← Chapters

အရိုးဘုရင်ရဲ့အသုံးဝင်ပုံ

Vol. 36 Ch. 535

အရိုးဘုရင်ရဲ့အသုံးဝင်ပုံ

Vol. 36 Ch. 535

ငွေရောင်လေးက ထိုစကားကို ပြောလိုက်သောအခါတွင် အလွန်တရာ လေးနက်သော အမူအရာ ရှိနေသည်။

ထို့ကြောင့် ထွင်ထျန်းဟာက ငွေရောင်လေး စနောက်နေခြင်းမဟုတ်ကြောင်း နားလည်လိုက်သည်။

အထက်ဖော်ပြပါ အချက်အလက်များကို ပေါင်းစည်းလိုက်လျှင် ဤအရိုးဘုရင်သည် ခွေးသူတော်စင်၏အရိုး ဖြစ်မည်မှာ သေချာသလောက်ပင် ​ဖြစ်သည်။

ဒုဥက္ကဌ၏ ဝံပုလွေက ဤအရိုးကို အဘယ်ကြောင့် ကြိုက်နှစ်သက်ရသလဲ ဆိုသည်မှာ ရှင်းလင်းသွားပြီဖြစ်သည်။

၎င်းက အနောက်တိုင်း နတ်ဆိုးသားရဲ တစ်ကောင်ဖြစ်သော်လည်း အဆုံးသတ်တွင် ဝံပုလွေတစ်ကောင် ဖြစ်နေဆဲပင်။

သူတော်စင်ခွေး၏ အရိုးကို မကြိုက်လျှင်သာ ထူးဆန်းနေလိမ့်မည်။

ထို့ကြောင့် ထွင်ထျန်းဟာက ငွေရောင်လေး၏ စကားများကို လုံးဝသံသယမရှိပေ။

သူတော်စင်ခွေးကို မုဆိုးများ စားသောက်နေသော အခိုက်တွင် ငွေရောင်လေးသည် သူတော်စင်ခွေး မျိုးနွယ်စု၏ ကျမ်းစာပိဋိကတ်တိုက်တွင် ပုန်းအောင်းနေခဲ့သည်။

တစ်ဖက်တွင်လည်း သူတော်စင်ခွေးက ပူစပ်စပ်ဟော့ပေါ့အဖြစ်သို့ ပြောင်းလဲသွားသည်ကို မျက်မြင်တွေ့ခဲ့ရပြီး ခွေးချစ်သူများ အားလုံးကိုယ်စား ဤဖြစ်ရပ်ကို ရှုံ့ချခဲ့သည်။

သူတော်စင်သားရဲများ မျိုးသုန်း ပျောက်ကွယ်သွားပြီးနောက်တွင် သူတော်စင်သားရဲများနှင့် ပတ်သက်သောသတင်းများသည် အချိန်အတော်ကြာအောင် ရပ်တန့်သွားခဲ့သည်။

ဤနှစ်များတလျှောက်တွင် ကမ္ဘာအနှံ့ ခရီးသွားလာသူ အများအပြားသည် သူတော်စင်သားရဲဟု သံသယရှိသော အရိုးအပိုင်းအစများကို ကောက်ယူရရှိခဲ့ကြသည်။

သို့သော်လည်း ၎င်းတို့ကို ပြတိုက်များတွင် အပ်၍ သိမ်းဆည်းထားခဲ့သည်။

ဤကြီးမားသော အရိုးဘုရင်က ပြတိုက်များတွင် သိမ်းဆည်းခံရမည့် ကံကြမ္မာမှ လွတ်မြောက်လာခဲ့ခြင်းမှာ တိုက်ဆိုင်မှု အမျိုးမျိုးကြောင့် ဖြစ်နိုင်သည်ဟု ထွင်ထျန်းဟာ ထင်မြင်ခဲ့သည်။

အရိုးဘုရင်ပေါ်ရှိ ပူစပ်စပ်ဟော့ပေါ့အနံ့က သူတော်စင်သားရဲ သွေးအနံ့ကို ဖုံးအုပ်ထားသောကြောင့် ဒုဥက္ကဌ ငိုကြွေးခြင်းအင်မော်တယ်ပင် အရိုးကို ရှာတွေ့သောအခါ၌ သူတော်စင်သားရဲအရိုးမှန်း မသိခဲ့ပေ။

သူက ဟော့ပေါ့နံ့ ကင်းစင်ရန်အတွက် အရိုးတစ်ခုလုံးကိုပင် ဆေးကြောပစ်လိုက်သေးသည်။

ထို့နောက် ဒုဥက္ကဌ ငိုကြွေးခြင်းအင်မော်တယ်သည် အရိုးဘုရင်ကို အိမ်သို့ယူဆောင်လာပြီး ဝံပုလွေကို လက်ဆောင်အဖြစ် ပေးခဲ့သည်။

