သတင်းပေးသူ၏လိပ်စာ
Vol. 37 Ch. 555
ထိုညက ဝမ်လင်းအိမ်ပြန်ရောက်သောအခါတွင် ထွင်ထျန်းဟာ၏ အဝါရောင်အသားကပ် လေ့ကျင့်ခန်းဝတ်စုံကို ဉယျာဥ်ထဲရှိ ဝါးခြင်းတောင်းထဲတွင် တွေ့ရသည်။
ထွင်ထျန်းဟာက ဤနှစ်ရက်လုံးလုံး ငွေရောင်လေး ပေးခဲ့သော အခြေခံ ခွေးနည်းစနစ်များကို စဥ်ဆက်မပြတ်ကျင့်ကြံနေခဲ့ပြီး ထိုကျင့်စဥ်နှင့် ပိုရင်းနှီးလာခဲ့သည်။
ဝမ်လင်းတံခါးကို တွန်းဖွင့်လိုက်သောအခါ ထွင်ထျန်းဟာနှင့်ကလေးမလေးသည် ကြမ်းပြင်ပေါ်တွင် ခြေပစ်လက်ပစ်တစ်ပုံစံတည်း လဲလျောင်းနေခဲ့သည်။
ဝမ်လင်း ".........."
"မင်းဘာလုပ်နေတာလဲ"
ထွင်ထျန်းဟာ သက်ပြင်းချလိုက်သည်။
"ကျင့်ကြံရတာ အရမ်းပင်ပန်းတာပဲ"
ကလေးမလေးကလည်း သက်ပြင်းချလိုက်သည်။
"ဒီငတုံးခွေးရဲ့ လေ့ကျင့်ဖော် လုပ်ပေးရတဲ့အတွက် သမီးက ပိုပင်ပန်းတယ်.. သမီးအခု သုံးဘီးဆိုင်ကယ်ပဲ ဖြစ်ချင်တော့တယ်"
ဝမ်လင်းက ထွင်ထျန်းဟာ လေ့ကျင့်နေသော အခြေခံခွေးနည်းစနစ်များသည် သူတော်စင်ခွေး၏ကျမ်းစာထဲမှ ငွေရောင်လေး ထုတ်နုတ်ထားသော ကျင့်စဥ်များ ဖြစ်ကြောင်း သိထားခဲ့သည်။
အားလုံးကို ခြုံငုံပြောရလျှင် ဤကျင့်စဥ်က သူတော်စင်ခွေးကိုယ်တိုင် ဖန်တီးထားသော ကျင့်စဥ်များ ဖြစ်၍ ကျင့်ကြံရန်လွယ်ကူမည်မှာ သေချာသည်။
ပထမကျင့်စဥ်နှစ်ခုက အဆင့်၄တွင် ဖြစ်၍ ထွင်ထျန်းဟာနားလည်နိုင်သော်လည်း နောက်ဆုံးကျင့်စဉ်၅ခုသည် ထွင်ထျန်းဟာအတွက် နားလည်ရန် ပိုခက်ခဲမည် ဖြစ်သည်။
ဝမ်လင်းက ဤရက်ထဲတွင် အချိန်တစ်ခုကို သီးသန့်ဖယ်၍ ထွင်ထျန်းဟာ၏ ကျင့်စဉ်ကို မွမ်းမံပေးရန် စဥ်းစားခဲ့သည်။
ရိုးရှင်းစွာပြောရလျှင် သူတော်စင်ခွေး ဖန်တီးထားသည့် ဤကျင့်စဉ်သည် အလွန်ပင် အံ့ဩစရာကောင်းသည်။
ခန္ဓာကိုယ်နှင့် ပတ်သက်သည့် ကျင့်စဉ်က ပုံမှန်ကျင့်စဥ်များနှင့် နှိုင်းယှဥ်လျှင် ကွဲပြားသည်။
ထွင်ထျန်းဟာ၏ အခြေခံခွေးနည်းစနစ်ကျင့်စဥ် ၇ မျိုးတွင် ပထမကျင့်စဥ် နှစ်ခုမှာ အဆင့် ၄ ကျင့်စဉ်များ ဖြစ်ပြီး နောက်ဆုံး ၅ ခုမှာ အဆင့်၅ ကျင့်စဥ်များ ဖြစ်သည်။
ထွင်ထျန်းဟာက ထိုကျင့်စဥ်အားလုံးကို ကျွမ်းကျင်လျှင် သူထုတ်သုံးသည့် စွမ်းအားသည် အဆင့် ၈ မှော်စွမ်းရည်ထက် လုံးဝ အားနည်းတော့မည် မဟုတ်ပေ။
ထွင်ထျန်းဟာက ကြမ်းပြင်ပေါ်တွင် အလွန်ပင်ပန်းနွမ်းနယ်စွာ လှဲနေခဲ့သည်။
