နောက်ထပ်နှစ်ငါးထောင် လေ့ကျင့်လိုက်ဦး
Vol. 61 Ch. 915
အဲ့ဒါက အားပါပြင်းထန်လေသည်။
အဲ့ဒါက တုန်လှုပ်စရာကောင်းလေသည်။
အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ တတိယ ကျန့်ဝူကျုံး ၊ ဓားဂိုဏ်း၏ အထူးချွန်ဆုံး အရိုက်အရာဆက်ခံသူက တိုက်ပွဲတစ်ပွဲမှာ သူ၏ဓားကိုပင် မထုတ်နိုင်ပေ။
ဤသတင်းက ပျံ့နှံသွားမည်ဆိုလျှင် သေချာပေါက် အုံးအုံးကျက်ကျက် ဖြစ်သွားပေလိမ့်မည်။
နန်းကုန်လင်း၏စိတ်က ရှုပ်ထွေးနောက်ကျိနေလေသည်။
သူက ကိုယ်တိုင်မြင်တွေ့ရခြင်းမရှိလျှင် ကျန့်ဝူကျုံးသည် ဤမျှအထိ ဆိုးဆိုးဝါးဝါးရှုံးနိမ့်သွားရလိမ့်မည်ဟု သူက စဥ်းစားကြည့်လို့တောင်မရပေ။
သာမန်အခြေအနေမှာဆိုလျှင် ကျန့်ဝူကျုံး ကျင့်ကြံထားသော ဓားများအားလုံးစုစည်းခြင်း အမြုတေနယ်မြေအောက်တွင် မည်သည့်ဓားကျင့်ကြံသူမဆို ဖိနှိမ်ခံရပေလိမ့်မည်။
သို့သော်လည်း ဤတိုက်ပွဲက ဆန့်ကျင်ကွဲလွဲနေသည်ဟု ထင်ရလေသည်။
ဆရာဦးလေးအသေးလေး၏ ရှေ့တွင် ကျန့်ဝူကျုံးသည် သူ၏ဓားကိုပင် ထုတ်နိုင်စွမ်းမရှိပဲ အပြစ်ပေးရိုက်နှက်ခံနေရသော ကလေးငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။
“ဘယ်လောက်တောင်သန်မာလိုက်တဲ့ ကိုယ်ကာယနဲ့ အနီးကပ်တိုက်ခိုက်စွမ်းအားလဲ”
ဝူထန်ယွီက လမ်းမပေါ်တွင်တိုက်ခိုက်နေသော ကျင့်ကြံသူနှစ်ယောက်ကိုကြည့်ပြီး တီးတိုးရေရွတ်လိုက်လေသည်။
လမ်းမပေါ်တွင် ကျန့်ဝူကျုံးက ဆက်တိုက်နောက်ဆုတ်နေရလေသည်။ သူ၏ မျက်နှာပေါ်တွင် မည်သည့်မာန်မာနနှင့် မည်သည့်ဣန္ဒြေမှ ဆက်လက်၍မရှိနိုင်တော့ပေ။ ထိုအစား အဲ့ဒီမှာ ထိတ်လန့်ကြောက်ရွံ့မှုက အစားထိုးဝင်ရောက်လာခဲ့လေသည်။
သူက လုံးဝကိုကူကယ်ရာမဲ့နေလေသည်။
“ကျန့်ဝူကျုံးက ရှုံးသွားတာလား...”
များစွာသောကျင့်ကြံသူများက မယုံကြည်နိုင်စွာဖြင့် စောင့်ကြည့်နေကြလေသည်။
အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်သည် ရွှေအမြုတေများ၏ ခွန်အားကို တိုင်းတာခြင်းဖြစ်သော်လည်း ထိုအဆင့်သတ်မှတ်ချက်တွင် ဝင်ရောက်ခဲ့သော ကျင့်ကြံသူများက နိုးထဝိညာဥ်အဆင့်သို့ ဝင်ရောက်ပြီးလျှင်လည်း အားနည်းကြလိမ့်မည်မဟုတ်ပေ။
အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ တတိယ ကျန့်ဝူကျုံးသည် ဘယ်သူဘယ်ဝါမှန်းမသိရသော အစိမ်းရောင်ဝတ်ကျင့်ကြံသူကို ရှုံးနိမ့်သွားရလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
ဒါ့အပြင် ဓားကျင့်ကြံသူတစ်ယောက်အနေနှင့်သူက သူ့ဓားကိုပင် တစ်ချိန်လုံးမထုတ်ဖော်နိုင်ခဲ့ပေ။ အဲ့ဒါကဓားကျင့်ကြံသူများအတွက် အရှက်ခွဲခံရခြင်းဖြစ်လေသည်။
“ဟိတ်ကောင်... သိပ်ပြီးတော့ ဇောင်းကြွမနေနဲ့...”
