← Chapters

နောက်ပြောင်တတ်သူကို ဘယ်လိုပညာပေးသင့်လဲ

Vol. 37 Ch. 553

နောက်ပြောင်တတ်သူကို ဘယ်လိုပညာပေးသင့်လဲ

Vol. 37 Ch. 553

ဝမ်လင်း၏ ခြေသလုံးကြွက်သားများက ချန်းချောင်နှင့်ဖန့်ရှင်းတို့နှင့် ကွဲပြားသည်။

သူ၏ခြေထောက်က သန့်ရှင်းပြီး ဖြူစွတ်နေသော်လည်း ကြွက်သားကမူ သာမန်လောက်သာ ရှိသည်။

ထို့ခဏတွင် ဆရာယဲ့သည် ဝမ်လင်းကိုကြည့်ကာ ကြွက်သားများကို စစ်ဆေးလိုက်သည်။

ကာယဆရာယဲ့ဟန်သည် ကာယချိန်များအပြင်ကိုယ်ရေးကိုယ်တာ ကြံ့ခိုင်ရေးနည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။

သူက ဝမ်လင်းတွင် ကြွက်သားများ ယခုထက် ပိုရှိသင့်သည်ဟု ခံစားမိသည်။

"ကျောင်းသားဝမ်လင်းရဲ့ ခြေသလုံးက နည်းနည်းတော့ သေးတာ အမှန်ပဲ"

ဆရာယဲ့က ကူကယ်ရာမဲ့စွာဖြင့် မျက်မှောင်ကြုတ် ပြောလိုက်သည်။

ထိုခဏတွင် ချန်းချောင်၏ နောက်တွင်ရှိသော ကျောင်းသားတစ်ဦးက ရယ်မောလိုက်သည်။

''သူလုပ်နိုင်ပါ့မလား.. နောက်ဆုံး စာမေးပွဲတုန်းကလည်း သူအရမ်းမြန်တယ်လို့တော့ ငါမထင်ဘူး.. သူ့ခြေသလုံးက အရမ်းသေးတယ်.. ကြက်ခြေထောက်လိုပဲ''

ဝမ်လင်းက ဘာမှပြန်မပြောဘဲ ထိုစကားများကို လျစ်လျူရှုထားလိုက်သည်။

ကြွက်သားများရှိပြီး လေ့ကျင့်ခန်းများ ပြင်းထန်စွာလုပ်ထားလျှင်ပင် တကယ့်ပြိုင်ပွဲတွင် အောင်မြင်ရန် မလွယ်ကူမှန်း သူကောင်းစွာသိသည်။

တကယ်တမ်းတွင် ကြွက်သား အများအပြားရှိလေ ပိုကောင်းလေဆိုသည်မှာ မမှန်ပေ။

ကြွက်သားများကို အလွန်အကျွံ လေ့ကျင့်ခြင်းသည် သင်၏ သွေးကြောများကို ပိတ်စေပြီး ဝိညာဉ်စွမ်းအင် စီးဆင်းမှုကို နှေးကွေးစေနိုင်၏။

ဆိုရလျှင် အရေအတွက်ထက် အရည်အသွေးကသာ ပိုအရေးကြီးပေသည်။

''မင်းငါရဲ့အတန်းဖော်ကို လှောင်နေတာလား"

ချန်းချောင်က ထိုလူကိုကြည့်၍ ပြောလိုက်သည်။

ထိုလူက ဖန့်ရှင်း၏ အခန်းမှ ရှစ်ရွှိုက် ဖြစ်သည်။

ထိုလူက အစအနောက်သန်သည်ဟု လူသိများသည်။

ထိုလူက အခြားလူများနှင့် ငြင်းခုန်ရခြင်းကို အလွန်ပင် နှစ်သက်သည်ဟုလည်း ကျော်ကြားသည်။

"ဟုတ်တယ်.. ငါသူ့ကိုလှောင်နေတာပဲ.. ငါဘယ်လောက်ပဲ နှေးနှေးပြေးနေပါစေ.. ဒီကြက်ခြေထောက်ထက်တော့ ပိုမြန်မယ်ထင်တာပဲ"

ရှစ်ရွှိုက်က ရယ်မောလိုက်သည်။

"မင်းရန်ဖြစ်ချင်နေတာလား"