ထွင်ထျန်းဟာ၏ ဘဝသည် အမှန်တကယ် ကွဲပြားသွားပြီဖြစ်ကြောင်း ဝမ်လင်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။
အားလုံးကိုခြုံငုံ၍ပြောရလျှင် သူတော်စင်ခွေး ဖန်တီးထားသည့် ခွေးကျင့်စဥ်သည် ဝိညာဉ်သားရဲများ၏ ဝိသေသ လက္ခဏာများကို သေသေချာချာ ထည့်သွင်းစဥ်းစားဖန်တီးထားခြင်း ဖြစ်သည်။
ကျင့်စဉ်ကို ခွေးများအတွက် သီးသန့်ဖန်တီးထားခြင်း ဆိုလည်း မမှားပေ။
သွေးကြောများကို ဖြတ်သန်းစီးဆင်းသည့် ဝိညာဉ်စွမ်းအင်စနစ်ကိုလည်း ဝိညာဉ်ခွေး၏ ခန္ဓာကိုယ်ပေါ်တွင် အခြေခံထားသည်။
အကြိမ်ကြိမ် လေ့ကျင့်ပြီးနောက်တွင် ထွင်ထျန်းဟာ၏ ဝိညာဉ် နှင့် ခန္ဓာကိုယ်သည် ပို၍ လိုက်လျောညီထွေ ရှိလာသည်။
အခြေခံခွေးနည်းစနစ်ကို ကျင့်ကြံပြီးနောက်တွင် အစောပိုင်းက ပိတ်ဆို့နေသော ထွင်ထျန်းဟာ၏ သွေးကြောများသည် အတားအဆီး သိသိသာသာ နည်းပါးသွားခဲ့သည်။
သို့သော် အခြေခံခွေးနည်းစနစ်ကို ကျင့်ကြံရာတွင် ထွင်ထျန်းဟာအနေဖြင့် အာရုံစိုက်ရမည့် အရာတစ်ခုရှိကြောင်း ငွေရောင်လေး ပြောခဲ့ဖူးသည်ကို ဝမ်လင်း သတိရမိသည်။
သို့သော် နှစ်များစွာ ကုန်လွန်သွားခဲ့ပြီဖြစ်၍ ငွေရောင်လေးကထိုအချက်ကို ဘာမှန်းပင် မမှတ်မိတော့ချေ။
မည်သို့ပင်ဖြစ်စေ ထွင်ထျန်းဟာ၏ လက်ရှိကျင့်ကြံခြင်းအရ ဤခွေးနည်းစနစ်နှင့် အဆင်ပြေနေပုံရပြီး မည်သည့် ပြဿနာမှလည််း မကြုံတွေ့ရသေးပေ။
ခရိုင်အားကစားပွဲက တစ်ဝက်တစ်ပျက် အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။
ဆေးဘောလုံးပွဲနှင့် စိတ်ဝိညာဉ်အိမ်မွေးတိရိစ္ဆာန်များ၏ တိုက်ပွဲသည် ကြာသပတေးနေ့တွင် ပြုလုပ်မည် ဖြစ်သည်။
ပြိုင်ပွဲနှစ်မျိုးကို တစ်ချိန်တည်းတွင် ကျင်းပမည် ဖြစ်သည်။
အားကစားပွဲပြီးလျှင် ခဏလောက် အနားယူမည်ဟု ဝမ်လင်းဆုံးဖြတ်ထားသည်။
ကျောင်းစတက်စဥ် ကတည်းက ရေတွက်လျှင် ၁၃ ပတ်မြောက်ရှိပြီ ဖြစ်သည်။
ဤအချိန်ကာလ အတွင်း လူဘယ်နှစ်ယောက်ကို ထောင်ထဲပို့လိုက်မှန်း မမှတ်မိတော့ပေ။
သူ့စိတ်များက အလွန်ပင်ပန်းနေပြီ ဖြစ်သည်။
သူက Grade 1ကျောင်းသားသာ ဖြစ်သော်လည်း ငြိမ်းချမ်းသောနေ့ရက်များ မရှိခဲ့ပေ။
သူက အခန်းတံခါးကို တွန်းဖွင့်လိုက်ရာ တစ်စုံတစ်ယောက်က သူ့ကုတင်ပေါ်တွင် အမှန်တကယ် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။
"လင်းလေး.. မင်းပြန်လာပြီလား"
ဝမ်လင်း "???"