“စီနီယာအစ်ကိုကို ကယ်ဖို့လုပ်ကြ”
ဘေးကနေ စောင့်ကြည့်နေကြသော ဓားဂိုဏ်းကျင့်ကြံသူများသည် ကျန့်ဝူကျုံး၏ ဆိုးဆိုးဝါးဝါးအခြေအနေကို မြင်ရသောအခါ ဘာကိုမှ ဂရုမစိုက်ကြတော့ပဲ ဝင်ရောက်တိုက်ခိုက်လိုက်ကြလေသည်။
ဓားအလင်းတန်းများက ခံ့ညားထည်ဝါစွာ တောက်ပလာပြီး ထက်ရှသောအနားစောင်းများနှင့် ဓားချီများက ရုန်းကြွလာကာ မထိုးဖောက်နိုင်သော ဓားကွန်ယက်တစ်ခုကိုဖြစ်ပေါ်စေပြီး ဆူဇီမိုအပေါ် လွှမ်းခြုံကျဆင်းလာလေသည်။
“နင်တို့တွေက အဲ့ဒါဘာလုပ်တာလဲ... နင်တို့မှာ အရှက်သိက္ခာမရှိကြတော့ဘူးလား”
ရူရွှမ်က မနေနိုင်ပဲ အော်ဟစ်လိုက်လေသည်။
တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ နန်းကုန်လင်းနှင့် လျှိုဟန်ယန်က သူတို့၏ ဓမ္မလက်နက်များကို ဆင့်ခေါ်ပြီး လက်ဟန်ချိပ်စည်းများကို ထုတ်ဖော်ကာ ဆူဇီမိုကို ကူညီဖို့ ပြင်ဆင်လိုက်ကြလေသည်။
ရွှမ်း...
ထိုစဥ်မှာပင် ဓားအိမ်ထဲကနေ ဓားထွက်လာသောအသံက သာယာနာပျော်ဖွယ်ရာ မြည်လာလေသည်။
အရမ်းကို ရင်သပ်ရှုမောဖွယ်ရာကောင်းသော ဓားအလင်းတန်းတစ်ခုက လမ်းမပေါ်မှာ ပေါ်ထွက်လာခဲ့လေသည်။ အဲ့ဒါက အဖြူရောင်ဖြစ်၍ ကျိန်းစပ်နေပြီး လေဟာနယ်ကို ဆုတ်ဖြဲသွားခဲ့လေသည်။
ကျန့်ဝူကျုံး၏ နောက်ကျောဘက်ရှိဓားက ထွက်ပေါ်လာခဲ့လေပြီ။
ဓားက ရှည်လျား၍ အေးစက်နေသော အော်ရာတစ်ခုဖြင့် ထက်ရှနေလေသည်။ ဓား၏ကိုယ်ထည်ပေါ်တွင် ဓမ္မအင်းကွက် ၆ ခုက တဖျတ်ဖျတ်တလက်လက်ပုံစံဖြင့် တောက်ပနေလေသည်။ အဲ့ဒါက မူလပကတိအရှင် ဓမ္မလက်နက်တစ်ခုဖြစ်လေသည်။
အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် တတိယဖြစ်ပြီး ဓားဂိုဏ်း၏ အရိုက်အရာဆက်ခံသူတစ်ယောက်အနေဖြင့် သူက ပကတိအရှင်ဓမ္မလက်နက်တစ်ခုကို ပိုင်ဆိုင်ထားခြင်းက ပုံမှန်ပင်ဖြစ်လေသည်။
