← Chapters

ချော်ခဲသလင်းကျောက်

Vol. 61 Ch. 909

ချော်ခဲသလင်းကျောက်

Vol. 61 Ch. 909

နန်းကုန်လင်းသည် တစ်မူထူးခြားသော နောက်ခံမှဆင်းသက်လာပြီး သူ၏အရိုးထဲထိ မာန်မာနတစ်ခုက စိမ့်ဝင်နေလေသည်။

ဒါ့အပြင် သူ့ကို ပြိင်စံရှားတစ်ယောက်ဟု သတ်မှတ်နိုင်ပြီး သူက မာန်မာနကြီးသောသဘာဝ ရှိလေသည်။ သူက ထိုကဲ့သို့ အမူအရာမျိုးထုတ်ပြသည်ကို ဆူဇီမိုက တွေ့မြင်ရခဲလေသည်။

ဆူဇီမိုက ညင်သာစွာပြုံးလိုက်လေသည်။

“မင်းကိုကြည့်ရတာ အဲ့ဒီကျန့်ဝူကျုံးဆိုတဲ့လူကို တော်တော်လေးအထင်ကြီးနေတဲ့ပုံပဲ”

“ဟမ့်”

ထိုစကားကိုကြားသောအခါ နန်းကုန်လင်းက နှာတစ်ချက်မှုတ်လိုက်လေသည်။

“ကျန့်ဝူကျုံး... အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ တတိယ... ဓားတာအိုမှာ အသန်မာဆုံးအမြုတေနယ်မြေဖြစ်တဲ့ ဓားများအားလုံးစုစည်းခြင်းကို နားလည်ဆင်ခြင်ခဲ့သူ”

“ဓားတွေအကုန်လုံးက အဲ့ဒီအမြုနယ်မြေမှာ အညံ့ခံရလိမ့်မယ်”

ထိုသည်ကိုကြားသောအခါ ဆူဇီမိုက သူ၏ မိတ်ဆွေဟောင်းတစ်ယောက်ကို အမှတ်ရသွားပြီး အနည်းငယ် မှင်တက်သွားခဲ့လေသည်။

သူ၏မိတ်ဆွေဟောင်းကလည်း လွန်ခဲ့သည့်နှစ်တစ်ရာက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက် ပြိုင်ပွဲအတွင်းမှာ ဓားများအားလုံးစုစည်းခြင်း ရွှေအမြုတေနယ်မြေက်ု နားလည်သဘောပေါက်ခဲ့ပြီး ထိုခေတ်က ဓားဂိုဏ်း၏ ပြိုင်စံရှားဟန်ချိုးယွီကို အနိုင်ယူပြီး လောကကို တုန်လှုပ်သွားစေခဲ့သည်။

တူကူကျန့်...

ဆူဇီမိုသည် မိတ်ဆွေဟောင်းတစ်ယောက်ဟု ပြောဆိုသော်လည်း သူက အဲ့ဒီလူနှင့် သိပ်ပြီး ရင်းနှီးကျွမ်းဝင်မှုမရှိပေ။

အဲ့ဒါထက် ဤလောကမှာ သူနှင့် ရင်းနှီးကျွမ်းဝင်သည့်လူက မည်သူမှ မရှိသည့်အလားပင်။

ဤလူ့ထံမှ လောကတစ်ခုလုံးနှင့်ပိုင်ခြားထားသော အထီးကျန်မှုတစ်ခုက ဖြာထွက်နေလေသည်။

သူ၏ရင်ထဲမှာ အထွတ်အထိပ်ဓားတာအိုတစ်ခုသာလျှင် ရှိသည့်အလားပင်။ သူ၏မျက်လုံးများက ခံစားချက်ကင်းမဲ့၍ ဗလာကျင်းနေတတ်လေသည်။

သူက သူ့ဓားကိုဆွဲထုတ်သော အခါမှသာလျှင် သူ၏မျက်လုံးများက ပြိုင်ဘက်ကင်းသော ရွှန်းလဲ့တောက်ပမှုဖြင့် ဝင်းထိန်လာပေလိမ့်မည်။