"ဒီကောင်က ဒီကိုဘယ်လိုရောက်နေတာလဲ''
ဝမ်လင်း၏ နောက်ဘက်ရှိ ထွင်ထျန်းဟာကလည်း အံ့အားသင့်နေခဲ့သည်။
"နောက်ဆုံးအကြိမ် အိမ်လာလည်တုန်းက မင်းကို အပြင်ပေးမထွက်တော့ဘူးလို့ ဥက္ကဌချီ ပြောထားတယ် မဟုတ်လား"
"ဟုတ်တယ်လေ.. ငါ့ညီလေးကို နေ့တိုင်း မတွေ့ရတော့ လွမ်းနေတာပေါ့.. မင်းတစ်ရက် မရှိတာက သုံးရာသီလောက် ကြာသလိုပဲ"
ဝမ်လင်းနှင့်ထွင်ထျန်းဟာ ".........."
ဝမ်မင်က ကုတင်ပေါ်မှ ထလိုက်ပြီး ခြေချိတ်ထိုင်လိုက်သည်။
"ဒီနေ့ငါ ဘာကွဲပြားနေလဲ မင်းတို့သတိထားမိလား''
ဝမ်လင်းက လက်တစ်ဖက်ကို ဆန့်ထုတ်၍ ဝမ်မင်၏ခန္ဓာကိုယ်ကို ထိကိုင်ကာ စစ်ဆေးကြည့်လိုက်သည်။
"စိတ်အာရုံမြင်ကွင်းတစ်ခုလား''
ဝမ်လင်း မျက်မှောက်ကြုတ်လိုက်သည်။
"ဒါက အဝေးထိန်းစိတ်အာရုံမြင်ကွင်း နည်းစနစ်ပါ"
ဝမ်မင်က လက်ပိုက်လျက် ဂုဏ်ယူစွာ ပြောလိုက်သည်။
"တကယ်တော့ ဥက္ကဌချီ ငါ့ကို အပြင်ထွက်ခွင့် ပိတ်ပင်လိုက်တဲ့အချိန်ကစပြီး ငါဒါကို သုတေသန လုပ်နေခဲ့တာပဲ..ဒီနည်းပညာက အဓိကအားဖြင့် စိတ်နဲ့ထိန်းချုပ်ရတယ်.. လက်ရှိငါသွားလာနိုင်တဲ့ အဝေးဆုံး အကွာအဝေးက စုန့်ဟိုင်မြို့ တစ်ခုလုံးပဲ.. ဘာလို့ဒီလောက်ပဲ သွားနိုင်သေးတာလဲ ဆိုတော့ ငါနောက်ဆုံးလုပ်ထားတဲ့ စိတ်အာရုံမြင်ကွင်း ချပ်စ်ပြားက သေးလွန်းနေတာကြောင့်ပဲ.. ပြောရရင် ဒါက ငါ့ရဲ့ ကနဦးစမ်းသပ်ချက်ပဲ ရှိပါသေးတယ်.. အောင်မြင်လား မအောင်မြင်လားဆိုတာကတော့ ငါလည်း သေချာမသိသေးဘူး..
"အဲလောက် အကွာအဝေးကိုတောင် လွှမ်းခြုံနိုင်တာလား"
ထွင်ထျန်းဟာက ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
''ဒါဆို စုန့်ဟိုင်မြို့ထဲမှာ မင်းကြိုက်တဲ့နေရာကို အချိန်မရွေးသွားလို့ရတာပေါ့"
ဝမ်မင် "ငါတို့နိုင်ငံရဲ့ ကောင်းကင်ဂြိုဟ်တုအကြောင်း မင်းသိတယ် မဟုတ်လား.. လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဂြိုဟ်တုရဲ့အစိတ်အပိုင်းတွေကို အစားထိုးဖို့အတွက် ငါ့ကို တာဝန်ပေးခဲ့တယ်.. အဲဒီဂြိုဟ်တုမှာ ငါ့ရဲ့ စိတ်အာရုံမြင်ကွင်း ချပ်စ်ပြားလေးတွေကို ငါစိုက်ထားခဲ့တယ်လေ"
ထွင်ထျန်းဟာ ".........."