ထိုဓမ္မဓားသည် သန်မာသော နောက်ခံတစ်ခုရှိပြီး ရင်သပ်ရှုမောဓမ္မဓားဟု ကျော်ကြားလေသည်။ အဲ့ဒါက ကျန့်ဝူကျုံး၏ မူပိုင်ဓမ္မလက်နက်ဖြစ်ပြီး အမြုတေနယ်မြေအဆင့်သတ်မှတ်ချက် တတိယနေရာအတွက် သူ၏ ဆုလာဘ်လည်း ဖြစ်ပေသည်။
ကျင့်ကြံသူများက စိတ်လှုပ်ရှားသွားကြလေသည်။
နောက်ဆုံးအခိုက်အတန့်မှာတော့ ထိုဓားက ဓားအိမ်ထဲကနေ ထွက်လာခဲ့လေပြီ။
ဓားကျင့်ကြံသူများသည် သူတို့၏လက်ထဲတွင် ဓားရှိသည်နှင့် လက်ဗလာနှင့်တိုက်ခိုက်ရသည်က လုံးဝကွဲပြားခြားနားသည်ကို လူတိုင်းကသိထားကြလေသည်။
“ကျန့်ဝူကျုံးက သူ့ဓားကိုထုတ်နိုင်သွားပြီဆိုတော့ အစိမ်းရောင်ဝတ်လူက အန္တရာယ်ရှိလာတော့မှာပဲ”
“အင်း... ကျန့်ဝူကျုံးရဲ့ ဓားသိုင်းက ထက်ရှပြီးတော့ ဓားဂိုဏ်းရဲ့ အမွေအနှစ်ကို ပိုင်ဆိုင်ထားတယ်... တစ်ခုခုတော့... လွဲနေပြီ”
ထိုလူ၏မျက်လုံးက ပြူးကျယ်သွားပြီး ရုတ်တရက် ဆက်မပြောနိုင်တော့ပေ။
များစွာသော ကျင့်ကြံသူများကလည်း တစ်စုံတစ်ရာလွဲမှားနေသည်ကို သတိထားမိသွားကြလေသည်။
နန်းကုန်လင်းက လှမ်းမျှော်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲသို့ မယုံကြည်နိုင်မှုက တလိပ်လိပ်တိုးဝင်လာကာ တုန်လှုပ်ချောက်ချားသွားရလေသည်။
ရင်သပ်ရှုမောဓမ္မဓားက ကျန့်ဝူကျုံး၏ လက်ထဲမှာ လုံးဝမဟုတ်ပေ။
အဲ့ဒါက ဆရာဦးလေးအသေးလေး၏ လက်ထဲမှာဖြစ်လေသည်။
ရင်သပ်ရှုမောဓမ္မဓားကို ဆွဲထုတ်လိုက်သူမှာ ကျန့်ဝူကျုံးမဟုတ်ပဲ ဆူဇီမိုဖြစ်နေလေသည်။
ဆူဇီမိုက ကျန့်ဝူကျုံးကို သူ၏ဓားကို ဆွဲမထုတ်နိုင်အောင်ပင် ထိုးနှက်ရိုက်ပုတ်နေခဲ့ရုံသာမက ထိုသူက သူ၏ဓားကိုပင် ဆွဲထုတ်လိုက်လေသည်။
ထိုစဥ်မှာပင် ဓားဂိုဏ်းမှ ဓားကျင့်ကြံသူများ ထုတ်ဖော်လိုက်သော ဓားချီကွန်ယက်က ကျဆင်းလာခဲ့လေပြီ။ ဓားချီများက အရိုးထိတိုင်အေးစက်နေပြီး လေဟာနယ်ကို အပိုင်းပိုင်း ဆုတ်ဖြဲ၍ကျဆင်းလာလေသည်။
ရင်သပ်ရှုမောဓားကို ကိုင်ဆောင်ထားရင်း ဆူဇီမိုက သူ၏လက်ကို လွှဲယမ်း၍ ခုတ်ပိုင်းချလိုက်လေသည်။
ဘန်း... ဘုန်း.. ဘုန်း...
