← Chapters

ကာလရှည်ကြာ ပျောက်ဆုံးနေခဲ့သော ဂျူနီယာညီလေး

Vol. 61 Ch. 903

ကာလရှည်ကြာ ပျောက်ဆုံးနေခဲ့သော ဂျူနီယာညီလေး

Vol. 61 Ch. 903

“အား...”

နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က တွေဝေရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ကြလေသည်။

ဘယ်ဆီဘယ်ဝယ်ကရယ်မသိ ပေါ်ထွက်လာခဲ့သော တစ်စုံတစ်ယောက်က သူတို့ရဲ့ ဆရာဦးလေး ဘယ်လိုဖြစ်လာတာလဲ...။

အဲ့ဒါက ဝတ်ကျေတန်းကျေ အဖြေတစ်ခုမဟုတ်ပေဘူးလား။

နန်းကုန်လင်းသည် သူ၏ခေါင်းကို ကုတ်ပြီး ခြောက်ကပ်စွာဖြင့် ရယ်မောလိုက်လေသည်။

“ဆရာ... အဲ့လိုမနောက်ရဘူးလေ... ဒီက တာအိုရောင်းရင်းက ဘယ်သူလဲ သူက ဘယ်လိုဖြစ်ပြီး သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်ကို သိနေရတာလဲ”

“မင်းကိုဘယ်သူက နောက်နေလို့လဲ”

တာအိုအရှင်ကြယ်သွေးနီက မျက်လုံးစွေကြည့်ပြီး ဆူဇီမိုကို လက်ညိုးထိုးပြလိုက်၏။

“သူက ငါ့ရဲ့ ဂျူနီယာညီလေးမို့လို့ သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်ကို သိနေတာပေါ့”

နန်းကုန်လင်းနှင့်အခြားနှစ်ယောက်က ကြောင်အမှင်တက်သွားခဲ့လေသည်။

သူတို့က အရူးများမဟုတ်ကြပေ...

တာအိုအရှင်ကြယ်သွေးနီနှင့် ဆူဇီမိုက စောစောကတင် တစ်ယောက်ကိုတစ်ယောက် မသိကြသကဲ့သို့ ပြုမူနေခဲ့ကြလေသည်။ တစ်ခဏအတွင်းမှာပင် သူတို့က ဘယ်လိုဖြစ်ပြီး ဂိုဏ်းတူညီကိုများဖြစ်လာကြတာလဲ။

ရူရွှမ်က ကိုယ်ကိုကိုင်းညွတ်ပြီး ရယ်မောလိုက်လေသည်။

“ဆရာ ကျွန်မတို့ကို နောက်မနေပါနဲ့တော့... ဆရာက ဓမ္မဝိသေသအဆင့်ကို ရောက်နေပြီ ဆရာ့ရဲ့ဂျူနီယာညီလေးက နိုးထဝိညာဥ်အဆင့်မှာတဲ့လား... အဲ့ဒါကို ဘယ်သူက ယုံမှာလဲ”

တာအိုအရှင်ကြယ်သွေးနီကလည်း ကြောင်အသွားခဲ့လေသည်။ ထို့နောက် ချက်ချင်းပင် သူက ရူရွှမ်ကို စိုက်ကြည့်ပြီး ငေါက်ငမ်းလိုက်လေသည်။

“ငါ့ကို မရိုမသေလာလုပ်မနေနဲ့...”

ရူရွှမ်က နှုတ်ခမ်းစူပြီး နောက်ဆုတ်လိုက်လေသည်။

တာအိုအရှင်ကြယ်သွေးနီက တင်းမာခက်ထန်သော အမူအရာတစ်ခုဖြင့် အတည်အတံ့ပြောလိုက်လေသည်။

“ငါ့ရဲ့ဂျူနီယာညီလေးက ကျင့်ကြံခဲ့တာမကြာသေးလို့ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က မမြင့်မားသေးတာ ပုံမှန်ပဲ”

“ငါ့ရဲ့ ဂျူနီယာညီလေးက အခုမှ အသက်တစ်ရာ့လေးဆယ်ပဲ ရှိသေးတယ်... သူက မင်းတို့တွေအကုန်လုံးထက်တောင် ငယ်သေးတယ်”

