လုယက်ခြင်း
Vol. 61 Ch. 910
လေတိမ်မြို့… အင်မော်တယ်ကြိုဆို စားသောက်ဆိုင်တွင်….
ဆူဇီမိုတို့ ၄ယောက် အုပ်စုသည် နေရာတစ်ခုသို့ ရောက်ရှိလာပြီး တတိယထပ်တွင် ရှိသော ပြတင်းပေါက်ဘေး စားပွဲခုံတစ်ခုမှာ ထိုင်လိုက်ကြလေသည်။ စားပွဲပေါ်တွင် ရှေးဦးဆက်နွယ်တောကောင်များ၏ အသားကနေ ပြုလုပ်ထားသော စားကောင်းသောက်ဖွယ်များနှင့် အင်မော်တယ် သစ်သီးများစွာ ရှိလေသည်။ ထူးကဲသည့် မွှေးရနံက ကြိုင်သင်းနေလေသည်။
ရူရွှမ်က အားရပါးရ စားသောက်လိုက်လေသည်။
စောစောကတင် နန်းကုန်လင်းသည် လူတိုင်း၏ ရှေ့မှောက်မှာ သူ၏ အမည်ကို ထုတ်ဖော်ပြောဆိုပြီး တစ်ဖက်လူကို ခြောက်လှန့်နိုင်ခဲ့လေသည်။ ယခုအချိန်မှာ သူက အားမာန်တက်ကြွနေပြီး ကောင်းမွန်သော ခံစားချက်တစ်ခု ရှိနေလေသည်။
လျှိုဟန်ယန်က ပြတင်းပေါက်ကို မီ၍ စည်ကားသိုက်မြိုက်သော မြို့တော်ကို ငေးကြည့်နေလေသည်။ သူမက ပြုံးနေပြီး စိတ်လက်များစွာ ပေါ့ပါးသွားသည်ဟု ခံစားရလေသည်။
ဆူဇီမိုက ကောင်းကင်သတ်ဖြတ်ခြင်း ဓါးကျမ်းကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး သူက အနားမှာ မည်သူမှ မရှိသည့်အလား အဲ့ဒါကို နားလည်ဆင်ခြင်နေလေသည်။
“စီနီယာအစ်မ အဲ့ဒီ ကျောက်တုံးနက်က ဘာလဲ”
ရူရွှမ်က တစ်ခုခုကို စားနေရင်း သူမ၏ စိတ်ဝိညာဉ် အသိစိတ်ဖြင့် အသံတစ်ခုကို ထုတ်လွှင့် ပို့လွှတ်လိုက်လေသည်။
“ငါက သိပ်တော့ မသေချာဘူး….. အဲ့ဒီ့ ကျောက်တုံးက တစ်မူထူးခြားနေတယ်လို့တော့ ငါခံစားနေရတယ်…”
လျှိုဟန်ယန်က ပြောလိုက်လေသည်။
“ဂိုဏ်းကို ပြန်ရောက်ရင် ဆရာ့ကို စစ်ကြည့်ခိုင်းရမယ်”
ထိုစဉ်မှာပင် အောက်ထပ်မှ ဆူညံဆူညံအသံများက ထွက်ပေါ်လာပြီး ပို၍ ကျယ်လောင်လာခဲ့လေသည်။
“မင်း ကြားပြီးပြီလား အသွန်းတစ်ရာဂိုဏ်းက ကျင့်ကြံသူ တစ်ယောက်က ရတနာတစ်ခုကို ရှာဖွေ တွေ့ရှိခဲ့တယ်”
“အဲ့ဒါ ဘာလဲ…”
“ငါထင်တာတော့ အဲ့ဒါက ချော်ခဲသလင်းကျောက်ပဲ.. စောစောက သူတို့က တိုက်ခိုက်ကြမလိုတောင် ဖြစ်ခဲ့ကြသေးတယ်”
“အာ….အဲ့ဒါက ဓမ္မဝိသေသ တာအိုအရှင်တွေတောင် လိုချင်ကြတဲ့ စိတ်ဝီညာဉ်ပစ္စည်းတစ်ခုပဲ”
