ပထမဆုံးအကြိမ် ထုတ်ဖော်ပြသမှု
Vol. 61 Ch. 911
အဲဒါက မွန်းကျပ်ဖွယ်ရာကောင်းလေသည်။
သိပ်သည်းပြင်းထန်သော မွန်းကျပ်ဖွယ်ရာ ခံစားမှုက နန်းကုန်လင်းနှင့် အခြားနှစ်ယောက်၏ မျက်နှာအမူအရာကို ပြောင်းလဲသွားစေလေသည်။
သူတို့နှစ်ယောက်စလုံးသည် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် ဝင်ကြသော်လည်း နန်းကုန်လင်းနှင့် ချန်ဖန်းအကြား တိုက်ခိုက်ရေးခွန်အား ကွာဟချက်က ကြီးမားလေသည်။
ကြယ်တာရာများ၏ ဖိနှိမ်မှုအောက်တွင် နန်းကုန်လင်းသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ဆက်တိုက်လှည့်ပတ်ပြီး သူ၏သွေးချီနှင့် ဓမ္မစွမ်းအားများကိုပါ လှည့်ပတ်ထားရလေသည်။ သူ၏ လည်ပင်းပေါ်ရှိ သွေးကြောများက ထောင်ထလာသော်လည်း သူက အဲဒါကို ခုခံနိုင်ခြင်း မရှိပေ။
စားပွဲခုံနှင့် သူ့အောက်မှ ကုလားထိုင်က ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
နန်းကုန်လင်းက ဤအခြေအနေမှာဆိုလျှင် လျှိုဟန်ယန်နှင့် ရူရွှမ်က ပို၍ပင် ဆိုးဝါးသေးလေသည်။
အမျိုးသမီးနှစ်ယောက်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရီနေပြီး သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်များမှ တဖျောက်ဖျောက်မြည်သံများက ဆက်တိုက်ထွက်ပေါ်လာလေသည်။ သူတို့၏ အရိုးများက ပြိုလဲပျက်စီးကျတော့မည့်အလားပင်။
“အား..”
ထိုသည်ကို အာရုံခံမိလိုက်ပြီး နန်းကုန်လင်းက သူ၏ခေါင်းကိုမော့၍ အော်ဟစ်လိုက်လေသည်။ သူ၏မျက်လုံးများက အနီရောင်သမ်းလာပြီး ရူးသွပ်ပေါက်ကွဲတော့မည့်ဆဲဆဲမှာပင်.. သူ့နဖူးက တောက်ပ၍ လက်နှစ်ဖက်နှင့်အတူ လက်ဟန်ချိပ်စည်းတစ်ခုကို ဆင့်ခေါ်လိုက်လေသည်။
သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်ကို အဆက်မပြတ် လှည့်ပတ်လိုက်လေသည်။
နောက်ဆုံးမှာတော့.. နန်းကုန်လင်း၏ လက်နှစ်ဖက်ပေါ်တွင် သွေးနီရောင်မီးတောက်နှစ်ခုက ထွက်ပေါ်လာပြီး တဖျပ်ဖျပ် တောက်လောင်နေလေသည်။
“ဟီးဟီး”
ချန်ဖန်း၏အကြည့်က ကျယ်ပြန့်သော ကြယ်တာရာကောင်းကင်ကဲ့သို့ နက်ရှိုင်းနေပြီး သူက လှောင်ရယ်လိုက်လေသည်။
