အရိုးဘုရင်ရဲ့ဇစ်မြစ်
Vol. 36 Ch. 534
ငွေရောင်လေးက အခုလေးတင် စားပြီးသော်လည်း အစားအသောက်ကိုသာ တွေးတောနေခဲ့သည်။
ကိုယ်အလေးချိန် လျှော့ချခြင်းသည် သူ့အတွက် အကြီးမားဆုံးနာကျင်မှု ဖြစ်၏။
သူ့အနေဖြင့် အနီးနားရှိ ဆိုင်များမှ ကုန်ပစ္စည်းများကို စားသုံးရန် ငြီးငွေ့လာသဖြင့် အသစ်များကိုရှာဖွေရန် ကြိုးစားရပေမည်။
အစားအသောက်ကို ရှာဖွေရန် ထွင်ထျန်းဟာက ပြီးပြည့်စုံသော အရိုးသဏ္ဍာန်တစ်ခု ထုတ်ယူလိုက်သည်ကို မြင်လျှင် မသိစိတ်ကနေ သူ့နှုတ်ခမ်းများကို သပ်လိုက်မိသည်။
အကြောင်းတစ်ခုခုကြောင့် ဤအရိုးကိုစားလျှင် အရသာရှိမည်ဟု သူခံစားမိနေသည်။
"နှမျောစရာပဲ"
ထွင်ထျန်းဟာ ကိုင်ထားသည့် အရိုးကိုကြည့်ရင်း ငွေရောင်လေးက ခေါင်းခါရမ်းလိုက်သည်။
ထွင်ထျန်းဟာ "ဘာလို့နှမျာစရာလို့ပြောတာလဲ"
ငွေရောင်လေး "ဘာလို့လဲဆိုတော့ အရိုးတွေက မာကြောပြီး အဆစ်တွေက ပုံပျက်သွားတဲ့အခါမှာ ရိုးတွင်းချဥ်ဆီ တချို့ ဆုံးရှုံးသွားလို့လေ.. ချဥ်ဆီကို စုပ်စားရတဲ့အရသာက အရမ်းကောင်းတယ် ဆိုတာ မင်းသိမှာပါ"
အရိုးတွင် ချဥ်ဆီ ရှိမနေတော့၍ ငွေရောင်လေး၏ စိတ်ဝင်စားမှု ချက်ချင်းပင် ပျောက်ဆုံးသွားသည်။
ထွင်ထျန်းဟာက အရိုးဘုရင်ကို ငွေရောင်လေးထံ တွန်းပို့လိုက်သည်။
"သေချာနမ်းကြည့်စမ်းပါ"
"ဒီအရိုးစုတ်မှာ ဘာရှိမှာမို့လို့လဲ"
ထိုသို့ ပြောလိုက်သော်လည်း သူက ထွင်ထျန်းဟာ၏ လမ်းညွှန်ချက်ကို နာခံခဲ့သည်။
သို့သော် အရိုးကို သူ့နှာခေါင်းနား မကပ်စဥ်မှာပင် မျက်မှောင်ကြုတ်သွားပြီး ရုတ်တရက် အမူအရာ လေးနက်လာသည်။
"သူတော်စင်သားရဲသွေးနံ့ပါလား.. ဒီအရိုးကို မင်းဘယ်က ရလာတာလဲ"
ငွေရောင်လေး၏ တုန့်ပြန်မှုကိုကြည့်ပြီး ထွင်ထျန်းဟာက စိတ်ချသွားသည်။
အနည်းဆုံးတော့ ယင်းက သူမမှားကြောင်း သက်သေပြနေသည်။
ဤသည်မှာ သူတော်စင်သားရဲ၏အရိုး ဖြစ်သည်။
ငွေရောင်လေး ကိုယ်တိုင်က သူတော်စင်သားရဲ ဖြစ်သောကြောင့် ထွင်ထျန်းဟာထက် သူတော်စင်သားရဲသွေးအပေါ်တွင် ပို၍ ထိလွယ်ရှလွယ်ရှိသည်။
သာမန်အားဖြင့် ဤအရိုးက သူတော်စင်သားရဲနှင့် ပတ်သက်နေသည်ဟု မည်သူမျှ သိနိုင်မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဤအရိုးကို ဒုဥက္ကဌက သန့်စင်ပြီးပြီ ဖြစ်သောကြောင့်ပင်။
ထို့ပြင် ဤအရိုး၌ ဒုဥက္ကဌ မွေးထားသည့် ဝံပုလွေ၏ တံတွေးနံ့များက ဖုံးလွှမ်းနေသည်။
"ဒီအရိုးကို သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးလိုက်တာပါ.. သူ့မျိုးရိုးနာမည်က ဝေ့လို့ခေါ်တယ်.. အိမ်မွေးတိရိစ္ဆာန်လေ့ကျင့်ပေးသူ တစ်ယောက်ပါပဲ"
