← Chapters

လူလုပ်မှော်ရတနာ

Vol. 37 Ch. 544

လူလုပ်မှော်ရတနာ

Vol. 37 Ch. 544

ဗိုလ်ချုပ်ရီနှင့်ဗိုလ်ချုပ်ကျန်းတို့က သူတို့အတွက် သီးသန့်သတ်မှတ်ထားသော ထိုင်ခုံတွင် ထိုင်နေကြသည်။

ယခုတစ်ကြိမ် အစည်းအဝေးကို ဦးဆောင်ကျင်းပသူမှာ ဥက္ကဌချီ ဖြစ်သည်။

သူက ကော်ဖီခွက်ကို ချလိုက်ပြီး ကုလားထိုင်ပေါ်မှ ထရပ်လိုက်သည်။

''လူတိုင်းကို အသိပေးချင်တာက ပေါက်ကွဲခြင်းသူတော်စင်ဗိုလ်ချုပ်ပိုင်နဲ့ အရေပြားသူတော်စင် ဝန်ကြီးခူ တို့က လက်ရှိအချိန်မှာ မစ်ရှင်တစ်ခုကို အတူတကွ လုပ်ဆောင်နေကြတယ်"

"အတူတူလုပ်ဆောင်နေတာလား"

လူတိုင်းက အံ့ဩသွားကြသည်။

ထိုနှစ်ယောက်လုံးက ထူးထူးခြားခြားအားကောင်းပြီး အတူတူမစ်ရှင်တစ်ခု ဆောင်ရွက်ဖို့ဆိုသည်မှာ တကယ်ကို ရှားပါသည်။

ဤသည်ကပင် ထိပ်သီးအစည်းအဝေးကို ရုတ်တရက် ကျင်းပရသည့်ရည်ရွယ်ချက်က မည်မျှအရေးကြီးမှန်း သက်သေပြနေသည်။

ဥက္ကဌချီက ခေါင်းညိမ့်လိုက်သည်။

"ဟုတ်ပါတယ်.. ဥက္ကဌပိုင်နဲ့ ဝန်ကြီးခူတို့က အတူတူမစ်ရှင်ဆောင်ရွက်နေကြပါတယ်.. ဒါကြောင့် ဒီအစည်းအဝေးမှာ ငါတို့ ရှစ်ဦးကပဲ အဓိက ဆွေးနွေးရမယ်.. အဆုံးသတ် ဆုံးဖြတ်ချက်ကတော့ နိုင်ငံခေါင်းဆောင်က ချမှတ်ပေးလိမ့်မယ်.. ဗိုလ်ချုပ်ပိုင်နဲ့ ဝန်ကြီးခူတို့ကိုတော့ ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး ပြောခဲ့ပြီးပြီ.. သူတို့က လုံးဝ ကန့်ကွက်ခြင်းမရှိခဲ့ဘူး.. သူတို့က အားလုံးရဲ့ဆုံးဖြတ်ချက်အတိုင်း လိုက်နာမယ်လို့ပြောခဲ့ကြတယ်.. ဒီတစ်ကြိမ် ကျင်းပတဲ့ အစည်းအဝေးကို ဥက္ကဌအဖြစ် ငါဆောင်ရွက်မယ်"

"ကောင်းပါပြီ"

လူတိုင်းက ခေါင်းညိမ့်လိုက်ကြသည်။

ဥက္ကဌချီက ခပ်ရဲရဲပြောလိုက်ပြီး တစ်ဖက်မှ နိုင်ငံခေါင်းဆောင်ကို လှည့်ကြည့်လိုက်သည်။

"ဒီနေ့တက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင်နဲ့ ပတ်သက်ပြီး ကွဲပြားတဲ့အချက်လေးတွေ ရှိနေတယ်ဆိုတာ သတိထားမိကြလား.. တကယ်တော့ ဒါက နိုင်ငံခေါင်းဆောင် အစစ်မဟုတ်ဘူး"

ထိုစကားကို ကြားသော်လည်း စိတ်ဝိညာဉ်သူတော်စင် အတွင်းရေးမှုး စွန်းတာခန်း ကမူ အံ့သြဟန်မပြဘဲ မျက်လုံးများကို မှိတ်ထား၍ တည်ငြိမ်စွာရှိနေသည်။