“မင်းက ပိုးစုန်းကြူးလို အလင်းရောင်နဲ့ လပြည့်ဝန်းရဲ့ တောက်ပမှုကို ဘယ်လိုတောင် စိန်ခေါ်ရဲတာလဲ.. ထောင်ချောက်ထဲက တောကောင်တစ်ကောင်ရဲ့ အချည်းနှီးရုန်းကန်မှုပဲ.. ပျက်စီးစမ်း”
သူ၏အော်ရာက တလိပ်လိပ်တက်လာပြီး သူ့လက်ဖဝါးဖြင့် ဆင့်ခေါ်ထားသော ကြယ်တာရာများက ပို၍ပင် သိပ်သည်းအားကောင်းလာလေသည်။ အဲဒါက နန်းကုန်လင်းနှင့် အခြားနှစ်ယောက်ကို အသားပြားများ ဖြစ်သည်အထိ ဖိချေတော့မည့်အလားပင်။
နန်းကုန်လင်း၏ လက်နှစ်ဖက်ပေါ်ရှိ မီးတောက်များက ထွက်ပေါ်လာသည့် ခဏမှာပင် ကြယ်တာရာများ၏ ဖိနှိမ်မှုအောက်မှာ ချက်ချင်းပင် ငြိမ်းသေသွားရလေသည်။ နန်းကုန်လင်း၏ မျက်လုံးများက မှိန်ကျသွားလေသည်။
တကယ့်တကယ် တိုက်ပွဲတစ်ခုတွင် သူတို့နှစ်ယောက်ကြား ကွာဟချက်က ဤမျှအထိ ကြီးမားနေလိမ့်မည်ဟု သူက ထင်မှတ်မထားမိပေ။ အဲဒါထက် ကောင်းကင်စင်ရော်ဂိုဏ်းမှ ကျင့်ကြံသူများသည် လေတိမ်မြို့တော်တွင် အားလုံး၏ရှေ့မှောက်မှာပင်.. သူတို့ကို တိုက်ခိုက်ပြီး သူတို့၏ ရတနာများကို လုယူရဲလိမ့်မည်ဟု သူက ထင်မှတ်မထားမိပေ။
အသွန်းတစ်ရာဂိုဏ်းအပေါ် ချန်ဖန်း၏ စိတ်နေသဘောထားက အသွန်းတစ်ရာဂိုဏ်း၏ လက်ရှိအခြေအနေကို ထင်ဟပ်ပြသပေးနေသည့် နမူနာဖြစ်ရပ်တစ်ခုသာလျှင် ဖြစ်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် အသွန်းတစ်ရာဂိုဏ်း၏ အန္တရာယ်က သူတို့ ထင်ထားသည်ထက်ပင် ပို၍ကြီးမားနေနိုင်လေသည်။
သူတို့က ယခုအချိန်တွင် ဂိုဏ်းကနေ ထွက်ခွာလာခဲ့သည်မှာ အတော်လေး မဆင်မခြင် မိုက်မဲရာကျလေသည်။
အင်မော်တယ်ကြိုဆိုစားသောက်ဆိုင်၏ ဘေးပတ်လည်တွင် သူတို့ကို စောင့်ကြည့်နေကြသော မျက်လုံးပေါင်းများစွာ ရှိနေနိုင်လေသည်။ ချန်ဖန်းက အရင်ဆုံး လှုပ်ရှားမှု ပြုလုပ်သူသာလျှင် ဖြစ်ပေလိမ့်မည်။ သူသည် သူ့ဆရာ တာအိုအရှင်ကြယ်သွေးနီက သူတို့ကို ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲ မတိုင်ခင်အထိ ဂိုဏ်းကနေ မထွက်ခွာဖို့ ထပ်တလဲလဲ သတိပေးထားခဲ့သည်ကို ပြန်လည်အမှတ်ရလာလေသည်။
“အား..”
