အပြည်ပြည်ဆိုင်ရာ ပကတိအင်မော်တယ် ညီလာခံ
Vol. 36 Ch. 526
ထွင်ထျန်းဟာ၏အဖြေက ပဟေဠိ ဆန်သော်လည်း အင်မော်တယ်ကျန်းရွမ်က စီနီယာခွေးကို လေးစားသဖြင့် သိပ်မစဉ်းစားခဲ့ပေ။
စီနီယာခွေး၏ ကျင့်ကြံခြင်း နယ်ပယ်အဆင့်က နဂါးငွေ့တန်းဂလက်စီ၏ အပြင်ဘက်ကို အခေါက်ခေါက် အခါခါ သွားလာနိုင်သောအဆင့် ဖြစ်သည်။
စီနီယာခွေးက အပျင်းပြေလျှောက်လည်ရင်း ဤလောကထဲသို့ မတော်တဆရောက်လာပြီး သူ့ကိုကယ်တင်ခဲ့သည်မှာ ဖြစ်နိုင်ချေရှိသည်။
ဤလောကတွင် သာမန်အယူအဆဖြင့် မရှင်းပြနိုင်သောအရာများစွာ ရှိသည်။
စီနီယာခွေးတွင် ဤမျှ မြင့်မားသောနယ်ပယ်အဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည့် အကြောင်းရင်းတစ်ခုခု ရှိရမည်ဟု အင်မော်တယ်ကျန်းရွမ် တွေးမိသည်။
တစ်ဖက်တွင်လည်း ဝမ်လင်းက ပတ်ဝန်းကျင်မှ စွမ်းအင်များကို စုဆောင်ထားပြီးပြီ ဖြစ်သည်။
ထို့ကြောင့် ထွင်ထျန်းဟာကို အသိပေးကာ ထွက်ခွာရန် စီစဥ်ခဲ့သည်။
ရှင်းလင်းစွာပြောရလျှင် ဝမ်လင်းက လေဝိညာဉ် နှင့် တိုက်ခိုက်ပြီးနောက်တွင် အင်မော်တယ်အရှင်မြတ်အဆင့် မည်မျှသန်မာသည်ကို နက်နက်ရှိုင်းရှိုင်း သိရှိသွားခဲ့ပြီဖြစ်သည်။
သူက အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
အင်မော်တယ်အရှင်မြတ်အဆင့်က အလွန်စွမ်းအားကြီးသည်ဟု သူထင်မြင်ခဲ့၏။
သို့သော် အင်မော်တယ်အရှင်မြတ်အဆင့်၏ တိုက်ပွဲဝင်အင်အားက သူထင်သလောက် မဟုတ်ခဲ့ပေ။
အင်မော်တယ်အရှင်မြတ်အဆင့်သည် ကောင်းကင်တာအိုကို စတင်နားလည်နိုင်နေပြီ ဖြစ်သော်လည်း ကောင်းကင်တာအို၏ တကယ့် အဆီအနှစ်များနှင့် ပတ်သက်၍မူ နားလည်ရန် လိုအပ်နေသေးသည်။
ဆိုရလျှင် ကောင်းကင်တာအိုကို အမှန်တကယ် ဆုပ်ကိုင်မိရန်အတွက် ကျင့်ကြံအားထုတ်မှုများစွာ လိုအပ်နေ၏။
ထို့ပြင် ကောင်းကင်တာအိုကို နားလည်သဘောပေါက်ခြင်စသည် ကံအပေါ်တွင်လည်း မူတည်သည်။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်တာအိုတိုင်းတွင် စွမ်းအင်တစ်မျိုးစီ ပါဝင်ပြီး ၎င်းတို့အားလုံးထဲတွင် အပြင်းထန်ဆုံးစွမ်းရည်မှာ "အလုံးစုံသိမြင်ခြင်း မဟာတာအို" ဖြစ်သောကြောင့်ပင်။
၎င်းက မဟာတာအိုသုံးထောင်တွင် ဝမ်လင်း အကျွမ်းကျင်ဆုံးတာအိုလည်း ဖြစ်သည်။