ရူရွှမ်နှင့်အခြားသူများက ဆူဇီမို၏ အသက်ကိုမပြောနိုင်သော်လည်း တာအိုအရှင်ကြယ်သွေးနီက ပြောနိုင်လေသည်။

နန်းကုန်လင်းနှင့်အခြားနှစ်ယောက်က ကြောင်အမှင်တက်သွားကြလေသည်။

ဆူဇီမို၏ ရုပ်ရည်သွင်ပြင်က ကြမ်းတမ်းပြီး သူ၏ပြုမူလှုပ်ရှားမှုများက တည်ငြိမ်ရင့်ကျက်သည်ဟု ထင်ရလေသည်။ မည်သို့ပင်ဆိုစေ သူ၏အသက်က လေးငါးခြောက်ရာရှိသည်ဟု ထင်ရလေသည်။

ယခုသူက အသက်တစ်ရာကျော်ပဲ ရှိသေးသည်တဲ့လား...

အသက်တစ်ရာကျော်က မော်တယ်လောကမှာဆိုလျှင် အလွန်အိုမင်းသည်ဟု ထင်ရလေသည်။ သို့သော်လည်း နိုးထဝိညာဥ်များ၏ ဘဝသက်တမ်းက နှစ်တစ်ထောင်ဖြစ်လေသည်။ မော်တယ်တစ်ယောက်၏ ဘဝသက်တမ်းနှင့် နှိုင်းယှဥ်လျှင် ဆူဇီမိုသည် အသက်နှစ်ဆယ်ပင်မပြည့်သေးသော ဆယ်ကျော်သက် လူငယ်တစ်ယောက်နှင့်တူညီလေသည်။

အသက်တစ်ရာကျော် နိုးထဝိညာဥ်တစ်ယောက်က မော်တယ်လောကမှာဆိုလျှင် လူငယ်ပညာရှင်တစ်ယောက်နှင့်ညီမျှလေသည်။

ဒါ့အပြင် ဆူဇီမိုက နိုးထဝိညာဥ်အဆင့်၏ နောက်ပိုင်းအဆင့်မှာ ရောက်ရှိနေပြီးလေပြီ။ သူ၏ ကျင့်ကြံမှုအမြန်နှုန်းက ကြောက်စရာကောင်းလွန်းလေသည်။

နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က အသက်နှစ်ရာကျော်နေပြီဖြစ်ပြီး သူတို့က ဆူဇီမိုထက် ပို၍ အသက်ကြီးကြလေသည်။ သူတို့က အစောပိုင်းနိုးထဝိညာဥ်အဆင့်သို့သာ ကျင့်ကြံနိုင်သေးသော်လည်း သူတို့ကိုယ်သူတို့ ရှားရှားပါးပါး ပြိုင်စံရှားများဟု မှတ်ယူထားကြလေသည်။

သူတို့ကြားတွင် နန်းကုန်လင်းသည် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ အဆင့် ၈၃ ပင်ဝင်ခဲ့လေသည်။

သည့်အရင်က ဆူဇီမိုသည် စွမ်းအားကြီးသော နည်းလမ်းများကို ပြသခဲ့သော်လည်း နန်းကုန်လင်းက အဲ့ဒါကို အတည်မယူခဲ့ပေ။

သူ၏ထင်မြင်ချက်အရ သူက နောက်ပိုင်းနိုးထဝိညာဥ်အဆင့်သို့ ကျင့်ကြံနိုင်သည်နှင့်အမျှ သူက ဆူဇီမိုထက် သေချာပေါက် သန်မာလာပေလိမ့်မည်။

ယခုမှာ​တော့ သူက ရှုံးနိမ့်ပြီးသွားပြီဆိုတာ သိလိုက်ပြီးလေပြီ။

တာအိုအရှင်ကြယ်သွေးနီအပါအဝင် နန်းကုန်လင်းနှင့် အခြားနှစ်ယောက် မသိကြသည်မှာ ဆူဇီမိုသည် နှစ်တစ်ရာကျော်ကျင့်ကြံပြီးနောက် နောက်ပိုင်းနိုးထဝိညာဥ်အဆင့်မှာပင် ရှိနေသေးသည်မှာ သူက အမြုတေစိတ်ဝိညာဥ်နှစ်ခုကို ကျင့်ကြံထားသောကြောင့်ပင်။