ထွင်ထျန်းဟာက ရိုးသားစွာ အဖြေပေးလိုက်သည်။
"အဲဒီကောင်ကိုး"
ထိုလူနှင့် ပတ်သက်၍ ဗုံးပစ်စီနီယာအင်မော်တယ် ပြောခဲ့ဖူးသည်ကို ငွေရောင်လေး သတိရမိသည်။
ထို့ပြင် ဤဝေ့မျိုးရိုး အမည်ရှိသူသည် ယမန်နေ့က ထွင်ထျန်းဟာနှင့် ပူးပေါင်း၍ ဂိမ်းဆော့လိုက်သေးသည်။
"သူက ဒီအရိုးကို ဘယ်ကနေရလာတာလဲ"
ထွင်ထျန်းဟာ "တကယ်တော့ ဒီအရိုးက သူ့ဟာမဟုတ်ဘူး.. အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေးအဖွဲ့အစည်းရဲ့ ဒုတိယဥက္ကဌက သူနဲ့အလောင်းအစားလုပ်ပြီး ရှုံးသွားတဲ့အခါမှာ သူ့ကိုလောင်းကြေးအဖြစ် ပေးလိုက်ရတာပဲ.. ဒီအရိုးကို အရိုးဘုရင်လို့ နာမည်မှည့်ထားတယ်.. အဲဒီအရိုးဘုရင်ကို ဒုဥက္ကဌက သူ့ရဲ့ခရီးစဉ် တစ်ခုမှာ ကောက်ရခဲ့တာပဲ"
"ဪ.. အဲသလိုလား"
"ဒီအရိုးရဲ့ဇစ်မြစ်ကို မင်းပြောပြနိုင်မလား"
ထွင်ထျန်းဟာက ငွေရောင်လေးကို စိုက်ကြည့်၍ မေးလိုက်သည်။
ထိုခဏတွင် ငွေရောင်လေးသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး အရိုးကို တစ်ချက် ခေါက်လိုက်သည်။
"အသံက သာမန်အရိုးကို ခေါက်တဲ့အသံနဲ့မတူဘူး.. နည်းနည်းမြူးကြွနေတဲ့ အသံမျိုးပဲ"
ငွေရောင်လေးက မေးစေ့ကိုပွတ်သပ်ရင်း အရိုးကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဒီအရိုးက တောက်ပြောင်မှုရှိပြီး အတော်လေးလည်း မာကြောတယ်.. ငါ့အထင်တော့ သူတော်စင်သားရဲ မျိုးနွယ်စုထဲက ကုန်းသတ္တဝါ ဖြစ်နိုင်တယ်.. သေချာတာတစ်ခုက ရေမှာကျင်လည်တဲ့ သားရဲ မဟုတ်လောက်ဘူး.. ရေထဲမှာ တစ်ချိန်လုံးရှိနေရင် အရိုးက ဒီလို အသံထွက်မှာမဟုတ်ဘူး.. ဒီသူတော်စင်သားရဲက နေပူထဲမှာ ဆော့ရတဲ့အလေ့အထကို သဘောကျတယ် ထင်တယ်.. ဒီယူဆချက်တွေကို အခြေခံလိုက်ရင် အတော်များများကို ငါတို့တွေ ဖယ်ထုတ်လိုက်လို့ရပြီ"
ငွေရောင်လေးက ဤမျှ ဉာဏ်ကောင်းလိမ့်မည်ဟု ထွင်ထျန်းဟာ မထင်ထားခဲ့ပေ။
"ကုန်းပေါ်မှာနေထိုင်ပြီး နေပူထဲတွင် ဆော့ကစားရတာကို ကြိုက်နှစ်သက်တဲ့ သူတော်စင်သားရဲ"
ငွေရောင်လေးက သားရဲအမျိုးအစားကို စဥ်းစားနေချိန်တွင် ထွင်ထျန်းဟာကလည်း ဤကိစ္စကို စဥ်းစားနေသည်။
ထွင်ထျန်းဟာက ငွေရောင်လေး၏ အတွေးရေယာဥ်ကြောကို ဖျက်ဆီးမိမည်စိုး၍ စကားကို အကျယ်ကြီးမပြောခဲ့ပေ။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ငွေရောင်လေး၏ နဖူးကတွန့်သွားပြီး မျက်လုံးမှ ရွှေရောင်အလင်းတန်းများ လင်းလက်လာသည်။
ဤအရာက သူတော်စင်သားရဲများ၏ သူတော်စင်မျက်လုံးဖြစ်သည်။