ထို့ကြောင့် ဝမ်လင်းကိုယ်တိုင်ပင်လျှင် သူ့ကိုယ်သူ အလွန်သန်မာသည်ဟု တစ်ခါတစ်ရံ ခံစားမိခဲ့သည်။
ကနဦးတွင် အင်မော်တယ်ကျန်းရွမ်ကို အင်မော်တယ်ရတနာအိမ်နှင့် ပတ်သက်၍မေးမြန်းမည်ဟု ရည်ရွယ်ထားခဲ့သော်လည်း တိုက်ပွဲအပြီးတွင် သူစိတ်မဝင်စားတော့ပေ။
ထိုအချိန်တွင် ထွင်ထျန်းဟာက အင်မော်တယ်ကျန်းရွမ်အား မေးခွန်းထုတ်လိုက်သည်။
"ကိစ္စရှင်းသွားပြီဆိုတော့ ဘာဆက်လုပ်ဖို့ အစီအစဥ်ရှိလဲ"
ဤမေးခွန်းက ဝမ်လင်းမေးခိုင်းခြင်း မဟုတ်ဘဲ သူ့ဘာသာသူမေးမြန်းခြင်း ဖြစ်သည်။
အင်မော်တယ်ကျန်းရွမ်က နှလုံးသားနတ်ဆိုးကျောက်တုံးကိုကိုင်ထားရင်း သက်ပြင်းချလိုက်သည်။
"ကျွန်တော် ဒီနှလုံးသားနတ်ဆိုးကျောက်တုံးကို အသုံးပြုပြီးမိုးခေါင်ခြင်းကြယ်ဂြိုဟ်ကို နဂိုအခြေအနေအတိုင်း ဖြစ်အောင် လုပ်ရဦးမယ်"
"မင်းက တကယ်ပဲ ဂြိုဟ်ကို စွဲလမ်းနေတာကိုး"
ထွင်ထျန်းဟာက ပြုံး၍ ပြောလိုက်သည်။
"ကျွန်တော့်မှာ ရွေးချယ်စရာမရှိဘူးလေ"
အင်မော်တယ်ကျန်းရွမ်က ပုခုံးတွန့်၍ ဖြေလိုက်သည်။
"ကောင်းကင်နဲ့ မြေကြီးမှာရှိတဲ့ ဝိညာဥ်စွမ်းအားတွေက အပြည့်အဝ ကုန်ဆုံးဖို့ အချိန်အတော်ကြာ လိုနေသေးတယ်ဆိုပေမဲ့ လက်ရှိနှုန်းနဲ့သာဆိုရင် ကမ္ဘာကြီးက စောစောစီးစီး ပျက်စီးသွားနိုင်တယ်"
"စီနီယာကြီးက ကျနော့်ထက် ဒီကိစ္စကို ပိုသိနေတာပဲ မဟုတ်လား"
"အင်း.. "
ထွင်ထျန်းဟာက အနည်းငယ် အဆင်မပြေသလို ခံစားလိုက်ရပြီး ခေါင်းညိမ့်လိုက်သည်။
"ကမ္ဘာမြေကြီးရဲ့ ဝိညာဥ်စွမ်းအင်ကို ထိန်းသိမ်းဖို့အတွက် နိုင်ငံတိုင်းက အပြည်ပြည်ဆိုင်ရာ ပကတိအင်မော်တယ်စာချုပ်မှာ လက်မှတ်ရေးထိုးထားကြတယ် ဆိုပေမဲ့လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကတော့ ရှိနေဦးမှာပဲ မဟုတ်လား"
အင်မော်တယ်ကျန်းရွမ်က ပြောကြားခဲ့သည်။
အင်မော်တယ်ကျန်းရွမ်၏ စကားထဲမှ အပြည်ပြည်ဆိုင်ရာပကတိအင်မော်တယ် စာချုပ်သည် ကမ္ဘာတဝှမ်းရှိ ပကတိအင်မော်တယ်အားလုံးက လက်မှတ်ရေးထိုးထားသော သဘောတူညီမှု ဖြစ်သည်။
ညီလာခံ၏ ဆွေးနွေးမှုအရ ဝိညာဥ်စွမ်းအား အလွန်အကျွံအသုံးချခြင်းမှ တားဆီးရန်အတွက် ပကတိအင်မော်တယ်အဆင့်ကျင့်ကြံသူ အားလုံးသည် အင်မော်တယ်အရှင်မြတ်အဆင့်သို့ တက်လှမ်းခွင့်မရှိကြပေ။
