စိတ်ကြိုက် ပြုလုပ်ပေးဖို့ ထွင်ထျန်းဟာအပ်ထားသော မှော်ရတနာ
Vol. 38 Ch. 558
နတ်ဆိုးသူတော်စင်၏ ဒဏ္ဍာရီသည် အမှန်တကယ်တွင် ကြာမြင့်နေပြီ ဖြစ်သည်။
သို့သော်လည်း ရှေးဟောင်းစာအုပ်ကြီး ပြောခဲ့သည့်အတိုင်းပင်၊ ဤသည်မှာ တက္ကသိုလ်ရှိ အဆင့်မြင့် ဖတ်စာအုပ်များတွင်သာ ကျောင်းသားများ သင်ယူရမည့် အသိပညာဖြစ်သည်။
အထက်တန်းကျောင်းသား အများစုသည် ထိုအကြောင်းအရာကို သိရှိကြမည်မဟုတ်ပေ။
နတ်ဆိုးသူတော်စင် အမှန်တကယ် ရှိခဲ့သည်။
ရှေးဟောင်း စာအုပ်ကြီး၏ အဆိုအရ ဗိုလ်ချုပ် ရီ နှင့် တည်ထောင်သူ ဗိုလ်ချုပ် ကိုးဦးသည် နတ်ဆိုး နတ်ဘုရားများကို အရှင်လတ်လတ် ဖမ်းယူရန် အစီအစဉ် တစ်ရပ်ကို ချမှတ် ခဲ့ပြီး ထိုအစီအစဥ်ကို ခက်ခက်ခဲခဲ အကောင်အထည် ဖော်ခဲ့ရသည်။
"အသက်ရှင်လျက် ဖမ်းမိခဲ့တဲ့ နတ်ဆိုးနတ်ဘုရား သုံးပါးထံကနေ နတ်ဆိုး သူတော်စင် အကြောင်း သိရပြီး မကြာမီမှာ ဒီနတ်ဆိုးနတ်ဘုရားသုံးပါးရဲ့ ခန္ဓာကိုယ်က လူတိုင်း၏ မျက်စိရှေ့မှာ ပြိုကွဲသွားပြီး ပြာမှုန်တွေ အဖြစ် ပျောက်ကွယ်သွားခဲ့တယ်"
"အဲဒီနတ်ဆိုးနတ်ဘုရားတွေ သေသွားပြီလား"
ရှေးဟောင်းစာအုပ်ကြီး၏ ပုံပြင်ကို နားထောင်ရင်း အတန်းထဲမှ ကျောင်းသားအားလုံးက အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။
"ဖြစ်နိုင်ပါတယ်... ငါတို့ သေချာပြောနိုင်တာကတော့ ဒီအရာတွေအားလုံးရဲ့ နောက်ကွယ်မှာ နတ်ဆိုးသူတော်စင် ရှိနေတယ်ဆိုတာပဲ"
ရှေးဟောင်းစာအုပ်ကြီးက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"လူသားကမ္ဘာနဲ့ နတ်ဆိုးကမ္ဘာကို ပေါင်းကူးတံတား အဖြစ် ကမ္ဘာခြားဂိတ် တံခါးပေါက်က ချိတ်ဆက်ပြီးတဲ့ နောက်မှာ လူသား ကျင့်ကြံသူတွေက နတ်ဆိုးမျိုးနွယ်တွေကို သုတေသနပြုလာခဲ့ကြတယ်.. သူတို့တွေရဲ့ စွမ်းအားအရင်းအမြစ်က ငါတို့ရဲ့ ဝိညာဉ်စွမ်းအင်နဲ့ ကွဲပြားတယ်.. ဘယ်လိုနည်းစနစ်ကိုပဲ အသုံးပြုပါစေ.. သူတို့တွေက နတ်ဆိုးလောကရဲ့ နတ်ဆိုးချီကိုပဲ အားကိုးရတယ်"
"သူတို့ စွမ်းအား အရင်းအမြစ်ရဲ့ ပေါင်းစပ်ဖွဲ့စည်းမှုက ငါတို့နဲ့ မတူတဲ့ အတွက်ကြောင့် နတ်ဆိုးမျိုးနွယ်စုရဲ့ စွမ်းအား အမွေအနှစ်ကို ဆက်ခံတဲ့ နည်းလမ်းက လူသားကျင့်ကြံသူတွေနဲ့ ကွဲပြားမှာတော့အမှန်ပဲ"
