← Chapters

ငွေရောင်လေးအစားအသောက်မှာယူခြင်း

Vol. 36 Ch. 532

ငွေရောင်လေးအစားအသောက်မှာယူခြင်း

Vol. 36 Ch. 532

ငွေရောင်လေးက ထွင်ထျန်းဟာ၏ စကားကို မယုံနိုင်ခဲ့ပေ။

ဤခွေး2က သူ့ကို လိမ်ညာနေသည်ဟု သူထင်ခဲ့သည်။

ဆရာလေးလင်း၏ အဆင့်အရ ငွေရှာရသည်မှာ အလွန်လွယ်ကူလိမ့်မည် မဟုတ်ပါလား။

ဆရာလေးလင်းက မည်ကဲ့သို့ ဆင်းရဲနိုင်ပါမည်နည်း။

ငွေရောင်လေးက ခေတ်သစ် ကျင့်ကြံသူတစ်ဦး၏ ဝင်ငွေသည် ၎င်းတို့၏ ကျင့်ကြံခြင်းနယ်ပယ်အဆင့် အပေါ် အခြေခံမှန်း ကောင်းစွာ သိထားခဲ့သည်။

ကျင့်ကြံခြင်းအဆင့် မြင့်မားလေ ဝင်ငွေက ပိုမို မြင့်မားလေဟု ထင်ခဲ့ခြင်း ဖြစ်သည်။

ဥပမာအားဖြင့် ဗုံးပစ်စီနီယာအင်မော်တယ်သည် ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့်သို့ မရောက်ရှိသေးသော်လည်း ငွေသန်းပေါင်းများစွာကို တစ်လအတွင်း ဖြုန်းတီးခဲ့လျှင်ပင် မျက်တောင်တစ်ချက် မခတ်ခဲ့ပေ။

ဆရာလေးလင်း၏ ဝင်ငွေက မည်ကဲ့သို့ နိမ့်ကျနိုင်ပါမည်နည်း။

ငွေရောင်လေး၏ သံသယဖြစ်နေသော အမူအရာကို မြင်လျှင် ထွင်ထျန်းဟာ၏ မျက်လုံးထောင့်က လှုပ်ရမ်းသွားသည်။

ငွေရောင်လေး မယုံမှန်း သူကောင်းစွာသိသည်။

တကယ်တမ်းတွင် ဆရာလေးလင်းသည် အလွန်ချွေတာတတ်သူ ဖြစ်သည်။

သူက အသုံးစရိတ်ကို တစ်ပြားတစ်ချပ် အထိ အသေအချာတွက်ချက်၍ သုံးစွဲသည်။

ဤအရာအားလုံးမှာ သူငယ်စဥ်ကတည်းက ဖေဖေဝမ်နှင့်မေမေဝမ်တို့ သူ့အပေါ်ပြုစုပျိုးထောင်ပေးခဲ့သော အသုံးစရိတ်အပေါ် တန်ဖိုးထားမှုများနှင့် အမြင်များဖြစ်သည်။

ယောကျာ်းလေးများကို ပိုက်ဆံချွေတာနိုင်စေရန် ငယ်စဥ်ကပင် ပြုစုပျိုးထောင်ပေးသင့်သည်။

ဖေဖေဝမ်၏ စာရေးဆရာဝင်ငွေမှာ အလွန်ပင် များပြားသော်လည်း ငွေရှာရ မလွယ်ကူကြောင်း ဝမ်လင်း နားလည်စေရန် လစဥ် မုန့်ဖိုးအနည်းငယ်ကိုသာ ဝမ်လင်းအား ပေးခဲ့သည်။