ချန်းချောင်က သည်းမခံနိုင်တော့ပေ။

ဆရာယဲ့ ထိတ်လန့်သွားသည်။

ပြိုင်ပွဲစတင်တော့မည့် အချိန်တွင် ပြိုင်ပွဲဝင်များက အချင်းချင်း ငြင်းခုန်နေကြသည် မဟုတ်ပါလား။

ထိုအချိန်တွင် ရှစ်ရွှိုက်က စိန်ခေါ်စကား ဆိုလိုက်သည်။

"ရှစ်ရွှိုက်က လွယ်လွယ်နဲ့ မကြောက်ဘူး.. ငါတို့မှာ ပြိုင်ပွဲဝင် ၁၀ယောက် ရှိတယ်.. ပြိုင်ပွဲမှာအနိုင်ရဖို့က ငါတို့အားလုံးရဲ့စုစုပေါင်းအချိန်တွေ အပေါ် အခြေခံထားပေမဲ့ တစ်ဦးချင်းစီရဲ့ အချိန်ကိုတော့ ငါတို့ မြင်နိုင်ပါသေးတယ်.. ငါသူ့ထက် မြန်မယ် ဆိုတာတော့ သေချာတယ်"

ရှစ်ရွှိုက်က ဝမ်လင်းကို ညွှန်ပြလိုက်သည်။

"ဒီငပိန်ကောင်ကို ကြည့်စမ်း.. အာဟာရချို့တဲ့နေပုံ မပေါ်ဘူးလား.. ဒါက ဈေးပေါတဲ့ သရေစာတွေကို နေ့စဥ်စားသောက်ခြင်းရဲ့ ရလဒ်ပဲ.. ဒီကောင်က အားတိုင်းယားတိုင်း ခေါက်ဆွဲခြောက်တွေပဲ စားနေတာလေ.. သူစားတာက ကျန်းမာရေးနဲ့ မညီညွတ်ဘူး"

ထိုစကားကို ကြားလိုက်ရလျှင် ရှေးဟောင်းစာအုပ်ကြီးက သူ့နှလုံးသားကို ထွင်းဖောက်ခံရသကဲ့သို့ ခံစားလိုက်ရသည်။

"ခေါက်ဆွဲခြောက်စားတာ ဘာမှားနေလို့လဲ.. ခေါက်ဆွဲခြောက်က ဒီကောင့်ကို ဘာလုပ်ဖူးလို့ ဒီလောက်တောင် မုန်းတီးနေရတာလဲ မသိဘူး.. တရားဝင် ကန့်သတ်ထုတ်ဝေတဲ့ ခေါက်ဆွဲခြောက်တွေက ဘယ်လောက် ဈေးကြီးတယ်ဆိုတာ ဒီကောင်မသိသေးဘူး ဖြစ်မယ်"

"မင်းပါးစပ်ကိုပိတ်ထားစမ်း"

တစ်ဖက်တွင်လည်း ဖန့်ရှင်း၏ အမူအယာက ချက်ချင်းပင်အေးစက်စက် ဖြစ်သွားသည်။

"ဟားဟား.. နောက်ကျမှ ငါပြောတာ မမှားဘူးဆိုတာ မင်းတို့တွေ့ရလိမ့်မယ်"

ရှစ်ရွှိုက်က မထိတထိ ထပ်ပြောလိုက်သည်။

ဝမ်လင်းက ဘာမှပြန်မပြောသော်လည်း သူ၏ မျက်နှာအမူအယာက ယခင်ကထက် သိသိသာသာ သုန်မှုန်နေခဲ့သည်။

သူက ရှစ်ရွှိုက်ကို စိုက်ကြည့်လိုက်သည်။

သူ၏အကြည့်က စကားလုံးများစွာထက်ပင် ပိုထိရောက်၏။

ဝမ်လင်းက စကားတစ်ခွန်းမှ မပြောသော်လည်း ပတ်ဝန်းကျင်ရှိလူများက တုန်လှုပ် ခြောက်ခြားသွားကြသည်။

သူတို့က ကျောရိုးကနေ စိမ့်တက်သွားသလို ခံစားလိုက်ရ၏။

ထိုအကြည့်က မီးရှို့သတ်ဖြတ်လိုသောစိတ်ဖြင့် စိုက်ကြည့်နေသကဲ့သို့ပင်။

စင်မြင့်ပေါ်ရှိ ကျိုးရီက ထိုမြင်ကွင်းကြောင့် ကျောင်းရှိ လူတိုင်း တုန်လှုပ်သွားသည်ကို ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။