ဓားထံမှ အမှန်တစ်ကယ်ပင် ဆူနာမီအသံက ထွက်ပေါ်လာခဲ့လေသည်။
ဆူဇီမိုသည် ဤဓားဖြင့် ပင်လယ်တည်ငြိမ်ကျမ်းမှ မာန်ဟုန်ပြင်းဒီရေ၏ စိတ်ဆန္ဒကို ထုတ်ဖော်လိုက်လေသည်။
ဓမ္မစွမ်းအားများက လေထဲမှာ တလိပ်လိပ်တက်လာပြီး ဒေါသူပုန်ထနေသော ဒီရေလှိုင်းများက ဓားကွန်ယက်ကို ပြင်းထန်စွာ ပစ်တိုက်ချလိုက်သည်ဟု ထင်ရလေသည်။
ချက်ချင်းပင် ဓားကျင့်ကြံသူများသည် ထကြွသောင်းကျန်းနေသော ပင်လယ်ပြင်ထဲသို့ ရောက်ရှိနေပြီး နစ်မြုပ်သွားတော့မည့်အလား ပုံရိပ်ယောင်တစ်ခုကို မြင်လာကြရလေသည်။
သူတို့သာလျှင်မဟုတ်ပေ... ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများပင်လျှင် သူတို့က ဆူနာမီလှိုင်းများ၏ အလယ်မှာရောက်ရှိနေပြီး ယိမ်းထိုး၍ မူးဝေလာသည်ဟု ခံစားလိုက်ရလေသည်။
ထကြွသောင်းကျန်းနေသော သမုဒ္ဒရာထဲတွင် ကျင့်ကြံသူတိုင်းက အလွန်တရာသေးငယ်သွားသည်ဟု ခံစားရလေသည်။
အဲ့ဒါက ကောင်းကင်နှင့်မြေကြီး၏ အစစ်အမှန်စွမ်အားဖြစ်လေသည်။
ဝူထန်ယွီက သူ၏မျက်လုံးကို ကပျာကယာမှိတ်ချလိုက်ပြီး သူ၏စိတ်ကို ထပ်တလဲလဲ တည်ငြိမ်စေလိုက်လေသည်။ ထိုခံစားချက်က တဖြည်းဖြည်းပျက်ပြယ်သွားခဲ့လေသည်။
“ဘယ်လောက်တောင်သန်မာအားကောင်းလိုက်တဲ့ ဓားစိတ်ဆန္ဒလဲ”
ဘေးမှာရှိနေသော မိုးပျံငှက်မွေးဂိုဏ်း ကျင့်ကြံသူက တူန်လှုပ်သွားပြီး သူ၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့လေသည်။
ဝူထန်ယွီက သူ၏မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။ ထူးဆန်းသော အမူအရာတစ်ခုနှင့် သူက တီးတိုးရေရွတ်လိုက်လေသည်။
“ဓားစိတ်ဆန္ဒ... ဟမ့်”
ဘာကြောင့်ရယ်မသိရသော်လည်း ထိုဓားစိတ်ဆန္ဒက အနည်းငယ်ထူးဆန်းနေသည်ဟု သူကခံစားမိလေသည်။ အဲ့ဒါက ဓားတာအို၏ ထက်ရှမှုအချို့ကင်းမဲ့နေပြီး အနည်းငယ်တုတ်ခိုင်နေသည်ဟု ထင်ရလေသည်။
ချွင်...ချွမ်း...
တိုက်ပွဲနယ်မြေထဲတွင် သတ္တုချင်းထိခတ်သံများက ထွက်ပေါ်လာခဲ့လေသည်။
ဓားကွန်ယက်က ကြေမွသွားခဲ့လေသည်။
ဓားအလင်းတန်းများအားလုံးက ချက်ချင်းပင် ပျက်ပြယ်သွားပြီး ပြန်လည်တိတ်ဆိတ်သွားခဲ့လေသည်။
နန်းကုန်လင်းနှင့် လျှိုဟန်ယန်က သူတို့၏ ခြေလှမ်းများကိူ ရပ်တန့်လိုက်ပြီး သူတို့၏ လက်ဟန်ချိပ်စည်းများကိုလည်း ဖြေလျှော့လိုက်လေသည်။
သူတို့က အဲ့ဒါကို ပြုလုပ်ဖို့ မလိုအပ်တော့တာကြောင့် ဖြစ်လေသည်။
ခုတ်ချက်တစ်ချက်တည်းဖြင့် အနိုင်ရရှိသူကို ဆုံးဖြတ်ပြီးခဲ့လေပြီ။
