← Chapters

လေတိမ်အစုအဝေး

Vol. 61 Ch. 907

လေတိမ်အစုအဝေး

Vol. 61 Ch. 907

အသွန်းတစ်ရာဂိုဏ်းတွင် ပြီးခဲ့သည့်နှစ်လအတွင်း ဆူဇီမိုသည် သူ၏အချိန်အများစုကို ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို နားလည်ဆင်ခြင်ခြင်းဖြင့်သာ ကုန်ဆုံးစေပြီး သူက ထိုအထဲတွင် သူ့ကိုယ်သူ နစ်မြုပ်ထားလေသည်။

အပေါ်ယံကြည့်လျှင်တော့ ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းက သာမန်ရှေးဟောင်း ကျမ်းစာအုပ်တစ်အုပ်နှင့် ဆင်တူလေသည်။

ဆူဇီမိုပင် အဲဒါကို ကြိုတင်သိရှိမထားလျှင် ထိုရှေးဟောင်းကျမ်းစာအုပ်က ဒဏ္ဍာရီလာ ရှေးဟောင်းဓားကျမ်းများနှင့် ဆက်စပ်မှုရှိနေလိမ့်မည်ဟု တွေးထင်မိလိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို သူ၏သိုလှောင်အိတ်ထဲမှာ သိမ်းဆည်းထားဖို့ ခက်ခဲလေသည်။ အဲဒါကို စဉ်းစားပြီးနောက် ဆူဇီမိုသည် အဲဒါကို အပြင်သို့ထုတ်ပြီး ပေါ်ပေါ်ထင်ထင် ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်လေသည်။

တစ်စုံတစ်ယောက်က သူနှင့် ပက်ပင်းတိုးမည်ဆိုလျှင်တောင် ဆူဇီမိုသည် မည်သည့်အရာကိုမှ ကွယ်ဝှက်နေမှာ မဟုတ်ပေ။ သူက ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို သူ၏လက်ထဲမှာ ကိုင်ထားပြီး အခြားလူများကို လျစ်လျူရှုကာ သူ၏ နားလည်ဆင်ခြင်မှုတွင်သာ အာရုံစိုက်ထားမည် ဖြစ်လေသည်။

အဲဒါကြောင့် များစွာသော ကျင့်ကြံသူများ၏ မျက်လုံးထဲမှာ ဆူဇီမိုက ရုပ်ရည်သွင်ပြင် ကြမ်းတမ်းသော်လည်း မော်တယ်လောကရှိ စာကြမ်းပိုးတစ်ယောက်နှင့် တူနေလေသည်။

ရှေးဟောင်းကျမ်းစာအုပ်တစ်အုပ်ကို ကိုယ်နှင့်မကွာ ကိုင်ဆောင်ထားသော ဆူဇီမိုသည် တုန်လှုပ်စရာကောင်းသည့် ဓားပညာရပ်တစ်ခုကို ကျင့်ကြံနေလိမ့်မည်ဟု မည်သူကမှ တွေးထင်ထားမည် မဟုတ်ပေ။

ပုံမှန်အားဖြင့် ပြောရလျှင် အဲဒါက တကယ့်ကို စွမ်းအားကြီးမားသည့် ကျင့်ကြံရေးနည်းစနစ်တစ်ခု သို့မဟုတ် လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်မည်ဆိုလျှင် မည်သူမဆို အခြားသူများ တွေ့မြင်သွားမည်ကို စိုးရိမ်သည့်အတွက် အဲဒါကို ကျင့်ကြံရန် လျှို့ဝှက်နေရာတစ်ခုကို ရှာဖွေလိမ့်မည် ဖြစ်လေသည်။

မည်သူကမှ ဆူဇီမိုကဲ့သို့ အကြောက်အလန့် ကင်းမဲ့၍ ပြောင်ပြောင်တင်းတင်း ကျင့်ကြံကြလိမ့်မည် မဟုတ်ပေ။

သူသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို နေ့စဉ်နှင့်အမျှ ကိုင်ဆောင်ထားသော်လည်း အထဲတွင် ပါဝင်သည့် အကြောင်းအရာများကို အခြားသူများ မြင်သွားမည်ကို သူက စိုးရိမ်ပူပန်မနေပေ။

အကြောင်းမှာ ထိုရှေးဟောင်းကျမ်းစာများကို နားလည်ဆင်ခြင်သည့် အကြိမ်တိုင်း ဆူဇီမိုသည် မီးပဒေသာကျောက်တုံး ပါဝင်သော သူ၏ ညာဘက်မျက်လုံးကို အသုံးပြုရလေသည်။

အဲဒါကို သူ၏ ဘက်ဘက်မျက်လုံးနှင့် ကြည့်ရှုမည်ဆိုလျှင် သူက ကျိန်းစပ်နေသော အလင်းရောင်တစ်ခုကိုသာ တွေ့မြင်ရပေလိမ့်မည်။ သူ၏ အမြင်အာရုံက ဖြူဖွေးနေပြီး မည်သည့်အရာကိုမှ တွေ့မြင်ရလိမ့်မည် မဟုတ်ပေ။

သူ၏ ညာဘက်မျက်လုံးနှင့်တောင် ဆူဇီမိုသည် အဲဒါကို အချိန်အတန်ကြာ ကြည့်ရှုပါက စပ်ဖျဉ်းဖျဉ်း နာကျင်မှုတစ်ခုကို ခံစားရလေသည်။

ထိုအချိန်တွင် သူက ရပ်တန့်၍ အနားယူပေလိမ့်မည်။ သူက သူ၏ လှိုဏ်ဂူခန်းဝါထဲကနေ ထွက်ခွာ၍ လမ်းခဏလျှောက်ပြီး အဝေးတစ်နေရာသို့ ငေးမျှော်ကြည့်ကာ သူ၏မျက်လုံးကို အနားပေးမည် ဖြစ်လေသည်။

ဤအချိန်အတောအတွင်း နန်းကုန်လင်းက သူ၏နေရာသို့ ရံဖန်ရံခါမှသာ ရောက်လာတတ်လေသည်။ ထိုသူက သူ့ကို တတ်နိုင်သမျှ မြန်မြန်ဖိနှိမ်ဖို့ ရည်ရွယ်ချက်တစ်ခု ရှိပုံရလေသည်။

လျှိုဟန်ယန်နှင့် ရူရွှမ်က မကြာခဏ အလည်လာတတ်လေသည်။

ရူရွှမ်သည် လွတ်လွတ်လပ်လပ် နေထိုင်တတ်ပြီး ဖော်ရွေရွှင်ပျလေသည်။ သူမက ဤအချိန်အတောအတွင်း ဂိုဏ်း၏ အတွင်းအပြင်မှာ ဖြစ်ပျက်သမျှ အရာအားလုံးကို ရင်းနှီးကျွမ်းဝင်စွာဖြင့် ရှင်းပြပေလိမ့်မည်။

လျှိုဟန်ယန်က တည်ငြိမ်သော စိတ်နေစရိုက်ရှိပြီး ရံဖန်ရံခါမှသာ စကားပြောတတ်လေသည်။ သူမက သူ၏နေရာသို့ လာပြီး ထိုင်ရုံထိုင်နေမည်သာ ဖြစ်လေသည်။

ဆူဇီမိုသည် လျှိုဟန်ယန်၏ ရင်ထဲမှ စိတ်တင်းကျပ်မှုနှင့် စိုးရိမ်ပူပန်မှုတို့ကို ခံစားမိနိုင်လေသည်။

ရက်အနည်းငယ်အတွင်း.. ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲက စတင်တော့မည် ဖြစ်လေသည်။

ထိုအချိန်ကျလျှင်.. အသွန်းတစ်ရာဂိုဏ်းနှင့် ငရဲမီးစံအိမ်အကြား လက်နက်သွန်းလုပ်ခြင်း ပြိုင်ပွဲတစ်ခု ရှိလာမည်ဖြစ်ပြီး လူတိုင်းက အဲဒါကို စောင့်မျှော်နေကြလေသည်။