"နတ်ဆိုးနတ်ဘုရားလို့ ခေါ်တွင်တဲ့ သူတွေက နတ်ဆိုးမျိုးနွယ်စုရဲ့ နောက်ကွယ်က အကြီးမားဆုံး အာဏာရှင်ဖြစ်တဲ့ နတ်ဆိုးသူတော်စင်ကနေ ခန့်အပ်ထားတဲ့ လက်အောက်ငယ်သားတွေ ဖြစ်တယ်"
"နတ်ဆိုးသူတော်စင်က သူတို့နေရာ ဆက်ခံမဲ့သူကို ရှာတွေ့သရွေ့ ကိုယ်ပိုင်နည်းလမ်းနဲ့ အမွေလက်ဆင့်ကမ်းပေးလေ့ရှိတယ်"
"အဲဒီနည်းလမ်းက လူသားတွေနဲ့ အတူတူပဲလား"
မြေပဲလေးက ထပ်မေးလိုက်သည်။
"နည်းနည်းဆင်တူပေမယ့် ကွာခြားချက်တော့ရှိတယ်.. ရှေးခေတ်က အနန္တတန်ခိုးရှင်တွေဟာ သူတို့ရွေးချယ်ထားတဲ့အမွေဆက်ခံမဲ့ တပည့်ကို သူတို့ရဲ့ ဘဝတစ်သက်တာမှာ သင်ယူခဲ့သမျှကို ဝေမျှပေးကြတယ်.. ကိုယ်တိုင်ကိုယ်ကျ သွန်သင်ချက်တွေအပြင် တပည့်ရဲ့ခန္ဓာကိုယ်ထဲမှာ စွမ်းအားအရင်းအမြစ် မြှုပ်နှံကြတယ်.. ဒါက ဆက်ခံသူအတွက် ကျင့်ကြံရမဲ့ အချိန်ကို များစွာ လျော့ကျသွားစေတယ်"
"ဒါပေမဲ့ စစ်မှန်တဲ့ အမွေအနှစ်ကိုတော့ တစ်ကြိမ်တည်းနဲ့ စုပ်ယူလို့ မဖြစ်နိုင်ဘူး"
ထိုစကားကို ပြောပြီးနောက် ရှေးဟောင်းစာအုပ်ကြီးက တိတ်ဆိတ်သွားသည်။
တကယ်တော့ သူပြောမပြခဲ့သည့် အကြောင်းအရာတစ်ခုရှိသည်။
ယင်းမှာ သူ့အမွေကို သူ့ကလေးဆီ တိုက်ရိုက် လွှဲပြောင်းပေးခဲ့သည့် အင်မော်တယ်ရှဲဖီ အကြောင်းဖြစ်၏။
ဤသည်မှာ အမွေအနှစ် တစ်ခုလုံးကို လွှဲပြောင်းပေးနိုင်သည့် အလွန် ထူးခြားသည့် နည်းလမ်း ဖြစ်သည်။
သို့သော် အောင်မြင်မှုနှုန်းမှာ ယေဘုယျအားဖြင့် အလွန်နိမ့်ကျသည်။
အကြောင်းရင်းမှာ ယင် နှင့် ယန် အကြားရှိ ဒြပ်စင်များကို သဟဇာတရှိရန် အထူးအာရုံစိုက်ဖို့ လိုအပ်သောကြောင့် ဖြစ်သည်။
စင်စစ် ထိုနည်းလမ်းဖြင့် အမွေအနှစ်ကို ဆက်ခံရန် ရွေးချယ်သူအများစုသည် အဆုံးသတ်တွင် ယင်ယန် မမျှတမှုကြောင့် သေဆုံးသွားကြမည်သာ ဖြစ်သည်။
ထိုနည်းလမ်းဖြင့် အောင်မြင်ခဲ့သည့် ဖန့်ရှင်းကမူ အထူးကိစ္စရပ်တစ်ခု ဖြစ်သည်။
သို့သော် ဤကဲ့သို့ အထူးဖြစ်ရပ်မျိုးသည် တကယ်ကို ရှားပါး၏။