ဒါ့အပြင် အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်က အင်မော်တယ်နှင့် ဗုဒ္ဓဂိုဏ်းများ၏ ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်နှစ်ခုကို ကျင့်ကြံထားခဲ့လေသည်။

ထိုကျင့်ကြံရေးနည်းစနစ်များက စွမ်းအားကြီးသော်လည်း ၎င်းတို့ကို ကျင့်ကြံဖို့အတွက် အချိန်နှစ်ဆ ပိုယူရလေသည်။

ဒါ့အပြင် ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်များ၏ အနည်းဆုံးစွမ်းအားထက်ဝက်သည် ဖန်တီးခြင်းကြာပဒုမ္မာကို ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အမြဲတမ်း ထောက်ပံ့ပေးခဲ့ရလေသည်။

ထိုသို့ဖြင့် သူ၏ကျင့်ကြံမှုအမြန်နှုန်းက မသိမသာနှေးကွေးသွားခဲ့လေသည်။

မဟုတ်ပါက သူသည် အသက်တစ်ရာမပြည့်ခင်မှာပင် သူ၏ လက်ရှိကျင့်ကြံမှုအဆင့်ကို ရောက်ရှိနေခဲ့ပေလိမ့်မည်။

တစ်ကယ်တော့ ဝါစဥ်အရဆိုလျှင် ဆူဇီမိုသည် တာအိုအရှင်အဆုံးစွန်မီး၏ တပည့်ဖြစ်သည့်အတွက် သူက တာအိုအရှင်ကြယ်သွေးနီ၏ ဆရာဖြစ်သော တာအိုအရှင်ထျန်ရှင်း၏ ဂျူနီယာညီ ဖြစ်လေသည်။

ထိုသို့ဆိုလျှင် သူက တစ်ကယ်ပဲ တာအိုအရှင်ကြယ်သွေးနီ၏ ဆရာဦးလေးဖြစ်လေသည်။

ဆူဇီမိုက သူတို့ကို အမှန်ပြင်ပေးခြင်းမရှိပဲ ဘေးကနေ ပြုံး၍သာ ကြည့်နေလေသည်။

တာအိုအရှင်ကြယ်သွေးနီက နှစ်ငါးထောင်ကျော်ကြာအောင် ရှင်သန်နေထိုင်လာခဲ့သူဖြစ်ပြီး သူတို့၏ ပက်သက်ဆက်နွှယ်မှုကို သူက စဥ်းစားဖော်ထုတ်ကြည့်ဖို့မခက်ခဲပေ။ သို့သော်လည်း သူက အမှန်တရားကို ချက်ချင်းလက်ခံဖို့ ခက်ခဲနေပေလိမ့်မည်။

ဘာပဲပြောပြော သူက အသွန်းတစ်ရာဂိုဏ်းမှာ မြင့်မြတ်ထည်ဝါသော ဂုဏ်အဆင့်အတန်းရှိပြီး အဆုံးစွန်မီးမျိုးဆက်၏ လက်ရှိဆရာသခင်တစ်ယောက်ဟု သတ်မှတ်နိုင်လေသည်။

ဆူဇီမိုက အသက်တစ်ရာကျော်သာ ရှိသေးလေသည်။ တာအိုအရှင်ကြယ်သွေးနီ၏ မျက်လုံးထဲတွင် သူက အရွယ်မရောက်သေးသော ကလေးတစ်ယောက်လိုသာ ဖြစ်လေသည်။

ဤကောင်လေးက ရုတ်တရက် ပေါ်ထွက်လာပြီး သူ၏ ဆရာဦးလေးဖြစ်လာမည်ဆိုလျှင် သူက ဂိုဏ်းထဲမှာ ဘယ်လိုမျက်နှာပြရမည်လဲ။