နန်းကုန်လင်းက သက်ပြင်းချလိုက်ပြီး အစိမ်းရောင်ဝတ်လူ၏ မျက်နှာက သူ့စိတ်ထဲမှာ ထင်ဟပ်လာခဲ့လေသည်။
‘ငါတို့က ဆရာဦးလေး အသေးလေးရဲ့ စကားကိုသာ နားထောင်ခဲ့မယ်ဆိုရင်…။’
‘ငါက ဆရာဦးလေး အသေးလေးကို မလိုတမာစိတ် မထားခဲ့ဘူးဆိုရင်.. ငါက ဟန်ယန်နဲ့ ရူရွှမ်ကို အန္တရာယ်ကျရောက်စေမှာ မဟုတ်ဘူး..။ ငါက တကယ်ပဲ သေသင့်ပါတယ်။’
နန်းကုန်လင်း၏မျက်လုံးက မှိန်ကျသွားပြီး သူက နောင်တရရှိလာခဲ့လေသည်။
ထိုစဉ်မှာပင်.. သူက အသံတစ်သံကို ကြားလိုက်ရလေသည်။ ထိုအသံက မတိုးလွန်း မကျယ်လွန်းဘဲ လှောင်ပြောင်သရော်လိုမှု တစ်စွန်းတစ်စဖြင့် တည်ငြိမ်နေလေသည်။
“ဒီလောက် အစွမ်းအစလေးနဲ့ မင်းကိုယ်မင်း လပြည့်ဝန်းနဲ့ ခိုင်းနှိုင်းရဲတယ်ပေါ့လေ”
အဲဒါက ဆရာဦးလေး အသေးလေး၏ အသံဖြစ်လေသည်။
နန်းကုန်လင်းက တုန်လှုပ်သွားရလေသည်။
“ဆရာဦးလေး အသေးလေးက ဒီဖိအားအောက်မှာ စကားပြောနိုင်သေးတာလား”
သူက အလိုလိုလှမ်းကြည့်လိုက်လေသည်။
အစကတော့.. ဆူဇီမိုသည် သူ၏ခေါင်းကို ငုံ့ထားပြီး စာဖတ်နေခဲ့လေသည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် တည်ငြိမ်သော အကြည့်တစ်ခုနှင့် သူ၏ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်လေသည်။ သူက လက်နှစ်ချောင်းကို ဓားတစ်ခုအသွင် အတူတကွပူးကပ်၍ ချန်ဖန်းရှိရာဘက်သို့ ညင်သာစွာ ခတ်ထုတ်လိုက်လေသည်။
ဒီပြုမူလှုပ်ရှားမှုက ကြော့ရှင်း၍ ရှုပ်ထွေးပွေလီမှု မရှိပေ။
သို့သော်လည်း သက်ရောက်မှုက ကမ္ဘာတုန်လောက်လေသည်။
ရှီး..။
တဖျပ်ဖျပ်လက်နေသော အဖြူရောင်အလင်းတစ်ခုနှင့်အတူ ဓားချီအလင်းတန်းတစ်ခုက ရုန်းကန်ထွက်ပေါ်လာခဲ့လေသည်။
နန်းကုန်လင်း၏ အကြည့်အောက်မှာပင် အစက သူတို့ကို ဖိနှိမ်ထားသော ကြယ်တာရာများက ထိုဓားချီဖြင့် နှစ်ပိုင်းပြတ်ကျသွားလေသည်။
အဲဒါက အရမ်းကို တုန်လှုပ်စရာကောင်းသည့် မြင်ကွင်းဖြစ်လေသည်။
ဧရာမ ကြယ်တာရာမြစ်သည် အဖြူရောင်ဓားချီဖြင့် နှစ်ပိုင်းပြတ်ကျသွားပြီး ချက်ချင်းပင် အေးခဲသွားခဲ့လေသည်။
ဘန်း.. ဘန်း.. ဘန်း..။
ကောင်းကင်ထက်ရှိ ကြယ်များက ကြွေကျလာပြီး ထိုဓမ္မပညာရပ်က ဓားချီတစ်ခုတည်းဖြင့် ဖျက်ဆီးခြင်းခံရကာ ဘာမှမကျန်အောင် ပျက်ပြယ်သွားခဲ့လေသည်။