ဆိုရလျှင် ငွေဆိုသည်မှာ ကိုယ်တိုင် မရှာဖွေရသေးသည် အထိ နားမလည်နိုင်သောအရာ ဖြစ်သည်။

အထူးသဖြင့် ဝမ်လင်း နှင့် သက်တူရွယ်တူများတွင် ဤအချက်သည် မှန်ကန်၏။

အများစုက စွန်းရုံ၏ မိသားစုလို ငွေကြေး မတောင့်တင်းကြပေ။

သို့သော်လည်း ဤခေတ်တွင် အနည်းဆုံးတော့ အစားအသောက် သို့မဟုတ် အဝတ်အထည်အတွက် စိတ်မပူရပေ။

ထို့ကြောင့် ကလေးအများစု အတွက် စိုးရိမ်စရာမလိုဟု ထင်ရသော်လည်း အချိန်သည် လျင်မြန်စွာ ရွေ့လျားသွားမည်သာ ဖြစ်သည်။

မိဘများအနေဖြင့် ဖေဖေဝမ်နှင့် မေမေဝမ်တို့သည် ဝမ်လင်း၏ ကမ္ဘာဦးချီကို ထိန်းချုပ်ရန် မကူညီနိုင်ကြပေ။

သို့သော်လည်း အနည်းဆုံးတော့ သူကြီးပျင်းလာသည်နှင့်အမျှ လူ့တန်ဖိုးများကို နားလည်နိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။

လူတစ်ဦးသည် အကြွင်းမဲ့ အာဏာရရှိပြီးနောက်တွင် လမ်းမှားကို လျှောက်ရန် အလွန်လွယ်ကူသည်။

ဖေဖေဝမ်က စာအုပ်အများအပြား ရေးသားဖူး၍ ထိုသို့သော ဇာတ်လမ်းများစွာကို မြင်တွေ့ခဲ့ရဖူးသည်။

ယခင်က စာရေးဆရာဖြစ်ခဲ့ဖူးသော မေမေဝမ်သည်လည်း ဇာတ်လမ်းများမှ ဖြစ်ရပ်များကို တွေးတောဆင်ခြင်မိခဲ့သည်။

ဝမ်လင်းသာ မိစ္ဆာဖြစ်သွားလျှင် ဤကမ္ဘာကြီး ဘာဖြစ်သွားမလဲ ဆိုသည်ကို သူတို့ဇနီးမောင်နှံ ယခင်က တွေးခဲ့ဖူးသည်။

ဝမ်လင်းက လေထဲတွင်လွင့်မြောနေပြီး လူသားကျင့်ကြံသူအများအပြားကို အော်ငေါက်နေသည့် အိပ်မက်မျိုးအား မေမေဝမ် အကြိမ်များစွာ မက်ခဲ့ဖူးသည်။

မေမေဝမ်က ထွင်ထျန်းဟာနှင့် ဈေးသို့ လမ်းလျှောက်ထွက်ရင်း ထိုအိပ်မက်ကိုထွ င်ထျန်းဟာအား ပြောပြခဲ့ဖူးသည်။

ထိုအကြောင်းကို တွေးလိုက်မိလျှင် ထွင်ထျန်းဟာ၏ တစ်ကိုယ်လုံးရှိ အစိမ်းရောင်အမွှေးများက ကူကယ်ရာမဲ့စွာ ထောင်သွားခဲ့သည်။

သို့သော် သူ့အနေဖြင့် ငွေရောင်လေး၏ ရှေ့တွင် ဆရာလေးလင်း၏ ချို့ယွင်းချက်ကို ဖော်ထုတ်စရာ အကြောင်းမရှိပေ။

ဝိညာဥ်သားရဲ ပဋိညာဥ် စာချုပ်တွင် အလွန်အရေးကြီးသော အခြေအနေတစ်ရပ် ရှိသည်။

၎င်းတို့က မည်သည့် အခြေအနေမျိုးမှာမဆို ၎င်းတို့၏ပိုင်ရှင်ကို သစ္စာဖောက်ခွင့်မရှိချေ။