သူက သက်ရှိများ၏ အသံများကို အလိုအလျောက် ကြားနိုင်၏။

သူက အစည်းအဝေးခန်းမသို့ ရောက်သည်နှင့် တပြိုင်နက် နိုင်ငံခေါင်းဆောင်က အစစ်မဟုတ်မှန်း သဘောပေါက်ခဲ့ပြီးဖြစ်သည်။

"ဟုတ်ပါတယ်.. အခုမင်းတို့တွေကြည့်နေတဲ့ နိုင်ငံခေါင်းဆောင်က ငါတို့ သိပ္ပံကျင့်ကြံခြင်းအကယ်ဒမီက တီထွင်ထားတဲ့ မှော်လက်နက် နမူနာပုံစံပဲ.. ဒါပေမဲ့ လက်ရှိမှာ စမ်းသပ်ဆဲ အဆင့်သာရှိသေးတဲ့အတွက် အများအပြား ထုတ်လုပ်လို့တော့ မရသေးဘူး.. အခုမင်းတို့မြင်နေရတဲ့ နိုင်ငံခေါင်းဆောင်က လူသားပုံစံတူ မှော်ရတနာတစ်ခုပဲ.. သူလက်ရှိ ထုတ်ဖော်နိုင်တဲ့အမြင့်ဆုံးစွမ်းအားက ခြေသလုံးအိမ်တိုင် အင်မော်တယ် အဆင့်ရှိတယ်.. တကယ်တော့ ဒီလူသားပုံစံတူ မှော်လက်နက်ကို သုတေသန လုပ်နေတာ အတော်လေးကြာနေခဲ့ပြီ.. ဒါက လက်နက်သူတော်စင် ဝန်ကြီးခယ့်နဲ့ ငါတို့ သိပ္ပံကျင့်ကြံခြင်းအကယ်ဒမီရဲ့ လျှို့ဝှက်လေ့လာမှုလည်း ဖြစ်တယ်.. ဒီနေ့ကစပြီး နိုင်ငံတော်အကြီးအကဲရဲ့ ခွင့်ပြုချက်နဲ့ ပွင့်ပွင့်လင်းလင်းလုပ်ဆောင်တော့မယ်.. ဒီကိစ္စကို ထိန်ချန်ခဲ့တဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်"

"အလုပ်က အလုပ်ပဲလေ.. ရောင်းရင်းချီ.. မင်းကယဉ်ကျေးလွန်းနေပါပြီ"

ဗိုလ်ချုပ်ရီက ရယ်မော၍ ပြောလိုက်သည်။

"နိုင်ငံခေါင်းဆောင်နဲ့ ပတ်သက်ပြီး တစ်ခုခု ထူးခြားနေတယ်လို့ ခံစားမိပေမဲ့ သေသေချာချာတော့ မပြောနိုင်ခဲ့ဘူး.. ဒီလောက်ထိ တူညီအောင်လုပ်နိုင်တာက တကယ်အံ့ဩစရာပဲ"

နိုင်ငံခေါင်းဆောင် နှင့် လုံးဝနီးပါး ဆင်တူသော လူသားပုံစံတူမှော်လက်နက်ကို စိုက်ကြည့်ရင်း ဗိုလ်ချုပ်ကျန်းက အံ့ဩမဆုံး ဖြစ်နေသည်။

"သူ့ရဲ့စွမ်းဆောင်ရည်တွေကရော"

ဆေးသူတော်စင် ဥက္ကဌလော့က မေးလိုက်သည်။

သူမက နိုင်ငံစတင်တည်ထောင်သူဗိုလ်ချုပ် ၁၀ဦးတွင် တစ်ဦးတည်းသောအမျိုးသမီးဖြစ်ပြီး တကယ့်အလှပိုင်ရှင်လည်းဖြစ်သည်။

သူမက အညိုရောင်ဆံပင်များကို ထုံးဖွဲ့ထားပြီး အထက်တန်းလွှာ တစ်ယောက်၏ ခမ်းနားသောပုံစံကို ဆင်မြန်းထားကာ ရွှေရောင်မျက်မှန်ကို တပ်ထားသည်။

