ဥက္ကဌချီ ဆေးရုံတင်ရခြင်း
Vol. 38 Ch. 556
"ထပ်ပြီးတော့အမှတ် ၆၀ အထက်တန်းကျောင်းပဲလား"
ဝမ်မင်က အဖြေကို ထုတ်ဖော်လိုက်သောအခါ ထွင်ထျန်းဟာ၏ မျက်လုံးထောင့်က ပြင်းထန်စွာ လှုပ်ရမ်းသွားသည်။
ထွင်ထျန်းဟာက အမှတ်၆၀ အထက်တန်းကျောင်းတွင် ရှိစဥ် သူကြားခဲ့ရဖူးသော ရယ်မောသံကို ပြန်အမှတ်ရမိသည်။
စင်စစ် အမှတ်၆၀အထက်တန်းကျောင်းသည် မှော်ဆန်သောနေရာ ဖြစ်သည်။
ဆရာ့ဆရာကြီးများ အားလုံး ဤနေရာတွင် စုပြုံနေသည်ဟုပင် ဆိုနိုင်၏။
တံခါးစောင့် ဦးလေးလီ၊ သင်ကြားရေး ရှေ့ဆောင်ဆရာမဖန်၊ ကြောက်စရာကောင်းသော စာကြည့်တိုက်မှူး၊ အနက်ရောင် ဟင်းလျာများကို ချက်ပြုတ်သောအမေကျွမ့်၊ မော်ကွန်းဝင် အဆင့် လုပ်ကြံသတ်ဖြတ်သူ ရှေးဟောင်းစာအုပ်ကြီး ဆရာဝမ်၊ ထို့ပြင် နည်းပညာတွင် ဆရာသခင် အဆင့်သို့ ရောက်နေသည့်တစ်စုံတစ်ယောက် ရှိနေပြန်သည်။
"ဒီလူကညဘယ်သူများလဲ"
"သူက အပတ်စဉ် သူသတ်မှတ်ထားတဲ့အချိန်မှာ သတင်းတွေကို အတိအကျ ထုတ်ပြန်လေ့ရှိတယ်.. အချိန်ကတော့ကြာသပတေး နေ့တိုင်းရဲ့ နေ့လည် ၂နာရီ.. တည်နေရာကတော့ မင်းတို့ကျောင်းက ကွန်ပျူတာခန်းပဲ.. ငါရရှိထားတဲ့အချက်အလက်အရာဆိုရင် ဒီလူက ကျောင်းသားဟုတ်ရင်ဟုတ်.. မဟုတ်ရင် ဆရာတစ်ယောက် ဖြစ်နိုင်တယ်"
ဝမ်မင်က သူ့ကိုယ်ပိုင်ထင်မြင်ချက်ကို တင်ပြလိုက်သည်။
"ဒါ့အပြင် ဒီလူက တစ်ချိန်လုံး ကွန်ပျူတာကိုပဲ သုံးနေတယ်ဆိုတာ ငါသေချာပေါက် ပြောနိုင်တယ်"
"ကြာသပတေးနေ့တိုင်းရဲ့ နေ့လည် ၂နာရီလား''
ဝမ်လင်းက သူ့မေးစေ့ကိုပွတ်သပ်ရင်း စဉ်းစားလိုက်သည်။
ထိုအချိန်က သူတို့၏ ကွန်ပျူတာသင်ခန်းစာအချိန် ဖြစ်သည်။
သို့သော် ကွန်ပျူတာအတန်းချိန်များသည် တစ်ခန်းနှင့်တစ်ခန်း အနည်းငယ်ကွဲပြားကြသည်။
ဆိုရလျှင် ကြာသပတေးနေ့၏ နေ့လည် ၂နာရီတွင် ကွန်ပျူတာကို အသုံးပြုသည့်အခန်းမှာ စုစုပေါင်းအခန်း ၄ခန်းသာ ရှိသည်။
ပုံမှန်အခန်း ၂ခန်း နှင့် လက်ရွေးစင် အခန်း ၂ခန်း။
ထို့ကြောင့် ဤအခန်း ၄ခန်းမှ ကျောင်းသား ၉၀ကျော်သည်သံသယရှိသူ စာရင်းတွင် ပါဝင်နေပြီ ဖြစ်သည်။
ထို့ပြင် ကွန်ပျူတာအတန်းချိန်ကို သင်ကြားပေးသောာဆရာ ၄ဦးကိုလည်း ချန်ထား၍ လုံးဝမဖြစ်ပေ။
ဥပမာအနေဖြင့် ပြရလျှင် ရှေးဟောင်းစာအုပ်ကြီးကို ပြရမည်ဖြစ်သည်။
"ငါအဝေးထိန်း စိတ်အာရုံနည်းပညာနဲ့ ဒီနေရာကို ရောက်လာတာက အဲဒီအကြောင်းကို အသိပေးဖို့ပဲ.. ဘာပဲဖြစ်ဖြစ်လင်းလေး.. မင်းသတိထားရမယ်.. ဒီလူက သာမန်လူ မဟုတ်ဘူးလို့ ငါခံစားရတယ်"