ငွေရောင်လေးက သူ့စကားကို ယခုအချိန်တွင် မယုံကြည်သေးသော်လည်း ယင်းက အချိန်တစ်ခုသာ ဖြစ်သည်။

ထွင်ထျန်းဟာက စိတ်ထဲမှ သက်ပြင်းတစ်ချက်ချရင်း ဆရာလေးလင်း ပေးလိုက်သည့် ဝိညာဥ်သားရဲ ပဋိညာဥ် စာချုပ်ကို ပါးစပ်ထဲမှ ထုတ်လိုက်သည်။

"ဝိုး.. ဆရာလေးလင်းက ငါနဲ့ စာချုပ်ချုပ်တော့မှာလား"

ငွေရောင်လေးက စာချုပ်ကို မြင်လိုက်သည့်အခိုက်တွင် စိတ်လှုပ်ရှားစွာဖြင့် ထခုန်လိုက်သည်။

ထို့နောက်တွင် သူက ထွင်ထျန်းဟာကို ကြမ်းပြင်ပေါ်မှ ကောက်ချီလိုက်ပြီး ထွင်ထျန်းဟာ၏ ခေါင်းကို ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်သည်။

"ခွေးပါဖိ.. မင်းဒီလောက် အားကိုးရမယ်လို့ ငါတကယ် မထင်မိဘူး"

".........."

ထွင်ထျန်းဟာက မျက်စောင်းထိုးကာ ပြောလိုက်သည်။

"သောက်ရမ်းမပွတ်နဲ့ဟ.. မကြာသေးခင်ကမှ ငါ့အမွှေးတွေ တော်တော်လေး ကျွတ်နေခဲ့တယ်.. မင်းဆက်ပွတ်နေရင် ငါ့အမွှေးတွေ ပြောင်သွားလိမ့်မယ်"

"မင်းက အမွှေးပြောင်သွားတယ်ဆိုရင် ငါတို့တွေ ကျွန်းသခင်ဆီကနေ တိုက်ရိုက်ထုတ်လွှင့်မှုကို သင်ယူပြီး ချာနယ်ထောင်ကြတာပေါ့"

ထွင်ထျန်းဟာ "........."

ငွေရောင်လေးက သူ၏ပွတ်သပ်မှုကို ဖြေလျှော့ပေးလိုက်ပြီး ထွင်ထျန်းဟာကို အောက်သို့ ပြန်ချပေးလိုက်သည်။

"ဒါနဲ့ စာချုပ်ကို ဘယ်လိုလက်မှတ်ထိုးရမှာလဲ"

ဤတစ်ခေါက်က ငွေရောင်လေး၏ ပထမဆုံးစာချုပ် ချုပ်ဆိုခြင်း ဖြစ်သည်ကို ထွင်ထျန်းဟာ ချက်ချင်း သိလိုက်ရသောကြောင့် အံ့ဩသွားသည်။

ထွင်ထျန်းဟာလည်း ဤကဲ့သို့ ဖြစ်ခဲ့ဖူးသည်။

သူက နတ်ဆိုးဘုရင် ဖြစ်ခဲ့ဖူးသော်လည်း အဆုံးသတ်တွင် လူသားနှင့် ပဋိညာဥ်စာချုပ်ကို ချုပ်ဆိုခဲ့ရသည် မဟုတ်လော။

ထုံးစံအတိုင်း ငွေရောင်လေးမှာလည်း အလားတူပင်။

၎င်းက ယနေ့ကမ္ဘာ၏ တစ်ပါးတည်းကျန်ရှိသော သူတော်စင်သားရဲ ဖြစ်ဖွယ်ရှိပြီး သူ့ထက်ပင် ပို၍ ဂုဏ်သိက္ခာရှိသော တည်ရှိမှု ဖြစ်သည်။

"စာချုပ်မိတ္တူက နှစ်စောင်ရှိတယ်.. သွေးလက်ဗွေရာ နှိပ်လိုက်ရုံပါပဲ"