ဓားကျင့်ကြံသူ ဆယ်ယောက်ကျော်သည် သုန်မှုန်နေသော အမူအရာများဖြင့် မလှမ်းမကမ်းမြေပြင်ပေါ်သို့ ပစ်လဲကျကုန်ကြလေသည်။ သူတို့လက်ထဲရှိ ဓားများအားလုံးက ကျိုးပျက်သွားပြီး သူတို့၏ ဓားဖျားများက မြေပြင်ပေါ်သို့ ပျံ့ကျဲကျဆင်းသွားလေသည်။
ဓားကျင့်ကြံသူအချို့၏ လက်ညိုးလက်မခွကြားက စုတ်ပြဲသွားပြီး သွေးများက စီးထွက်လာခဲ့လေသည်။ သူတို့က သူတို့၏ ဓားကိုပင် ဆက်လက်၍မဆုပ်ကိုင်နိုင်တော့ပဲ လွတ်ကျသွားကြလေသည်။
ထိုဓားများ၏ အဆင့်က သိပ်ပြီးတော့မနိမ့်ကျပေ။
သူတို့က သာလွန်အဆင့် သို့မဟုတ် ထိပ်တန်းအဆင့် ဓမ္မလက်နက်များ ဖြစ်ကြလေသည်။
သို့သော်ယခုအခါမှာတော့ သူတို့အားလုံးသည် ပျက်စီးကျိုးပဲ့၍ သတ္တုပျက်များ ဖြစ်ကုန်ကြလေပြီ။
ဖြစ်စဥ်တစ်ခုလုံးက ရိုးရှင်းသည်ဟု ထင်ရပြီး ခုတ်ချက်တစ်ချက်မျှသာဖြစ်လေသည်။ သို့သော်လည်း ဆူဇီမိုသည် သူ၏ စွမ်းအားကြီးသောကိုယ်ကာယကို မူလအဆင့် ရင်သပ်ရှုမောဓမ္မဓားဖြင့် ပေါင်းစပ်လိုက်သောအခါ သူက ဤမျှအထိ အကျိူးသက်ရောက်မှုရှိသော စွမ်းအားကြီးသည့် ဆေဘာစိတ်ဆန္ဒကို ထုတ်ဖော်နိုင်ခဲ့လေသည်။
လမ်းမထက်တွင် အရပ်ရှည်ရှည်နှင့် လူတစ်ယောက်သာလျှင် မတ်တတ်ရပ်၍ ကျန်ရစ်ခဲ့လေသည်။
သူ၏ အနက်ရောင်ဆံပင်များက တဖျပ်ဖျပ်ခါနေပြီး သူ၏အစိမ်းရောင်ဝတ်ရုံက သေသပ်နေလေသည်။ သူက ထူးမခြားနားသော အမူအရာတစ်ခုနှင့်အတူ ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားလေသည်။
ဆူဇီမိုက သူ့လက်ထဲရှိဓားကို ညင်သာစွာကိုင်မြှောက်၍ လှုပ်ရှားကြည့်လိုက်လေသည်။
ဓားကတုန်ခါသွားပြီး ကြည်လင်သောဓားတေးသံတစ်သံကို ထုတ်ပေးလာလေသည်။
“ကောင်လိုက်တဲ့ဓား...”
ဆူဇီမိုက ချီးကျူးလိုက်ပြီး အမ်န့်ဆန်ဆန်လေသံဖြင့် ပြောလိုက်လေသည်။
“အခု အဲ့ဒါက ငါ့ဟာဖြစ်သွားပြီ...”
ထိုသို့ပြောပြီးသည်နှင့် ဆူဇီမိုက ရင်သပ်ရှုမောဓမ္မဓားကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီး မြို့ထဲကနေ ထွက်ခွာသွားလေသည်။
နန်းကုန်လင်းနှင့် အခြားသူများက ခဏမျှကြောင်အနေပြီးနောက် နောက်ကနေ အလောတကြီးပြေးလိုက်သွားခဲ့လေသည်။
ဤတစ်ကြိမ်မှာတော့ လေတိမ်မြို့တော်ထဲတွင် မည်သူကမှ ဆူဇီမို၏လမ်းတွင် ပိတ်မရပ်ရဲကြတော့ပေ။
ကျန့်ဝူကျုံးသည် ဆူဇီမို၏ နောက်ကျောကို ငေးကြည့်ရင်း မချင့်မရဲ အမူအရာတစ်ခုရှိနေလေသည်။ သူက အံကိုကြိတ်ပြီး လှမ်းအော်ပြောလိုက်လေသည်။
“မင်းမှာ သတ္တိရှိတယ်ဆိုရင် ငါ့ရဲ့ ရင်သပ်ရှုမောဓမ္မဓားကို ပြန်ပေးကြည့်လိုက်... ထပ်ပြီးတိုက်ခိုက်ရအောင်.. ငါ့မှာဓားရှိတာနဲ့ ငါက...”