ဆူဇီမိုသည် ဤလူ့အပေါ် ကောင်းမွန်သော ထင်မြင်ချက်တစ်ခုရှိလေသည်။

အဲ့ဒါက တူကူကျန့်သည် သူ့ကိုကူညီပေးခဲ့ဖူးသောကြောင့်မဟုတ်ပေ။ အဲ့ဒါထက် အသင်္ချေနယ်မြေမြို့တော်မှာတုန်းက ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်၏ သတ်ဖြတ်မှုများတွင် နိုးထဝိညာဥ်များပင် ကြောက်ရွံခဲ့ရလေသည်။

သို့သော် တူကူကျန့်က ရှေ့သို့ထွက်ရပ်ခဲ့လေသည်။

သူက ဘာကိုမှမကြောက်တတ်ပေ။

အဲ့ဒါကမှ ဓားတာအို၏ စစ်မှန်သောစိတ်ဝိညာဥ်ဖြစ်လေသည်။

သူက ဦးညွတ်ဖို့ထက် အသေခံပြီးရှေ့သို့သာ တက်မည်ဖြစ်လေသည်။

တူကူကျန့်သည် ဆူဇီမိုတွေ့ကြုံဖူးသမျှထဲ ဓားတာအိုမှာ စစ်မှန်မှုရှိသော ပထမဆုံး ဓားကျင့်ကြံသူတစ်ယောက်ဖြစ်လေသည်။

နန်းကုန်လင်းက ထိုအချိန်တွင် ဆူဇီမိုစဥ်းစားတွေးတောနေသည့်အရာကို မသိနိုင်ပေ။

သူက ဆူဇီမိုက ဓားများအားလုံးစုစည်းခြင်း၏ ကြောက်စရာကောင်းမှုကို နားမလည်သေးဟုသာ တွေးလိုက်လေသည်။

နန်းကုန်လင်းက ဆက်ပြောလိုက်လေသည်။

“ခင်ဗျားက အဲ့ဒါကို နားမလည်သေးဘူးဆိုရင် ကျုပ်က ပိုပြီးတော့ရှင်းသွားအောင် ပြောပြမယ်... ကျန့်ဝူကျုံးနဲ့ရင်ဆိုင်ရမယ်ဆိုရင် ဓားကျင့်ကြံသူအားလုံးရဲ့ တိုက်ခိုက်ရည်ခွန်အားက လျော့ကျသွားလိမ့်မယ်”

“တစ်နည်းအားဖြင့် ကျန့်ဝူကျုံးကို တိုက်ခိုက်တဲ့ ဓားနည်းစနစ်အားလုံးရဲ့ စွမ်းအားက လျော့ကျသွားလိမ့်မယ်...”

“ဓားတွေအားလုံးက သူ့ကိုဦးညွတ်ရလိမ့်မယ်... ကျန့်ဝူကျုံးက ဓားတာအိုရဲ့ဘုရင်ပဲ”

“အို...”

ဆူဇီမိုက ကျန့်ဝူကျုံးအပေါ် စိတ်ဝင်စားပုံသိပ်မရပဲ အထင်အမြင်သေးသည့်ပုံစံဖြင့် ပြန်ပြောလိုက်လေသည်။

နန်းကုန်လင်းက ဆူဇီမို၏ သာမန်ကာလျှံကာနိုင်သော စိတ်သဘောထားကို မြင်သောအခါ သူက ဒေါသထွက်သွားလေသည်။ သူက နှုတ်ခမ်းစူပြီး ပြောလိုက်လေသည်။

“တစ်ချို့လူတွေက အဲ့ဒါကို ကိုယ်တိုင်တစ်ခါမှ မမြင်ဖူးတဲ့အတွက် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်က တိုက်ပွဲတွေက ဘယ်လောက်တောင် တုန်လှုပ်စရာကောင်းလည်းဆိုတာကို နားလည်မှာမဟု​တ်ဘူး”

“စီနီယာအစ်ကိုနန်းကုန်...တော်လောက်ပြီ”

ရူရွမ်က သည်းမခံနိုင်တော့ပဲ မျက်မှောင်အနည်းငယ်ကြုတ်လိုက်လေသည်။

“ဆရာဦးလေးအသေးလေး... အဲ့ဒါကိုစိတ်ထဲမှာမထားပါနဲ့.. စီနီယာအစ်ကိုနန်းကုန်က မကောင်းတဲ့စိတ်ဆန္ဒမရှိပါဘူး”