ဝမ်မင်က ပြောလိုက်သည်။
ဤလျှို့ဝှက်ဆန်းကြယ် သတင်းပေးသူ၏ တည်နေရာကို အတိအကျ ရှာဖွေဖော်ထုတ်ပြီးနောက်တွင် သူက ခိုင်မာသောဆန္ဒတစ်ခု ရှိခဲ့သည်။
ထိုလူက မိတ်ဆွေလား ရန်သူလား မပြောနိုင်သဖြင့် ဝမ်လင်းကို သတိပေးရန် ဖြစ်သည်။
ထူးဆန်းသည်မှာ ဝမ်လင်းသည် ကျောင်းသို့ စတက်ကတည်းက Grade 1ကျောင်းသားများ၏ အထောက်အထားများကို သူကိုယ်တိုင် သေချာစစ်ဆေးခဲ့သည်။
ဟွာကော ရေတံခွန်အုပ်စုမှ စွန်းရုံမှလွဲလျှင် ကျန်လူများမှာသာမန် နောက်ခံနှင့် ဘဝအတွေ့အကြုံ ရှိသောသူများသာဖြစ်သည်။
အကယ်၍ ဤသတင်းပေးသူက ဝမ်လင်း၏ အတန်းဖော်များထဲမှ ဖြစ်နေလျှင် ဤလူက အလွန်ပင် လိမ္မာပါးနပ်ပြီး သတိထားရမည့်သူ ဖြစ်ကြောင်း သက်သေပြနေ၏။
ဝမ်မင်က Grade 1ကျောင်းသားများ၏ အချက်အလက်အားလုံးကို စစ်ဆေးရန်အတွက် သုတေသနဌာန၏ တရားဝင်ဒေတာဘေ့စ်ကို အသုံးပေးပြုရန် ဥက္ကဌချီကို တောင်းဆိုခဲ့သည်။
သူက ကျောင်းသားများ၏အမည်၊ အရပ်အမြင့်၊ လိင်အမျိုးအစားအပြင် အချက်အလက်များကို အသေးစိတ် စစ်ဆေးခဲ့သည်။
သို့တိုင် ထူးခြားသော နောက်ခံရှိသူကို သတိမထားမိခဲ့ပေ။
"ဟို.. တစ်ယောက်တော့ ရှိတယ်ဟ"
သူက ဝမ်လင်း၏အတန်းထဲတွင် ကော်ဟောက် ဆိုသည့် ကျောင်းသားတစ်ယောက် ရှိသည်ကို ရုတ်တရက် သတိရသွားသည်။
ထိုကျောင်းသားထံတွင် မထင်မှတ်လောက်သည်ာအထိ ဆွေမျိုးအများအပြား ရှိနေသည်။
ဤအချက်မှလွဲလျှင် ကျန်အရာအားလုံးသည် အမှန်တကယ် သာမန်သာ ဖြစ်သည်။
ထိုခဏတွင် ဝမ်မင်က ရုတ်တရက် အမူအရာ ပြောင်းလဲသွားခဲ့သည်။
"ပေါက်တက်ကရတွေ စားတာကိုး"
ဝမ်မင်၏ပါးစပ်ကနေ ထိုသို့ ရေရွတ်လိုက်သော အသံကို ဝမ်လင်းတို့ နှစ်ယောက်က အတိုင်းသား ကြားလိုက်ရသည်။
ဝမ်လင်း "???"
ထွင်ထျန်းဟာ "ဘာတွေမှားယွင်းနေလို့လဲ"
"ငါပြန်ရတော့မယ်.. ဥက္ကဌချီက ဆေးရုံမှာ ရောက်နေတယ်လို့ ငါ့ရဲ့ မူလခန္ဓာကိုယ်ကနေ သတင်းရတယ်"
"ဥက္ကဌချီက ဆေးရုံမှာလား"
ထိုသတင်းကြောင့် ထွင်ထျန်းဟာ၏ မျက်လုံးထောင့်က လှုပ်ရမ်းသွားသည်။
"ဥက္ကဌချီက ဗိုလ်ချုပ် ၁၀ယောက်ထဲက တစ်ယောက် မဟုတ်ဘူးလား.. ဗိုလ်ချုပ် ၁၀ယောက်လုံးက ပကတိအင်မော်တယ်အဆင့်မှာ ရှိနေတာလေ.. သူက ဘယ်လိုလုပ် ဆေးရုံတက်ရမှာလဲ"
ထွင်ထျန်းဟာ၏ မေးခွန်းကိုကြားလျှင် ဝမ်မင်က ရယ်ရမလား ငိုရမလား မသိတော့ပေ။
"သူက ကျိုက်ယန် ချက်ထားတဲ့ နဂါးဝက်သားဟင်းကို စားမိသွားတယ်လေ"
ဝမ်လင်းနှင့်ထွင်ထျန်းဟာ ".........."