ကောင်းကင်၏ သတ်ဖြတ်လိုစိတ်က ထွက်ပေါ်လာသည့်အခါ ကြယ်များက နဂိုနေရာကနေ ရွေ့လျားလာရပေလိမ့်မည်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကပင် ကြယ်တာရာများကို ကသောင်းကနင်း ဖြစ်သွားစေဖို့ လုံလောက်လေသည်။
ဓားချီက ထွက်ပေါ်လာခြင်းနှင့်အတူ ချန်ဖန်း၏ ကြယ်တာရာ ဓမ္မပညာရပ်သည် ကိတ်မုန့်တစ်လုံးကဲ့သို့ ဖျက်ဆီးခြင်း ခံလိုက်ရလေသည်။
ချန်ဖန်း၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားခဲ့လေသည်။
နန်းကုန်လင်းနှင့် အခြားနှစ်ယောက်သည် တိုက်ရိုက်ပါဝင်ပတ်သက်ခြင်း မရှိသည့်အတွက် သူတို့က ထိုဓားချီ၏ စွမ်းအားကို ကောင်းကောင်း ခံစားမိနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူက အဲဒါကို တိုက်ရိုက်ရင်ဆိုင်နေရခြင်း ဖြစ်သည့်အတွက် ပို၍ ရှင်းလင်းစွာ ခံစားမိနေလေသည်။
ဓားချီကနေ ထုတ်ပေးလာသော သတ်ဖြတ်လိုစိတ်ဆန္ဒက သူ၏ ဦးရေပြားကို ကျိန်းစပ်သွားစေပြီး သူ၏ခြေလက်များက အေးစက်လာကာ သူ၏စိတ်က ချောက်ချားလာခဲ့လေသည်။
လောကမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ ဓားချီက ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ..။
အဲဒါက အသက်ဓာတ်အားလုံးကို ဖျက်ဆီးပစ်မည့် ဓားချီဖြစ်လေသည်။
တကယ်တမ်း ကြောက်စရာကောင်းမှုက အခုအချိန်ထိ ထွက်ပေါ်မလာသေးပေ။
ကြယ်တာရာကို နှစ်ပိုင်းလှီးဖြတ်ပြီးနောက်.. ဓားချီက ပျက်ပြယ်မသွားဘဲ ချန်ဖန်းရှိရာသို့ ခုတ်ပိုင်းကျဆင်းလာခဲ့လေသည်။
ဟင်း..။
ချန်ဖန်းက ပင့်သက်ကိုလျှိုက်ပြီး သူ၏ အမူအရာက ပြောင်းလဲသွားခဲ့လေသည်။
ထိုဓားချီကို မည်သည့် ဓမ္မပညာရပ်၊ မည်သည့် ဓမ္မနည်းစနစ် သို့မဟုတ် မည်သည့် ဓမ္မလက်နက်ကမှ ခုခံနိုင်ခြင်း မရှိသည်ဟု သူက ထင်ယောင်မိလာလေသည်။
ထိုဓားချီက သေစေနိုင်စွမ်းအား အမြင့်မားဆုံး ဖြစ်နေလေသည်။
ချန်ဖန်းသည် ဘာပဲပြောပြော အမြုအတေနယ်မြေ အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၅ ဝင်လေသည်။ ကြယ်များက ပျက်ပြယ်သွားသည့် ခဏမှာပင် သူက လျင်မြန်စွာ တုံ့ပြန်၍ သူ၏ သိုလှောင်အိတ်ကို ပုတ်လိုက်လေသည်။
ဘုန်း
ဧရာမ ဒိုင်းကာတစ်ခုက သူ့ရှေ့မှာ ထွက်ပေါ်လာခဲ့လေသည်။ ဒိုင်းကာပေါ်တွင် မိုးကောင်းကင်၊ ကြယ်တာရာများ၊ နေနှင့် လတို့ကို ခတ်နှိပ်ထားလေသည်။ ဓမ္မစွမ်းအားများကို ထိုးသွင်းပြီးနောက်.. တဖျပ်ဖျပ် တလက်လက် အင်းကွက် ၅ခုက လင်းလက်လာခဲ့လေသည်။