ဆူဇီမိုက အလေးထားမှုမရှိပဲ ပြုံးကာ သူ့လက်ထဲရှိ ရှေးဟောင်းကျမ်စာအုပ်နဲ့အတူ ဓားပညာရပ်ကိုသာ ဆက်လက်၍ နားလည်ဆင်ခြင်လိုက်လေသည်။

ဘေးဘက်တွင် လျှိုဟန်ယန်က ဆိုင်ခန်းတစ်ခုရှေ့သို့ ရောက်ရှိလာပြီး တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားသည့်အလား အဲ့ဒီနေရာမှာ အတန်ကြာသည့်အထိ ရပ်နေလေသည်။

ဆိုင်ပိုင်ရှင်က နိုးထဝိညာဥ်တစ်ယောက်ဖြစ်သော်လည်း သူ့မှာဘဝသက်တမ်းများစွာ မကျန်ရှိတော့သည့်ပုံပင်။

ဆိုင်ခန်းထဲတွင် ပစ္စည်းအမျိုးမျိုးရှိနေပြီး အားလုံးက ရှုပ်ပွေနေလေသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုဆိုင်ခန်းထဲတွင် တန်ဖိုးရှိသည့်အရာ ဘာမှမရှိသည်ကို ဆူဇီမိုက တွေ့မြင်လိုက်ရလေသည်။ သူ၏ အကြည့်က အနက်ရောင်ကျောက်တုံးတစ်ခုအပေါ် ရွေ့လျားသွားပြီးနောက် သူက ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။

ထိုအခိုက်အတန့်တွင် သူက ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို ဖတ်ပြီးကာစဖြစ်ပြီး သူ့ညာဘက်မျက်လုံးရှိ မီးပဒေသာကျောက်တုံးက စွတ်စွတ်ဖြူနေပြီး သူ့ကို တစ်မူထူးခြားသည့်အရာများကို တွေ့မြင်နိုင်စေလေသည်။

အနက်ရောင်ကျောက်တုံးက အပေါ်ယံမှာကြည့်လျှင် ချော်ခဲသတ္တုရိုင်းတစ်ခုဟု ထင်ရသော်လည်း အတွင်းမှာ ကြက်ဥအရွယ်လောက်ရှိသော သွေးနီရောင်သလင်းကျောက်တစ်ခု ရှိနေလေသည်။

ချော်ခဲသလင်းကျောက်...

အဲ့ဒါက ထိပ်တန်းအဆင့် ရတနာတစ်ခု ဖြစ်လေသည်။

ချော်ရည်လိုဏ်ဂူများ၏ အနက်ပိုင်းထဲတွင် မီးတောက်များက အဆက်မပြတ်လောင်ကျွမ်းနေတတ်လေသည်။ ချော်ရည်များ၏ အားဖြည့်မှုဖြင့် နှစ်တစ်သောင်းကြာပြီးနောက် သူတို့ပိုင်ဆိုင်သော ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများက သန့်စင်ကြွယ်ဝလာမှသာ ဤသလင်းကျောက်များက ပုံသဏ္ဌာန်ဖွဲ့တည်လာနိုင်လေသည်။

ပို၍အရေးကြီးသည်မှာ ချော်ခဲသလင်းကျောက်သည် သိပ်သည်းအားကောင်းသော မီးဓာတ်ဓမ္မစွမ်းအားကိုပိုင်ဆိုင်ထားပြီး အဲ့ဒါက တာအိုအရှင်အဆုံးစွန်မီး သူ၏ခန္ဓာကိုယ်ကို တည်ဆောက်ရန် လိုအပ်သောပစ္စည်းများထဲမှ တစ်ခုဖြစ်လေသည်။

သူတို့က ဤခရီစဥ်တွင် ထိုကဲ့သို့သော ရတနာတစ်ခုနှင့်အမှန်တစ်ကယ် ကြုံတွေ့ရသည်ဆိုတော့....

“တာအိုရောင်းရင်း... ဒီဓားပျံကဘယ်လောက်လဲ...”