သူက ဆူဇီမိုနှင့် တွေ့သည့်အကြိမ်တိုင်း သူ့ကို ဆရာဦးလေးဟု ခေါ်ဆို၍ ဦးညွတ်နေရမည်လား...။ ထိုအတွေးက သူ့ကို ရူးသွပ်သွားစေနိုင်သည်။

ဆူဇီမိုက တာအိုအရှင်ကြယ်သွေးနီကို အမှန်ပြင်ပေးခြင်းမရှိပဲ ထိုကိစ္စကို လျစ်လျူရှုထားလိုက်လေသည်။

ဘာပဲပြောပြော သူက ဝါစဥ်သတ်မှတ်မှုများအပေါ် အလေးထားမှုမရှိပေ။ သူက စည်းမျဥ်းစည်းကမ်းများ၏ ချုပ်နှောင်ထားခြင်းမရှိပဲ လွတ်လွတ်လပ်လပ်နေတတ်သော စိတ်နေစရိုက်ရှိလေသည်။

ဒါ့အပြင် သူက တစ်ကယ်ပဲ ငယ်ရွယ်လွန်းသေးလေသည်။

တာအိုအရှင်ကြယ်သွေးနီလို နှစ်ငါးထောင်ကျော်ကြာ ရှင်သန်နေထိုင်လာခဲ့သော မွန်းစတားအိုကြီးက သူနှင့်တွေ့သည့်အကြိမ်တိုင်း ဆရာဦး​လေးဟု ခေါ်ဆို၍ ဦးညွတ်နေမည်ဆိုလျှင် သူကလည်း အနေခက်ရပေလိမ့်မည်။

“အသက်တစ်ရာကျော်ပဲ ရှိသေးတာလား...”

ရူရွှမ်က ဆူဇီမို၏ဘေးကနေ လှည့်ပတ်ပြီး အံ့အားတသင့် ရေရွတ်လိုက်လေသည်။

“သူ့အသက်က ခုနှစ်ရာ ရှစ်ရာလောက် ရှိလိမ့်မယ်လို့ ဘာလို့ငါက ခံစားမိနေတာပါလိမ့်...”

ဆူဇီမိုက ခွန်းတုံ့ပြန်ခြင်းမရှိပဲ ပြုံးနေလေသည်။

ယခုအခါ သူ၏ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲထားပြီး သူ၏ပုံစံက တစ်ကယ်ပဲ အနည်းငယ်အိုစာနေလေသည်။

အခြားတစ်ဖက်မှာတော့ လျှိုဟန်ယန်သည် ဘာကိုမှ ပြောဆိုခြင်းမရှိပေ။ သူမက စူးစမ်းချင်စိတ်နှင့်အတူ ဆူဇီမိုကို မကြာမကြာ ခိုးကြည့်နေတတ်လေသည်။

နန်းကုန်လင်းက ဤသည်ကို သတိထားမိသောအခါ သူက ပို၍ပင် စိတ်တိုလာလေသည်။

သူက လျှိုဟန်ယန်ကို ကြိတ်ပိုးနေသူဖြစ်ပြီး သူမနှင့်အတူ အသွန်းတစ်ရာဂိုဏ်းသို့ပင် ဝင်ရောက်ခဲ့လေသည်။

နန်းကုန်လင်းသည် သူ့ချစ်ရာသူရှေ့မှာ မျက်နှာပျက်ရပြီး သူ၏ ထင်ပေါ်ကျော်ကြားမှုများက ဤလူ၏ ခိုးယူခြင်းကို ခံလိုက်ရသည်ဟု ခံစားမိလေသည်။

ထို့ကြောင့်ပင် နန်းကုန်လင်းက ဆူဇီမိုကို ပစ်မှတ်ထားလာခြင်းဖြစ်လေသည်။ သို့သော်လည်း သူ့မှာ တခြားမကောင်းသည့် စိတ်ဆန္ဒများမရှိပေ။

အစကတော့ နန်းကုန်လင်းသည် လျှိုဟန်ယန်အထင်ကြီးလာအောင် ဘယ်လိုလုပ်ရမလဲ... အနာဂတ်မှာ မိုလင်းနှင့် ဘယ်လို ယှဥ်ပြိုင်ရမလဲ စဥ်းစားတွေးတောနေခဲ့လေသည်။ သို့သော် ယခုအခါမှာတော့ ဤလူက ဆိုင်းမဆင့်ဗုံမဆင့်နှင့် သူတို့၏ ဆရာဦးလေးဖြစ်လာခဲ့လေပြီ။

“ငါက သူ့ကို ဘယ်လိုသွားပြီး ယှဥ်​ပြိုင်တော့မလဲ...”