အင်မော်တယ်ရှဲဖီ၏ အောင်မြင်မှုတွင် အဓိကကျသည်မှာ အဖေနှင့်အမေသည် သူတစ်ဦးတည်းသာ ဖြစ်ခြင်းကြောင့်ယင်နှင့်ယန် အကြား သဟဇာတဖြစ်မှု သီအိုရီကို လုံးဝဂရုစိုက်စရာ မလိုအပ်ဘဲ အစစအရာရာ လိုက်လျောညီထွေရှိနေခြင်းကြောင့် ဖြစ်၏။
"ငါတို့က မိစ္ဆာအင်ပါယာ ကွာဖီရဲ့ အဖြစ်အပျက်ကို မေ့ထားလို့မရဘူး.. ကွာဖီက အောင်မြင်မှုကို ချက်ချင်း ရှာဖွေလိုတဲ့ ကျင့်ကြံသူတွေကို အခွင့်ကောင်းယူပြီး သူအပိုင်စီးမဲ့ ခန္ဓာကိုယ်ကို ရှာဖွေဖို့အတွက် အမွေဆက်ခံမှု ခေါင်းစဥ်နဲ့ ကျောက်သရဲ မျက်နှာဖုံးကို ရှာဖွေဖို့ လှည့်စားခဲ့တယ်"
ရှေးဟောင်းစာအုပ်ကြီးက ပြုံး၍ ပြောလိုက်သည်။
"ဒါကြောင့် ချစ်လှစွာသော ကျောင်းသားတို့.. အမွေအနှစ်လို အံ့သြစရာကောင်းတဲ့ အရာတစ်ခုကို မင်းတို့ တွေ့တာနဲ့ မှတ်ပုံတင်ဖို့ အတွက် စည်းကမ်းထိန်းသိမ်းရေး အမွေအနှစ် ဌာနကိုသာ ချက်ချင်းသွားကြပါ.. ခြုံငုံပြီးပြောရရင် ဒီလိုကောင်းမွန်တဲ့ အရာမျိုးကို ကြုံလာရနိုင်ခြေက အခြေခံအားဖြင့်တော့ မမြင့်မားဘူး"
"ဘာ.. ဘာလို့လဲ"
"အခုအချိန်မှာ အမွေဆက်ခံမဲ့ တပည့်ဖြစ်ဖို့က အရင်ကလို မလွယ်တော့ဘူး.. အရင်တုန်းက ဆိုရင်တော့ အရည်အချင်းရှိသရွေ့ နာမည်ကြီးတွေ သတိထားမိနိုင်တယ်"
"ဒါပေမဲ့ ကျင့်ကြံခြင်း လောကမှာ သိပ္ပံပညာတွေ တိုးတက်လာတဲ့ နောက်မှာတော့ နာမည်ကြီးတွေ အတွက် တပည့်ရှာဖွေတဲ့ နယ်ပယ်က ပိုမို ကျယ်ပြန့်လာခဲ့တယ်.. အမွေဆက်ခံဖို့ကအရည်အချင်း တစ်ခုတည်းနဲ့ မလုံလောက်တော့ဘူး..
"အမွေဆက်ခံလိုရင် အမျိုးမျိုးသော ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ရမှာ ဖြစ်ပြီး စမ်းသပ်မှုတွေကိုလည်း သည်းခံနိုင်ရမယ်"
"လက်ဖက်ရည်သောက်ခိုင်းရင် လက်ဖက်ရည်သောက်ရမယ်.. ခေါ်ရင် ခေါ်တဲ့နေရာကို အကြောင်းပြချက်ပေးလို့ မရဘဲ ချက်ချင်းသွားရမှာ ဖြစ်ပြီး နှစ်တစ်ရာကျော်ကြာအောင် စားပွဲထိုး လုပ်ခိုင်းရင်တောင် ညည်းညူလို့မရဘူး.. ဒါက အမွေဆက်ခံသူကို ရှာဖွေတဲ့ နည်းလမ်းတွေပါပဲ"
ရှေးဟောင်းစာအုပ်ကြီး၏ လေသံက ရပ်သွားသော်လည်း အတန်းထဲမှ ကျောင်းသား တော်တော်များများသည် လေးနက်သော အတွေးထဲတွင် ပျောက်ဆုံးသွားကြသည်ကို ဝမ်လင်း သတိထားမိသည်။