ဆိုရလျှင် အင်မော်တယ် အရှင်မြတ်အဆင့်သို့ အဆင့်တက်ခြင်းသည် သဘာဝဝိညာဥ်စွမ်းအင်ကို ပြင်းထန်စွာ ထိခိုက်စေမည် ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း ဒေသတစ်ခုလုံးသည် ဝိညာဥ်စွမ်းအင်များ ဆုတ်ယုတ်ပြီး ဝိညာဥ်ချီ ခမ်းခြောက်သွားနိုင်ပေသည်။
နောက်တစ်ချက်အနေဖြင့် လက်ရှိ နိုင်ငံအသီးသီး၏ ခေါင်းဆောင်များတွင် အင်မော်တယ်အရှင်မြတ်အဆင့် ကျင့်ကြံသူမရှိပေ။
ထို့ကြောင့် အင်မော်တယ်အရှင်မြတ်အဆင့် ကျင့်ကြံသူ ရှိလာခဲ့လျှင် နိုင်ငံအသီးသီးကြားမှ စွမ်းအားချိန်ခွင်လျှာကို ချိုးဖြတ်သွားမည် ဖြစ်သည်။
ထို့ကြောင့် ခေတ်မီ ကျင့်ကြံခြင်းလောက ရေရှည်တည်တံ့ရန်အတွက် ငြိမ်းချမ်းရေးကို ဖော်ဆောင်သည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာ ပကတိအင်မော်တယ် ညီလာခံ ပေါ်ပေါက်လာရခြင်းဖြစ်သည်။
တကယ်တမ်းတွင် ဗိုလ်ချုပ်ရီ၊ ဗိုလ်ချုပ်ကျန်းလဲ့၊ အတွင်းရေးမှူး စွန်းတာခန်း၊ ဥက္ကဌချီ နှင့် ဝန်ကြီးချုပ်ရှီးတို့လို နိုင်ငံတည်ထောင်သူ ဗိုလ်ချုပ်ဆယ်ဦးသည် အင်မော်တယ်အရှင်မြတ်အဆင့်ထိ တက်လှမ်းရန် လုံလောက်သော အရင်းအမြစ်များ ရှိကြသည်။
ထိုအရင်းအမြစ်များသည် ဝိညာဥ်စွမ်းအင်ကို ဆိုလိုခြင်းမဟုတ်ဘဲ အခြားသော ပစ္စည်းများကို ဆိုလိုသည်။
မည်သို့ပင်ဖြစ်စေ အဆင့်တက်မည်ဆိုလျှင် ကမ္ဘာမြေကြီး၏ ဝိညာဥ်စွမ်းအင်ကို လိုအပ်မည်သာဖြစ်သည်။
ထို့ကြောင့် ယခုခေတ်တွင် အင်မော်တယ်အရှင်မြတ်အဆင့်သို့တက်လှမ်းနိုင်ရန် သုတေသနများ ပြုလုပ်ခဲ့ကြသည်။
ပထမတစ်ခုမှာ ဝိညာဥ်စွမ်းအင် အလွန်အကျွံ သုံးစွဲရသည့် သံသရာဝဋ်ဆင်းရဲကို ကျော်ဖြတ်ခြင်း နည်းလမ်းဟောင်းကို အသုံးပြုစရာ မလိုသည့် နည်းလမ်းအသစ် တစ်ခုကို တီထွင်ရန်ဖြစ်သည်။
ဒုတိယတစ်ချက်မှာ ဝိညာဥ်စွမ်းအားကို အစားထိုးနိုင်မည့် စွမ်းအင်တစ်ခု ထုတ်လုပ်ရန် စက်ကိရိယာတစ်ခု တီထွင်ရန် ဖြစ်သည်။
ဤသုတေသနနှစ်ခုက လွယ်ကူသည်ဟု ထင်ရသော်လည်းတကယ်တမ်းတွင် အလွန်ခက်ခဲသည်။
ကမ္ဘာ့အင်အားကြီးနိုင်ငံများမှ ကျင့်ကြံသူများသည် အဆိုပါပြဿနာများကို လေ့လာရန်၊ မျှဝေရန် နှင့် စုံစမ်းစစ်ဆေးရန် ခြောက်လတစ်ကြိမ် တွေ့ဆုံကြသော်လည်း ယခုအချိန်ထိ လက်တွေ့ကျသော အစီအစဥ်ကို မထုတ်ဖော်နိုင်ခဲ့ပေ။