အသွန်းတစ်ရာဂိုဏ်း၏ ကိုယ်စားပြုအနေဖြင့် သူမက တည်ငြိမ်နေသော်လည်း သူမ၏ရင်ထဲရှိ ဖိအားက တင်းကျပ်နေပြီး သူမက သူမရင်ထဲရှိ စိတ်သောကများကို ဖိနှိမ်ဖို့ အကောင်းဆုံး ကြိုးစားနေရလေသည်။

လျှိုဟန်ယန် လှမ်းမျှော်ကြည့်သည့်အခါတိုင်း ဆူဇီမိုက ညင်သာသော အကြည့်တစ်ခုဖြင့် ပြုံးပြပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ဆူဇီမိုသည် စိတ်နှလုံးကို အေးချမ်းစေသော ဂါထာမန္တာန်တစ်ပုဒ်ကို စိတ်ထဲကနေ ရွတ်ဆိုပေလိမ့်မည်။ ထိုအခါ သူ၏ခန္ဓာကိုယ်မှ တည်ငြိမ်အေးချမ်းသော အော်ရာတစ်ခုက ဖြာထွက်လာပြီး လျှိုဟန်ယန်၏ စိတ်နှလုံးကို တည်ငြိမ်စေပေလိမ့်မည်။

တကယ်တော့ အဲဒါက မမြင်ရသော အော်ရာတစ်ခု ဖြစ်လေသည်။

ဒဏ္ဍာရီအရဆို.. လူများကို ကြက်များ၊ ငှက်များကဲ့သို့ သတ်ဖြတ်သော ကြမ်းတမ်းသည့် လူသတ်သမားသည် ဓမ္မပညာရပ်မှာ ကျွမ်းကျင်ပိုင်နိုင်သော အကျော်ဇေယျ ဘုန်းတော်ကြီးတစ်ပါး၏ အကြည့်အောက်မှာ သူ၏ သားသတ်ဓားကို လွှတ်ချပေလိမ့်မည်။

ထို့ကြောင့်ပင် ဘုန်းတော်ကြီးတစ်ပါးနှင့် အချိန်အတန်ကြာ ယှဉ်တွဲနေထိုင်ခြင်းဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သတ်ဖြတ်လိုစိတ်များက ဖယ်ခွာသွားနိုင်ခြင်း ဖြစ်လေသည်။

ဆူဇီမိုသည် ဖြစ်ပျက်နေသည့် အရာများကို နားလည်နိုင်လေသည်။

သူက တာအိုအရှင်အဆုံးစွန်မီး၏ တပည့်တစ်ယောက် ဖြစ်သော်လည်း.. သူက ဓမ္မလက်နက်များ သွန်းလုပ်ခြင်းနှင့် ပတ်သက်၍ အသိသညာ များစွာမရှိပေ။ သူက ငယ်စဉ်ကတည်းက အသွန်းတစ်ရာဂိုဏ်းမှာ ကျင့်ကြံလာခဲ့သော လျှိုဟန်ယန်ထက် များစွာနိမ့်ကျလေသည်။

သူက ထိုကိစ္စမှာ အကူအညီများစွာ မပေးနိုင်ပေ။ သူ ပြုလုပ်နိုင်သော တစ်ခုတည်းသောအရာမှာ လျှိုဟန်ယန်၏စိတ်ကို ဖြေလျှော့၍ သူမ၏ စိတ်ပိုင်းဆိုင်ရာကို ထိန်းညှိနိုင်ရန် ကူညီပေးဖို့ ဖြစ်လေသည်။

ဤနေ့တွင်..

ဆူဇီမိုသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို သူ၏လှိုဏ်ဂူခန်းဝါတွင်းမှာ နားလည်ဆင်ခြင်နေစဉ် အပြင်ဘက်မှ တစ်စုံတစ်ယောက် တံခါးခေါက်သံကို ကြားလိုက်ရလေသည်။ ထို့နောက် ချက်ချင်းပင် သူ၏ လှိုဏ်ဂူခန်းဝါတံခါးက ပွင့်ဟသွားခဲ့လေသည်။

လှည့်ကြည့်ခြင်းမရှိဘဲ ထိုသူက ရူရွှမ်ဆိုတာကို ဆူဇီမိုက သေချာပေါက် ခန့်မှန်းမိလိုက်လေသည်။

“ဆရာဦးလေး အသေးလေး.. ကျွန်မက ရှင့်ဆီကို လာလည်ပြီနော်”

ရူရွှမ်၏အသံက လူရောက်မလာခင်မှာပင် ထွက်ပေါ်လာခဲ့လေသည်။

ဆူဇီမိုက သူ၏အာရုံကို ဖြည်းဖြည်းချင်း ဖြတ်တောက်ပြီး မော့ကြည့်လိုက်လေသည်။

ရူရွှမ်၏ဘေးတွင် လျှိုဟန်ယန်သာမက အနည်းငယ် အင်တင်တင်ဖြစ်နေသော နန်းကုန်လင်းပါ ရှိနေလေသည်။

“ဆရာဦးလေး အသေးလေး.. ရှင်က စာတွေပဲ ဖတ်နေတုန်းလား”

ရူရွှမ်က သာမန်ကာလျှံကာ ပုံစံဖြင့် မေးလိုက်လေသည်။ ရုတ်တရက် သူမက ရှေ့သို့ကိုင်းညွတ်ပြီး ဆူဇီမို၏ လက်ထဲရှိ ရှေးဟောင်းကျမ်းစာအုပ်ကို ကြည့်လိုက်လေသည်။

“အဲဒီမှာ ဘာတွေရေးထားတာလဲ”

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း.. ဆူဇီမိုက ထိုစာအုပ်ထဲမှာ နစ်မျောနေသည်ကို ရူရွှမ်မြင်သောအခါ သူမက စိတ်ထဲမှာ သိပ်မထားခဲ့ပေ။ သို့သော်လည်း တဖြည်းဖြည်းနှင့် သူမက သိချင်စိတ် ပြင်းပြလာခဲ့လေသည်။

ယခုအခါ.. သူမသည် ရုတ်တရက် အလည်ရောက်ရှိလာပြီး ဆူဇီမိုကို ဤမျှအထိ ဖမ်းစားနိုင်သော ရှေးဟောင်းကျမ်းစာအုပ်ထဲမှာ ဘာတွေများ ရေးထားမလဲ သူမက တွေ့ချင် မြင်ချင်လေသည်။

အဆုံးသတ်မှာတော့ ရူရွှမ်က စိတ်ပျက်လက်ပျက် ဖြစ်သွားရလေသည်။

ရှေးဟောင်းကျမ်းစာအုပ်က ဘာမှရေးမထားသည့်အလား ဗလာကျင်းနေလေသည်။

ရူရွှမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး အနီးကပ်တစ်ချက် ထပ်ကြည့်မည်ပြုစဉ်မှာပင်.. သူမ၏မျက်လုံးများမှ ရုတ်တရက် နာကျင်မှုတစ်ခုကို ခံစားလိုက်ရလေသည်။ သူမက အံ့အားတသင့် ရေရွတ်ပြီး နောက်သို့ ​ခြေနှစ်လှမ်းဆုတ်လိုက်ရလေသည်။ မသိလိုက် မသိဘာသာနှင့်ပင် သူမ၏ ပါးပြင်ပေါ် မျက်ရည်စီးကြောင်းနှစ်ခုက ကျဆင်းလာခဲ့လေသည်။

ဤတစ်ကြိမ်တွင်တော့ ရူရွှမ်က တုန်လှုပ်သွားရလေသည်။

ထိုအခိုက်အတန့်တွင် ထိုရှေးဟောင်းကျမ်းစာအုပ်ကို ဆက်လက်၍ စိုက်ကြည့်ပါက သူမ၏ မျက်လုံးနှစ်လုံးက ကန်းသွားလိမ့်မည်ဟု သူမက ခံစားမိလေသည်။

