← Chapters

အခြေခံခွေးနည်းစနစ်များအား ကျင့်ကြံခြင်း

Vol. 36 Ch. 540

အခြေခံခွေးနည်းစနစ်များအား ကျင့်ကြံခြင်း

Vol. 36 Ch. 540

ဖက်တီးလောက အရိုးများ၏ အတွင်းပိုင်းကို စစ်ဆေးရန် ငါးမိနစ်ခန့် အချိန်ယူခဲ့သည်။

"ဒီသူတော်စင်သားရဲအရိုးရဲ့ မျက်နှာပြင်က အညစ်အကြေးမရှိဘူး.. ကောင်းကောင်းမွန်မွန် ထိန်းသိမ်းခဲ့တဲ့ပုံပဲ"

'ဖက်တီးလော'က အရိုးကို အနံ့ခံကြည့်လိုက်သည်။

"အကြောင်းတစ်ခုခုကြောင့် ဒီအရိုးပေါ်မှာ ရနံ့တစ်မျိုး ရှိနေပုံရတယ်.. အဲဒါက အာပုပ်နံ့လိုပဲ”

ထွင်ထျန်းဟာ "ဒီအရိုးကို ငါမတိုင်ခင် ဝံပုလွေတစ်ကောင်ပိုင်တာလေ.. သူက နေ့တိုင်း ဒီအရိုးကို ပွေ့ဖက်နမ်းရှုံ့လေ့ရှိတယ်"

"အဟွတ်"

ဖက်တီးလောက ချောင်းဆိုးလိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာဖြင့် ထွင်ထျန်းဟာကို ကြည့်ကာ မေးလိုက်သည်။

"မှော်ရတနာရဲ့ ဒီဇိုင်းအတွက် စိတ်ကူးထားတာရှိလား ညီနောင်ခွေး"

“အရေးကြီးဆုံးက အသုံးပြုရ လွယ်ကူဖို့ပါပဲ... ဒါ့အပြင် ဒါက ခွေးသူတော်စင်ရဲ့ အရိုးတစ်ခုဖြစ်လို့ ဒီဇိုင်းမှာ အဲ့အငွေ့အသက်ကို ထင်ဟပ်ပြချင်တယ်.. စွယ်စုံသုံးလို့ရတဲ့ လက်နက် ဖြစ်ရင်ပိုကောင်းမယ်"

ထွင်ထျန်းဟာက ဖြေလိုက်သည်။

"ကောင်းပြီလေ.. ငါ့မှာ စိတ်ကူးတစ်ခုရှိတာနဲ့ အတော်ပဲ"

ဖက်တီးလောက အရိုးကို ပွတ်သပ်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းကာ ပြုံးလိုက်သည်။

"သဘက်ခါ လာယူလို့ ရပြီ.. အကြိုက်တွေ့စေရမယ်လို့ အာမခံတယ်"

"သဘက်ခါဆိုတော့ မမြန်လွန်းဘူးလား"

ထွင်ထျန်းဟာက ဖက်တီးလော စကားကြောင့် အံ့အားသင့်နေသည်။

ယနေ့ခေတ်တွင် သိပ္ပံနှင့် နည်းပညာများ တိုးတက်လာမှုကြောင့် မှော်လက်နက်များကို ပြုလုပ်ရာတွင် သက်ဆိုင်ရာ ဒေတာတွက်ချက်မှုများကို သိပ္ပံပညာနှင့် ပေါင်းစပ်နိုင်ခဲ့ပြီး အောင်မြင်မှုနှုန်းကို များစွာ တိုးတက်စေကာ ပြုလုပ်သည့် အချိန်ကိုလည်း လျှော့ချနိုင်ခဲ့သည်။

သို့သော် သုံးရက်အတွင်း သူတော်စင် သားရဲအရိုးကို မှော်ရတနာအဖြစ် ပြုလုပ်ရန်မှာ..

ဖက်တီးလော၏ ကျွမ်းကျင်မှုကို ပန်းပဲ အသိုင်းအဝိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားသော်လည်း ဤအမြန်နှုန်းသည် အနည်းငယ် ချဲ့ကားလွန်းနေသည် မဟုတ်ပါလား။

"အဆင့်မြင့် ပန်းပဲဖိုတွေ အားလုံးမှာ လက်နက်သန့်စင်တဲ့အခန်းတွေ သီးသန့်ထားရှိတယ်.. ဒါပေမယ့် ဒီအရာက လူတိုင်းတက်နိုင်တဲ့ အရာတော့မဟုတ်ဘူး.. ငါတို့က ကုန်ကြမ်းတွေကို အခန်း အတွင်းပိုင်းမှာ ထားပြီး အခန်းအပြင်ဘက်ကနေ ကိုင်တွယ်ရုံပဲ.. ညီနောင်ခွေး မင်း အရမ်းကံကောင်းတယ်.. ငါပြီးခဲ့တဲ့လကပဲ ဒီမှာတပ်ဆင်ခဲ့တယ်.. အဲဒါက အရမ်းစျေးကြီးလွန်းတယ်"

