့ လှည့်ကြည့်လိုက်လေသည်။
“ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲက နောက်သုံးလနေရင် ကျင်းပမှာ.. မင်းက အလောတကြီးလုပ်စရာ မရှိသေးဘူးဆိုရင် လောလောဆယ် အသွန်းတစ်ရာဂိုဏ်းမှာပဲ နေဦးပေါ့.. အဲ့အချိန်ကျရင် မင်းက သူတို့နဲ့ လက်ဖက်ရည်ဧည့်ခံပွဲကို တက်ရောက်လို့ရတယ်”
“ကောင်းပါပြီ”
ဆူဇီမိုက သဘောတူစွာ ခေါင်းညိတ်လိုက်လေသည်။
ကျိချန်းရှန်၊ လမ့်ရိုနှင့် အခြားသူများက အဆင်ပြေသည်ကို သူသိရသောအခါ.. သူက သူ၏မိတ်ဆွေဟောင်းများနှင့် တွေ့ဆုံဖို့ အလောတကြီး ရှိမနေတော့ပေ။
ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲက နောက်သုံးလနေလျှင် ကျင်းပမှာဖြစ်ပြီး အဲဒီမှာ သူက လူတိုင်းနှင့် တွေ့ဆုံရနိုင်လေသည်။
တာအိုအရှင်အဆုံးစွန်မီးသည် သူ၏အရိုးများနှင့် ခန္ဓာကိုယ်ကို ပုံသွင်းဖို့အတွက် လိုအပ်သည့် ပစ္စည်းများ အားလုံးကို အခုချိန်ထိ မစုဆောင်းရသေးပေ။ ဆူဇီမိုက အသွန်းတစ်ရာဂိုဏ်းမှာ ရှိနေလျှင် အကူအညီအချို့ ပေးနိုင်ကောင်းလေသည်။
တာအိုအရှင်ကြယ်သွေးနီက မျက်မှောင် အနည်းငယ်ကြုတ်ပြီး ဆူဇီမိုကို လက်ညိုးထိုးကာ မေးလိုက်လေသည်။
“ဆရာဖိုးဖိုး.. ဒီက မိတ်ဆွေလေးက ဘယ်သူလဲ.. ကျုပ်က ဘာလို့ သူ့အတွက် နေရာထိုင်ခင်းကို ကိုယ်တိုင်စီစဉ်ပေးရမှာလဲ”
တာအိုအရှင်ကြယ်သွေးနီ၏ ထင်မြင်ချက်အရ.. သူက ဘာပဲပြောပြော ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက် ဖြစ်လေသည်။ သူက နိုးထဝိညာဉ် ကောင်လေးတစ်ယောက်အတွက် နေရာထိုင်ခင်းကို ဘာကြောင့် ကိုယ်တိုင်စီစဉ်ပေးရမှာလဲ..။
တာအိုအရှင်အဆုံးစွန်မီးက မှင်သေသေဖြင့် ပြောလိုက်လေသည်။
“မင်းက သူ့ကို ဆရာဦးလေးလို့ ခေါ်နိုင်တယ်”
ထိုသို့ပြောပြီးသည်နှင့် တာအိုအရှင်အဆုံးစွန်မီးက ဘေးပတ်လည်မှာရှိသည့် မီးတောက်အကာအရံကို ဖယ်ထုတ်ပြီး အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။
“ဘာလဲဟ”
တာအိုအရှင်ကြယ်သွေးနီက ကြောင်အ,မှင်တက်သွားခဲ့လေသည်။
ဆရာဦးလေးလား..။
တာအိုအရှင်ကြယ်သွေးနီသည် ဆူဇီမိုကို ဝါးမျိုပစ်ချင်သည့်အလား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလေသည်။
ဆူဇီမိုက အနည်းငယ် ရှက်ရွံ့ဟန်ဖြင့် ညင်သာစွာ ချောင်းဟန့်လိုက်လေသည်။
သူက တာအိုအရှင်အဆုံးစွန်မီး၏ တပည့်တစ်ယောက်အဖြစ် ခံယူကာစဖြစ်ပြီး တကယ်ပဲ ငယ်ရွယ်လွန်းသေးလေသည်။ သူက ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်၏ ဆရာဦးလေး ရုတ်တရက် ဖြစ်လာခြင်းနှင့် အသားမကျသေးပေ။
နန်းကုန်လင်းနှင့် အခြားနှစ်ယောက်သည် အမျိုးမျိုးသော ဖြစ်နိုင်ခြေများကို တွက်ဆရင်း နေရာမှာပင် တီးတိုးဆွေးနွေးနေကြလေသည်။
သူတို့က အဲဒါကို နားမလည်နိုင်သေးခင်မှာပင် သူတို့ရှေ့ရှိ မီးတောက်အကာအရံအလွှာက ပျက်ပြယ်သွားပြီး အနီရောင်အလင်းစက်တစ်ခုကို သူတို့၏မျက်လုံးထဲမှာ ရိပ်ခနဲ မြင်လိုက်ရလေသည်။ သူတို့ထဲ မည်သူကမှ အဲဒါကို အာရုံမထားကြပေ။
ထို့နောက် ချက်ချင်းပင် သူတို့၏ဆရာသည် စောစောက နိုးထဝိညာဉ်နှင့် မျက်နှာချင်းဆိုင်ရပ်နေသည်ကို သူတို့သုံးယောက်က တွေ့မြင်လိုက်ရလေသည်။
သူတို့နှစ်ယောက်က တိတ်ဆိတ်ငြိမ်သက်နေပြီး လေထုက အနည်းငယ် ထူးဆန်းနေလေသည်။
ဘာတွေများ ဖြစ်ခဲ့တာပါလိမ့်..။
နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က တွေဝေရှုပ်ထွေးသွားကြလေသည်။
“ဆရာ..”
