← Chapters

ဝမ်လင်း ဘာလို့ မင်းရဲ့ဘောင်းဘီကို မလိမ့်တင်သေးတာလဲ

Vol. 37 Ch. 552

ဝမ်လင်း ဘာလို့ မင်းရဲ့ဘောင်းဘီကို မလိမ့်တင်သေးတာလဲ

Vol. 37 Ch. 552

ချန်းချောင်က ထူးဆန်းသော စွမ်းရည်တစ်မျိုး နိုးထလာသည်ဟု ဝမ်လင်း ခံစားရသည်။

သူ့အထင် ချန်းချောင်၏ ပင်ကိုသိစိတ်က ကြောက်စရာကောင်းလောက်အောင် တိကျ၏။

မွန်းလွဲ ၂း၂၀တွင် မျှော်လင့်ထားသည့် အတိုင်း အမျိုးသားမီတာတစ်သောင်း လက်ဆင့်ကမ်းပြိုင်ပွဲကို တရားဝင်စတင်ခဲ့သည်။

အမှတ် ၆၀ အထက်တန်းကျောင်း၏ အားကစားကွင်းသည် သေးငယ်ပြီး မီတာ ၄၀၀ အကွာအဝေးသာ ရှိသည်။

အဖွဲ့တစ်ဖွဲ့တွင် လူဆယ်ယောက်ရှိပြီး တစ်ယောက်ချင်းစီကကွင်းကို နှစ်ပတ်ခွဲပြေးရန် လိုအပ်သည်။

ပြိုင်ပွဲအတွက် အထူးအသုံးပြုမည့်ဓားများကို ဒိုင်လူကြီးများက ထုတ်ပေးခဲ့သည်။

ထိုဓားများက အလွန်လေးလံသော အနက်ရောင်သံမဏိဓားရှည် ဖြစ်သည်။

၎င်းတို့ကို ကျွမ်းကျင်စွာ ထိန်းချုပ်ရန်ပင် အတော်ခက်ခဲသည်။

လက်ဆင့်ကမ်း ပြိုင်ပွဲတွင် ပါဝင်သူများသည် ပြေးလွှားနေစဉ်အတွင်း ဝိညာဉ်ဓားများကို ဦးခေါင်းပေါ်တွင် လွင့်မျောနေစေရန် လိုအပ်သည်။

အပြင်းအထန်ပြေးလွှားနေစဉ် ဓားကို ထိန်းချုပ်ရခြင်းသည် လူတစ်ဦး၏ စိတ်နှင့်မျက်လုံးတို့ ပေါင်းစပ်မှုကို နှောင့်နှေးစေသော နည်းလမ်းဖြစ်သောကြောင့် အလွန်အာရုံစိုက်ထားရမည် ဖြစ်သည်။

အာရုံထွေပြားလိုက်သည်နှင့် သူတို့၏ ဦးခေါင်းပေါ်မှ ဝိညာဥ်ဓားက အောက်သို့ပြုတ်ကျသွားမည် ဖြစ်သည်။

ထို့ကြောင့် အာရုံစူးစိုက်မှုသည် မီတာတစ်သောင်း လက်ဆင့်ကမ်းပြိုင်ပွဲတွင် အလွန်အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ပြီး အဖွဲ့လိုက် လုပ်ဆောင်ခြင်းသည်လည်း အရေးပါသည်။

လက်ဆင့်ကမ်းတုတ်ကို လက်ခံရရှိပြီးသူသည် အချိန်ကိုတိကျစွာ တွက်ချက်ပြီး တုတ်ကို လက်ခံရသည်နှင့် တပြိုင်နက် ၎င်းတို့၏ စွမ်းအားကို အနက်ရောင်ဓားရှည်ထဲသို့ သွန်းလောင်းရမည် ဖြစ်သည်။

ဓားကိုအရှိန်အဟုန် မကုန်စေဘဲ လေထဲတွင် အဆက်မပြတ်လွင့်နေအောင် ထားခြင်းက ပြိုင်ပွဲတွင် အချိန်ကုန် သက်သာစေသည့်နည်းလမ်း ဖြစ်သည်။

ပြိုင်ပွဲတွင် Grade 1အခန်း ၃ မှ ဝမ်လင်းနှင့်ချန်းချောင်တို့သာပါဝင်ကြသည်။

စွန်းရုံနှင့် လင်းရှောင်ယုတို့ကမူ အမျိုးသမီး မီတာတစ်သောင်းပြိုင်ပွဲ အတွက် စာရင်းသွင်းထားကြသည်။