"အိုး အဲဒီလောက်တောင် လွယ်တာလား"

ငွေရောင်လေးက ချက်ချင်းပင် လက်မကို ပါးစပ်ဖြင့် ကိုက်၍ သွေးဖောက်ကာ စာချုပ်တွင် လက်ဗွေနှိပ်လိုက်သည်။

ထိုခဏတွင် စာချုပ်က ချက်ချင်း အသက်ဝင်လာခဲ့သည်။

မိတ္တူနှစ်စောင်လုံးက ရွှေမှုန်များအဖြစ် ပြောင်းလဲသွားပြီး ငွေရောင်လေး အရှေ့မှာပင် ပြန့်ကျဲသွားသည်။

ထို့နောက်တွင် စာချုပ်ပါ အကြောင်းအရာများက သူ့ခေါင်းထဲတွင် ပေါ်လာသည်။

စာချုပ်ထဲရှိ စာလုံးများက သူ့စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ပေါ်လာသည်။

ယင်းက သူ့စိတ်ဝိညာဉ်ပေါ်ရှိ စည်းတံဆိပ်တစ်ခုလိုပင်။

ငွေရောင်လေးက အလွန်လျင်မြန်စွာပင် စာချုပ်၌ လက်မှတ်ရေးထိုးခဲ့သည်။

"မင်းက လက်ဗွေကို ချက်ချင်းနှိပ်လိုက်တာလား.. သဘောတူညီချက်ပါ အကြောင်းအရာတွေကိုတောင် မကြည့်တော့ဘူးလား"

ငွေရောင်လေးက သူ့လက်ကို ဝှေ့ရမ်းလိုက်သည်။

"ဒီပေါင်က ဒီလောက်ကြီးတဲ့ဟာကို ငါကဘာလို့ စာချုပ်ကို ကြည့်နေရဦးမှာလဲ"

ထွင်ထျန်းဟာ "ပေါင်ကြီးတယ် ဟုတ်လား"

"ဟီးး...ပေါင်ကကြီးလေ ပွေ့ဖက်ဖို့ကောင်းလေပဲလေ"

ငွေရောင်လေး၏ စကားကြောင့် ထွင်ထျန်းဟာက နှုတ်ဆိတ်သွားသည်။

".........."

ဤစကားကို သူမငြင်းပေ။

စာချုပ်တွင် လက်မှတ်ရေးထိုးပြီးနောက် ငွေရောင်လေးက မျက်လုံးများကို မှိတ်ထားခဲ့သည်။

မမြင်နိုင်သောကြိုးဖြင့် ချည်နှောင်ထားသကဲ့သို့ သူ့စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာတွင် အသွင်သဏ္ဍာန်တစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

အနှစ်ရှစ်ထာင် အသက်ရှင်လာခဲ့သော ငွေရောင်လေးသည် သူတော်စင်သားရဲများ ဆိတ်သုန်းလာပြီးနောက်တွင် ကြောက်ရွံ့မှုများ ရှိခဲ့သည်။

သို့သော် ဤစာချုပ်က သူ့အား ပြည့်စုံမှုနှင့် လုံခြုံမှုကို ပေးစွမ်းနေသည်။

"စာချုပ်က အရမ်းဆန်းကြယ်နေသလိုပဲ.. ဆရာလေးလင်း ငါနဲ့အတူ ရှိမနေတာတောင် သူငါ့ဘေးမှာ အိပ်နေသလို ခံစားရတယ်"

ထွင်ထျန်းဟာ ".........."