ရူရွှမ်က ကြောက်ရွံ့မှု တစ်စွန်းတစ်စနှင့်အတူ ဆူဇီမိုကို ကြည့်လိုက်လေသည်။

တစ်ချက်ကြည့်ရုံမျှနှင့် သူမက ဤကဲ့သို့ ခံစားရသည်ဆိုလျှင်.. သူမ၏ ဆရာဦးလေးက ထိုစာအုပ်ကို တစ်ချိန်လုံး မည်ကဲ့သို့ ကြည့်နေနိုင်သလဲ သူမက မစဉ်းစားတတ်တော့ပေ။

“အဲဒီမှာ ကိစ္စတစ်ခုခု ရှိလို့လား”

သူတို့သုံးယောက် အတူတကွ ရှိနေသည်ကို မြင်သောအခါ ဆူဇီမိုက မေးလိုက်လေသည်။

ရူရွှမ်က အလျင်အမြန် ပြောလိုက်လေသည်။

“လေတိမ်အစုအဝေးက စတင်နေပြီ.. တစ်ချက်လောက် သွားကြည့်ရအောင်.. ကျွန်မက ပြီးခဲ့တဲ့ နှစ်လလုံးလုံး ဂိုဏ်းထဲမှာနေရလို့ အရမ်းကို မွန်းကျပ်နေပြီ”

ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲ စတင်ဖို့ တစ်လအလိုဖြစ်ပြီး တစ်သီးပုဂ္ဂလလေးအုပ်စု၏ အလယ်တွင် တည်ရှိသော လေတိမ်မြို့တော်တွင် ကျင့်ကြံသူများစွာက စုဝေးလာကြလေသည်။

တစ်သီးပုဂ္ဂလလေးအုပ်စုအပြင် ထိပ်သီးဂိုဏ်းကြီးများ၊ တော်ဝင်မိသားစုများနှင့် အလယ်ပိုင်းတိုက်ရှိ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများပင်လျှင် အဲဒီနေရာမှာ စုဝေးလာကြလေသည်။

ထိုအစုအဝေးက ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲ မစတင်ခင် တစ်လကြာသည်အထိ ရှိနေမည်ဖြစ်လေသည်။

ဤအစုအဝေး၌ များစွာသော ရတနာများ၊ ဆေးလုံးများ၊ ရှေးဟောင်းစာအုပ်များ၊ လျှို့ဝှက်အတတ်များ၊ ရှေးဦးအဆက်နွယ် တောကောင်များနှင့် နတ်ဘုရားဆန်သော လက်နက်များကိုပင် တွေ့မြင်နိုင်လေသည်။

အဲဒီမှာ ကျင့်ကြံရေးလောကရှိ အရာရာတိုင်း ရှိနေပေလိမ့်မည်။

ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲသို့ တက်ရောက်မည့် ကျင့်ကြံသူများသည် သူတို့လိုအပ်သည့် တစ်စုံတစ်ရာကို ဝယ်ယူရရှိနိုင်မလားဟု လေတိမ်မြို့တော်သို့ ရောက်လာတတ်ကြလေသည်။

အဲဒီမှာ သူတို့က ရှားရှားပါးပါး ရတနာအချို့နှင့် ကြုံကြိုက်ရရှိနိုင်တာကြောင့်လည်း ဖြစ်လေသည်။

ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်လိုက်လေသည်။

အခြားအချိန်များမှာသာဆိုလျှင်.. သူ့အနေနှင့် လေတိမ်အစုအဝေးသို့ လိုက်ပါသွားပေးဖို့က ပြဿနာတစ်ရပ် မဟုတ်ပေ။

သို့သော်လည်း.. ယခုအချိန်တွင် မုန်တိုင်းတစ်ခုက အစပျိုးလာပြီး မရေမတွက်နိုင်သော မျက်လုံးများက အသွန်းတစ်ရာဂိုဏ်းကို စောင့်ကြည့်နေကြလေသည်။