ဖက်တီးလောက ရှင်းပြလိုက်သည်။

ထွင်ထျန်းဟာက အချိန်ကို တွက်ချက်လိုက်သည်။

မှော်လက်နက်ကို မနက်ဖြန် သဘက်ခါရနိုင်ရင် ခရိုင်အားကစားပွဲအတွက် အချိန်မီလိမ့်မည်။

ထွင်ထျန်းဟာနှင့် ကလေးမလေးတို့ ကြာရှည်စွာမနေခဲပေ။

ဖက်တီးလောဆီ အရိုးဘုရင်ကို ပေးအပ်ပြီးနောက် သုံးဘီးဆိုင်ကယ် ကလေးမလေးသည် ထွင်ထျန်းဟာကို အိမ်သို့ သယ်ဆောင်သွားခဲ့သည်။

ဟုတ်ပါသည်။ ဖက်တီးလောက ဤအရာကို အလကားလုပ်ပေးခြင်း မဟုတ်ပေ။

သူ၏ ကျွမ်းကျင်မှုအဆင့်အရ သူကိုယ်တိုင် စိတ်ကြိုက် လုပ်ထားသည့် မှော်ရတနာတစ်ခုသည် အမှန်တကယ်ပင် စျေးကြီးလွန်းသည်။

မနေ့ညက ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ကနဦး ဆက်သွယ်မှုတွင် ဖက်တီးလောသည် မှော်ရတနာပြုလုပ်ရာတွင်အခကြေးငွေပေးဖို့ မတောင်းဆိုခဲ့ပေ။

သို့သော် မှော်ရတနာကို အောင်မြင်စွာ ဖန်တီးပြီးလျှင် လင်းကျန်းရန်က သူ၏ တောင်းဆိုချက်တစ်ခုကို သဘောတူရမည်ဟု တောင်းဆိုခဲ့သည်။

ဆိုရလျှင် ဝမ်လင်းက ထိုကိစ္စကိုသိပြီး သဘောတူပြီးသား ဖြစ်၏။

ဖက်တီးလော၏ တောင်းဆိုချက်က ကျင့်ခယ်နှင့် သက်ဆိုင်နေမည်ဟု ထွင်ထျန်းဟာ မှန်းဆခဲ့သည်။

ထိုလူသည် ကျင့်ခယ်ကို စွဲလမ်းနေသည် မဟုတ်ပါလား။

….................

ထွင်ထျန်းဟာ နှင့် ကလေးမလေးတို့ အိမ်ပြန်ရောက်ချိန်တွင် ညနေစောင်းနေပြီ ဖြစ်သည်။

ထိုအချိန်က ဝမ်လင်း၏တစ်နေ့တာ ကျောင်းဆင်းချိန်လည်း ဖြစ်သည်။

ထွင်ထျန်းဟာက ပြန်ရောက်လာပြီးနောက် ပထမဆုံးလုပ်ခဲ့သည့်အရာမှာ အခြေခံခွေးနည်းစနစ် ခုနစ်မျိုးကို ဆက်လက်လေ့လာရန် ဖြစ်သည်။

ပထမနှင့် ဒုတိယနည်းစနစ်များသာ အဆင့်လေး နည်းစနစ်ဖြစ်ပြီး ကျန်နည်းစနစ်များက အဆင့်ငါး ဖြစ်သောကြောင့် သူ့အတွက် နားလည်ရန် အနည်းငယ် ခက်ခဲသည်။

သို့သော် ထွင်ထျန်းဟာ ပထမနှင့် ဒုတိယ နည်းစနစ်များကို အရင် လေ့လာရန် ရည်ရွယ်ထားသောကြောင့် အလျင်စလို မဖြစ်ပေ။

သူက ဤရက်ပိုင်းတွငိ အချိန်ရတိုင်း မရပ်မနား လေ့ကျင့်နေခဲ့၍ တော်တော်လေး တိုးတက်နေပြီဖြစ်သည်။

ဝမ်လင်း ပေးခဲ့သော အဖြူရောင် ဇာထီးလေးကို ကိုင်ထားသော ကလေးမလေးသည် ကျောက်တုံးပေါ်တွင် ထိုင်ကာ ထွင်ထျန်းဟာကို ကြည့်နေသည်။