သူတို့သည် ဆွေးနွေးသံကို ကြားရသောအခါ နန်းကုန်လင်းနှင့် တခြားနှစ်ယောက်သည် သုန်မှုန်သော အမူအရာများနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ သူတို့၏ မျက်လုံးများက ခံစားချက်များဖြင့် ရောထွေးနေလေသည်။
လျှိုဟန်ယန်က တစ်ကယ်ပဲ ရတနာတစ်ခုကို ရရှိခဲ့သည့်အတွက် သူတို့က ကျေနပ်နှစ်ခြိုက်ရလေသည်။
သို့သော်လည်း ထိုသတင်းက ပျံနှံ့သွားခဲ့ပြီဖြစ်သည့်အတွက် သူတို့က စိုးရိမ်ပူပန်ရလေသည်။
ဒါ့အပြင် ဤနှုန်းထားဖြင့် ဆိုပါက အဲ့ဒါသည် လေတိမ်မြို့တော် တစ်ခုလုံးကို ပျံနှံ့သွားဖို့ သိပ်ကြာလိမ့်မည်မဟုတ်ပေ။
နန်းကုန်လင်းက အံကိုကြိတ်ပြီး မုန်းတီးစွာဖြင့် ပြောလိုက်လေသည်။
“အဲ့ဒါက ဟိုလူပဲ ဖြစ်ရမယ် သူက ရတနာကို မရခဲ့လို့ မကျေမနပ်ဖြစ်ပြီး အဲ့ဒီသတင်းကို လျှောက်ဖြန့်လိုက်တာ”
“လူတွေက တစ်ကယ်ပဲ ကြောက်ဖို့ကောင်းတာပဲ…”
ရူရွှမ်က ဒေါသတကြီး ပြောလိုက်လေသည်။
ဆူဇီမိုက အံ့အားသင့်သွားခြင်း မရှိပေ။
လင်းယုန်မျက်လုံးနှင့် ကျင့်ကြံသူ ထွက်သွားပုံကို ကြည့်ခြင်းဖြင့် ကိစ္စများက အဆုံးသတ်လိမ့်ဦးမည် မဟုတ်ကြောင်း သူက ခန့်မှန်းမိခဲ့လေသည်။
ဆူဇီမိုက ခပ်လှမ်းလှမ်းသို့ တစ်ချက်လှမ်းကြည့်လိုက်လေသည်။
“နောက်တောင်နောက်ကျနေပြီ ငါတို့က လေတိမ်မြို့တော်ထဲမှာ အတော်ကြာကြာ လျှောက်သွားပြီးပြီဆိုတော့ ပြန်ဖို့အချိန် ကျလာပြီပဲ”
ဒီတစ်ကြိမ်မှာတော့ နန်းကုန်လင်းနှင့် တခြားနှစ်ယောက်က ကန့်ကွက်ခြင်း မရှိကြပေ။
ချော်ခဲသလင်းကျောက်၏ သတင်းက ပျံနှံ့သွားသည်နှင့် သူတို့သည် လူများစွာ၏ အာရုံစိုက်ခြင်းကို ခံရပြီး မရေမတွက်နိုင်သော မျက်လုံးများက သူတို့ကို စောင့်ကြည့်နေကြတော့မည် ဖြစ်ကြောင်း သူတို့ ၃ ယောက်က သိရှိလိုက်လေသည်။
သူတို့က အပြင်ဘက်မှာ ဆက်လက်၍ နေလေလေ အန္တရာယ်များက ပိုများလေလေ ဖြစ်ပေတော့မည်။
ထိုအခိုက်အတန့်မှာပင် စွမ်းအားကြီးသော အော်ရာ ၁၀ခုကျော်က အင်မော်တယ်ကြိုဆို စားသောက်ဆိုင်ဆီသို့ ချည်းကပ်လာနေကြောင်း နန်းကုန်လင်းနှင့် တခြား ၂ယောက်က ရိုးတိုးရိပ်တိတ် ခံစားမိလိုက်လေသည်။
စားသောက်ဆိုင်ထဲရှိ များစွာသော ကျင့်ကြံသူများက တဖျတ်ဖျတ်လက်နေသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ကြလေသည်။
ရုတ်တရတ် ဆိုသလို….