၎င်းက သာမန်ကျင့်ကြံသူများ၏ ကောင်းကင်မျက်လုံးနှင့် အင်မော်တယ်ကျန်းရွမ်၏ အင်မော်တယ်မျက်လုံးနှင့် ကွဲပြားသည်။
သာမန်ကျင့်ကြံသူ၏ ကောင်းကင်မျက်လုံးသည် မှားယွင်းသောအရာများကို ဖယ်ရှားနိုင်ပြီး အမှန်တရားကို ထိန်းသိမ်းနိုင်သည့်အပြင် လှည့်စားမှု အမျိုးမျိုးကိုလည်း မြင်နိုင်သည်။
ကျင့်ကြံခြင်း အဆင့် တိုးတက်လာသည်နှင့် အမျှ ကောင်းကင်မျက်လုံးသည် ပိုမိုအားကောင်းလာမည် ဖြစ်သည်။
ကောင်းကင်မျက်လုံး၏ အထက်တွင် အင်မော်တယ်မျက်လုံးရှိသည်။
ယနေ့ခေတ် ကျင့်ကြံသူများအနေဖြင့် အင်မော်တယ်မျက်လုံးအဆင့်သို့ ရောက်ရန်မှာ မဖြစ်နိုင်လောက်ပေ။
အင်မော်တယ်မျက်လုံးက ကောင်းကင်မျက်လုံးထက် အဆပေါင်းများစွာ သာလွန်ပြီး ပုံရိပ်ယောင်ဖန်တီးခြင်း သို့မဟုတ် ဥက္ကာခဲများကို ခြယ်လှယ်ခြင်းဖြင့် အခြေအနေများကို ထိန်းချုပ်နိုင်သည်။
ကျင့်ကြံခြင်း လောကတွင် မိစ္ဆာဓားနတ်ဘုရား၏ ခရမ်းရောင်ထောက်လှမ်းရေး မျက်လုံးကဲ့သို့ပင် အခြား ထူးခြားသော မျက်လုံးများစွာ ရှိပါသေးသည်။
သို့သော် အသုံးဝင်မှုနှင့် အကျိုး သက်ရောက်မှုများက ကွဲပြားကြသည်။
ဥပမာအားဖြင့် ခရမ်းရောင် ထောက်လှမ်းရေး နတ်ဆိုးမျက်လုံးသည် ကမ္ဘာ၏ အစွန်ဆုံးကို မြင်နိုင်သည်။
၎င်းက ဟင်းလင်းပြင်ကို ခွဲထုတ်နိုင်ပြီး မိုင်ထောင်ပေါင်းများစွာမှလူကို တိုက်ခိုက်နိုင်သည်။
သို့ရာတွင် ဤကဲ့သို့ ထူးခြားသောမျက်လုံး ရှိသူများသည် သားကောင် အဖြစ်သို့ ကျရောက်သွားကြလေ့ ရှိသည်။
ဤလူများသည် အနန္တတန်ခိုးရှင်များ၏ ပစ်မှတ်များ ဖြစ်လာပြီး ၎င်းတို့၏ မျက်လုံးများက အတင်းအကျပ် ထုတ်ယူခံရသည်။
သမိုင်းတွင် ထိုကဲ့သို့ဖြစ်ရပ်မျိုး အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးသည်။
ငွေရောင်လေး၏ သူတော်စဥ်မျက်လုံးသည် အထက်ဖော်ပြပါထူးခြားသော မျက်လုံးသုံးမျိုးနှင့် လုံးဝမတူပေ။
ကျင့်ကြံသူများအနေဖြင့် သူတော်စင်မျက်လုံးကို အမွေဆက်ခံနိုင်ခြင်း မရှိချေ။
သူတော်စင်မျက်လုံးကို စစ်ပွဲမျက်လုံးဟုလည်း မှည့်ခေါ်ကြသည်။
၎င်း၏ အကြီးမားဆုံး အသုံးပြုမှုမှာ အားနည်းချက် အမျိုးမျိုးကို ရှာဖွေနိုင်စွမ်း ဖြစ်သည်။
တကယ်တမ်းတွင် ဝမ်လင်း၏ မျက်လုံးများမှာ ထိုမျက်လုံးများထက် အဆပေါင်းများစွာ ထူးခြားသည်။
သူ့မျက်လုံးများကို ကောင်းကင်မျက်လုံးဟုသာ ခေါ်လေ့ရှိသော်လည်း တကယ်တမ်းတွင် အင်မော်တယ်မျက်လုံးထက်ပင် ပို၍ ကြောက်စရာကောင်းသည်။
သူ၏ ကောင်းကင်မျက်လုံးကို ဖွင့်လိုက်သည့်အခါတိုင်းတွင် သူ၏ မျက်ဆံသည် ရွှေရောင်ပွင့်ချပ် သုံးလွှာ အဖြစ်သို့ ပြောင်းလဲသွားတတ်သည်။