လျှိုဟန်ယန်က ထိုင်ချလိုက်ပြီး ဓမ္မအင်းကွက်နှစ်ခုနှင့် ဓားပျံတစ်လက်ကို လက်ညိုးထိုးကာ မေးလိုက်လေသည်။

“အဲ့ဒီဓားပျံက ဘာများ​ကောင်းနေလို့လဲ... အဲ့ဒါက အလယ်အလတ်အဆင့် ပကတိအရှင် ဓမ္မလက်နက်တစ်ခုပဲ... ငါတို့ လက်နက်သွန်းလုပ်ရင်း ကျရှုံးသွားလို့ ပယ်ထုတ်လိုက်တဲ့ပစ္စည်းတွေကတောင် အဲ့ဒီအဆင့်မှာရှိတယ် “

နန်းကုန်လင်းက မျက်မှောင်ကြုတ်ပြီး တီးတိုးပြောဆိုလိုက်လေသည်။

ဆိုင်ပိုင်ရှင်ကအမူအရာကင်းမဲ့နေပြီး ချောင်းအနည်းငယ်ဟန့်ကာ ဖြည်းဖြည်ချင်းပြောလိုက်လေသည်။

“ကျုပ်က ကျုပ်ဘဝသက်တမ်းကို တိုးစေနိုင်တဲ့ဆေးလုံးတွေကိုပဲ လိုချင်တယ်... တခြားဘာကိုမှ မလိုချင်ဘူး”

“ဟားဟား... “

ထိုစကားကိုကြားသောအခါ နန်းကုန်လင်းကရယ်မောလိုက်ပြီး လှောင်ပြောင်လိုက်လေသည်။

“တာအိုရောင်းရင်း... လူတစ်ယောက်ရဲ့ဘဝသက်တမ်းကို တိုးစေနိုင်တဲ့ဆေးလုံးတွေက ကျင့်ကြံရေးလောကမှာ အရမ်းကိုအဖိုးတန်ပြီးတော့ ရှားပါးတယ်လေ... ခင်ဗျားရဲ့အဲ့ဒီအမှိုက်သာသာပစ္စည်းတွေအကုန်လုံးနဲ့တောင် အဲ့လိုမျိုးဆေးလုံးတစ်လုံးကို လဲယူနိုင်မှာမဟုတ်ဘူး”

ပုံမှန်အားဖြင့်ပြောရလျှင် ဆိုင်ခန်းထဲရှိ ပစ္စည်းများက တစ်ကယ်ပဲ အဖိုးမတန်ပေ။

ချော်ခဲသလင်းကျောက်ကလွဲလျှင်ပေါ့...

သို့သော်လည်း လျှိုဟန်ယန်က ထွက်ခွာမသွားပေ။ သူမက ပစ္စည်းများကို ဆက်လက်၍ကိုင်ကြည့်နေပြီး ဖြည်းဖြည်းချင်းပြောလိုက်လေသည်။

“ကျွန်မက ဒီပစ္စည်းတွေအကုန်လုံးနဲ့ လဲယူဖို့အတွက် စိတ်ဝိညာဥ်အသက်ရှည်ဆေးတစ်လုံးကို သုံးမယ်”

“အား....”

ရူရွှမ်က လျှိုဟန်ယန်၏အင်္ကျီလက်စကို ဆွဲယူပြီး အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်လေသည်။

“စီနီယာအစ်မ အဲ့ဒီအလဲအထပ်က အရှုံးပေါ်နေပြီ”

စိတ်ဝိညာဥ်အသက်ရှည်ဆေးလုံးက လူတစ်ယောက်၏ ဘဝသက်တမ်းကိုနှစ်ငါးဆယ်ထိသာ တိုးပွားစေနိုင်​သော်လည်း အဲ့ဒါက အတော်လေးရှားပါးနေပြီဖြစ်လေသည်။

ဆူဇီမိုက ဘာကိုမှမပြောပဲ တိတ်တဆိတ်ရပ်ကြည့်နေလေသည်။

လျှိုဟန်ယန်ကလည် အနက်ရောင်ကျောက်တုံး၏ တစ်မူထူးခြားမှုကို သတိထားမိပုံရပြီး သူမက အဲ့ဒါကိုဝယ်ယူဖို့ဆုံးဖြတ်လိုက်သည့်ပုံပင်။