လေးလံသော ခြေသံများက အောက်ထပ်ကနေ ထွက်ပေါ်လာခဲ့လေသည်။
ခြေသံများက အလွန်တရာ ထူးဆန်းနေပြီး ခြေလှမ်းတစ်လှမ်းချင်းဆီက လူတိုင်း၏ စိတ်နှလုံးအပေါ် သက်ရောက်မှုရှိပုံ ရလေသည်။ အဲ့ဒါက သူတို့ကို ရင်တထိတ်ထိတ် ခုန်သွားစေလေသည်။
မသိလိုက်မသိဘာသာနှင့်ပင် လူတိုင်း၏ မျက်လုံးများက ခြေသံများ၏ စည်းချက်နှင့်အတူ လိုက်ပါပြောင်းလဲလာခဲ့လေသည်။
တဖြည်းဖြည်းနှင့် အဲ့ဒါက ခြေသံများနှင့် ထပ်တူကျလုနီးပါး ဖြစ်လာခဲ့လေသည်။
အတန်ကြာသွားသည်ဟု ထင်ရပြီးနောက် မြင့်မား၍ စွမ်းအားကြီးသော ပုံရိပ်တစ်ခုက လှေကားထိပ်တွင် ပေါ်ထွက်လာခဲ့လေသည်။ သူ၏ ဆံပင်ရှည်က တဖျပ်ဖျပ် လှုပ်ခါနေပြီး သူ၏ အကြည့်က ကြယ်တာရာများကဲ့သို့ နက်ရှိုင်းနေလေသည်။
ခြေသံများက ယတိပြတ် ရပ်တန့်သွားခဲ့လေသည်။
အဲ့ဒါက သိပ်ကြာလိုက်သည်ဟု မထင်ရပေ။
ထိုအခိုက်အတန့်မှာပင် လက်ရှိလူတိုင်းသည် တစ်စုံတစ်ရာ လွဲမှားနေသည်ကို ခံစားလိုက်ရလေသည်။
ခြေသံများရပ်တန့်သွားပြီးနောက် သူတို့၏ နှလုံးခုန်သံကလည်း ရပ်တန့်သွားခဲ့လေသည်။
ကျင့်ကြံသူအချို့၏ အမူအရာများက ပို၍ပို၍ ပျက်ယွင်းလာခဲ့လေသည်။ သူတို့၏ နှလုံးခုန်သံများက ရပ်တန့်သွားပြီး သူတို၏ မျိုးဆက်သွေးများက မလည်ပတ်တော့ဟု ထင်ရလေသည်။ ကျင့်ကြံသူ အချို့သည် ဖြူဖပ်ဖြူရော် ဖြစ်သွားကြပြီး သူတို့၏ နဖူးများမှ ချွေးသီးများက တပေါက်ပေါက် ကျလာလေသည်။
ဘုန်း……ဘုန်း…….
ကျင့်ကြံသူအချို့သည် အဲ့ဒါကို ခံနိုင်ရည် မရှိပဲ ဘေးဘက်သို့ လဲကျသွားလေသည်။
ကျင့်ကြံသူ အချို့သည် မွန်းကျပ်ဖွယ်ရာ ဖိအားကနေ လွတ်မြောက်ဖို့ ရုန်းကန်လိုက်ကြပြီး ဝင်ရောက်လာသူကို ထိတ်လန့်တကြားကြည့်ကာ သည်းထန်စွာဖြင့် မောဟိုက်နေလေသည်။
နန်းကုန်လင်းနှင့် အခြား ၂ယောက်၏ အမူအရာကလည်း သိသိသာသာ ပျက်ယွင်းလာခဲ့လေသည်။
သူ၏ ခြေသံသက်သက်ကပင် အခြားသူများ၏ နှလုံးခုန်သံကို ထိန်းချုပ်နိုင်လေသည်။ သူက အခုတင် ပေါ်ထွက်လာခဲ့ပြီး ဘာစကားမှ ပြောခြင်းမရှိပဲ လူတိုင်းကို တုန်လှုပ်သွားစေလေသည်။
တတိယထပ်တွင် တစ်ဦးတည်း တည်ငြိမ်နေသူမှာ စာဖတ်နေသော ဆူဇီမို ဖြစ်လသည်။