ထွင်ထျန်းဟာက ဤမြင်ကွင်းမျိုးကို အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့ပြီ ဖြစ်သည်။
စင်စစ် ဤအရာက ကောင်းကင်မျက်လုံး မဟုတ်ဘဲ ဘုရင်မျက်လုံး ဖြစ်သည်။
ဘုရင်မျက်လုံးတွင် အထက်မှာ ပြောခဲ့သည့် အရည်အချင်းအားလုံး အပြည့်အစုံရှိသည်။
ငွေရောင်လေးက ရွှေရောင်အလင်းတန်းကို အသုံးပြု၍ အရိုးဘုရင်ကို စစ်ဆေးခဲ့သည်။
"အခြေအနေဘယ်လိုလဲ"
ထွင်ထျန်းဟာက မေးလိုက်သည်။
ငွေရောင်လေးက ခေါင်းငြိမ့်၍ ပြန်ဖြေလိုက်သည်။
"ငါသူတော်စင်မျက်လုံးနဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါ ဒီအရိုးက အရမ်းကို သိပ်သည်းဆနည်းနေတယ်.. အဲဒါက ဝိညာဥ်သားရဲထက် သာတယ်ဆိုရုံလေးပဲ.. ကြည့်ရတာ အရိုးပိုင်ရှင်ရဲ့အရိုးအတွင်းမှာ သိပ်သည်းဆတွေ နည်းတဲ့ပုံပါပဲ"
ထွင်ထျန်းဟာ "ငါ့ကို လွယ်လွယ်နားလည်အောင် ရှင်းပြပေးလို့ရမလား"
ငွေရောင်လေး "လူသားတွေကတော့ အဲဒါကို အရိုးပွရောဂါလို့ခေါ်ကြတယ်.. "
ထွင်ထျန်းဟာ "ဒါဆို ဒီအရိုးက ဘယ်သူတော်စင်သားရဲရဲ့ အရိုးလဲဆိုတာ မင်းခန့်မှန်းနိုင်ပြီလား"
"လောလောဆယ်တော့ မခန့်မှန်းနိုင်သေးပါဘူး''
ငွေရောင်လေးက ခေါင်းခါရမ်းလိုက်သည်။
"ငါအခုပြောနိုင်တာက မင်းက အရမ်းတန်ဖိုးကြီးတဲ့ ကျောက်မျက်တစ်ထည်ကို ကောက်ယူခဲ့မိတာပဲ"
ထွင်ထျန်းဟာ ''???''
ငွေရောင်လေး "အရိုးပွရောဂါရှိတဲ့ သားရဲအရိုးက သေချာပေါက် သားရဲဘုရင်ရဲ့ အရိုးပဲ.. ဒါကြောင့် ဒီအရိုးပိုင်ရှင်က သူတော်စင်သားရဲမျိုးနွယ်စု တစ်ခုခုရဲ့ ဘုရင် ဖြစ်မှာ သေချာသလောက်ပါပဲ"
ထွင်ထျန်းဟာ "အိုး.. သူတော်စင်သားရဲဘုရင်လား"
"ဒီထက်ပိုတိကျဖို့တော့ ထပ်လေ့လာရဦးမယ်"
ထိုစကားကိုပြောပြီးနောက် ငွေရောင်လေးက အရိုးကိုသူ့လက်ခုပ်ထဲ ထည့်ကာ နှာခေါင်းဖြင့် တရှုံ့ရှုံ့ အနံ့ခံလိုက်သည်။
ထို့နောက် သူကအရိုးဘုရင်ကို ထွင်ထျန်းဟာထံ ပြန်ပေးလိုက်သည်။
"မင်းဒီအရိုးကို ပြန်ယူလိုက်လို့ရပြီ.. အဲဒါက ဘယ်သူ့ရဲ့အရိုးလဲဆိုတာ ငါသိသွားပြီ"
ထွင်ထျန်းဟာ မျက်နှာပေါ်တွင် နားမလည်နိုင်သောအရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
"???"
"ငါအနီးကပ် အနံ့ခံကြည့်လိုက်တော့ ဒီအရိုးပေါ်မှာရှိတဲ့သူတော်စင် သားရဲသွေးနံ့ကို သတိပြုမိခဲ့တယ်.. အဲဒီအနံ့က ပူစပ်စပ် ဟော့ပေါ့အနံ့ပဲ"
".........."
"ငါမှန်းဆတာ ဘာပြဿနာမှ မရှိဘူးဆိုရင်တော့ ဒီအရိုးက သူတော်စင်ခွေးရဲ့ အရိုးပဲ"
ထွင်ထျန်းဟာ ".........."