နန်းကုန်လင်းက ညင်သာစွာ ခေါ်လိုက်လေသည်။
တာအိုအရှင်ကြယ်သွေးနီက မျက်မှောင်ကြုတ်ပြီး တစ်ခုခုလွဲမှားနေသလို ခံစားရလေသည်။
သူ့ရှေ့ရှိ မိတ်ဆွေလေးက နိုးထဝိညာဉ်အဆင့်သာဖြစ်ပြီး အသက်တစ်ရာကျော်သာ ရှိသေးလေသည်။ သူက နှစ်ငါးထောင်ကြာ ရှင်သန်နေထိုင်လာခဲ့သော မွန်းစတားအိုကြီးတစ်ယောက်ဖြစ်ပြီး ဤရောင်းရင်းလေးကို ဆရာဦးလေးဟု ခေါ်ရမည်တဲ့လား..။
အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ..။
“ဆရာဘိုးဘိုးက စကားပြော မှားသွားတာများလား”
“ဒါပေမဲ့လို့ သူ့စကားထဲမှာ ‘ဆရာဦးလေး’လို့တော့ ပီပီသသ ငါကြားလိုက်ရပါတယ်”
တာအိုအရှင်ကြယ်သွေးနီက တွေဝေရှုပ်ထွေးနေလေသည်။
ထိုစဉ်မှာပင် နန်းကုန်လင်း၏အသံကို ကြားသောအခါ.. သူ၏မျက်လုံးက ဝင်းလက်သွားလေသည်။ သူက နားလည်သဘောပေါက်သွားဟန်ဖြင့် သူ့နဖူးကိုသူ ရိုက်လိုက်လေသည်။
“ဆရာဘိုးဘိုးက ဒီရောင်းရင်းလေးကို ဆရာဦးလေးလို့ ခေါ်ခိုင်းတာက ငါ့ကိုပြောတာ မဟုတ်ဘူးပဲ.. အဲဒါက ငါ့ရဲ့ တပည့်သုံးယောက်ကို ခေါ်ခိုင်းတာပဲ”
“အဲဒါဆိုရင် မိုလင်းက ငါ့ရဲ့ ဂျူနီယာညီလေးပေါ့.. ဟုတ်တယ်.. အဲ့လိုပဲဖြစ်ရမယ်”
တာအိုအရှင်ကြယ်သွေးနီက သူ့ဘာသာသူတွေးရင်း ကျေနပ်သဘောကျသွားလေသည်။
တာအိုအရှင်ကြယ်သွေးနီက စောစောကတင် မျက်မှောင်ကြုတ်နေပြီး ယခုအခါ အရူးတစ်ယောက်လို ရယ်မော၍ နန်းကုန်လင်း၏ခေါင်းကို သပ်လိုက်လေသည်။ နန်းကုန်လင်းက ထိုသည်ကိုမြင်သောအခါ တုန်လှုပ်သွားပြီး မနေနိုင်ဘဲ မေးလိုက်လေသည်။
“ဆရာ.. ဒီ မိုလင်းက ဘယ်သူလဲ”
တာအိုအရှင်ကြယ်သွေးနီက လက်ကာပြလိုက်လေသည်။
“မင်းတို့တွေက သူ့ကို ဆရာဦးလေးလို့ ခေါ်ရမယ်”