သို့သော်လည်း ကြီးမားကျယ်ဝန်းလှသည့် စားသောက်ဆိုင်ထဲတွင် ဆူဇီမိုက သိသာထင်ရှားခြင်း မရှိပဲ လူများစွာက သူ့ကို သတိမထားမိခဲ့ကြပေ။
နန်းကုန်လင်းနှင့် တခြား ၂ယောက်ထံမှ နာကျင်မှုကို ခံစားမိပြီးနောက် ဆူဇီမိုက ခေါင်းမမော့ပဲ သူ၏ လက်ညိုးကို တောက်ထုတ်လိုက်လေသည်။
ကြည်လင်၍ သာယာနာပျော်ဖွယ်ကောင်းသော ဓါးသံတစ်သံက သူ့လက်ချောင်းထိပ်ဖျားကနေ ထွက်ပေါ်လာခဲ့လေသည်။ အဲ့ဒါက နူးညံ့ညင်သာပြီး နန်းကုန်လင်းနှင့် တခြား ၂ယောက်သာလျှင် အဲ့ဒါကို ကြားရနိုင်လေသည်။
သို့သော်လည်း ဤဓါးသံက နန်းကုန်လင်းနှင့် အခြား ၂ယောက်၏ နှလုံးခုန်သံများကို ပုံမှန်အခြေအနေသို့ ပြန်ဖြစ်လာစေလေသည်။ သူတို့၏ အော်ရာများက တည်ငြိမ်လာပြီး သူတို့၏ မျိုးဆက်သွေးများကလည်း တစ်ဖန်ပြန်လည် စီးဆင်းလာခဲ့လေသည်။
ရူရွှမ်က တီးတိုးပြောဆိုလိုက်လေသည်။ ကောင်းကင်ဇင်ယော်ဂိုဏ်းက ချန်ဖန်း.. သူက အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်မှာ အဆင့်၁၅ပဲ။
“အဲ့ဒါက ပြဿနာတော့ ရှိလာပြီ သူတို့က ငါတို့ဆီကို လာတာမဟုတ်ဘူးလို့ မျှော်လင့်ရတာပဲ” နန်းကုန်လင်းက အသံတစ်ခုကို ထုတ်လွှင့်ပို့လိုက်လေသည်။
သူက အသွန်းတစ်ရာဂိုဏ်း၏ နာမည်နှင့် သူ၏ အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်တွင် အဆင့် ၈၃ ဟူသော သူ၏ ဂုဏ်သတင်းကို ထုတ်ဖော်ကာ လင်းယုန်မျက်လုံးနှင့် ကျင့်ကြံသူကို နောက်ဆုတ်စေနိုင်ခဲ့လေသည်။
ချန်ဖန်း အနေနှင့်ကတော့ သူ၏ နောက်က ဂိုဏ်းဖြစ်စေ အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်ပေါ်ရှိ သူ၏ နေရာဖြစ်စေ သူက နန်းကုန်လင်းထက် သာလွန်မှု ရှိလေသည်။
နန်းကုန်လင်းက ဆုတောင်းနေစဉ်မှာပင် ချန်ဖန်းက သူ၏ ခေါင်းကို အနည်းငယ်လှည့်ပြီး သူ၏ အကြည့်က သူတို့ ၄ယောက်အပေါ်သို့ ကျဆင်းလာခဲ့လေသည်။ သူက အမူအရာ ကင်းမဲ့နေသော မျက်နှာဖြင့် ဖြေးဖြေးချင်း လျှောက်လှမ်းလာလေသည်။
နန်းကုန်လင်းက မျက်မှောင်ကြုတ်လိုက်၏။
ရူရွှမ်က ဆူဇီမိုနှင့် နန်းကုန်လင်းတို့ကို ကြည့်ပြီး အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်၍ ထပ်တလဲလဲ မေးနေလေသည်။
“ငါတို့… ဘာလုပ်သင့်သလဲ….. ငါတို့… ဘာလုပ်သင့်သလဲ…..”