ဆိုင်ပိုင်ရှင်က ခဏမျှကြောင်အသွားပြီးနောက် လျှိုဟန်ယန်ကို အင်တင်တင်ဖြင့် စိုက်ကြည့်လိုက်လေသည်။

ဤအဆင့်မှာ သူတို့၏ဘဝသက်တမ်း ကုန်ဆုံးလုနီးပါးထိ ကျင့်ကြံထားပြီးနောက် သူတို့အားလုံးဟာ ထက်ရှပြီး အတွေ့အကြုံရှိကြလေသည်။

ထိုအခိုက်အတန့်၌ သူ၏ဆိုင်ခန်းထဲမှာ ရတနာတစ်ခုခုရှိနေနိုင်ကြောင်း သူက ခန့်မှန်းမိလိုက်လေသည်။

သို့သော်လည်း လျှိုဟန်ယန်က စိတ်ဝိညာဥ်အသက်ရှည်ဆေးလုံးကို ထုတ်ယူလိုက်သောအခါ ၎င်းကနေဖြာထွက်လာသော အသက်ဓာတ်အားဖြင့် သူ၏ခန္ဓာကိုယ်က ဆတ်ကနဲတုန်ယင်သွားလေသည်။

ဆိုင်ပိုင်ရှင်က ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် မြိုသိပ်ကာ ပြောလိုက်လေသည်။

“ကျုပ်.... လဲမယ်”

ထိုသို့ပြောပြီးသည်နှင့် သူက စိတ်ဝိညာဥ်အသက်ရှည်ဆေးလုံးကို ဆတ်ကနဲဆွဲယူပြီး လျှိုဟန်ယန်ရှေ့သို့ သူ၏ပစ္စည်းများကို တွန်းပို့လိုက်လေသည်။

ထိုသည်ကိုမြင်သောအခါ ဆူဇီမိုက စိတ်သက်သာရာရသွားခဲ့လေသည်။

ဆိုင်ရှင်က စိတ်ဝိညာဥ်အသက်ရှည်ဆေးလုံးကို လက်ခံလိုက်သည်နှင့်အမျှ သူ၏စကားကို ပြန်ရုပ်သိမ်း၍မရနိုင်တော့ပေ။ အဲ့ဒါက ကျင့်ကြံရေးလောကရှိ အလိုအလျောက် သဘောတူညီမှုဖြစ်လေသည်။

“နေပါဦး”

အေးစက်စက်အမူအရာတစ်ခုရှိသော လင်းယုန်မျက်လုံးနှင့် ကျင့်​ကြံသူတစ်ယောက်က တိုးဝှေ့၍ဝင်လာပြီး ဆိုင်ရှင်၏ လက်ကောက်ဝတ်ကိုဖမ်းဆုပ်လိုက်လေသည်။

“ကျုပ်က အဲ့ဒီကျောက်တုံးအတွက် ခင်ဗျားကို စိတ်ဝိညာဥ်အသက်ရှည်ဆေးလုံး နှစ်လုံးပေးမယ်”

လင်းယုန်မျက်လုံးနှင့် ကျင့်ကြံသူက ချော်ခဲသလင်းကျောက်ပါရှိသော အနက်ရောင်ကျောက်တုံးကို လက်ညိုးထိုးပြီး ပြောလိုက်လေသည်။

“ဒါက....”

ဆိုင်ရှင်က အကြပ်တွေ့သွားခဲ့လေသည်။

ပုံမှန်အ​​ခြေအနေမှာဆိုလျှင် သူက လျှိုဟန်ယန်၏ စိတ်ဝိညာဥ်အသက်ရှည်ဆေးလုံးကို လက်ခံလိုက်ပြီးကတည်းက အလဲအထပ်က အထမြောက်သွားခဲ့လေပြီ။

သို့သော်လည်း တစ်စုံတစ်ယောက်က စိတ်ဝိညာဥ်အသက်ရှည်ဆေးလုံး နှစ်လုံးဖြင့် ထပ်မံ၍ ကမ်းလှမ်းလာလိမ့်မည်ဟု သူက. မျှော်လင့်မထားမိပေ။