ဤအချိန်တွင် လျှိုဟန်ယန်နှင့် အခြားသူများက ဂိုဏ်းကနေ ထွက်ခွာဖို့ ရွေးချယ်ခြင်းက ဉာဏ်ရှိရာ မကျပေ။

“အဲဒါကို မေ့လိုက်တော့”

ဆူဇီမိုက ခေါင်းခါပြလိုက်လေသည်။

“တာအိုအရှင်ကြယ်သွေးနီက မင်းတို့တွေကို ဒီအချိန်အတောအတွင်း ဂိုဏ်းမှာပဲနေပြီး အပြင်ဘက်ကို လျှောက်မသွားဖို့ ပြောထားတယ်မလား”

“ကျွန်မတို့က ဂိုဏ်းထဲမှာပဲ နေနေရတာ နှစ်လကြာသွားပြီလေ.. အဲဒါက မွန်းကျပ်လွန်းလို့ သေတော့မှာပဲ”

ရူရွှမ်က နှုတ်ခမ်းစူပြီး မကျေမချမ်းဖြင့် ကြည့်လိုက်လေသည်။

နန်းကုန်လင်းက မျက်ခုံးပင့်လိုက်လေသည်။

“ဂျူနီယာညီမ.. ဘာမှပူမနေနဲ့.. မင်းတို့ရဲ့ဘေးမှာ ငါရှိမယ်ဆိုရင် မင်းတို့ ဘာမှမဖြစ်စေရဘူး”

“ငါတို့ရဲ့ဂိုဏ်းမှာ တချို့လူတွေက စီနီယာဖြစ်ပေမဲ့လို့ သတ္တိကြောင်နေကြတယ်.. လာပါ.. ငါတို့ဘာငါတို့ သွားကြရအောင်”

နန်းကုန်လင်းက ဆူဇီမိုကို ရည်ညွန်းပြောဆိုလိုက်ခြင်း ဖြစ်လေသည်။

ဆူဇီမိုက ဂရုမထားဟန်ဖြင့် ပြုံး၍ အဲဒါကို စိတ်ထဲမှာ မထားပေ။

နန်းကုန်လင်းက လျှိုဟန်ယန်ကို ပိုးပမ်းနေလေသည်။

လျှိုဟန်ယန်က ဤအချိန်အတောအတွင်း ဆူဇီမိုနှင့် အလွန်တရာနီးကပ်နေပြီး နန်းကုန်လင်းက သူ့ကို ပြိုင်ဘက်တစ်ယောက်အဖြစ် ရှုမြင်နေသည်မှာ သိသာလေသည်။ နန်းကုန်လင်းအနေဖြင့် သူနှင့် ယှဉ်ပြိုင်ဖို့ ကြိုးစားလာသည်မှာ သဘာဝကျလေသည်။

ဆူဇီမိုက အသံနှိမ့်၍ ပြောလိုက်လေသည်။

“မင်းတို့တွေ အဲဒီအစုအဝေးကို သွားရောက်ချင်တယ်ဆိုရင် မင်းတို့သုံးယောက်က မလုံလောက်ဘူး.. မင်းတို့နဲအတူ လိုက်ပါဖို့ ဂိုဏ်းကနေ စီနီယာအချို့ ပါသွားရမယ်.. မင်းတို့က ဓမ္မဝိသေသ ပညာရှင်အချို့ကို ခေါ်သွားနိုင်ရင် အကောင်းဆုံးပဲ”

“အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”

ရူရွှမ်က မျက်လုံးစွေကြည့်လိုက်လေသည်။

“အခုတလော ဂိုဏ်းမှာ ဘာတွေဖြစ်နေတာလဲ ကျွန်မလည်း မပြောတတ်ဘူး.. ဂိုဏ်းမှာရှိတဲ့ ပညာရှင်တွေက အရမ်းကို အလုပ်များနေကြပြီးတော့ အဲဒီအစုအဝေးကို ကျွန်မတို့နဲ့ လိုက်ပါပေးဖို့ ဘယ်သူကမှ အားမနေကြဘူး”

All Chapters