"ငါတို့အနေနဲ့ သူ့ရဲ့ အ​ခြေခံစွမ်းဆောင်ရည်တွေကို ကောင်းမွန်စွာ ပြင်ဆင်ပြီးပါပြီ"

"ဟုတ်ပါတယ်.. ဒီလူသားပုံစံတူ မှော်လက်နက်ကဘယ်လောက်ပဲ အစွမ်းထက်ထက် ငါတို့ရဲ့နိုင်ငံတော်အကြီးအကဲက အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်ပါတယ်"

ဥက္ကဌချီက ပြန်လည် ဖြေကြားလိုက်သည်။

"ဒါကတော့ ငါတို့နိုင်ငံရဲ့ ပထမဆုံး တီထွင်လိုက်တဲ့ လူသားပုံစံတူ မှော်ရတနာ နမူနာပုံစံ နံပါတ်001ပါ.. ဒီလူသားပုံစံတူမှော်ရတနာကို နိုင်ငံခေါင်းဆောင်ရဲ့ အာရုံကြောတွေနဲ့ချိတ်ဆက်ထားတဲ့ အတွက် ဒီမှော်ရတနာကို နိုင်ငံခေါင်းဆောင်က အဝေးကနေ တိုက်ရိုက်ထိန်းချုပ်နိုင်တယ်.. ဒါက စာခြောက်ရုပ်တစ်ခုလို့လည်း ထင်မြင်ယူဆနိုင်တယ်.. ဒါပေမဲ့ ဒီလူသားပုံစံတူ မှော်ရတနာကို ဖန်တီးရာမှာ ပါဝင်နေတဲ့ ပညာရပ်တချို့က ပိုထူးခြားတဲ့အတွက် ဒီမှော်ရတနာမှာ လက်နက်ဝိညာဉ်တော့ မရှိဘူး.. အနာဂတ်မှာ ဒါကိုအများအပြားထုတ်လုပ်နိုင်တဲ့အချိန်ကို ရောက်လာရင် စာချုပ်အများအပြားကို အကောင်အထည် ဖော်နိုင်တယ်ဆိုတဲ့ သီအိုရီကလည်း အသက်ဝင်လာလိမ့်မယ်.. ဒါပေမဲ့ အဆုံးသတ်မှာ သင်တကယ် ချုပ်ဆိုနိုင်တဲ့စာချုပ်အရေအတွက်က သင့်ရဲ့ခွန်အားနဲ့ အများကြီးသက်ဆိုင်နေတယ်.. ဘာလို့လဲဆိုတော့ လူသားဆန်တဲ့ မှော်ရတနာတွေကိုထိန်းချုပ်ဖို့အတွက် လိုအပ်တဲ့ဝိညာဉ်စွမ်းအင် ပမာဏက အတော်လေး များပြားနေလို့ပဲ"

ဗိုလ်ချုပ်အားလုံးက ခေါင်းညိမ့်လိုက်ကြသည်။

အခြေခံအားဖြင့် သူတို့က လူသားပုံစံတူ.မှော်ရတနာ၏အလုပ်လုပ်ပုံကို နားလည်ကြသည်။

"ဒီ လူသားဆန်တဲ့ မှော်ရတနာမှာ ဉာဏ်ရည်တုရော ပါလား"

ယင်းအချိန်တွင် အတွင်းရေးမှူး စွန်းတာခန်းသည် အရေးကြီးသောမေးခွန်းကို မေးလိုက်သည်။

ဟွာရှို့နိုင်ငံ၏ သိပ္ပံနှင့်နည်းပညာ အဆင့်အတန်းအရ ဉာဏ်ရည်တု ဖန်တီးရန်မှာ မခက်ခဲပေ။

သို့သော်ဥက္ကဌချီက ခေါင်းခါရမ်းလိုက်သည်။

"ငါတို့အနေနဲ့ လူသားပုံစံတူ မှော်ရတနာကို ဉာဏ်ရည်တုနည်းပညာနဲ့ ပေါင်းစပ်ဖို့အစီအစဥ် မရှိပါဘူး..ငါတို့က ဉာဏ်ရည်တုနည်းစနစ်နဲ့ ပေါင်းစပ်ပြီး သူ့ဘာသာသူ တွေးခေါ်နိုင်စွမ်းကို ထည့်ပေးလိုက်ရင် သူ့ကို ထိန်းချုပ်ထားတဲ့ စာချုပ်က အဓိပ္ပါယ်မဲ့သွားလိမ့်မယ်"