ကျောင်းအုပ်ကြီးချမ်းက သူ့လက်နှစ်ဖက်ကို အချင်းချင်း ပွတ်တိုက်လိုက်သည်။

"ရာသီဥတုက ထူးဆန်းလိုက်တာ.. ဘာလို့အပူချိန် ရုတ်တရက်ကျသွားတာလဲ.. ဘာလဲကွာ.. ဘာတွေဖြစ်နေတာလဲ.. ဒီကြက်ခြေထောက်ကောင်က ငပျော့ကောင်ဆိုတာ သေချာနေတာပဲ.. ဒါပေမဲ့ ဘာလို့ သူ့အကြည့်က ကျောချမ်းစရာ ဖြစ်နေတာလဲ"

ထိုအဖြစ်အပျက်ကို ရှစ်ရွှိုက်က မည်သို့ပင် တွေးနေပါစေ နားမလည်နိုင်ခဲ့ပေ။

ဖန့်ရှင်းက ဘာမှမပြောတော့ဘဲ သက်ပြင်းကိုချလိုက်သည်။

သူက အတန်းဖော်ရှစ်ရွှိုက်၏ ပုခုံးကိုပုတ်လိုက်ပြီး ပြုံးကာပြောလိုက်သည်။

"မင်းတော့ဒုက္ခရောက်ပြီ"

ဖန့်ရှင်း၏ စကားကြောင့် ရှစ်ရွှိုက် အံ့ဩသွားခဲ့သည်။

ထိုစကား၏ နောက်ကွယ်မှအကြောင်းအရာက ခေါက်ဆွဲခြောက်အကြွပ်ကြော်နှင့် ပတ်သက်သည်ကို ဖန့်ရှင်းနှင့် ကျိုးရီတို့သာ သိခဲ့သည်။

လူတိုင်းအဆင်သင့် ဖြစ်ပြီးနောက်တွင် မီတာတစ်သောင်းလက်ဆင့်ကမ်း ပြိုင်ပွဲက စတင်ခဲ့သည်။

ပထမဆုံး အားကစားသမားက ရှစ်ရွှိုက်ဖြစ်သည်။

ထိုအချိန်တွင် ဒိုင်လူကြီးက သေနက်ကို မိုးပေါ်သို့ မြှောက်ထားလိုက်သည်။

"အသင့်ပြင်''

ထိုစကားကိုကြားလျှင် ရှစ်ရွှိုက်က လေးလံသော အနက်ရောင်သံမဏိဓားကို သူ၏ခေါင်းပေါ်တွင် ပျံဝဲစေရန် ပြုလုပ်လိုက်သည်။

ထိုဓားက ကာယချိန်တွင် သူတို့လေ့ကျင့်ခဲ့သည့် ဝိညာဥ်ဓားထက် များစွာ ပိုမိုလေးလံသည်။

ရှစ်ရွှိုက်အနေဖြင့် သွားများကိုပင် အံကြိတ်လိုက်ရသည်။

"ကိစ္စတွေက ဒီအခြေအနေထိ ရောက်လာမှတော့ ပြန်ဆုတ်လို့မရတော့ဘူး''

သူက ကြွားလုံးထုတ်ခဲ့သည် မဟုတ်လော။

အနည်းဆုံးတော့ သူ့အနေဖြင့် ဤကြက်ခြေထောက်ကောင်ကို အရှုံးမခံနိုင်ပေ။

"ဖောက်"