ဝမ်လင်း ".........."
"ဒီဂြိုဟ်တုရဲ့ကျေးဇူးကြောင့် ငါက စုန့်ဟိုင်တစ်မြို့လုံးကိုစိတ်ကြိုက်သွားလာနိုင်တာပေါ့"
ဝမ်မင်က လေထဲတွင် ပျံဝဲချင်သည့် သူ၏စိတ်ကူးကို ပုံဖော်နိုင်ခဲ့သည်။
"ကုတင်ပေါ်မှာ လှဲအိပ်နေခဲ့ရင်တောင် လေထဲ လွင့်မျောနေသလို ခံစားနေရတယ်.. ပရိုဂရမ်ရဲ့ မုဒ်အရ ဘယ်အရာဝတ္ထုကိုမှ မထိကိုင်နိုင်တာ နှမျောစရာပဲ"
ထွင်ထျန်းဟာ၏ နှုတ်ခမ်းထောင့်က လှုပ်ရမ်းသွားသည်။
"မင်းက ပစ္စည်းတွေကိုတောင် ကိုင်ချင်သေးတာလား"
"ဒါကမဖြစ်နိုင်တာတော့ မဟုတ်ဘူး"
ဝမ်မင်က ဆိုလိုက်သည်။
"ငါတို့နိုင်ငံရဲ့ မှော်ရတနာအသိစိတ် နည်းပညာက အတော်လေး အဆင့်မြင့်နေပါပြီ.. မကြာမီ အချိန်အတွင်းမှာ မှော်ရတနာကို လူတစ်ဦးရဲ့ အသိစိတ်နဲ့ ချိတ်ဆက်နိုင်တော့မယ်.. သီအိုရီအရ အတိုင်းအတာ တစ်ခုအထိ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုလုံး ရုပ်လုံးပေါ်လာစေဖို့အတွက် ဝိညာဉ် စွမ်းအင် အစိတ်အပိုင်းတစ်ခုနဲ့ ပေါင်းစပ်ရမယ်..ဒါပေမဲ့ ဒီနည်းပညာက စမ်းသပ်ဆဲအဆင့်ပဲ ရှိပါသေးတယ်"
ထွင်ထျန်းဟာက ပေါ့ပေါ့ပါးပါးသာ မေးခဲ့သော်လည်း ဝမ်မင်က တုန်လှုပ်ခြောက်ခြားစေသည့် အဖြေကိုပေးမည်ဟု မမျှော်လင့်ခဲ့ပေ။
စိတ်အားထက်သန်သော သိပ္ပံပညာရှင်များသည် သိပ္ပံနည်းကျသုတေသနပြုခြင်းဆိုင်ရာ အကြောင်းအရာများကို ပြောဆိုလေလေ ပိုမို စိတ်လှုပ်ရှားလေလေ ဖြစ်သည်။
ဖေဖေဝမ်နှင့် မေမေဝမ်က ဝမ်မင် ဤနေရာသို့ ရောက်လာမည်ဟု မမျှော်လင့်ခဲ့ပေ။
အကြောင်းအရင်းမှာ ဝမ်မင်က ဝမ်လင်း၏ အခန်းထဲသို့တိုက်ရိုက် ရောက်လာခဲ့ခြင်းကြောင့် ဖြစ်သည်။
ဤနည်းပညာက အလွန်ကြောက်မက်ဖွယ် ကောင်းပြီး ဝမ်မင်ပြောဆိုသည့်အရာသာ လက်တွေ့ဖြစ်လာခဲ့လျှင် သီအိုရီအရ စုန့်ဟိုင်မြို့အတွင်း မည်သည့်နေရာကိုမဆို သွားလာရန်အတွက် တွေးခေါ်လိုက်ရုံသာ ဖြစ်သည်။
ဤနည်းပညာသတင်းသာ ပေါက်ကြားသွားခဲ့လျှင် တစ်နိုင်ငံလုံး အုံးအုံးကျွက်ကျွက် ဖြစ်သွားမည်မှာ သေချာ၏။
ထို့ကြောင့် ဝမ်မင်က ဤအဝေးထိန်းစိတ်အာရုံမြင်ကွင်း နည်းပညာကို လွယ်လွယ်ကူကူ အသုံးမပြုခဲ့ပေ။