ဤမြင်ကွင်းက အနည်းငယ် အံ့သြဖွယ်ကောင်းသည်။

ထွင်ထျန်းဟာက ခွေးတစ်ကောင်ဖြစ်သည်မှာ သိသာ ထင်ရှားသော်လည်း လူကဲ့သို့ မတ်တတ်ရပ် လမ်းလျှောက်နိုင်သည်။

ထွင်ထျန်းဟာက ပထမနှင့် ဒုတိယ နည်းစနစ်များကို လေ့ကျင့်ပြီးနောက် လှုပ်ရှားမှု ပုံရိပ်များ အားလုံးက သူ့စိတ်ထဲတွင် ပြည့်နှက်သွားသည်။

နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ကျင့်ပြီးနောက်တွင် ထွင်ထျန်းဟာ၏ လှုပ်ရှားမှုများက အလုံးစုံ ချောမွေ့သွားခဲ့သည်။

အခြေခံ ခွေးနည်းစနစ်၏ အနှစ်သာရမှာ "လျင်မြန်ခြင်းနှင့် တိကျခြင်း"ဖြစ်ပြီး ဟန်ပြ လှုပ်ရှားမှုမရှိဘဲ ရိုးရှင်းသော တိုက်ကွက်များဖြစ်သည်။

ထိုကာလတုန်းက ခွေးသူတော်စင်သည် သူတော်စင်ခွေး မျိုးနွယ်စု၏ ခေါင်းဆောင်အားလုံးကို ဤတိုက်ကွက်များဖြင့် အနိုင်ယူခဲ့သည်။

တကယ်တမ်းတွင် ထိုနည်းစနစ် အတွက် နောက်ထပ်နာမည်တစ်ခုရှိပါသေးသည်။

ခွေးအတတ်ပညာ..

တစ်စက္ကန့်ကို ၈၁ ချက်ထိုးနိုင်ရင် ပထမ နည်းစနစ်ကို နားလည်ပြီး ဒုတိယနည်းစနစ်က ၁၆၂ချက် လိုအပ်သည်။

ငွေရောင်လေး၏ အဆိုအရ သတ္တမမြောက် နည်းစနစ်အထိ ကျင့်နိုင်ခဲ့သည့် ခွေးသူတော်စင်သည် လက်သီးပေါင်း ၅၁၈၄ ချက်ကို ထုတ်လွှတ်နိုင်သည်။

အကယ်၍ ထွင်ထျန်းဟာသာ အခြေခံခွေးနည်းစနစ်ကို အပြည့်အဝ ကျင့်ကြံနိုင်ခဲ့လျှင် ၎င်း၏ ပြင်းထန်သောတိုက်ခိုက်မှု တစ်ခုတွင် တစ်စက္ကန့်ကို လက်သီးပေါင်း တစ်သောင်းကျော် ထုတ်လွှတ်နိုင်မည် ဖြစ်သည်။

“အီး.. ယား.. အီးယား.."

ဥယျာဉ်အနောက်ဘက်တွင် ထွင်ထျန်းဟာသည် အဝါရောင်အသားကပ် လေ့ကျင့်ခန်း ဝတ်စုံကို ဝတ်ဆင်ကာ လက်သီးချက်များ လေ့ကျင့်နေခဲ့သည်။

ထွင်ထျန်းဟာ အတွက် ဤလေ့ကျင့်ခန်း ဝတ်စုံကို ဖန်တီးခဲ့သူမှာ မေမေဝမ် ဖြစ်သည်။

ဝမ်မိသားစု၏ အိမ်သည် ဝေးလံခေါင်သီသော နေရာတွင်ရှိပြီး များသောအားဖြင့် မည်သူမျှ မရောက်လာကြသော်လည်း မေမေဝမ်က ထွင်ထျန်းဟာ လုံလုံခြုံခြုံ ရှိစေရန် ၀တ်စုံသေးသေးလေးကို ဖန်တီးပေးထားခြင်း ဖြစ်သည်။

မိန်းကလေး တစ်ယောက်ရှေ့ လေ့ကျင့်ခန်း လုပ်နေချိန် ခန္ဓာကိုယ်အောက်ပိုင်း၌ တွဲလောင်းလေး ဖြစ်နေသည်က စိတ်ပျက်စရာ ကောင်းလွန်းသည် မဟုတ်ပါလော။

ထွင်ထျန်းဟာက မေမေဝမ်ကို နှလုံးသားထဲကနေ နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်ခဲ့သည်။

ဝတ်စုံမရခင်က ဆိုလျှင် ကလေးမလေး အနားမှာမရှိသည့် အခါမှသာ လေ့ကျင့်ခဲ့ရသည်။

ကံကောင်းစွာဖြင့် မေမေဝမ်က သူ့အတွက် လေ့ကျင့်ခန်းဝတ်စုံကို ပြုလုပ်ပေးခဲ့သည်။

ထီးကိုင်ထားသည့် ကလေးမလေးက ထွင်ထျန်းဟာကို ကြည့်ရင်း ငြီးငွေ့လာသည်။

"ငါ့ကို ကူညီစေချင်လား"

ကလေးမလေးက ရုတ်တရက် မေးလိုက်သည်။

ထွင်ထျန်းဟာက သူမကို ကြည့်၍ ပြန်ဖြေလိုက်သည်။

"အင်း.."