တစ်ခနအတွင်းမှာပင် ချန်ဖန်းက နန်းကုန်လင်းတို့ အုပ်စုရှေ့သို့ ရောက်ရှိလာခဲ့လေသည်။ သူ၏ မြင့်မားသော ပုံရိပ်မှ ထွက်ပေါ်လာသော အရိပ်က သူတို့အပါ် လွှမ်းခြုံလာပြီး နန်းကုန်လင်းနှင့် အခြား၂ယောက်ကို ဖိအားတစ်ခု ပေးလာခဲ့လေသည်။
နန်းကုန်လင်းက ကူကယ်ရာမဲ့စွာဖြင့် အံကို တင်းတင်းကြိတ်ပြီး မတ်တပ်ထရပ်ကာ လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်လိုက်လေသည်။
“ကျုပ်က အသွန်းတစ်ရာဂိုဏ်းက နန်းကုန်လင်းပါ တာအိုရောင်းရင်း ချန်ဖန်းကို နှုတ်ဆက်ပါတယ်…”
“သူတို့ကလည်း အသွန်းတစ်ရာဂိုဏ်းက ကျင့်ကြံသူတွေပါပဲ”
နန်းကုန်လင်းက အပြုံးတစ်ခုနှင့်အတူ အတိုချုပ် မိတ်ဆက်လိုက်လေသည်။
လျှိုဟန်ယန်နှင့် ရူရွှမ်ကလည်း မတ်တတ်ရပ်ပြီး ချန်ဖန်းဆီသို့ လက်သီးနှစ်ဖက်ဆုပ်ပြပြီး နှုတ်ဆက်ကာ ခေါင်းညိတ်ပြလိုက်လေသည်။
ဆူဇီမိုကသာလျှင် သူ့လက်ထဲရှိ ရှေးဟောင်းစာအုပ်ထဲမှာ နစ်မြောနေသည့်အလား နေရာမှာပင် မလှုပ်မယှက် ထိုင်နေလေသည်။
ချန်ဖန်းက တစ်ချက်ဝေ့ကြည့်ပြီး.. ဆူဇီမိုသည် နိုးထဝိညာဉ် တစ်ယောက်ပင်ဖြစ်ပြီး သူနှင့် မျက်မှန်းတန်းမိခြင်း မရှိသည်ကို တွေ့ရပြီးနောက် သူက စိတ်ထဲမှာ ထည့်မထားတော့ပေ။
“မင်းတို့က ချော်ခဲသလင်းကျောက်တစ်ခုကို ရရှိထားတယ်လို့ ငါကြားတယ်”
ချန်ဖန်းက ပြောင်ပြောင်တင်းတင်းပင် ပြောလိုက်လေသည်။
“ငါက အဲ့ဒီ့ ချော်ခဲသလင်းကျောက်ကို လိုအပ်နေတယ်.. မင်းတို့က အဲ့ဒါကို ဘာနဲ့ လဲချင်လဲ”
“ဒါက….”
နန်းကုန်လင်းက မျက်မှောင်ကြုတ်လိုက်လေသည်။
ချန်ဖန်း၏ စကားလုံးများက ညှိနှိုင်းဆွေးနွေးမှု လုံးဝမရှိပဲ အလွန်တရာ စီးပိုးခြယ်လှယ်နေလေသည်။
နန်းကုန်လင်းက ရှက်ရွံ့စွာဖြင့် ပြုံးလိုက်လေသည်။
“တာအိုရောင်းရင်း ချော်ခဲသလင်းကျောက်ကို ကျုပ်တို့တွေက အရင်ရရှိခဲ့တာပဲ.. အဲ့ဒါက ကျုပ်တို့အတွက်လည်း….”
“ငါအဲ့ဒါကို ပြန်ပြောမယ်…”
ချန်ဖန်း၏ အကြည့်က အေးစက်နေပြီး သူက နန်းကုန်လင်းကို ပြန်ပြောလိုက်လေသည်။
“ငါက အဲ့ဒီ့ချော်ခဲသလင်းကျောက်ကို လိုချင်တယ်.. မင်းက အဲ့ဒါကို လဲမှာလား မလဲဘူးလား..”