သီအိုရီများသည် အံ့ဩဖွယ်ကောင်းသော်လည်း ဖြစ်နိုင်ခြေမရှိပေ။
ထို့ကြောင့် ဤအခြေအနေများအောက်တွင် အင်မော်တယ်ကျန်းရွမ်ကဲ့သို့ အရံဂြိုဟ်တစ်ခုကို ဖန်တီးရန် စိတ်ကူးနေသူ အများအပြားလည်း ရှိနေခဲ့သည်။
ဝမ်လင်းက သူ၏သိပ္ပံအတန်းမှ ဤအချက်ကို သိရှိခဲ့ခြင်းဖြစ်သည်။
ထိုကာလက သိပ္ပံပညာရပ်တွင် မထင်မှတ်ဘဲ ပထမဆုံးအကြိမ်အဖြစ် အမှတ်၁၀၀ အပြည့်ယူနိုင်ခဲ့သည်။
သို့သော် ဖေဖေဝမ်က သူ့ကို ဆုံးမခဲ့ခြင်းမရှိပေ။
အဘယ်ကြောင့်ဆိုသော် တစ်တန်းလုံး အမှတ်ပြည့်ရခဲ့သောကြောင့် ဖြစ်သည်။
"ဒါဆိုမင်းရှာတွေ့ထားတဲ့ ဒီမိုးခေါင်ခြင်းကြယ်ဂြိုဟ်ကို ဖုံးကွယ်ဖို့အတွက် ကမ္ဘာခြားဂိတ်တံခါးကို ဖန်တီးခဲ့တာလား"
ကမ္ဘာခြားဂိတ်တံခါးက လူသားကမ္ဘာသို့ ဆင်းသက်လာချိန်တိုင်းတွင် ပိုမိုကောင်းမွန်သော ဗားရှင်းများကို စမ်းသပ်နေသည်ဟု လူအများက ပြောကြလေ့ရှိသည်။
အင်မော်တယ်ကျန်းရွမ်က ထွင်ထျန်းဟာ၏ စကားကိုကြားလျှင် စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်သည်။
သူမျှော်လင့်ထားသည့်အတိုင်းပင် စီနီယာခွေးသည် စီနီယာခွေးသာဖြစ်သည်။
ကမ္ဘာခြားဂိတ်တံခါးကို သူတီထွင်ခဲ့သည်ကိုပင် စီနီယာခွေးကသိရှိနေခဲ့သည်။
"စီနီယာ နားလည်မှုလွဲနေတာပါ.. ကျွန်တော်ဂိတ်တံခါးကိုတီထွင်ခဲ့စဥ်က နတ်ဆိုးကမ္ဘာနဲ့ လူသားကမ္ဘာကြားမှာ ပေါင်းကူးတံတားတစ်စင်း ဖြစ်ဖို့ အတွက်ပဲ ရည်ရွယ်ခဲ့တာပါ.. ဒီချိတ်ဆက်မှုကနေ ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဥ်စွမ်းအားနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့အဖြေကို ရရှိဖို့အတွက် နတ်ဆိုးကမ္ဘာနဲ့ ပူးပေါင်းပြီး ဆွေးနွေးနိုင်မယ်လို့ ကျွန်တော်ထင်ခဲ့တယ်.. ဒါပေမဲ့ နတ်ဆိုးတွေက ကမ္ဘာခြားဂိတ်တံခါးကိုအသုံးချလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး"
အင်မော်တယ်ကျန်းရွမ်က သက်ပြင်းချလိုက်သည်။
"နောက်ဆုံးအကြိမ်က ကမ္ဘာခြားဂိတ်တံခါး ရုတ်တရက်ဆင်းသက်လာတာက လေဝိညာဥ်ကြောင့်ပဲ.. အဆုံးသတ်မှာကမ္ဘာခြား ဂိတ်တံခါးကို စွမ်းဆောင်ရည် စမ်းသပ်မှုတွေလုပ်နေတယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့သွားခဲ့ရတယ်"
ဝမ်လင်းနှင့် ထွင်ထျန်းဟာတို့ နှစ်ယောက်စလုံး ခေါင်းညိမ့်လိုက်သည်။