ဤလက်ဆင့်ကမ်း ပြိုင်ပွဲတွင် လူဆယ်ယောက်က ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပြီး ဝမ်လင်းက ကျောင်းကာယ သင်တန်းများတွင် များစွာ လေ့ကျင့်ထားခဲ့သည်။

သူကအခန်း ၂ မှ ဖန့်ရှင်းနှင့် ကျန်းပိုင်မှလွဲ၍ အခြားလူများနှင့်မရင်းနှီးခဲ့ပေ။

သို့သော် ကျန်းပိုင်က ဤပွဲတွင် မပါဝင်ခဲ့ပေ။

အခြေခံတည်ဆောင်ခြင်း အဆင့် သာမန် ကျောင်းသားတစ်ဦးအတွက် ဤမီတာတစ်သောင်း လက်ဆင့်ကမ်းပြိုင်ပွဲသည် အမှန်တကယ်ပင် ခွန်အားနှင့်ဝိညာဉ် စွမ်းအားကို များစွာကုန်ဆုံးစေသော ပြိုင်ပွဲ ဖြစ်သည်။

ကျန်းပိုင်က မနက်ဖြန် ကျင်းပမည့် လေးပစ်ပြိုင်ပွဲတွင် ပါဝင်ရမည်ဖြစ်သည်။

အာရုံစူးစိုက်နိုင်စွမ်းက စိတ်စွမ်းအားနှင့် ခွန်အားအပေါ်တွင်တိုက်ရိုက် မူတည်နေသောကြောင့် ကျန်းပိုင် အထွဋ်အထိပ်အခြေအနေတွင် ရောက်ရှိနေစေရန်အတွက် ဆရာယဲ့က ပြိုင်ပွဲတွင် မပါဝင်စေခဲ့ပေ။

ကာယအတန်းချိန်တွင် ဖန့်ရှင်းသည် တစ်မိနစ်ခွဲအတွင်း ဓားနှင့်တစ်ပါတည်း မီတာလေးထောင် ပြေးပြခဲ့သည်။

ယင်းမှာ တစ္စက္ကန့်လျှင် ပျမ်းမျှအားဖြင့် ၄၄မီတာနှုန်းဖြစ်သည်။

၎င်းသည် အခြေခံတည်ထောင်ခြင်း နှောင်းပိုင်းအဆင့်ကျောင်းသားတစ်ဦး၏ အမြင့်ဆုံးရရှိနိုင်သည့် နှုန်းဖြစ်သည်။

အဖြူရာင်ညစွမ်းရည်နှင် အင်မော်တယ်အသွင်ပြောင်း စွမ်းရည်ကို အသက်မသွင်လျှင်ပင် ဖန့်ရှင်းသည် ခြေသလုံးအိမ်တိုင်အင်မော်တယ် ဖြစ်သောကြောင့် သူ၏အမြန်နှုန်းကို ထိန်းချုပ်ရန် လွယ်ကူသည်။

တစ်ခါတစ်ရံ ဝမ်လင်းသည် ဖန့်ရှင်းကို အလွန်တရာ မနာလို ဖြစ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဖန့်ရှင်းက ခွန်အားကို ထိန်းချုပ်နိုင်သောကြောင့် ဖြစ်၏။

သို့သော် ဖန့်ရှင်းတွင် သူ့ခန္ဓာကိုယ်ထဲကလို ကမ္ဘာဦးချီမရှိပေ။

လေ့ကျင့်မှုအချို့ ပြုလုပ်ပြီးနောက်တွင် ဝမ်လင်းက သူ၏ပြေးနှုန်းကို ခန့်မှန်းနိုင်ခဲ့သည်။

သူက ထုံးစံအတိုင်း ထင်ရှားပေါ်လွင်လိုစိတ် မရှိခဲ့ပေ။

ဤအမျိုးသား မီတာတစ်သောင်း လက်ဆင့်ကမ်းပြိုင်ပွဲတွင်ပါဝင်သည့်လူများ၏ အလုံးစုံပြေးနှုန်းကို မှန်းဆပြီးနောက်တွင် သူ၏ ပြေးနှုန်းကို တစ်စက္ကန့်လျှင် မီတာနှစ်ဆယ်နှုန်းဖြင့် ထိန်းထားနိုင်လျှင် အကောင်းဆုံးဖြစ်မည်ဟု သူတွေးခဲ့သည်။