နန်းကုန်လင်းက စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်လေသည်။

“ငါတို့ရဲ့အကြား ဝါစဥ်ကွာဟချက်က အရမ်းကိုကြီးမားသွားပြီ”

နန်းကုန်လင်းသည် မိုလင်းနှင့်တွေ့တိုင်း သူ့ကို ဆရာဦးလေးဟု တရိုတသေခေါ်ရမည့်အကြောင်းကို တွေးမိသောအခါ စိတ်ထဲမှာ မအီမသာခံစားလာရလေသည်။ ဒါ့အပြင် ဤဆရာဦးလေးက သူ့ထက်ပင် ငယ်ရွယ်သေးလေသည်။

သူက ဤကိစ္စကို မည်သို့ပင်တွေးပါစေ တစ်ခုခုလွဲမှားနေသည်ဟု ခံစားရ​လေသည်။ ဤလူက တာအိုအရှင်ကြယ်သွေးနီ၏ ဂျူနီယာညီလေးဖြစ်မည်ဆိုလျှင် သူ့ဆရာက ဘယ်သူပါလဲ..။

သူတို့၏ စွမ်းအားကြီးမားသော ဆရာဘိုးဘိုးနှင့်စီနီယာဆရာဦးလေးများက သေဆုံးကုန်ကြပြီကို သိထားရပေမည်။

နန်းကုန်လင်းက သေချာသတိထား၍ မေးလိုက်လေသည်။

“ဆရာ... ဆရာ့မှာ ဂျူနီယာညီလေးတစ်ယောက်ရှိတယ်လို့ အရင်ကပြောတာ မကြားဖူးပါဘူး”

“မင်းတို့လိုကလေးတွေကို ငါ့ရဲ့ ကိုယ်ရေးအချက်အလက်တွေအကုန်လုံး လိုက်ပြောနေရမှာလား”

တာအိုအရှင်ကြယ်သွေးနီက နန်းကုန်လင်းကို မျက်စောင်းထိုးပြီး ဆူဇီမိုကို လက်ညိုးထိုးပြလိုက်လေသည်။

“ဒါက ငါ့ရဲ့ ကာလရှည်ကြာပျောက်ဆုံးနေတဲ့ ဂျူနီယာညီလေးပဲ... မင်းက အဲ့ဒါကို လက်မခံဘူးလား”

“မဟုတ်ပါဘူး...”

နန်းကုန်လင်းက မချိပြုံးပြုံး၍ ကပျာကယာပြောလိုက်လေသည်။

ထို့နောက် ချက်ချင်းပင်သူက မျက်လုံးစွေကြည့်ပြီး မေးလိုက်လေသည်။

“ဒီက ဆရာဦးလေးမိုလင်းရဲ့ ဆရာက...”

နန်းကုန်လင်းသည် ဤကိစ္စကို ခြေခြေမြစ်မြစ်သိရဖို့ ကြိုးစားလိုက်လေသည်။

သို့သော်လည်း သူ့စကားမဆုံးသေးခင်မှာပင် သူ့ကို တာအိုအရှင်ကြယ်သွေးနီက စိုက်ကြည့်လိုက်လေသည်။

တာအိုအရှင်ကြယ်သွေးနီက တင်းမာခက်ထန်သော အမူအရာတစ်ခုနှင့်အတူ တည်တံ့စွာပြောလိုက်လေသည်။

“တော်ပြီ... ဆက်မေးမနေနဲ့တော့ မင်းတို့အားလုံး သိထားရမှာက မိုလင်းက မင်းတို့ရဲ့ ဆရာဦးလေးပဲ...”