ထိုခဏတွင် ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍ မေးခွန်းထုတ်လိုက်သည်။
"မင်းဒီနေ့ရောက်လာတာ ဒီနည်းပညာကို ပြသဖို့အတွက်လား"
"အိုး.. မဟုတ်ပါဘူး"
ဝမ်မင်က ယဲ့ယဲ့လေး ပြုံးလိုက်သည်။
"ငါမင်းကို လူကိုယ်တိုင် ပြောပြချင်တာလေးရှိလို့ ရောက်လာခဲ့တာပါ.. မင်းအရင်က ကျင့်ကြံခြင်းဖိုရမ်ရဲ့ သတင်းပေးသူလိပ်စာကို စုံစမ်းခိုင်းထားတယ် မဟုတ်လား"
"မင်းစုံစမ်းခဲ့ပြီလား"
ဝမ်လင်းက အလွန်ပင် သိချင်နေခဲ့သည်။
"ဒီကောင်က တော်တော်လေး ဉာဏ်ကောင်းတယ်လို့ ပြောရမယ်.. သူ့ရဲ့တည်နေရာ ကိုဩဒိနိတ် အမှတ်တွေကို လုံခြုံရေးအလွှာများစွာနဲ့ ဖုံးကွယ်ထားခဲ့တယ်.. သာမန်လူဆိုရင် ဘယ်လိုမှ ဖြေရှင်းနိုင်မှာမဟုတ်ဘူး.. ငါတောင်မှ ကောင်းကင်ဂြိုဟ်တုရဲ့ ဒေတာတွေကို သုံးပြီး တွက်ချက်မှုတွေ ပြုလုပ်ခဲ့ရတယ်"
ထိုစကားကို ပြောပြီးနောက်တွင် ဝမ်မင်က ဝမ်လင်းကိုလေးနက်စွာ စိုက်ကြည့်လိုက်သည်။
"ဒီလူက သာမန်လူ လုံးဝမဟုတ်ဘူး.. ဥက္ကဌချီက လွဲရင် သူ့ရဲ့နည်းပညာ ကျွမ်းကျင်မှုက ငါတွေ့ဖူးသမျှထဲမှာ အတော်ဆုံးလို့တောင် ပြောလို့ရတယ်.. ဗုံးပစ်စီနီယာ ပြောသလိုပဲ.. ဒီလူက သိုသိုသိပ်သိပ်နေတဲ့ ဘော့စ်တစ်ယောက် ဖြစ်နေမှာကို ငါကြောက်မိတယ်.. လင်းလင်းလေး.. မင်းအထူး ဂရုစိုက်ရမယ်နော်"
ဝမ်လင်း မျက်မှောင်ကြုတ်လိုက်သည်။
"တည်နေရာက ဘယ်နေရာလဲ"
ထွင်ထျန်းဟာ မေးလိုက်သည်။
"ငါဒီလူရဲ့ အွန်လိုင်းမှာ တင်ထားသမျှ အရာအားလုံးကို ခြေရာခံခဲ့တယ်.. နောက်ဆုံးတော့ အချက်အလက် အားလုံးကလိပ်စာတစ်ခုတည်းဆီကိုပဲ ညွှန်ပြနေတယ်.. စိတ်ဝင်စားဖို့ကောင်းတာက သူက တစ်နေရာတည်းကနေ ပို့စ်တွေကို အမြဲတင်နေတာပဲ.. ဒါက သူ့ရဲ့ ကာကွယ်ရေး အစီအမံတွေကို အတော်လေး ယုံကြည်မှုရှိတဲ့ လက္ခဏာပဲ.. သူ့တည်နေရာကိုဘယ်သူမှ ခြေရာခံနိုင်မယ်လို့ သူထည့်တွက်ထားပုံမရဘူး.. ဒါထက် အရေးကြီးတာက မင်းနဲ့ လင်းလေးတို့ နှစ်ယောက်စလုံးက ဒီနေရာနဲ့ အရမ်းကို ရင်းနှီးနေကြတယ်"
ထွင်ထျန်းဟာ "အဲဒီနေရာက ဘယ်နေရာလဲ"
ဝမ်မင်က တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။
"အမှတ် ၆၀ အထက်တန်းကျောင်း''