လူတော်တော်များများသည် ငယ်စဥ် ကလေးဘဝတွင် သူတို့အမြဲမက်ခဲ့တဲ့ စွမ်းအားများ နှင့် တစ်နေ့နေ့တွင် ရုတ်တရက် နိုးထလာသည်ကို စိတ်ကူးယဉ်ဖူးကြမည် ဖြစ်သည်။
အမွေဆက်ခံခြင်း၏ ထူးကဲသော နည်းလမ်းသည် အချိန်တိုအတွင်း ခွန်အားရရှိရန် နည်းလမ်းတစ်ခု ဖြစ်သော်လည်း အောင်မြင်ရန် အလွန်ခက်ခဲလေ့ ရှိသည်။
ယနေ့တွင် သင်က အခြားသူ၏ တပည့်တစ်ဦး ဖြစ်လာနိုင်သည်။
သို့သော် သင်၏ ဆရာက သင့်ကို မကျေနပ်လျှင် မိနစ်ပိုင်းအတွင်း ဆရာတပည့် ဆက်ဆံရေးကို တိုက်ရိုက် ပယ်ဖျက်နိုင်ပေသည်။
ယင်းက အစွန်းရောက် ဝါဒမျိုးလည်း ဖြစ်၏။
ဤသည်မှာ စဉ်းစားရမည့် မေးခွန်း ဖြစ်သည်။
ရလဒ်အနေဖြင့် အမွေဆက်ခံမှုသည် ထင်သလောက် စွဲမက်ဖွယ်ရာ မရှိပေ။
ဤကမ္ဘာကြီးမှာ ဘယ်အရာကမှ ကောင်းကင်ကနေ အလကား ပြုတ်ကျလာမည် မဟုတ်ချေ။
တစ်ခါတရံတွင် တစ်စုံတစ်ခု၏ နောက်ကွယ်မှ အမှန်တရားသည် ထင်ထားသည်ထက် အများကြီး ပိုမို ရှုပ်ထွေးတတ်သည်။
ရှေးဟောင်းစာအုပ်ကြီး၏ မျက်နှာထက်မှ တည်ငြိမ်သော အမူအရာအား စိုက်ကြည့်ရင်း ဤအရာက ရှေးဟောင်းစာအုပ်ကြီး၏ ကျက်သရေရှိမှု အစိတ်အပိုင်း တစ်ခု ဖြစ်သည်ဟု ဝမ်လင်း တွေးနေမိသည်။
အတန်းထဲရှိ လေထုက အနည်းငယ် လေးလံနေမှန်း ရှေးဟောင်းစာအုပ်ကြီးက သဘောပေါက်ခဲ့သည်။
ရှေးဟောင်းစာအုပ်ကြီးက ခေါင်းကို ပွတ်သပ်၍ ပြုံးလိုက်ရင်း
"ဟုတ်ပါတယ် ငါ့အတွက်တော့ တပည့်တစ်ယောက်ကို လက်ခံတာက လိုအပ်ချက်တွေ အများကြီး မရှိပါဘူး.. သူတို့က သမိုင်းအကြောင်း လုံလုံလောက်လောက် သိထားဖို့ လိုပြီး အတင်းအဖျင်းတွေကို အာဘောင်အာရင်း သန်သန်နဲ့ ပြောတတ်ရင် ရပါပြီ"
ထိုခဏတွင် ကော်ဟောက်က စိတ်လှုပ်ရှားစွာဖြင့် သူ့လက်ကို ရုတ်တရက် မြှောက်လိုက်သည်။
"ဆရာ.. ကျနော်ဆိုရင်ရော ဘယ်လိုလဲ"
ရှေးဟောင်းစာအုပ်ကြီးက သူ့ကို ကြည့်လိုက်သည်။
"သရေစာ အစပ်ချောင်း စားတတ်လား"
ကော်ဟောက် "ဟင့်အင်း"
ရှေးဟောင်စာအုပ်ကြီးက ပေါ်လွင်စွာ ပြုံးလိုက်သည်။
"မင်းမျက်လုံးတွေကို စိုက်ကြည့်လိုက်တာနဲ့ ငါတန်းသိတယ်.. မင်းက ငါရှာနေတဲ့တပည့် မဟုတ်ဘူး.. ဘာလို့လည်းဆိုတော့ မင်းက အစပ်ချောင်းမစားတတ်လို့"
ကော်ဟောက် "............."
လူတိုင်း "…..........."
.......................