အဲဒါက ပကတိအဆင့် ခုခံရေး ပကတိအရှင် ဓမ္မလက်နက်တစ်ခု ဖြစ်လေသည်။
ကျင့်ကြံရေးလောကတွင် တိုက်ခိုက်ရေး ဓမ္မလက်နက်များကိုသာ တွေ့ရများပြီး ခုခံရေး ဓမ္မလက်နက်များက ရှားပါးလေသည်။ ပကတိအဆင့် ခုခံရေး ဓမ္မလက်နက်က ပို၍တောင် ရှားပါးလေသည်။
ဤသည်ကို ကြည့်ခြင်းဖြင့် ကောင်းကင်စင်ရော်ဂိုဏ်းမှ ကျင့်ကြံသူများအကြားတွင် ချန်ဖန်း၏ ဂုဏ်အဆင့်အတန်းကို ခန့်မှန်းကြည့်နိုင်လေသည်။
ဒိုင်းကာက ထွက်ပေါ်လာသည့် ခဏမှာပင် ဓားချီက ဆင်းသက်လာခဲ့လေသည်။
ခွမ်း..။
ဓားချီက ဒိုင်းကာနှင့် ထိတွေ့ရိုက်ခတ်သွားပြီး သတ္တုဆန်ဆန် အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
ဓားချီက ပကတိအဆင့်ဒိုင်းကာ၏ ပိတ်ဆို့တားဆီးဖြင်းကို ခံလိုက်ရသည့်အလား.. ပျောက်ကွယ်သွားခဲ့လေသည်။
အဲဒါက လူတိုင်း၏ ပထဆုံးတုံ့ပြန်မှု ဖြစ်လေသည်။
သို့သော်လည်း လူတိုင်း၏ မျက်လုံးက မှေးကျဉ်းသွားပြီး သူတို့၏ အမူအရာက တမုဟုတ်ချင်း ပြောင်းလဲသွားခဲ့လေသည်။
ချန်ဖန်း၏ ဒိုင်းကာပေါ်ရှိ အလင်းရောင်က လျင်မြန်စွာ မှိန်ကျသွားပြီး ၎င်း၏အော်ရာက ပျက်ပြယ်သွားခဲ့လေသည်။ ထိုဓမ္မလက်နက်က ဖျက်ဆီးအား ပြင်းထန်သော ရိုက်ချက်တစ်ချက်ကို တွေ့ကြုံခံစားလိုက်ရသည့်အလား ချို့ယွင်းပျက်စီးသွားခဲ့လေသည်။
ရုတ်တရက်ဆိုသလို.. ပြောင်းလဲမှုတစ်ခုက ဖြစ်ပေါ်လာခဲ့လေသည်။
အစက ဒိုင်းကာနောက်တွင် ပုန်းကွယ်နေသော ချန်ဖန်းသည် ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်၍ ဒယီးဒယိုင်ဖြင့် နောက်သို့ဆုတ်သွားရလေသည်။ သွေးများက ပန်းထွက်လာပြီး လက်ပြတ်တစ်ဖက်က လေထဲသို့ မြောက်တက်သွားခဲ့လေသည်။
ဘုန်း
ထို့နောက် ချက်ချင်းပင် ဒိုင်းကာက မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး နှစ်ခြမ်းကွဲသွားခဲ့လေသည်။
အဲဒါက နတ်ဘုရားလက်နက်တစ်ခုဖြင့် ကန့်လန့်ဖြတ် လှီးဖြတ်ထားသည့်အလား ပြတ်ကြောင်းရာက သေသပ်နေလေသည်။
လူတိုင်းသည် တဖြည်းဖြည်း အသိစိတ်ပြန်ကပ်လာကြပြီး မြေပြင်ပေါ်တွင် ဖြူဖပ်ဖြူလျော် မျက်နှာဖြင့် လဲကျနေသော ချန်ဖန်းကို ကြည့်လိုက်ကြလေသည်။