ထိုစကားကိုကြားလျှင် လူတိုင်းက နားလည်သွားကြသည်။

ပြတ်သားစွာပြောရလျှင် လူသားပုံစံတူ မှော်ရတနာကို ဉာဏ်ရည်တုပေးခြင်းက အလွန်အန္တရာယ်ရှိသည်။

အကယ်၍သာ သူ့ဘာသာသူ တွေးခေါ်နိုင်စွမ်း ရှိလာလျှင် အဆုံးသတ်၌ ထိန်းချုပ်၍မရတော့မည်ကို စိုးရိမ်ကြ၍ ဖြစ်သည်။

ဤအခြေအနေကို ရှောင်ရှားရန် နည်းလမ်းမှာ စာချုပ်တစ်ခုဖွဲ့ပြီး အဝေးကနေ ထိန်းချုပ်ရန်သာဖြစ်သည်။

ဥက္ကဌချီ ပြောသမျှကို ဝမ်မင်က သုတေသနဌာနမှနေ၍ နားထောင်နေသည်။

သို့ရာတွင် ဝမ်မင်သည် အစည်းအဝေးကို မျက်မြင်မတွေ့ရဘဲ အသံကိုသာ နားထောင်နိုင်ခြင်း ဖြစ်သည်။

သူက ဤလူသားပုံစံတူ မှော်ရတနာသုတေသန၏ နောက်ကွယ်ရှိ ပံ့ပိုးကူညီသူများထဲမှ တစ်ဦးဖြစ်သည်။

နိုင်ငံခေါင်းဆောင် ကိုယ်တိုင် အတည်ပြုမည့် ဤအစည်းအဝေးပွဲတွင် ဝမ်မင်က နားထောင်လိုကြောင်း ဥက္ကဌချီက တင်ပြပေးခဲ့သည်။

သေချာသည်က နိုင်ငံခေါင်းဆောင်၊ ဥက္ကဌချီနှင့်ဝမ်မင်ကသာ ဤကိစ္စကို သိထားကြသည်။

ယခုအချိန်တွင် ဝမ်မင်၏ အထောက်အထားသည် လျှို့ဝှက်ထားဆဲ ဖြစ်သည်။

ဉာဏ်ရည်တု နည်းပညာဆိုင်ရာ ဟောပြောပွဲကိုကြားလျှင် သူမရယ်ဘဲ မနေနိုင်တော့ချေ။

တကယ်တမ်းတွင် ဉာဏ်ရည်တုအများစုသည် အတုအယောင်ဉာဏ်ရည်သာ ဖြစ်သည်။

တကယ့်ဉာဏ်ရည်တုမှာမူ လွတ်လပ်စွာ တွေးခေါ်နိုင်သည့် စွမ်းရည်ရှိသည်။

သို့သော် ဈေးကွက်ထဲရှိ ဉာဏ်ရည်တုဟုခေါ်သည့် အတုအယောင်ဉာဏ်ရည်သည် အမှန်တကယ်ဆင်ခြင်တုံတရားနှင့် လွတ်လပ်စွာ တွေးတောရန် နည်းပညာမရှိသည့် ဆော့ဝဲပရိုဂရမ်၏ ရလဒ်မျှသာ ဖြစ်သည်။

စွမ်းအားကြီးသော မှော်ရတနာများသည် ကောင်းကင်မှ ဝိညာဉ်စွမ်းအားများနှင့် ပေါင်းစပ်ပြီး လက်နက်ဝိညာဥ်များ ဖြစ်ပေါ်လာသည်။

လက်နက်ဝိညာဉ်များက ၎င်းတို့၏ ပိုင်ရှင်များနှင့် အတိုင်းအတာတစ်ခုအထိ ဆက်ဆံရေး ရှိကြသည်။

အကယ်၍ ဉာဏ်ရည်တုကို မှော်ရတနာများနှင့် ပေါင်းစပ်နိုင်လျှင် လူသားတို့ ဖန်တီးသော လက်နက်ဝိညာဥ်ဟု ခေါ်ဆို၍ရနိုင်သောအရာကို အမှန်တကယ်ရရှိရန် လုံးဝဖြစ်နိုင်ပေသည်။