ဒိုင်လူကြီးက သေနက်ကို မိုးပေါ်သို့ ပစ်လွှတ်လိုက်သည်။

တစ်ပြိုင်နက်ထဲမှာပင် ရှစ်ရွှိုက်က မြားတစ်စင်းကဲ့သို့ ပြေးသွားခဲ့သည်။

ထိုသို့ပြေးသွားနေစဥ် အနက်ရောင်သံမဏိဓားက သူ့ဦးခေါင်းထက်တွင် ရှိနေ၏။

သို့သော် အနက်ရောင်သံမဏိဓားက အလွန် လေးလံသည်မှာ သိသာထင်ရှားသည်။

ရှစ်ရွှိုက်က သူလိုချင်သည့် အမြန်နှုန်းကို မထုတ်ဖော်နိုင်ခဲ့ပေ။

လမ်းတစ်ဝက်မျှသာ ရှိသေးသော်လည်း သူက ချွေးများ ရွှဲစိုနေပြီဖြစ်သည်။

သူရဖူးသမျှ အမြန်ဆုံးပြေးနှုန်းမှာ တစ်ကီလိုမီတာလျှင် စက္ကန့်သုံးဆယ်ကျော် ဖြစ်သည်။

သူက အလွန်လျင်မြန်စွာပင် သတ်မှတ်ထားသော နေရာသို့ရောက်ရှိသွားခဲ့သည်။

ဒုတိယမြောက် အားကစားသမားမှာ ချန်းချောင် ဖြစ်သည်။

ရှစ်ရွှိုက်ထံမှ လက်ဆင့်ကမ်းတုတ်ကို ယူပြီးနောက်တွင် ချန်းချောင်က အနက်ရောင်သံမဏိဓားကို ဆက်လက် ထိန်းချုပ်ကာ ပြေးသွားခဲ့သည်။

ယင်းအချိန်တွင် ရှစ်ရွှိုက်က အသက်ရှူမဝဖြစ်ပြီး လက်နှစ်ဖက်ကို ဒူးပေါ်တွင် တင်ကာ အသက်ကို အငမ်းမရ ရှူရှိုက်နေရသည်။

ထို့နောက် သူက အီလက်ထရောနစ် ဘုတ်ပေါ်သို့ ခေါင်းမော့ကြည့်လိုက်သည်။

"ငါး...စက္ကန့်ငါးဆယ်လား.. ဒါဘယ်လိုဖြစ်နိုင်မှာလဲ"

သူ၏နဂိုစံချိန်ကို လိုက်မမီနိုင်ခဲ့ခြင်းမှာ မနက်ရောင်သံမဏိဓားက အလွန်လေးလံနေခြင်းကြောင့် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူက စက္ကန့် ၅၀ သာ ရရှိခဲ့သောကြောင့်အခြားလူများ၏ အချိန်ကလည်း လုံးဝ ကောင်းမွန်နေမည်မဟုတ်ပေ။

အထူးသဖြင့် ကြက်ခြေထောက်ကောင် ဖြစ်သည်။

ရှစ်ရွှိုက်က ဝမ်လင်းကို ပြင်းထန်စွာ စိုက်ကြည့်နေသော်လည်း ဝမ်လင်းက သတိမပြုမိပေ။

မကြာမီမှာပင် ချန်းချောင်က သတ်မှတ်နေရာသို့ ရောက်လာပြီး တတိယမြောက် အပြေးသမားထံ လက်ဆင့်ကမ်းတုတ်ကိုကမ်းပေးလိုက်သည်။

ရှစ်ရွှိုက်နှင့် မတူဘဲ ချန်းချောင်သည် ဤအနက်ရောင်ဓားကသူမှန်းဆထားသကဲ့သို့ လေးသည်ဟု မထင်ခဲ့ပေ။

သတ်မှတ်နေရာသို့ ရောက်သွားသော်လည်း ချွေးမထွက်သလိုခံစားခဲ့ရသည်။

ထိုအချိန်တွင် ဒိုင်လူကြီးက ရလဒ်ကို စစ်ဆေးနေခဲ့သည်။

လူတိုင်းက အီလက်ထရောနစ်ဘုတ်ပေါ်ကိုသာ အာရုံစိုက်နေကြသည်။

ထို့နောက်တွင် ချန်းချောင်၏အချိန်ကို ချက်ချင်း ကြေညာခဲ့သည်။

"၂၉ စက္ကန့်လား"

"ဘာလဲဟ.. သူ၂၉စက္ကန့်လောက်နဲ့ လုပ်ခဲ့တာလား"

''ဟာ.. ငါက ၂၉ စက္ကန့်နဲ့ လုပ်နိုင်ခဲ့တယ်လား"

သူ့ကိုယ်သူ အံ့ဩသွားသည်။

"မင်းအရမ်းတော်တယ် ချန်းချောင်ရေ"