အစိမ်းရောင်ဝတ်လူ ထုတ်ဖော်လိုက်သော ဓားချီသည် ပကတိအဆင့် ပကတိအရှင် ဓမ္မလက်နက်ကို နှစ်ပိုင်းကွဲထွက်သွားခဲ့လေသည်။
ဓားချီက ပျက်ပြယ်မသွားခင်မှာပဲ ချန်ဖန်း၏လက်က ဖြတ်တောက်ခြင်း ခံလိုက်ရလေသည်။
ချန်ဖန်းက ထိုဒဏ်ရာကြောင့် သေဆုံးမသွားသော်လည်း လူတိုင်းပြောနိုင်သည်မှာ..။
ထိုခုတ်ချက်က ချန်ဖန်း၏လက်ကို ဖြတ်တောက်ပစ်လိုက်ရုံသာမက.. အဲဒါက သူ၏ တာအိုအခြေခံအုတ်မြစ်ကိုပါ ချေမွဖျက်ဆီးပစ်လိုက်လေသည်။
ဓားချီက ချန်ဖန်း၏ ခန္ဓာကိုယ်ထဲသို့ သူ၏ဒဏ်ရာမှတစ်ဆင့် တိုးဝင်သွားပြီး သူ၏ မရီးဒါန်များကို ဖြတ်တောက်ပစ်လိုက်လေသည်။
ချန်ဖန်းက ဒုက္ခိတ ဖြစ်သွားခဲ့လေပြီ။
လူအုပ်ကြီးက တုန်လှုပ်သွားရ၏။ အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၅ ပြိုင်စံရှားသည် လှုပ်ရှားကွက်တစ်ကွက်တည်းဖြင့် ဒုက္ခိတဖြစ်သွားရလေပြီ။
ဆူဇီမိုအပေါ် လူတိုင်း၏ ရှုမြင်ပုံက တဖြည်းဖြည်း ပြောင်းလဲလာခဲ့လေသည်။
နန်းကုန်လင်းနှင့် အခြားနှစ်ယောက်ပင်လျှင် ကြောင်အမှင်တက်နေပြီး ခဏကြာသည်အထိ သတိမကပ်နိုင်ကြပေ။
သူတို့က ဆူဇီမိုတိုက်ခိုက်သည်ကို အရင်က မြင်ဖူးသော်လည်း ဤတစ်ခေါက်က များစွာပို၍ ကြောက်မက်ဖွယ်ရာကောင်းလေသည်။
သူက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၅ ပြိုင်စံရှားတစ်ယောက် ဖြစ်လေသည်။
သူက ဆရာဦးလေး၏ သာမန်ကာလျှံကာ ထုတ်ဖော်လိုက်သော ဓားချီတစ်ခုဖြင့် ဒုက္ခိတဖြစ်သွားခဲ့ရလေပြီ။
အခြားသူများကို မဆိုထားနှင့်.. တိုက်ခိုက်လိုက်သော ဆူဇီမိုပင်လျှင် တုန်လှုပ်သွားရလေသည်။
သူက လူတိုင်း၏ရှေ့မှောက်မှာ သူ၏ စွမ်းပကားတစ်ခုကို တည်ဆောက်ပြီး အမှောင်ထုထဲကနေ တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေကြသော ကျင့်ကြံသူများကို ခြောက်လှန့်ဖို့အတွက် ပြင်ဆင်ထားခဲ့လေသည်။
သို့သော်လည်း ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်က ဤမျှစွမ်းပကားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူက မျှော်လင့်မထားမိပေ။
ဒါ့အပြင် သူနားလည်ဆင်ခြင်မိသည်မှာ ရေခဲတောင်၏ ထိပ်ဖျားလေးမျှသာ ဖြစ်လေသည်။
ထိုရေခဲတောင်၏ ထိပ်ဖျားလေးကပင် ပြိုင်စံရှားတစ်ယောက်ကို ဒုက္ခိတတစ်ယောက် ဖြစ်သွားစေခဲ့လေသည်။