အင်မော်တယ်ကျန်းရွမ်က လိမ်ပြောနေခြင်း မဟုတ်ကြောင်းဝမ်လင်း ကောင်းစွာပြောနိုင်၏။
ဆန့်ကျင်ဘက်အားဖြင့် အင်မော်တယ်ကျန်းရွမ်သည် လူသားဖြစ်သောကြောင့် လူသားများ နေထိုင်သောမြို့တစ်မြို့ကိုဖျက်ဆီးရန် ပေါင်းကူးတံတား အဖြစ် ကမ္ဘာခြားဂိတ်တံခါးကိုဖန်တီးမည် မဟုတ်ပေ။
မထွက်ခွာမီတွင် ထွင်ထျန်းဟာသည် မိုးခေါင်ခြင်းကြယ်၏ ပျက်စီးမှုအဆင့်ကို စစ်တမ်းကောက်ယူ၍ သက်ပြင်းချလိုက်သည်။
ယခုတိုက်ပွဲသည် မိုးခေါင်ခြင်းကြယ်၏ ခြောက်ပုံတစ်ပုံကို ပျက်စီးသွားစေခဲ့သည်။
၎င်းက ခြောက်ပုံတစ်ပုံသာ ဖြစ်သော်လည်း အလွန်ကျယ်ပြန့်သောဧရိယာ ဖြစ်နေဆဲပင်။
"လူငယ်လေး အစွမ်းကုန်ကြိုးစားလိုက်ပါ"
ထွင်ထျန်းဟာက မထွက်ခွာမီတွင် အင်မော်တယ်ကျန်းရွမ်အား ဂျူနီယာတစ်ဦး ကဲ့သို့ ပြောဆိုလိုပ်သည်။
စင်စစ် ထွင်ထျန်းဟာနှင့်ဝမ်လင်းတို့နှစ်ဦးလုံးသည်အင်မော်တယ်ကျန်းရွမ်ကို လေးစားခဲ့ကြသည်။
ယနေ့ခေတ်တွင် လူသားများအကျိုးအတွက် သိုသိုသိပ်သိပ်အလုပ်လုပ်နေသူမှာ နည်းပါးလွန်းလှသည်။
အရံဂြိုဟ်တစ်လုံးသို့ ပြောင်းရွှေ့ခြင်းက အလွန်ပြင်းထန်သည့်အယူအဆ ဖြစ်သော်လည်း အင်မော်တယ်ကျန်းရွမ်သည် လူသားမျိုးနွယ် ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်မှု အတွက် ကြိုးစားနေခဲ့သည်။
"စီနီယာကြီး.. ခဏနေပါဦး"
အင်မော်တယ်ကျန်းရွမ်က အော်ဟစ်လိုက်သည်။
စီနီယာခွေး.. ငါတို့ထပ်တွေ့ကြဦးမှာလား"
ထွင်ထျန်းဟာက ခေါင်းလှည့်၍ ပြန်ဖြေလိုက်သည်။
"ကံမကုန်ရင် တွေ့ကြမှာပေါ့ကွာ"
ထိုအချိန်တွင် ဝမ်လင်းက သူ့ခြေထောက်ကို ဆောင့်နင်းမိနေပြီ ဖြစ်သည်။
သုံးချက်ဆောင့်နင်းမိလျှင် သခင်မာက သူတို့ကို ပြန်ခေါ်သွားလိမ့်မည် ဖြစ်၏။
"စီနီယာခွေး.. ဒါက မင်းအတွက်လက်ဆောင်"
ယင်းအချိန်မှာပင် အင်မော်တယ်ကျန်းရွမ်က ကျောက်စိမ်းဆွဲသီးတစ်ခုကို ထွင်ထျန်းဟာကို ပစ်ပေးလိုက်ရာ ထွင်ထျန်းဟာက သူ၏ခွေးခြေသည်းများဖြင့် ဖမ်းဆုပ်လိုက်သည်။
ဝမ်လင်းက ထိုကျောက်စိမ်းဆွဲသီးကိုမြင်လျှင် မျက်လုံးများတောက်ပလာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် အင်မော်တယ်ကျန်းရွမ်၏ အင်မော်တယ်တံဆိပ်မှလွဲ၍ အခြား မဖြစ်နိုင်သောကြောင့်ပင်။