ယခုအချိန်သည် အားကစားသမားများ စုဝေးရမည့်အချိန်ဖြစ်သည်။

ခပ်လှမ်းလှမ်းမှ ဆရာယဲ့သည် ပြေးလမ်းဘေးရှိ အလံငယ်တစ်ခုကို ဝှေ့ယမ်းလိုက်သည်။

"သွားစို့ဝမ်လင်း"

ချန်းချောင်က ဝမ်လင်း၏ ပုခုံးကိုပုတ်၍ ပြောလိုက်သည်။

နှစ်ဦးသား ပုခုံးချင်းယှဥ်၍ ဆရာယဲ့ထံ လျှောက်သွားကြသည်။

ထို့နောက် သူတို့နှစ်ဦးသည် တစ်နှစ်ပတ်လုံး ဝတ်ခဲ့ရသည့် အမှတ် ၆၀ အထက်တန်းကျောင်း ယူနီဖောင်းကို ချွတ်လိုက်သည်။

ထိုယူနီဖောင်းအင်္ကျီသည် ဆောင်းရာသီတွင် နွေးထွေးပြီး နွေရာသီတွင် အေးမြသောအင်္ကျီ ဖြစ်သည်။

အတွင်းဘက်တွင် အင်္ကျီလက်တိုနှင့် ဘောင်းဘီရှည်တစ်ထည်ရှိနေသည်။

ထိုအင်္ကျီဘောင်းဘီကို ဝိညာဉ်ချည်သားဖြင့် ပြုလုပ်ထားသောကြောင့် ဆောင်းရာသီတွင် အလွန်အေးပြီး နွေရာသီတွင်အလွန်ပူပြင်းသည်ဟု ခံစားရမည်မဟုတ်ပေ။

ဝတ်စုံ၏ ကျောဘက်တွင် ထိပ်တန်းကျောင်းသား ဟူသည့်စာလုံးကို ရိုက်နှိပ်ထားသည်။

မည်သို့ပင်ဖြစ်စေ အမှတ်၆၀ အထက်တန်းကျောင်း၏ ကျောင်းဝတ်စုံသည် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက တစ်ပုံစံတည်း တူညီနေခဲ့သည်။

နောက်နှစ်သို့ ရောက်ရှိသောအခါတွင် ကျောင်းဝတ်စုံများကို ရာသီ၄ခုစာအတွက် ဗားရှင်းတစ်မျိုးစီ ထုတ်မည်ဟု ဝမ်လင်း ကြားသိခဲ့ရသည်။

ဟွာကောရေတံခွန်အုပ်စုမှ ရန်ပုံငွေများ ရထားကြောင်း သူကြားခဲ့ရသည်။

အချိန်တန်လျှင် သူတို့အားလုံးက ကျောင်းဝတ်စုံအသစ်များ ဝတ်ဆင်ရတော့မည် ဖြစ်သည်။

အမှတ်၆၀ အထက်တန်းကျောင်းသည် ပြောင်းလဲမှုများကို တစ်ကျောင်းလုံး အနေအထားဖြင့် ပြုလုပ်တော့မည် ဖြစ်သည်။

ကျောင်းအဆောက်အဦများကိုလည်း ပြန်လည်ပြင်ဆင်ပြီး အားကစားကွင်းကိုလည်း တိုးချဲ့သွားမည် ဖြစ်သည်။

ထိုသို့ ပြုပြင်မွမ်းမံမည့် ပရောဂျက်အားလုံးတွင် ထိန်းသိမ်းရန် ဆုံးဖြတ်ထားသည့် အရာနှစ်ခုရှိကြောင်း ကျောင်းအုပ်ကြီးချမ်းက ပြောပြခဲ့သည်။

ပထမတစ်ခုမှာ ကျောင်းစတင် တည်ထောင်ကတည်းက အမှတ်၆၀ အထက်တန်းကျောင်း၏ ဝင်ပေါက်ရှေ့တွင် ရှိနေသည့် ကျောက်ရုပ်တု ဖြစ်သည်။

နောက်တစ်ခုမှာ ဆက်လက် ရှင်သန်နေဆဲဖြစ်သည့် သစ်ပင်အိုကြီး ဖြစ်သည်။

ထိုအရာက သင်ကြားရေး အဆောက်အဦး၏ ဘေးမှ ကြီးထွားလာခြင်း ဖြစ်ပြီး ကျောင်းသားများက သန်မာသောသစ်ပင်ဟု လှောင်ပြောင်ခေါ်ဆိုကြသည်။