ဝံပုလွေ၏ တံတွေးရနံ့ဖြင့် ဖုံးလွှမ်းနေသော အရိုးဘုရင်သည် မထင်မှတ်ဘဲ ဝေ့ကျစ်ဆီသို့ ရောက်ရှိလာသည်။

ဝေ့ကျစ်သာ ထွင်ထျန်းဟာကို လက်ဆောင်မပေးခဲ့လျှင် ဤအရိုးက သူတော်စင်ခွေး၏ အရိုးမှန်း ကမ္ဘာက လုံးဝမေ့သွားပေလိမ့်မည်။

ခဏလောက်အကြာတွင် ထွင်ထျန်းဟာက အရိုးကိုစိုက်ကြည့်ရင်း အတွေးတချို့ ပေါ်လာသည်။

ငွေရောင်လေးနှင့် ထွင်ထျန်းဟာက သူတို့ရှေ့မှ အရိုးကိုစိုက်ကြည့်ကာ အချိန်အတော်ကြာအောင် တွေးတောနေခဲ့သည်။

လေထုက လေးလံလာသည်ဟု ထွင်ထျန်းဟာ ခံစားခဲ့ရသည်။

အခက်အခဲများစွာကို ကြုံတွေ့လာရပြီးနောက်တွင် ၎င်းတို့သည် သူတော်စင်သားရဲများ မျိုးသုန်းသတ်ဖြတ်မှု၌ အဓိက သံသယရှိသူမှာ ဥက္ကဌပိုင်မှန်း ရှာဖွေတွေ့ရှိခဲ့သည်။

သို့သော်လည်း ဥက္ကဌပိုင်က လိမ္မာပါးနပ်လွန်းသဖြင့် ယခုအချိန်ထိ ခြေရာခံနိုင်ခြင်း မရှိသေးပေ။

ငွေရောင်လေးက ယခုအချိန်တွင် သေချာပေါက် နာကျင်နေပြီဟု ထွင်ထျန်းဟာ ခံစားခဲ့ရသည်။

သူတော်စင်သားရဲ အမျိုးအစားများစွာ ရှိသော်လည်း သူတော်စင်သားရဲ ခွေးမျိုးနွယ်စုနှင့် ငွေရောင်ယူနီကွန်းမျိုးနွယ်စု တို့သည် ဆက်ဆံရေး ကောင်းမွန်ကြသည်။

သို့မဟုတ်လျှင် ငွေရောင်လေးသည် သူတော်စင်ခွေး မျိုးနွယ်စု၏ ပိဋိကတ်တိုက်ထဲသို့ အလည်သွားနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ထွင်ထျန်းဟာက အရိုးဘုရင်ကို စိုက်ကြည့်နေသောငွေရောင်လေးကို မြင်လိုက်ရလျှင် အားပေးသည့်အနေဖြင့် ပခုံးကို ပုတ်လိုက်သည်။

"သူသေသွားတာကြာပြီပဲကွာ.. ဝမ်းနည်းမနေပါနဲ့တော့"

သူက ငွေရောင်လေးကို မည်သို့နှစ်သိမ့်ရမှန်း မသိခဲ့ပေ။

"မင်းငါ့ကို ဖြေသိမ့်နေစရာမလိုပါဘူး.. ဒီကိစ္စက တော်တော်ကြာနေပြီပဲ.. ငါနားလည်ပါတယ်.. ငါ့ရဲ့ အကြီးမားဆုံး ဆန္ဒတစ်ခုက ဆရာလေးလင်း နောက်ကိုလိုက်ပြီး ကောင်းမွန်စွာကျင့်ကြံဖို့ပဲ.. ဒုတိယဆန္ဒက ငါတို့ သူတော်စင်သားရဲ မျိုးနွယ်စုအတွက် တရားမျှတမှု ရယူဖို့ ဥက္ကဌပိုင်ကို အမြန်ဆုံးဖမ်းမိဖို့ပဲ"

ငွေရောင်လေး၏ စကားများက အလွန် ရည်မှန်းချက်ကြီးသည်ဟု ထွင်ထျန်းဟာ ခံစားရသည်။

"ဒါပေမဲ့ မင်းအရမ်း ဝမ်းနည်းနေတယ်လို့ ငါဘာလို့ ခံစားနေရသေးတာလဲ"