ကျန့်ဝူကျုံးက သူ့စကားကိုဆုံးအောင်မပြောနိုင်ခင်မှာပင် သူ၏ အဝတ်များက အပိုင်းပိုင်းစုတ်ပြဲသွားပြီး မြေပြင်ပေါ်သို့ ပျံ့ကျဲကျသွားလေသည်။
ဟင်း....
နောက်ခဏ၌ လူအုပ်ကြီးထဲမှ အုံးအုံးကျက်ကျက်အသံများက ထွက်ပေါ်လာလေသည်။
“မင်းတို့တွေက ဘာဖြစ်နေကြတာလဲ”
ကျန့်ဝူကျုံးက သူ၏ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုပြီး ကျင့်ကြံသူအားလုံးက တုန်လှုပ်ခြင်း ၊ အံ့အားသင့်ခြင်း ၊ သနားခြင်းနှင့် လှောင်ပြောင်သရော်ခြင်းတို့ရောယှက်နေသော ရှုပ်ထွေးသည့်အကြည့်များဖြင့် သူ့ကိုငေးကြည့်နေသည်ကို သူက သတိထားမိလိုက်လေသည်။
“မင်းတို့တွေက ဘာကိုကြည့်နေကြတာလဲ...”
ကျန့်ဝူကျုံးက ကြောက်မက်ဖွယ်ရာအမူအရာတစ်ခုဖြင့် ငေါက်ငမ်းလိုက်လေသည်။
“စီနီယာအစ်ကို... ခင်ဗျား... ခင်ဗျားရဲ့ရင်ဘတ်မှာ”
ဓားကျင့်ကြံသူတစ်ယောက်က တုန်လှုပ်ချောက်ချားသော အမူအရာတစ်ခုနှင့် ကျန့်ဝူကျုံး၏ရင်ဘတ်ကို လက်ညိုးထိုးပြီး တုန်ယင်နေသော အသံဖြင့်ပြောလိုက်လေသည်။
ကျန့်ဝူကျုံးက ခေါင်းငုံ့ကြည့်လိုက်လေသည်။
မသိလိုက်မသိဘာသာနှင့်ပင် သူ၏ရင်ဘတ်က တစ်စုံတစ်ရာဖြင့် ထိုးခြစ်ခြင်းခံထားရပြီး သွေးများစို့နေလေသည်။ အဲ့ဒီမှာ သွေးဖြင့်ရေးထားသော စကားလုံး ၆ လုံးရှိနေလေသည်။
‘နောက်ထပ် နှစ်ငါးထောင် လေ့ကျင့်လိုက်ဦး’
ကျန့်ဝူကျုံးသည် ကြက်သီးတဖြန်းဖြန်းထ၍ သူ၏ခြေလက်များက အေးစက်တောင့်တင်းသွားလေသည်။
ထိုစကားလုံးများကို သူတို့စောစောက တိုက်ခိုက်နေစဥ်အတွင်း အစိမ်းရောင်ဝတ်လူက သူ့ရင်ဘတ်ပေါ်မှာ ရေးထားခဲ့ခြင်းဖြစ်လေသည်။
အကယ်၍ အစိမ်းရောင်ဝတ်ကျင့်ကြံသူက သူ့ကိုသတ်ဖြတ်ချင်သည်ဆိုလျင် သူက ကြိမ်ဖန်များစွာ သေပြီးနေပြီဟု ဆိုလိုလေသည်။
သို့သော်လည်း ထိုစကားလုံးများက သူ့ကိုသတ်ဖြတ်ခြင်းထက်ပင် ပို၍ဆိုးဝါးစေလေသည်။
စကားလုံးတစ်လုံးချင်းစီက သူ၏နှလုံးသားကို လာစိုက်လေသည်။
“ဖွီး...”
အားလုံး၏ စောင့်ကြည့်နေသော အကြည့်အောက်တွင် ကျန့်ဝူကျုံးသည် ဒေါသထွက်လွန်းသောကြောင့် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ပြီး နေရာမှာပင် သတိလစ်သွားခဲ့လေသည်။