အားကစားသမား ဆယ်ဦး ကွင်းထဲသို့ ဝင်လာသည့်အချိန်တွင် သူတို့ကို စိုက်ကြည့်နေသူ အများအပြားရှိကြောင်း ဝမ်လင်းသတိထားမိသည်။

အကြည့်များကြားတွင် ကျိုးရီ၏ အကြည့်က အပူလောင်ဆုံးဖြစ်သည်။

"ဆရာကံကောင်းပါစေ"

ကျိုးရီက ဝမ်လင်းကို စိုက်ကြည့်ရင်း စိတ်ထဲမှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူ့ဆရာ၏ စိတ်ဖတ်နိုင်စွမ်းကြောင့် သူ့အသံကို သေချာပေါက် ကြားရမည်မှန်း သူသိထားသည်။

ဝမ်လင်း "..........''

တစ်ချိန်တည်းမှာပင် မိန်းကလေးအချို့က ဝမ်လင်းအကြောင်းကို တီးတိုး ပြောဆိုနေကြသည်။

"သူကဘယ်သူလဲ"

"ငါလည်းမသိဘူး.. ဒါပေမဲ့ ချန်းချောင်နဲ့ တွဲလာပုံအရ Grade 1 အခန်း ၃ က ကျောင်းသားဖြစ်ဖို့များတယ်"

"အင်း.. ငါကျောင်းတက်လာတာလည်း ကြာပြီ.. ငါသူ့ကို တစ်ခါမှ မတွေ့ဖူးသလိုပဲနော်.. သူက ဒီကျောင်းကရောဟုတ်ရဲ့လား"

ထိုအချိန်တွင် မိန်းကလေးများ ဘေးတွင်ထိုင်နေသော ကျန်းပိုင်က ရှင်းပြလိုက်သည်။

"ဝမ်လင်းက ဝိညာဉ်ဓားဖလှယ်ပွဲမှာ စီနီယာကျိုးရီကို သူ့ရဲ့ဝိညာဉ်ဓား ငှားပေးခဲ့တဲ့သူပဲ"

"အိုး.. သူလား"

မိန်းကလေးများက အသိဉာဏ် နိုးကြားလာသော်လည်း အမူအယာများက အနည်းငယ် အဆင်မပြေ ဖြစ်နေသည်။

စင်စစ် သူတို့က ဝမ်လင်းကို မတွေ့ဖူးကြခြင်း မဟုတ်ပေ။

ဝမ်လင်း၏ မဟာတာအိုအကာအကွယ်ကြောင့် မေ့သွားကြခြင်းဖြစ်သည်။

ကျန်းပိုင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ကျောင်းသားဝမ်လင်းက အရမ်းတော်တာ"

"ငါတော့ မထင်ပါဘူး.. သူ့မှာ အားနည်းချက်တွေရှိတယ်.. သူ့အဆင့်တွေက အလယ်အလတ်လောက်ပဲ ရှိတာလေ"

မိန်းကလေးတစ်ဦးက ပြောလိုက်သည်။

"ဒါ့အပြင် သူ့ရုပ်ရည်က သာမန်ထက် သာလွန်ရုံပဲ.. အရမ်းကြီးလည်း ချောမနေပါဘူး.. သူသာ အရမ်းချောရင် ငါတို့မှတ်မိနေရမှာပေါ့"

ထိုမိန်းကလေး ပြောသမျှကို ကျိုးရီက ကြားနေရသည်။

စင်မြင့်ပေါ်မှကျိုးရီက ကျောင်းအုပ်ကြီးချမ်း ဘက်သို့လှည့်ကာ ပြုံးရွှင်စွာ မေးလိုက်သည်။

"ဆရာချန်း.. အဲဒီမိန်းကလေးက ဘယ်အတန်းကလဲ''

သူက ကျောင်းအုပ်ကြီးချမ်းကို ဆရာချမ်းဟုသာ အမြဲတစေခေါ်ဝေါ်ခဲ့သည်။

ကျောင်းအုပ်ကြီးချန်းက ချက်ချင်းမဖြေမီ ထိုမိန်းကလေးကိုတစ်ချက် ကြည့်လိုက်သည်။

"သူက အခန်း ၂ ကပါ.. အဲဒီအခန်းက မီးဖိုချောင်သုံးဓားဂိုဏ်းခေါင်းဆောင် ကျန်းပိုင်တက်နေတဲ့ အခန်းလေ"

"သိပြီ"