ရိုးရိုးသားသား ပြောရလျှင် သူ၏ လက်ရှိအင်အားကို ကလေးမလေး နှင့် အဆင့်တူဟု ထွင်ထျန်းဟာ မထင်ပေ။

အဆုံးသတ်တွင် ကလေးမလေးသည် ညီနောင်လင်း ထံမှ တိုက်ရိုက် ဉာဏ်အလင်းရခဲ့ပြီး မဟာတာအိုသုံးထောင်ထဲမှ "မဟာလေအလျင်တာအို" ကို ရရှိထားသည်။

ထို့ကြောင့် သူမက အလွန်မြန်ဆန်ပြီး လျင်မြန်စွာ ရှောင်တိမ်းနိုင်စွမ်း ရှိသည်။

သုံးဘီးဆိုင်ကယ် ကလေးမလေးသာ တကယ်တမ်း အစွမ်းကုန် ရှောင်တိမ်းလျှင် ထွင်ထျန်းဟာက သူမကို လုံးဝထိအောင် လုပ်နိုင်မည်မဟုတ်ပေ။

သက်ရှိ တိုက်ခိုက်ရေးပစ်မှတ်သည် ခွေးနည်းစနစ်ကို လေ့ကျင့်ရန်အတွက် အကောင်းဆုံး ဖြစ်သည်။

ထွင်ထျန်းဟာ အနေဖြင့် သူ့ဘာသာသူ လေ့ကျင့်ခဲ့မည်ဆိုလျှင် တိုက်ပွဲအတွင်း၌ အခက်အခဲအမျိုးမျိုးကို ကြုံတွေ့ရမည် ဖြစ်သည်။

ကလေးမလေးက ထွင်ထျန်းဟာ၏ရှေ့တွင် ထီးကိုင်ကာ ရပ်နေ၏။

"မျှမျှတတ ရှိဖို့အတွက် ငါ ကောင်းကင်တာအိုကို မသုံးဘူး..

နင့်အနေနဲ့ ငါ့ကို တစ်ကြိမ်လောက် ထိအောင် လုပ်နိုင်ရင်ပဲအတော်လေး ကောင်းနေပြီ "

"အတတ်နိုင်ဆုံး ကြိုးစားကြည့်မယ်"

ထွင်ထျန်းဟာ အသက်ပြင်းပြင်းရှူလိုက်သည်။

ရိုးရိုးသားသား ဝန်ခံရလျှင် ကလေးမလေးက ကောင်းကင် တာအိုကို အသုံးမပြုလျှင်ပင် သူ့အနေဖြင့် မလွယ်နိုင်မှန်း ထွင်ထျန်းဟာ သိသည်။

ထိုခဏတွင် ထွင်ထျန်းဟာသည် ကလေးမလေး၏ အရှေ့တွင် ရပ်ကာ အသက်ခပ်ပြင်းပြင်း ရှူလိုက်သည်။

ဝိညာဉ်စွမ်းအင်များက သူ၏ ခန္ဓာကိုယ်အတွင်း၌ ဖြည်းညင်းစွာ စုဝေးလာပြီး ခြေသည်းလေးခု ဆီသို့ တဖြည်းဖြည်း စီးဆင်းသွားခဲ့သည်။

သူက ရှေ့တည့်တည့်ကို ကြည့်လိုက်ပြီး မျက်လုံးများကို အနည်းငယ် ကျဥ်းမြောင်းလိုက်သည်။

တစ်ချိန်တည်းမှာပင် အခြေခံခွေးနည်းစနစ် မန္တန်ကို တိတ်တဆိတ်ရွတ်ဆိုခဲ့သည်။

"ခွေးရဲ့စွမ်းအားနဲ့ ခွေးမိသားစုအတွက် ငါအသက်စွန့်မယ်.. အခြေခံ ခွေးနည်းစနစ်တွေက တွန်းလှန်လို့မရဘူး.."

ထို့နောက်တွင် ထွင်ထျန်းဟာက ပထမဆုံး လက်သီးချက်ကို ပစ်သွင်းလိုက်သည်။

ချက်ချင်းပင် လေထုထဲတွင် နားမခံသာအောင် စူးရှသော ပေါက်ကွဲသံများ မရပ်မနား ထွက်ပေါ်လာခဲ့သည်။

All Chapters