ဤကဲ့သို့ ဖော်ပြချက်ကို ထွင်ထျန်းဟာက ပထမဆုံးအကြိမ်ကြားလိုက်ရခြင်း ဖြစ်သည်။

ရုတ်တရက်ကြည့်လျှင်ဤစကားက ရိုင်းစိုင်းသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် အဓိပ္ပါယ်ရှိသည်။

ထွင်ထျန်းဟာ "အခုကစပြီး မင်းမကိုင်တွယ်နိုင်တဲ့ အန္တရာယ်မျိုးရှိနေတဲ့ အခြေအနေဆိုရင် ဆရာလေးလင်းကို ခေါ်ဖို့ စာချုပ်စွမ်းအားကို တိုက်ရိုက်သုံးလို့ရတယ်.. နားလည်လား"

"အင်းပါ.. စာချုပ်ဖွင့်ပြီးတာနဲ့ ဒီကိစ္စတွေ အားလုံးကို ငါသိပြီးပါပြီ"

ငွေရောင်လေးက ရယ်မော၍ ပြောလိုက်သည်။

"ဟားဟား.. အခုချိန်ကစပြီး ငါ့မှာ ဘာမှကြောက်စရာမရှိတော့ဘူး"

ထွင်ထျန်းဟာ "မင်းဆင်ဆင်ခြင်ခြင်နေတာ ပိုကောင်းမယ်လို့ ငါထင်တယ်"

ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့ မြေအောက်ထပ်တွင်စကားကောင်းနေသည့် အချိန်၌ ဗုံးပစ်စီနီယာအင်မော်တယ်၏ အသံက ပထမထပ်မှ လွင့်ပျံလာသည်။

"ညီနောင်ခွေး.. နေ့လည်စာမစားသေးဘူးလား"

"စားမယ်လေ"

ထွင်ထျန်းဟာက ပြန်ဖြေလိုက်သည်။

သူက စားမည်ဟုသာ ပြောလိုက်သော်လည်း ဗုံးပစ်စီနီယာအင်မော်တယ် ဧည့်ခံမည့်အစားအစာကို သူမသိပေ။

သူ့အထင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ အကြိုက်ဆုံးအစားအစာ ဖြစ်သည့် ဘရိုကိုလီသာ ဖြစ်ရပေမည်။

သူထင်ထားသည့်အတိုင်းပင် ဗုံးပစ်စီနီယာ အင်မော်တယ်က ပြောလိုက်သည်။

"ငါက ဘရိုကိုလီနဲ့ ပတ်သက်တဲ့ဟင်းတွေပဲ ချက်ထားတယ်.. ညီနောင်ခွေး မကြိုက်ဘူးဆိုရင် ညီနောင်ငွေရောင်လေး မှာထားတဲ့ အစားအစာတွေ မျှပြီးစားလိုက်ပေါ့.. ငါတို့အိမ်မှာ ခွေးစာတော့ မရှိဘူး.. မင်းအပြစ်မမြင်ဖို့ ငါမျှော်လင့်ပါတယ်"

"အားမနာပါနဲ့ စီနီယာအင်မော်တယ်.. မင်းက ယဥ်ကျေးလွန်းနေပါပြီ"

ထွင်ထျန်းဟာက ပြောလိုက်သည်။

ထို့နောက်သူက ငွေရောင်လေးကို မေးခွန်းထုတ်လိုက်သည်။

"မင်းပုံမှန် ဘာတွေစားလေ့ရှိလဲ"

ငွေရောင်လေးက ပေါ့ပါးစွား ပြန်ဖြေလိုက်သည်။

"အနီးနားမှာရှိတဲ့ ဆိုင်တွေကနေ အော်ဒါပတ်မှာတယ်လေ.. ဆိုင်တော်တော်များများတော့ ငါစားပြီးပြီ.. ဒီနားက အစားအသောက်တွေက တော်တော်ကို အရသာရှိတယ်"

နာရီဝက်ခန့်အကြာတွင် ထရပ်ကားတစ်စီးသည် ဝမ်ရှန်းဥယျာဉ်အိမ်ရာသို့ မောင်းဝင်လာခဲ့သည်။

"လခွမ်း.. မင်းအော်ဒါမှာတာ ဒီကားကြီးတစ်ခုလုံးလား"

All Chapters