“မင်းတို့သုံး​ယောက် သူ့ကို ကူညီပြီးတော့ နေရာထိုင်ခင်းချပေးလိုက်... မင်းတို့အားရင် ဂိုဏ်းမှာရှိတဲ့နေရာတွေကို သူ့ကိုပြပေးလိုက် ငါက အရင်သွားနှင့်တော့မယ်”

တာအိုအရှင်ကြယ်သွေးနီက မေးခွန်းများကို ဖြေရသည်မှာ ခေါင်းကိုက်လာပြီး သူ၏အလိမ်အညာများ ပေါ်ထွက်လာမည်ကို စိုးရိမ်မိလာလေသည်။ တာအိုအရှင်အဆုံးစွန်မီးကဲ့သို့ပင် သူက နန်းကုန်လင်းနှင့်အခြားနှစ်ယောက်ကို ချန်ထားခဲ့ပြီး လှည့်ထွက်ပြေးသွားခဲ့လေသည်။

နန်းကုန်လင်း၏ စိတ်ထဲမှာ မေးခွန်းများစွာက ပြည့်နှက်လာပြီး သူက ဘာကိုမှမပြောနိုင်ပဲ မချင့်မရဲ အမူအရာတစ်ခုနှင့် ဆူဇီမိုကို ကြည့်နေလေသည်။

ရူရွှမ်မျက်လုံးများက တစ်ခုခုကို အကွက်ချနေသည့်အလား ဟိုဟိုဒီဒီရွေ့လျားနေလေသည်။

လျှိုဟန်ယန်ကတော့ ရိုသေလေးစားမှုအရှိဆုံးဖြစ်လေသည်။ သူမက ပြုံး၍ ဆူဇီမိုရှေ့သို့ ရောက်လာပြီး အနည်းငယ် ဦးညွတ်လာလေသည်။

“အဆုံးစွန်မီးမျိုးဆက်က လျှိုဟန်ယန်.. ဆရာဦးလေး မိုလင်းကို နှုတ်ဆက်ပါတယ်”

“အင်း”

ဆူဇီမိုက ပြုံး၍ ခေါင်းညိတ်လိုက်လေသည်။ သူ၏ သိုလှောင်အိတ်ကိုပုတ်ပြီး သူက သံချေးတက်နေသော ဓားပျံတစ်လက်ကို ထုတ်ကာ ကမ်းပေးလိုက်လေသည်။

“ဒါကတော့ လက်ဆောင်ငယ်လေးတစ်ခုပဲ.. ယူလိုက်”

“ကျွတ်....”

နန်းကုန်လင်းသည် ဓားပျံက သာမန်သာဖြစ်ပြီး ချုံးချုံးကျနေသည်ကို မြင်သောအခါ သူက နှုတ်ခမ်းစူ၍ ညည်းတွားပြောဆိုလိုက်လေသည်။

“သံချေးတက်နေတဲ့ဓားတစ်လက်ကို သုံးပြီး လူတွေကို အရူးလုပ်ချင်နေတာပဲ... ဒါက ဘယ်လိုမျိုး ဆရာဦးလေးပါလိမ့်”

လျှိုဟန်ယန်က ပြန်ဖြေခြင်းမရှိပဲ ဓားပျံကိုလက်ခံယူပြီး ဓမ္မစွမ်းအားများကို ထိုးသွင်းလိုက်လေသည်။

ဇီ!

ဓားပျံက အသက်ဝင်လာသည့်အလား ညင်သာစွာ တုန်ခါသွားပြီး ထက်ရှသောဓားချီက ထွက်ပေါ်လာလေသည်။

ဓားပျံပေါ်ရှိ သံချေးများက တစ်လွှာပြီးတစ်လွှာ ကွာကျသွားပြီး တဖျတ်ဖျတ်တလက်လက် အလင်းရောင်ငါးခုက တောက်ပလာကာ နန်းကုန်လင်းကို မျက်စိကျိန်းမတတ် ဖြစ်သွားစေလေသည်။

ဓမ္မအင်းကွက်ငါးခုနှင့် ပကတိအဆင့်... အဲ့ဒါက ပကတိအဆင့် ဓမ္မလက်နက်တစ်ခုဖြစ်နေလေသည်။

All Chapters