ဆရာယဲ့က ချန်းချောင်၏ ပုခုံးကို အားရပါးရပုတ်လိုက်ပြီး ရွှင်မြူးစွာဖြင့် ပွေ့ဖက်လိုက်သည်။

ထိုခဏတွင် ဝမ်လင်း၏ ဘေးတွင် ငြိမ်သက်စွာရပ်နေသည့် ဖန့်ရှင်းက အရာအားလုံးကို သိနှင့်နေသည့် အမူအယာဖြင့် ပြုံးပြလိုက်သည်။

"အတန်းဖော်ဝမ်လင်း.. မင်းငါ့ကို နည်းနည်းလောက် ကူညီပေးနိုင်မလား"

ဝမ်လင်း ".........."

ချန်းချောင်တစ်ယောက် အလွန်အားမစိုက်ဘဲ ပြေးလွှားနိုင်အောင် ဝမ်လင်းတစ်ခုခု လုပ်ထားကြောင်း ဖန့်ရှင်း ရိပ်မိခဲ့သည်။

ထိုသို့မဟုတ်လျှင် ချန်းချောင်က ကောင်းကင်ကို အံတုပြီး၂၉စက္ကန့်ကို ရရှိဖို့ မည်သို့မှမဖြစ်နိုင်ပေ။

ဖန့်ရှင်းက စတုတ္ထမြောက် အပြေးသမားဖြစ်ပြီး ဝမ်လင်းကပဉ္စမမြောက် အပြေးသမားဖြစ်သည်။

တတိယမြောက် အပြေးသမားက သာမန်ရလဒ်သာ ရရှိခဲ့သည်။

ထိုလူ၏စံချိန်က မည်မျှပင်ဆိုးရွားနေပါစေ ရှစ်ရွှိုက်ထက် မြန်နေသေးသည်မှာ သေချာသည်။

တတိယအပြေးသမား ပြီးနောက်တွင် တစ်ကျောင်းလုံးက အီလက်ထရောနစ်ဘုတ်ကို မသိစိတ်မှ ကြည့်မိလိုက်ကြသည်။

ဒိုင်လူကြီးက ရလဒ်ကို ကြေညာခဲ့သည်။

၃၅ စက္ကန့်

"ဝေး.."

တစ်ကျောင်းလုံးက အော်ဟစ်လိုက်ကြသည်။

ရှစ်ရွှိုက်"???"

စင်စစ် တတိယအပြေးသမားကို ပေါ့ပေါ့ပါးပါး ပြေးနိုင်စေရန် ဝမ်လင်းက ကူညီပေးထားခြင်း ဖြစ်သည်။

သို့သော်လည်း အစောပိုင်းက ပြေးခဲ့သည့် ရှစ်ရွှိုက်၏စက္ကန့် ၅၀ စံချိန်သည် တကယ်တမ်း ဝမ်လင်းနှင့် ဘာမှမပတ်သက်ခဲ့ပေ။

အထူးသဖြင့် အားကစားပွဲများကို ဝင်နွှဲနေသည့် သူတို့၏စွမ်းဆောင်ရည်သည် ကျောင်းတစ်ခုလုံး၏ ဂုဏ်သတင်းနှင့် သက်ဆိုင်နေသည်။

ထို့ကြောင့် ရှစ်ရွှိုက်ကို သူ၏ မှော်စွမ်းအားဖြင့် အဟန့်အတားလုပ်ရန်မှာ မသင့်လျော်ဟု ဝမ်လင်း ခံစားခဲ့ရသည်။

ထို့ကြောင့် သူက ရှစ်ရွှိုက်ကို ဒုက္ခမပေးခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အခြားသူများ၏ စံချိန်မြင်မားလာအောင် ကူညီပေးနိုင်ခဲ့လျှင် နောက်ဆုံး၌ မျက်နှာပျက်ရမည့်သူမှာ ရှစ်ရွှိုက်ဖြစ်ကြောင်း ဝမ်လင်း ကောင်းစွာသိသည်။

ဤကဲ့သို့ စုန်းပြူးမျိုးကို သင်ခန်းစာမပေးရလျှင် ဝမ်လင်းကသူ့ကိုယ်သူ အာခိမိဒိ အဖြစ် အမှန်တကယ် မှတ်ယူရတော့မည် ဖြစ်သည်။

All Chapters