သို့သော် ယခုအချိန်တွင် ဤနည်းပညာကို နိုင်ငံတကာက လက်မှတ်ရေးထိုး၍ ပူးပေါင်းတားမြစ်ထားသည်။

အဆုံးသတ်တွင် လူအများသည် ဉာဏ်ရည်တုက ပျက်စီးစေသည် ဟူသည့်အယူအဆကို ကြောက်ရွံ့နေကြဆဲဖြစ်သည်။

ဟွာရှို့နိုင်ငံသည် အခြားအရာများထက် ငြိမ်းချမ်းရေးကို အမြဲ ဦးစားပေးခဲ့သည်။

လူသားပုံစံတူ မှော်ရတနာက လက်နက်တစ်ခုသာ ဖြစ်သော်လည်း ဗိုလ်ချုပ်ရီ၊ အတွင်းရေးမှူးတာခန်း၊ ဗိုလ်ချုပ်ကျန်း၊ အမှောင်သူတော်စင်၊ ဆေးသူတော်စင်နှင့် နားထောင်နေသော အခြားလူများသည် ဤလူသားပုံစံတူ မှော်ရတနာ၏ အဆုံးစွန်သော အသုံးပြုမှုက နိုင်ငံခေါင်းဆောင်၏ လုံခြုံရေးကို ကာကွယ်ရန်ဖြစ်သည်ဟု သိရှိထားကြသည်။

၎င်းကို ထိပ်တန်းလျှို့ဝှက်စမ်းသပ်မှု တစ်ခုအဖြစ် သတ်မှတ်ထားခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

အဘယ်ကြောင့် ဤအချိန်မှ ဤလူသားပုံစံတူ မှော်ရတနာကို လူသိရှင်ကြား ထုတ်ပြရပါသနည်း။

ယင်းက ဥက္ကဌချီ နောက်ထပ်ပြောလာမည့် စကားများနှင့် ဆက်နွယ် နေနိုင်ဖွယ်ရှိကြောင်း တက်ရောက်လာသူ အားလုံးက မှန်းဆနေနိုင်ပြီ ဖြစ်သည်။

ဥက္ကဌချီ ကိုယ်တိုင် ရှင်းပြသည်ကို တိတ်တဆိတ် စောင့်နေကြ၍ မည်သူမျှ စကားမပြောကြပေ။

သူတို့၏ အရှေ့ဘက်တွင် နိုင်ငံခေါင်းဆောင်နှင့် ပုံစံတူ 001သည် လေးလေးနက်နက် တွေးတောနေသကဲ့သို့ ခေါင်းငုံ့ကာ ထိုင်နေသည်။

ယင်းမှာ သတ်မှတ်ထားသည့် ကိုယ်ဟန် အနေအထား ဖြစ်သည်။

"ငါအခုပြောမယ့် အကြောင်းအရာနဲ့ ပတ်သက်ပြီး အားလုံးစိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်"

ထိုခဏဝယ် ဥက္ကဌချီ၏ လက်ထဲတွင် ဝိညာဥ်အလင်းရောင်များ တောက်ပလာသည်။

သူက အစည်းအဝေးခန်းမ၏ လေထုထဲတွင် 3Dမြေပုံကို တိုက်ရိုက် ပြသလိုက်သည်။

ဥက္ကဌချီ၏ အမူအယာက အလွန်ပင် လေးနက်နေသည်။

"ဒါက ငါတို့ဟွာရှို့ကျင့်ကြံခြင်း အကယ်ဒမီရဲ့ စောင့်ကြည့်ထောက်လှမ်းရေး မှော်ရတနာ ကောင်းကင်မျက်လုံး 1ကနေ စုဆောင်းရရှိထားတဲ့ ဒေတာပဲ.. ဒီဒေတာကို အခြေခံရရင် မကြာခင် ဖွင့်လှစ်တော့မယ့် မိစ္ဆာတောင်တန်းရဲ့ လျှို့ဝှက်ဝင်ပေါက်နေရာကို သိရှိနိုင်တယ်.. အဲဒီနေရာက စုန့်ဟိုင်မြို့ပဲ"

All Chapters