ယနေ့သည် ဗုဒ္ဓဟူးနေ့ဖြစ်ပြီး ဖက်တီးလော ထံတွင် ပြုလုပ်ခိုင်းထားသည့် မှော်ရတနာကို သွားယူရမည့်နေ့ ဖြစ်သည်။
'ဖက်တီးလော'က ချက်အက်ပ်များကို အသုံးမပြုသောကြောင့် ထွင်ထျန်းဟာက မှော်ရတနာ၏ နောက်ဆုံးဒီဇိုင်းကို မသိရှိခဲ့ပေ။
မှော်ရတနာ၏ အဓိကကုန်ကြမ်းက ခွေးသူတော်စင်၏ နောက်ဆုံး ကျန်ရစ်ခဲ့သော အရိုးဖြစ်၍ တော်တော်လေး ရှားပါးသည်ဟု ပြော၍ရသည်။
ကလေးမလေးက ပြီးခဲ့သော အကြိမ်တွင် လမ်းပြခဲ့သောကြောင့် ယခုတစ်ကြိမ်တွင် ထွင်ထျန်းဟာသည်ကိုယ်တိုင် သွားရောက်ခဲ့သည်။
ဤ အေမိထိယပ်စ်လမ်းသည် အမိုက်စားလမ်း ဖြစ်သည်။
ဖက်တီးလော၏ သတ္တုစတိုးဆိုင်သည် မျက်စိကျစရာ မဟုတ်သော်လည်း ကျင့်ကြံခြင်း ပြန်လည်သုံးသပ်ရေး ဝဘ်ဆိုက်အရ ၎င်းသည် ကြယ်ငါးပွင့်အဆင့်ရှိ ဆိုင်တစ်ဆိုင် ဖြစ်သည်။
ထွင်ထျန်းဟာက ဝင်ပေါက်အနားသို့ ရောက်သည်နှင့် ဖက်တီးလော ပုံဖော်နေသည့် ဒီဇိုင်းကို စိတ်ကူးဖြင့် ခန့်မှန်းကြည့်ခဲ့သည်။
'ဖက်တီးလော'က ထွင်ထျန်းဟာ ဆိုင်ထဲသို့ ဝင်လာသည်ကို မြင်လျှင် နားလည်မှုဖြင့် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
"ဒီမှာ ခဏစောင့်.. ငါသွားယူလိုက်ဦးမယ်"
ထို့နောက် သူက ရှေးဟောင်းပစ္စည်းများကို သန့်စင်သည့် စတိုးဆိုင်၏ အနောက်ဘက် အခန်းကို သွားလိုက်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် သူက သေတ္တာတစ်လုံးကို ကိုင်ဆောင်ကာ ထွက်လာခဲ့သည်။
"ညီနောင်ခွေး.. ဒါက မင်းရဲ့ အရိုးဘုရင်ကနေ သန့်စင်ထားတဲ့ မှော်လက်နက်ပဲ.. ဒါက လက်ရှိမှာ တတိယတန်းစား သူတော်စင် လက်နက် ဖြစ်ပေမဲ့ အဆင့်မြင့်လို့ ရသေးတယ်.. နောက်ပိုင်းမှာ သင့်လျော်တဲ့ ပစ္စည်းတွေကို ရှာတွေ့ရင် ဒုတိယတန်းစား ဒါမှမဟုတ် ပထမတန်းစား အဆင့်အထိ အဆင့်မြှင့်တင်နိုင်တယ်"
"တတိယတန်းစားလည်း မဆိုးပါဘူး"
ထွင်ထျန်းဟာ၏ မျက်လုံးများက တောက်ပလာသည်။
လက်နက်ကို ချောမွေ့စွာ အသုံးပြုနိုင်သ၍ လက်နက်၏ အဆင့်နှင့် ပတ်သက်၍ သူက ချေးများနေမည် မဟုတ်ချေ။
ထို့အပြင် အဓိကအချက်မှာ အရိုးဘုရင်က ဆက်လက် အဆင့်မြှင့်တင်၍ ရသေးခြင်း ဖြစ်သည်။
'ဖက်တီးလော'က အလွန်ပင် သဘောကျနေသည်။
"ညီနောင်ခွေး.. ဖွင့်ကြည့်လိုက်လေ.. ငါကတော့ ဒီတစ်ခေါက်ဖန်တီးရတာကို အရမ်းကျေနပ်နေမိတယ်"
ထွင်ထျန်းဟာက သေတ္တာကို ဖွင့်လိုက်သောအခါတွင် တောက်ပသော အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ထိုအရောင်ကို မြင်လျှင် ထွင်ထျန်းဟာက အနည်းငယ် စိတ်ပျက်သော အမူအရာ ဖြစ်ပေါ်လာသည်။
ယင်းမှာ သန့်စင်မှုလုပ်ငန်းစဉ် အတွင်း အဓိက အစိတ်အပိုင်းဖြစ်သည့် အရိုးဘုရင်သည် အခြားသော ဖြည့်စွက်ပစ္စည်းများကြောင့် အရောင်အနည်းငယ် ပြောင်းလဲသွားခြင်း ဖြစ်သည်ဟု သူ နားလည်သဘောပေါက်ခဲ့သည်။
"ဒါနဲ့ ဘာဖြစ်လို့ အစိမ်းရောင်ပဲ ဖြစ်ရပြန်တာလဲ"