သူက ပြုံးပြ၍ပြန်ဖြေလိုက်သည်။

"ကျောင်းသားကျန်းပိုင်ကတော့ မနက်ဖြန်ပြိုင်ပွဲမှာ ပါဝင်နေတဲ့အတွက် ဒီနေ့ပြိုင်ပွဲမှာ ပါဝင်မှာမဟုတ်ဘူး''

အားကစားကွင်းထဲတွင် ချန်းချောင်က သူ၏ဘောင်းဘီကို ဆွဲတင်လိုက်ပြီး တောင့်တင်းသော ခြေသလုံးကြွက်သားများကို ထုတ်ဖော်လိုက်သည်။

ယင်းက အားကစားလိုက်စားသည့် ကျောင်းသားတစ်ဦးအတွက် ပုံမှန်ပြင်ဆင်မှုသာ ဖြစ်သည်။

ချန်းချောင်က ဖန့်ရှင်းလောက် မမြန်ပေ။

သို့သော်လည်း ချန်းချောင်တို့ မိသားစုသည် ရှေးကျသောကိုယ်ခံပညာကို မျိုးဆက်အလိုက် ကျင့်ကြံလာကြသည်။

ထိုကိုယ်ခံပညာက ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများကို အလေးပေးသောကျင့်စဥ် တစ်ခုဖြစ်သည်။

ထို့ကြောင့် ချန်းချောင်က အလွန်နှေးကွေးသည်ဟုတော့ မယူဆနိုင်ပေ။

သူသာ အစွမ်းကုန်ပြေးလျှင် တစ်စက္ကန့်ကို မီတာသုံးဆယ် သို့မဟုတ် ထိုထက်ပင် ပို၍ ပြေးနိုင်ပေသည်။

ချန်းချောင်က သူ၏ခြေသလုံးကြွက်သားများကို ကြွားဝါရန်အတွက် ဘောင်းဘီစကို တမင်တကာ လိမ့်တင်လိုက်သည်ဟု ဝမ်လင်းအစက ထင်ခဲ့သည်။

သို့သော် ဖန့်ရှင်းကလည်း ထိုကဲ့သို့ စတင်လုပ်ဆောင်ရန် ဆောင့်ကြောင့် ထိုင်လိုက်သည်ကို ဝမ်လင်း သတိပြုမိခဲ့သည်။

ဖန့်ရှင်း၏ ကြွက်သားများက ချန်းချောင်၏ ကြွက်သားများနှင့်မတူဘဲ မော်ဒယ်အချိုးအစား ကဲ့သို့ ခန္ဓာကိုယ်နှင့် လိုက်ဖက်မှု ရှိသည်။

စင်မြင့်ပေါ်တွင် ရှိနေသည့် ကျိုးရီက စိတ်ထဲကနေ ရေရွတ်လိုက်သည်။

"ချန်းချောင် လိမ့်တင်ပြီးပြီ.. ဖန့်ရှင်း လိမ့်တင်ပြီးရင်တော့ ဆရာ့အလှည့်ပဲ"

".........."

ဝမ်လင်းက အံ့အားသင့်သွားပြီး သူ၏ ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ရာ ပြိုင်ပွဲဝင် ယောက်ျားလေးများ အားလုံးက ဘောင်းဘီစများကို လိမ့်တင်နေသည်အား တွေ့လိုက်ရသည်။

"ငါတို့ကျောင်းက ဘောင်းဘီက နည်းနည်းချောင်တယ်လေ.. အဲဒါကြောင့် အားကစားလုပ်တဲ့အခါ လိမ့်တင်ထားတာ ပိုကောင်းတယ်.. ပြီးတော့ ဒီပတ်တီးတွေကို စည်းထားလိုက်.. အဲဒါက မင်းရဲ့ကြွက်သားတွေကို ကာကွယ်ပေးလိမ့်မယ်"

ပတ်တီးလိပ်များကို ထုတ်ပေးရင်း ဆရာယဲ့က ရှင်းပြလိုက်သည်။

တစ်ချိန်တည်းမှာပင် သူက ဝမ်လင်းကို တစ်ချက်ကြည့်လိုက်သည်။

"ကျောင်းသားဝမ်လင်း.. ရပ်ကြည့်မနေနဲ့လေ.. မင်းရဲ့ဘောင်းဘီစကို မြန်မြန်လေး လိမ့်တင်လိုက်တော့"

ထိုစကားကြောင့် ဝမ်လင်းက ခဏမျှတုံ့ဆိုင်းသွားသည်။

ထို့နောက်တွင် သူက ဘောင်းဘီစကို စတင်လိမ့်လိုက်တော့၏။

All Chapters