အရိုးဘုရင်ကို ငေးစိုက်ကြည့်နေသော ငွေရောင်လေးက နှုတ်ခမ်းများကို တွန့်ကွေးလိုက်သည်။

"ငါအရမ်းလေးနက်တဲ့ မေးခွန်းတစ်ခုကို ရုတ်တရက် တွေးမိလိုက်လို့ပါ"

ထွင်ထျန်းဟာ "အဲဒါကဘာလဲ"

ငွေရောင်လေး "ငါစဥ်းစားမိတယ်.. အဲဒီတုန်းက လူတွေက သူတော်စင်ခွေးကို ပူစပ်စပ်ဟော့ပေါ့အဖြစ် ပြောင်းလဲလိုက်ကြတယ်.. ဒီပူစပ်စပ်အနံ့က ဒီအချိန်ထိ ကြာရှည်ခံနေတယ်ဆိုတော့ ဘယ်လိုဟင်းခပ် အမွှေးအကြိုင်ကို သူတို့ သုံးခဲ့ကြလဲဆိုတာ ငါစဉ်းစားမရဘူး"

ထွင်ထျန်းဟာ ".........."

ညဘက်သို့ရောက်လျှင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ထွင်ထျန်းဟာကို ညစာစားရန် နွေးထွေးစွာ ဖိတ်ကြားခဲ့သည်။

ဤလူက အမုန်းကို တောင်းဆိုနေသည်ဟု ထွင်ထျန်းဟာ တွေးမိခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူက ကိုယ်အလေးချိန်လျော့ချချင်သောကြောင့် ဖြစ်၏။

ညစာစားချိန် ရောက်သောအခါတွင် ဗုံးပစ်စီနီယာအင်မော်တယ်သည် မီးဖိုချောင်တွင် အလုပ်များနေခဲ့သည်။

ဗုံးပစ်စီနီယာအင်မော်တယ်က အချက်အပြုတ်ကို နိုင်နင်းလိမ့်မည်ဟု ထွင်ထျန်းဟာ မထင်ခဲ့ပေ။

ငွေရောင်လေးက ဆိုဖာပေါ်တွင် နောက်ပြန်မှီရင်း သတင်းအချို့ကိုဖတ်နေစဉ်တွင် ထွင်ထျန်းဟာက မေးခွန်းထုတ်လိုက်သည်။

"စီနီယာအင်မော်တယ်က ဟင်းချက်ကောင်းလား"

"မဆိုးပါဘူး.. မင်းစားကြည့်တဲ့အခါ သိသွားလိမ့်မယ်.. ဪ.. ဒါနဲ့ မင်းကိုမေးရဦးမယ်.. သူတော်စင်ခွေးအရိုးကို မင်းဘာလုပ်မှာလဲ.. ဒီအရိုးက လူသားကျင့်ကြံသူအတွက် ဖြစ်စေ ဝိညာဥ်သားရဲ အတွက်ဖြစ်စေ သူတော်စင်သားရဲ အတွက်ဖြစ်စေ ဘာ အကျိုးသက်ရောက်မှုမှ မရှိဘူး"

"ငါ ဘယ်လိုအသုံးပြုရမလဲ.. မင်းအကြံပေးလို့ရမလား"

"ငါက အကြံပေးရမှာလား.. ဒါဆိုလည်း မင်းအနေနဲ့ အဲဒါကိုကုန်ကြမ်းအဖြစ် သုံးပြီး မင်းနဲ့သင့်တော်မယ့် လက်နက်တစ်ခု ဖန်တီးဖို့အတွက် အရည်အချင်းပြည့်မီတဲ့ ပန်းပဲသမားကို ရှာကြည့်ဖို့အတွက်ပဲ ငါအကြံပြုချင်တယ်..သူတော်စင်သားရဲရဲ့ အရိုးအခြေအနေက အရမ်းကောင်းမွန်တယ်.. အဲဒါကို မှော်လက်နက် ထုတ်လုပ်နိုင်မယ်ဆိုရင် အရမ်းကောင်းမယ်လို့ ငါယုံကြည်ပါတယ်.. အနည်းဆုံးတော့ အဲဒီလက်နက်က ခွေးအမျိုးအစား ဝိညာဉ်သားရဲ အားလုံးကို ချိန်းခြောက်ဖို့ အသုံးပြုနိုင်မယ်"

"အင်း"

ထွင်ထျန်းဟာ ခေါင်းငြိမ့်လိုက်သည်။

ငွေရောင်လေး၏ အကြံပြုချက်က လက်တွေ့ကျသည်ဟု သူခံစားမိသည်။

ထို့ပြင် လက်ရှိအချိန်တွင် သူ့ကို အမှန်တကယ်အထောက်အကူ ပေးနိုင်သည့် မှော်လက်နက်မရှိပေ။

ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စု၏ တန်ဖိုးအရှိဆုံး မှော်ရတနာမှာ မျိုးနွယ်စုခေါင်းဆောင်များသာ အသုံးပြုနိုင်သော ပထမတန်းစား သူတော်စင်လက်နက်ဖြစ်သည့် ကမ္ဘာဦး အဆီလုံး ဖြစ်သည်။

ခွေးဘဝသို့ ရောက်သွားကတည်းက ထွင်ထျန်းဟာ အနေဖြင့်ဤမှော်ရတနာနှင့် ဘာမှ မသက်ဆိုင်တော့ပေ။

ထို့ပြင် ၎င်း၏ လက်ရှိခန္ဓာကိုယ်ကြောင့် ကမ္ဘာဦးအဆီလုံးကို အသုံးပြုရန်လည်း သင့်လျော်မည်မဟုတ်ပေ။

အနာဂတ်တွင် တ်ုက်ပွဲအမျိုးမျိုးကို ဆင်နွှဲရနိုင်ချေရှိသောကြောင့် သူ့ကိုယ်သူ ကာကွယ်ရန် မှော်ရတနာတစ်ခု သေချာပေါက် လိုအပ်ပေသည်။

အဆုံးသတ်တွင် သူက ဤကိစ္စကို ဆရာလေးလင်းထံ အကူအညီတောင်း၍ ဖက်တီးလောထံတွင် အပ်နှံရပေမည်။

သို့သော် ဆရာလေးလင်းက ဤကာလတွင် မအားမလပ်ဖြစ်နေ၏။

အဘယ်ကြောင့်ဆိုသော် လာမည့်အပတ်သည် ဆရာလေးလင်းအတွက် အလုပ်အများဆုံးအချိန် ဖြစ်လာပေလိမ့်မည်။

ဆရာလေးလင်းက စာမေးပွဲအပြင် ခရိုင်အဆင့် အားကစားပွဲကိုပါ ဆင်နွှဲရမည် ဖြစ်သည်။

ထို့ပြင် ဆရာလေးလင်းသည် ဆရာယဲ့၏ တောင်းဆိုမှုဖြင့် ဆေးဘောလုံးနှင့် စိတ်ဝိညာဉ် အိမ်မွေးတိရိစ္ဆာန် တိုက်ပွဲများအတွက်လည်း စာရင်းသွင်းထားခဲ့သည်။

ခြုံငုံ၍ပြောရလျှင် ဝမ်လင်းသည် နောက်အပတ်တွင် အလုပ်များမည် ဖြစ်သည်။

ထွင်ထျန်းဟာ စိုးရိမ်နေသည့်အရာမှာ သူ၏ နိမိတ်ပြအိပ်မက်တွင် ခန့်မှန်းထားသည့် အဖြစ်အပျက်များ ဖြစ်မလာမီ အချိန်များစွာ မကျန်ရှိတော့ခြင်း ဖြစ်၏။

သူက အကြမ်းဖျင်း တွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့သည်။

သူ၏ တွက်ချက်မှုအရဆိုလျှင် ထိုအိပ်မက်က နောက်တစ်ပတ်အတွင်း ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် တစ်ချိန်တည်းတွင် ကိစ္စအားလုံး စုပြုံလာသည်ဟုဆိုနိုင်သည်။

ထွင်ထျန်းဟာက မူးမေ့လဲကျမလို ခံစားလိုက်ရသည်။

"စားကြရအောင်"

ယင်းအချိန်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် မီးဖိုချောင်ထဲမှ ထွက်လာသည်။

"ဒီနေ့ချက်တဲ့ ညစာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေချည်းပဲ.. ဘရိုကိုလီ ကြက်ဥပြုတ်.. ဘရိုကိုလီ မွှေကြော်.. ဘရိုကိုလီ တန်ပူရာ.. ဘရိုကိုလီ ကြက်စွပ်ပြုတ်.. ပြီးတော့နောက်ထပ် အရံဟင်းတစ်ပွဲ ရှိသေးတယ်.. ဘရိုကိုလီ အတုံးကြော်"

ထွင်ထျန်းဟာက ဟင်းပွဲများကို ကြည့်ကာ အံ့ဩသွားသည်။

"........."

ဗုံးပစ်စီနီယာ အင်မော်တယ် "ဒါက အနောက်နန်းဆောင်ရဲ့ ရိုမန်းတစ်ဆန်တဲ့ ညစာလိုပဲ"

ထွင်ထျန်းဟာ ".........."

All Chapters