နန်းကုန်လင်း၏ အမူအရာက ပျက်ယွင်းသွားခဲ့လေသည်။ ကြည့်ရသည်မှာ ချန်ဖန်းက ချော်ခဲသလင်းကျောက်ကို အရယူဖို့ ဆုံးဖြတ်ထားသည့်ပုံပင်…
သို့သော်လည်း သူတို့က တိုက်ခိုက်ကြမည်ဆိုလျှင် သူက ထိုသူ၏ ပြိုင်ဘက် သေချာပေါက် မဖြစ်နိုင်ပေ။
သူတို့ ၃ယောက်က ပူးပေါင်းတိုက်ခိုက်ကြမည် ဆိုလျှင်တောင် အဲ့ဒါက အလုပ်မဖြစ်နိုင်ပေ။
သူက အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်တွင် ၈၃ ဖြစ်ပြီး ချန်ဖန်းက အဆင့် ၁၅ ဖြစ်လေသည်။ သူတို့၏ တိုက်ခိုက်ရည်ခွန်အား ကွာဟချက်က ကြီးမားလွန်းလေသည်။
နန်းကုန်လင်းက လျှိုဟန်ကို တစ်ချက်ကြည့်ပြီး အသက်ပြင်းပြင်း ရှိုက်လိုက်လေသည်။ သူ၏ လက်သီးကိုဆုပ်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။
“တာအိုရောင်းရင် ကောင်းကင်ဇင်ယော်ဂိုဏ်းက အင်မော်တယ် ဂိုဏ်းကြီး ၉ဂိုဏ်းထဲက တစ်ဂိုဏ်းပဲ.. ကျုပ်တို့ အသွန်းတစ်ရာဂိုဏ်းကလည်း တစ်သီးပုဂ္ဂလ ၄ အုပ်စုထဲက တစ်ခုပဲ.. ကျုပ်တို့တွေက ဖြောင့်မတ်မှန်ကန်တဲ့ တာအိုကို လျှောက်လှမ်းနေကြတာပဲ.. ခင်ဗျားက အဲ့ဒါကို အတင်းအကြပ် ရယူဖို့ စဉ်းစားနေတာလား”
“ဟား….. ဟား….. ဟား….. ဟား…..”
ချန်ဖန်းက ရယ်မောလိုက်ပြီး သူ၏ မျက်လုံးများက လှောင်ပြောင်သရော်လိုမှုဖြင့် ပြည့်နှက်နေလေသည်။
“တစ်သီးပုဂ္ဂလ ၄အုပ်စုလား.. နောက်တစ်လနေရင် မင်းတို့ အသွန်းတစ်ရာဂိုဏ်းက တစ်သီးပုဂ္ဂလ ၄အုပ်စုထဲကနေ ဖယ်ထုတ်ခံရတော့မှာပဲ.. ငါက အဲ့ဒါကို ငဲ့ကွက်နေဦးမယ်လို့ မင်းက ထင်လို့လား”
သူ့စကား မဆုံးသေးခင်မှာပင် ချန်ဖန်း၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်လေသည်။ ကောင်းကင်ထက်တွင် ကြယ်များက ပြည့်နှက်သွားပြီး နန်းကုန်လင်းတို့ ၄ ယောက်အုပ်စုပေါ်သို့ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုနှင့် အတူ လွှမ်းခြုံလာလေသည်။
ဟင်း……..
နန်းကုန်လင်းနှင့် အခြား၂ယောက်က တုန်လှုပ်သွားရလေသည်။
ချန်ဖန်းက ဤမျှအထိ စီးပိုးခြယ်လှယ်ပြီး လေတိမ်မြို့တော်ထဲမှာပင် သူတို့ကို ပြောင်ပြောင်တင်းတင်း လုယက်တိုက်ခိုက်လိမ့်မည်ဟု သူတို့က ထင်မှတ်မထားမိပေ။
ဒါ့အပြင် သူတို့၏ ဓမ္မစွမ်းအားများက ကြယ်တာရာများဖြင့် ကန့်သတ်ခြင်းခံရပြီး အဲ့ဒါကို လုံးဝ လှည့်ပတ်၍ မရတော့သည့်အလား သူတို့ ၃ယောက်က ခံစားလိုက်ရလေသည်။