ထိုအခိုက်အတန့်တွင် နန်းကုန်လင်းက ငူငိုင်နေရာကနေ နိုးထလာလေသည်။ သူက ရှေ့သို့ ​လျှောက်လှမ်းသွားပြီး လင်းယုန်မျက်လုံးနှင့် ကျင့်ကြံသူရှေ့မှာရပ်လိုက်လေသည်။ သူက အေးစက်စွာဖြင့် မေးလိုက်လေသည်။

“ဘာလဲ... မင်းက စည်းဖောက်ဖို့ကြိုးစားနေတာလား”

လျှိုဟန်ယန်က အနက်ရောင်ကျောက်တုံးကို သူမ၏ သိုလှောင်အိတ်ထဲသို့ ကပျာကယာထည့်လိုက်လေသည်။

လင်းယုန်မျက်လုံးနှင့်ကျင့်ကြံသူက သူ၏မျက်လုံးကို မှေးကျဥ်းပြီး အေးစက်စွာဖြင့် ပြောလိုက်​လေသည်။

“ကောင်လေး... မင်းက အစောပိုင်းနိုးထဝိညာဥ်အဆင့်ပဲ ရှိသေးတာ မင်းစကားကို ပြင်ပြောရင်ကောင်းလိမ့်မယ်... မဟုတ်ရင်မင်းက အရွယ်မတိုင်ခင်​သေသွားတတ်တယ်”

လင်းယုန်မျက်လုံးနှင့် ကျင့်ကြံသူက ပကတိနိုးထဝိညာဥ်အဆင့်မှာရှိသည့်အတွက် သူ့ကိုယ်သူ ယုံကြည်မှုရှိလေသည်။

“ဟားဟား”

နန်းကုန်လင်း၏ ဒေါသက ရယ်သံအဖြစ် ပြောင်းလဲသွားလေသည်။ သူက သူ၏အော်ရာကို ထုတ်ဖော်ပြီး ကျယ်လောင်စွာဖြင့် ပြောလိုက်လေသည်။

“ကောင်းပြီလေ... ဒီနေ့ မင်းက ဘယ်လောက်ထိ တတ်နိုင်လဲ ငါကြည့်ရသေးတာပေါ့”

“သူတို့က တိုက်ခိုက်တော့မယ်ဟ...”

“အစောပိုင်းအဆင့်နဲ့ ပကတိအဆင့်ကြား တိုက်ပွဲတစ်ပွဲက ခန့်မှန်းစရာတောင် လိုသေးလို့လား”

“အဲ့ဒါက နန်းကုန်လင်းဟ... သူက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ အဆင့် ၈၃ ဝင်တယ်... အဲ့ဒါက ဘယ်သူအနိုင်ရမလဲ ပြောဖို့ခက်တယ် နောက်ပြီး သူ့မှာ အသွန်းတစ်ရာဂိုဏ်းရဲ့ နောက်ခံလည်းရှိသေးတယ်”

များစွာသောကျင့်ကြံသူများက ထိုနေရာသို့စုဝေးလာကြလေသည်။

သူ့ဘေးပတ်လည်မှ ဆွေးနွေးသံများကို နားထောင်ရင်း လင်းယုန်မျက်လုံးနှင့် ကျင့်ကြံသူက နန်းကုန်လင်း၏ ဝတ်ရုံပေါ်မှ အမှတ်တံဆိပ်ကို စိတ်ပူပန်သောအမူအရာဖြင့် တစ်ချက်ကြည့်လိုက်လေသည်။

ခဏမျှ တိတ်ဆိတ်နေပြီးနောက် လင်းယုန်မျက်လုံးနှင့် ကျင့်ကြံသူက အဆုံးမှာတော့ တိုက်ခိုက်ရဲခြင်းမရှိတော့ပေ။ သူက အံကိုကြိတ်ပြီး နန်းကုန်လင်းကို မကျေမချမ်းဖြင့်စိုက်ကြည့်ကာ လှည့်ထွက်သွားခဲ့လေသည်။ သူက သိပ်မကြာမီ လူအုပ်ကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။

All Chapters