"ကျိုက်ယန်ရဲ့ နဂါးဝက်သားဟင်းကို စားချင်ရင် သူ့ဗိုက်ကိုဝိညာဉ်စွမ်းအင်နဲ့ အရင်ဆုံး ကာကွယ်ရမယ်လို့ ငါသူ့ကိုရှင်းရှင်းလင်းလင်း အသိပေးထားပြီးသားပါ"
ဝမ်မင်က သူ့နဖူးကို သူ့လက်ဖြင့် ပြန်ရိုက်လိုက်သည်။
"ကျိုက်ယန်ရဲ့ နဂါးဝက်သားတုံးတွေကို အစုလိုက်အပြုံလိုက်ဖျက်စီးပစ်နိုင်တဲ့ လက်နက်လို့တောင် သက်မှတ်လို့ရနေပြီ"
"နောက်ဆုံးအကြိမ်က ကျိုက်ယန်ကို ဓာတ်ခွဲခန်းမှာ ဟင်းချက်ခွင့်မပြုဘူးလို့ ဥက္ကဌချီက တားမြစ်ခဲ့တယ် မဟုတ်လား"
ထွင်ထျန်းဟာက မေးလိုက်သည်။
"ဟုတ်တယ်လေ.. သူမက ဓာတ်ခွဲခန်းမှာ မချက်ပြုတ်တော့ဘူး.. ဒီတစ်ခါတော့ ကျိုက်ယန်က အပြင်ကနေ ချက်ပြီးထည့်ပေးလိုက်တာပဲ.. နောက်ဆုံးတစ်ခေါက်က အဒေါ်ရဲ့ ညွှန်ကြားချက်ကို နားထောင်ပြီးတဲ့အခါမှာ သူမ ချက်ထားတဲ့နဂါးဝက်သားဟင်းက တကယ်ကို ကြည့်လို့ ကောင်းလာတယ်.. အရင်ကလို အနက်ရောင် မဟုတ်ဘဲ ရွှေဝါရောင်တွေဖြစ်လာခဲ့ပြီ.. အရောင်က အရမ်းဆွဲဆောင်မှုရှိပေမဲ့ အတွင်းပိုင်းမှာတော့ ကျိချွဲနေပြီး တကယ်ကို မသတီစရာပဲ"
"မင်းရောမစားဘူးလား"
"ငါစားပြီးလို့ ဒုက္ခတောင် ရောက်ပြီးသွားပြီ.. ငါအခု ကျိက်ယန် ချက်တာတွေ မစားတော့ဘူးလေ.. ငါဆန်ပြုတ်စားတာတောင် နှစ်ရက်ရှိနေပြီ.. သူချက်တာကို မစားတာက ပိုကောင်းပါတယ်"
ဟင်းပွဲအကြောင်းကို စဉ်းစားရင်း ဝမ်မင်က ချွေးများစို့လာသည်။
"ဒီလိုမှမဟုတ်ရင် မင်းငါ့ကို နောက်တစ်ခါ တွေ့ချင်ရင် သင်္ချိုင်းကုန်းမှာ လာတွေ့ရလိမ့်မယ်''
ဝမ်လင်းနှင့်ထွင်ထျန်းဟာ ".........."
"ဒါပေမဲ့ အရသာက မဆိုးရွားဘူးမဟုတ်လား"
ထွင်ထျန်းဟာက အနည်းငယ်သံသယရှိသော လေသံဖြင့် မေးလိုက်သည်။
"ကျိုက်ယန်ရဲ့ဟင်းက တကယ်ပဲ သေစေနိုင်လို့လား"
"မင်းနားမလည်သေးပါဘူး.. သူမရဲ့ဟင်းက အရမ်းကြောက်ဖို့ကောင်းတယ်.. ပထမတော့ ကျိုက်ယန် ချက်ပြုတ်ထားတဲ့ ဘယ်ဟင်းမဆို ပေါက်ကရတွေ ဖြစ်နေတာမို့ ဘယ်သူမှ မစားရဲကြဘူး.. အဒေါ်နဲ့ တိုင်ပင်ဆွေးနွေးပြီးတဲ့ နောက်ပိုင်းမှာ သူမချက်တဲ့ ဟင်းတွေက လုံးဝကို ကောင်းတယ်.. စားသောက်ဆိုင်မှာ သွားစားတဲ့ပုံစံအတိုင်းပဲ.. ဒါပေမဲ့ ကျိုက်ယန် ချက်ပြုတ်ထားတဲ့အစားအစာက ပိုဆွဲဆောင်မှုရှိလေ ပိုအဆိပ်ပြင်းလေပဲ.. ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတော့ ပကတိအင်မော်တယ်တောင် ဆေးရုံတက်ရတယ် ဆိုတာကိုပဲ ကြည့်ပေတော့.. သူ့ရဲ့ဟင်းက ဓာတုလက်နက်အဆင့်လိုတောင် တင်စားရမလို ဖြစ်နေပြီ"
ဝမ်လင်းနှင့်ထွင်ထျန်းဟာ ".........."
စာသင်နှစ်၏ ၁၃ပတ်မြောက်သည် ဇူလိုင်လ ၁၉ရက် ဗုဒ္ဓဟူးနေ့ ဖြစ်သည်။
ဝမ်လင်းက မနက်ခင်းအပြင်ထွက်သောအခါ.ဝမ်မင်ထံမှ မက်ဆေ့တစ်စောင် လက်ခံရရှိခဲ့သည်။
ဥက္ကဌချီက ဗိုက်အောင့်၍ ဆေးရုံတက်ခဲ့ရသော်လည်း ကြီးကြီးမားမား ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ပေ။
ထိုနေ့က ဥက္ကဌချီ သတိလက်လွတ်ဖြစ်ကာ အစားတစ်လုတ်အတွက်နှင့် ဗျာများခဲ့ရသည်။
ဤအဖြစ်အပျက်အပြီးတွင် ဥက္ကဌချီက သင်ခန်းစာတစ်ခုရခဲ့သည်။
ယခုအချိန်ကစပြီး ကျိုက်ယန်၏ အစားအသောက်များ မည်မျှပင် ဆွဲဆောင်မှုရှိနေပါစေ သူလုံးဝစားတော့မည် မဟုတ်ပေ။
"မဟုတ်ဘူး.. လုံးဝမဟုတ်ဘူး.. အခုကစပြီး ဒီလိုဟင်းမျိုးတွေ ယူလာခွင့်ပြုမှာ မဟုတ်ဘူး"
ထို့နောက်တွင် သူကဘကျိုက်ယန်ကို မည်သည့်နေရာတွင်မဆို ချက်ပြုတ်ခွင့်ကို ပိတ်ပင်လိုက်သည်။
ဝမ်မင်၏အဆိုအရ ကျိုက်ယန်၏ ဟင်းများကို ကျင့်ကြံခြင်းအကယ်ဒမီမှ တားမြစ်ဓာတုအဆိပ်အတောက် အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။
ထို့ပြင် ၎င်း၏သေဆုံးမှုညွှန်းကိန်းသည် အဆင့် ၉သို့ ရောက်ရှိသွားပြီး အဆင့် ၁၀မှ ကောင်းကင်အီလက်ထရစ်ဗုံးထက် တစ်ဆင့်သာ နိမ့်တော့သည်။
အဆုံးသတ်တွင် သူမက ဆရာထက် လက်စောင်းထက်သည့် တပည့်တစ်ယောက် ဖြစ်လာခဲ့သည်။
တစ်နည်းအားဖြင့် အမေကျွမ့်ထက် ကျိုက်ယန်က ပို၍ကြောက်ဖို့ကောင်းသည်ဟု ဝမ်လင်း ထင်မြင်ခဲ့သည်။
အနည်းဆုံးတော့ အမေကျွမ့်၏ ဟင်းလျာများသည် ပကတိအင်မော်တယ်ကို ပြိုလဲသွားအောင် မစွမ်းဆောင်နိုင်ပေ။
အတန်းထဲသို့ ရောက်သောအခါ သူက အိမ်စာများကိုအပ်ပြီး သမိုင်းစာအုပ်ကို စတင်လှန်လှောလိုက်သည်။
ဗုဒ္ဓဟူးနေ့နံနက်၏ ပထမဆုံးအတန်းချိန်က ရှေးဟောင်းစာအုပ်ကြီး၏ သမိုင်းသီအိုရီသင်ခန်းစာချိန် ဖြစ်သည်။
ဝမ်လင်း လက်ရှိတွင် အလွန်စိတ်ဝင်စားနေသောအကြောင်းအရာမှာ ကမ္ဘာခြားဂိတ်တံခါးနှင့် ပတ်သက်သော အကြောင်းအရာ ဖြစ်သည်။
ယနေ့တွင် ရှေးဟောင်းစာအုပ်ကြီးက မည်သည့်အတင်းအဖျင်း အမျိုးအစားကို မျှဝေမည်မှန်း သူမသိခဲ့ပေ။